← Chapters

အခန်း ၁၀၀

Vol. 10 Ch. 100

အခန်း ၁၀၀

Vol. 10 Ch. 100

အပိုင်း ၁၀၀ - ပိုင်ချီမင်၏ အစီအမံ

“သခင်လေးချီမင်... လင်းကတော် နောက်ကို လိုက်သွားတဲ့ အားကွမ်းနဲ့ မနေ့ကတည်းက အဆက်အသွယ် ပြတ်နေပါတယ်။ သူ့ရဲ့ နောက်ဆုံးသတင်းအရ ထိုင်ဝမ်ကို ဦးတည်သွားနေတယ်လို့ သိရတယ်။ သူ့ကို ကူညီဖို့ နောက်ထပ် အဖွဲ့ငယ်တစ်ဖွဲ့ ထပ်လွှတ်သင့်လား”

အမှန်စင်စစ် အားကွမ်း ဟောင်ကောင်သို့ ပြန်ရောက်လာကတည်းက ပိုင်ချီမင်သည် သူ့ကို လျှို့ဝှက်စွာ ဝှက်ထားခဲ့ခြင်းဖြစ်သည်။ ပထမဦးစွာ လင်းကတော်၏ ခြေရာကို နောက်ယောင်ခံခိုင်းပြီးနောက်၊ သူမ၏ ယုံကြည်မှုကို ရရှိစေရန် နည်းလမ်းမျိုးစုံဖြင့် ချဉ်းကပ်ခိုင်းခဲ့သည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက သူ၏ အဒေါ်ဖြစ်သူကို ခေါ်ဆောင်သွားသည့် လူကို လင်းကတော် သိကိုသိရမည်ဟု ပိုင်ချီမင်က ယုံကြည်ထားသဖြင့် ဤထောင်ချောက်ကို အသေအချာ ခင်းကျင်းခဲ့ခြင်း ဖြစ်သည်။

အကယ်၍ သူသည် လင်းမိသားစုဝင်များ၏ အသက်ဖြင့် ခြိမ်းခြောက်ပြီး လင်းကတော်ကို ထွက်လာအောင် ဖိအားပေးနိုင်လျှင်၊ ထိုနည်းတူစွာပင် သူ့အဒေါ်ရှိရာနေရာကို ပြောပြရန် သူမကို အကျပ်ကိုင်နိုင်မည်ဟု သူ တွေးခဲ့သည်။

သို့သော် သူသည် လင်းကတော်၏ ရက်စက်မှုနှင့် အေးစက်သော ပြတ်သားမှုကို လျှော့တွက်မိသွားသည်။ သူမသည် လင်ယောက်ျားနှင့် သားဖြစ်သူကိုပင် စွန့်ပစ်ပြီး ထွက်ပြေးသွားခဲ့သည်။ ထို့ကြောင့် သူ၏ ပထမအစီအစဉ်မှာ ပျက်ပြားသွားခဲ့ရသည်။

ပိုင်ချီမင်၏ ဒုတိယအစီအစဉ်မှာ အားကွမ်းကို လင်းကတော်နှင့် ဆက်သွယ်ခိုင်းပြီး သူမ၏ ယုံကြည်မှုကို ရအောင်ယူကာ အဒေါ်ဖြစ်သူ၏ သတင်းကို စုံစမ်းရန် ဖြစ်သည်။

အားကွမ်းသည် ထျန်းကျင်းမြို့မှ လင်းကတော်၏ မိတ်ဟောင်းဆွေဟောင်းတစ်ဦး၏ သားအဖြစ် အယောင်ဆောင်ထားခြင်း ဖြစ်သည်။ ပိုင်ချီမင်သည် ကျင်းမန်မြို့၌ ထိုအထောက်အထားကို သေသေချာချာ စုံစမ်းပြင်ဆင်ပေးခဲ့ခြင်း ဖြစ်သည်။

လင်းကတော်သည် သူမမိတ်ဆွေဟောင်း၏သားဖြစ်သူနှင့် တစ်ခါမျှ မဆုံဖူးသဖြင့် အစပိုင်းတွင် မယုံကြည်ခဲ့ပေ။ သူမ၏ မိတ်ဟောင်းဆွေဟောင်းအကြောင်း မေးခွန်းများစွာ မေးမြန်းပြီးနောက်မှသာ အားကွမ်း၏ မဟုတ်မမှန် အထောက်အထားကို အတည်ပြုပေးခဲ့ပြီး သူ့ကို အနားတွင် နေခွင့်ပြုခဲ့သည်။

အားကွမ်းသည် ဟောင်ကောင်တစ်မြို့လုံးက လင်းကတော်ကို ဆုငွေထုတ်ရှာဖွေနေသည့် အခြေအနေကို အသုံးချကာ၊ သူမကို ကာကွယ်ပေးရန်နှင့် ပိုင်မိသားစုလက်မှ လွတ်အောင် ဟောင်ကောင်ပြင်ပသို့ ခေါ်ထုတ်သွားပေးမည်ဟု ပြောကာ ပါးနပ်စွာ ချဉ်းကပ်ခဲ့သည်။ ထိုအခါမှသာ လင်းကတော်က သူ့ကို အပြည့်အဝ ယုံကြည်သွားတော့သည်။

“အားကွမ်းနောက်ကို လိုက်နေတဲ့ လူနှစ်ယောက်ကော။ သူတို့ ခြေရာခံနိုင်ဆဲဆိုရင်တော့ လောလောဆယ် လူထပ်လွှတ်ဖို့ မလိုသေးဘူး” ဟု ပိုင်ချီမင်က ဆိုသည်။

ထိုင်ဝမ်၏ စီးပွားရေးမှာ ဟောင်ကောင်နှင့် တူသော်လည်း လူမှုဖွဲ့စည်းပုံမှာ ပိုမို တည်ငြိမ်လှသည်။ ထို့ကြောင့် လူအများအပြား လွှတ်လိုက်ပါက ရိပ်မိသွားနိုင်သဖြင့် မသင့်တော်ပေ။

သူသည် နှလုံးသားမရှိသော ထိုမိန်းမ လျန်ကျစ်ယင်း (လင်းကတော်) သည် သူ့အဒေါ်ကို ခေါ်သွားသည့်လူထံသို့ အမှန်တကယ် ဦးတည်နေပါစေဟုသာ သူ ဆုတောင်းနေမိသည်။ သို့မဟုတ်ပါက သူမကို ကျဉ်းထဲကြပ်ထဲရောက်အောင် တွန်းပို့ခဲ့သမျှ အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

“ဦးလေးပိုင်... အားကွမ်းဆီက သတင်းရတာနဲ့ ကျွန်တော့်ကို ချက်ချင်း အကြောင်းကြားပါ။ အားကွမ်း ဘာလိုအပ်တယ်ပြောပြော အပြည့်အဝ ပံ့ပိုးပေးလိုက်ပါ”

ဤအချိန်တွင် ပိုင်ချီမင်၏ ရုပ်သွင်မှာ ကျင်းမန်မြို့မှ ယဉ်ကျေးသိမ်မွေ့သော ဆရာပိုင်နှင့် လုံးဝ မတူတော့ပေ။ လင်းကတော်အပေါ် ထားရှိသော နက်ရှိုင်းသည့် အာဃာတများနှင့် ပြတ်သားရက်စက်သော လုပ်ဆောင်ချက်များသာ သူ၏ မျက်နှာတွင် အထင်အရှား ရှိနေတော့သည်။

ယခင်က ပိုင်ချီမင်သည် သူဌေးသား ပလေဘွိုင်တစ်ဦးသာ ဖြစ်ခဲ့သော်လည်း၊ လင်းစုယွီနှင့်အတူ ကျင်းမန်မြို့မှ ပြန်လာပြီးနောက်တွင်မူ တတိယသခင်ကြီးပိုင်၏ စီးပွားရေးလုပ်ငန်းများကို လွှဲပြောင်းယူရန် မိသားစုထံ လျှောက်ထားခဲ့သည်။

တတိယသခင်ကြီး၏ သားသမီးများမှာလည်း ယခင်က ပိုင်ချီမင်ကဲ့သို့ ပျော်ပါးနေသူများ သို့မဟုတ် ဒုတိယသခင်ကြီး၏ သားများကဲ့သို့ စာပေသမားများသာ ဖြစ်ကြသည်။

တတိယသခင်ကြီး၏ စီးပွားရေးလုပ်ငန်းများကို လွှဲပြောင်းယူနိုင်လောက်သည့် အရည်အချင်းရှိသူ မည်သူမျှ မရှိချေ။ ယခု ပိုင်ချီမင်သည်ပင်လျှင် စမ်းသပ်စောင့်ကြည့်ကာလတွင်သာ ရှိသေးပြီး၊ အလုပ်အားလုံးကို လက်လွှဲယူနိုင်ရန် အနည်းဆုံး နောက်ထပ် ဆယ်နှစ်ခန့် ကြိုးစားရဦးမည် ဖြစ်သည်။

“သခင်လေးချီမင်... အခု အားကွမ်းက ဘေးမှာမရှိတော့ဘူးဆိုတော့ အကာအကွယ်ပေးဖို့ သက်တော်စောင့်နဲ့ လက်ထောက်အသစ်တစ်ယောက်လောက် ရွေးချယ်သင့်တယ်နော်” ဟု အိမ်တော်ထိန်းပိုင်က သတိပေးသည်။

အိမ်တော်ထိန်းပိုင်၏ စကားကြောင့် ပိုင်ချီမင်သည် သူ၏ အတိတ်ဘဝမှ မှတ်ဉာဏ်ထဲရှိ ဖုန်းရွှေဆရာတစ်ဦးအကြောင်းကို ပြန်လည် သတိရသွားသည်။ ထိုသူသည် လင်းရှင်းယောင်နှင့် ပိုင်မိသားစုမှာ လမ်းကြောင်းမတူကြောင်း သူ့ကို တစ်ကြိမ် သတိပေးဖူးသည်။ ထိုစဉ်က သူ မယုံကြည်ခဲ့သလို ထိုသူကလည်း ထပ်မပြောတော့သဖြင့် သူ လျစ်လျူရှုထားခဲ့ခြင်း ဖြစ်သည်။

“ဦးလေးပိုင်... ကော့လွန်းခံတပ်မြို့ထဲမှာ အသက် ၁၆ နှစ်အရွယ်လောက်ရှိတဲ့ ဖုန်းရွှေဆရာတစ်ယောက်ကို ရှာခိုင်းထားတာ ဘာသတင်းရလဲ”

ဖုန်းရွှမ်သည် ယခုဆိုလျှင် ၁၆ နှစ်သာ ရှိဦးမည်။ သတင်းများအရ သူသည် 'အထီးကျန်ခြင်း ငါးပါးနှင့် ချို့တဲ့ခြင်း သုံးပါး' ကျိန်စာသင့်နေသူဖြစ်ပြီး အထူးသဖြင့် ငွေကြေးကံမကောင်းသူ ဖြစ်သော်လည်း ပိုက်ဆံကိုမူ အလွန်မက်မောသူ ဖြစ်သည်။

သူ့အတိတ်ဘဝတွင် ထိုသူနှင့် တွေ့စဉ်က... သူ၏ အမျိုးတစ်ဦးမှာ အလွန်တရာ ငွေဝင်ကံကောင်းသူဖြစ်ကြောင်း ပြောဖူးသည်။ ထိုအမျိုးကို ရှာဖွေရန် ပိုင်မိသားစုထံသို့ပင် လိုက်လာခဲ့သေးသည်။

သို့သော် သူရှာနေသူကို မတွေ့ရှိခဲ့ပေ။ လင်းရှင်းယောင်နှင့် ပိုင်မိသားစုသည် လမ်းကြောင်းချင်း မတူဟု ဆိုကာ ထွက်ခွာသွားခဲ့လေသည်။

အခုပြန်စဉ်းစားကြည့်မှ ဖုန်းရွှမ် ရှာနေသည့်သူမှာ စုယွီများ ဖြစ်နေမလား။ ဖုန်းရွှမ်ကို စောစောစီးစီး ရှာတွေ့ပြီး မိမိဘက်သို့ သိမ်းသွင်းထားနိုင်ရန် သူ မျှော်လင့်နေမိသည်။

ဖုန်းရွှမ်သည် ဖုန်းရွှေပညာတွင် ထူးချွန်ရုံသာမက တိုက်ခိုက်ရေးပညာမှာလည်း ထိပ်တန်းဖြစ်သည်။ သူသည် ရှေးဟောင်းသိုင်းပညာရှင် မျိုးနွယ်စုမှ ဆင်းသက်လာသူဖြစ်နိုင်ကြောင်း ပိုင်ချီမင်က သံသယရှိနေသည်။

ဤကဲ့သို့သော လက်ရုံးတစ်ယောက်သာ ဘေးနားမှာရှိရင် သူ ဘာကိုမှ စိုးရိမ်စရာ လိုတော့မည်မဟုတ်ပေ။

“သခင်လေးချီမင်... ပေးထားတဲ့ အချက်အလက်တွေက သေချာရဲ့လား။ ကျွန်တော်တို့လူတွေ ရှာနေတာ လပေါင်းများစွာ ရှိနေပြီ။ တကယ်လို့ သူသာ ကော့လွန်းခံတပ်မြို့ထဲမှာ ရှိရင် အခုလောက်ဆို ရှာတွေ့နေလောက်ပြီ” ဟု ဦးလေးပိုင်က စိတ်ပျက်လက်ပျက် ပြောရှာသည်။

“တံတားအောက်တွေမှာ ဗေဒင်ဟောနေတဲ့ လူအုပ်ထဲမှာ လိုက်ရှာကြည့်ပါဦး။ အဲဒီနေရာတွေမှာ ရှိနေနိုင်တယ်”

ပိုင်ချီမင် စဉ်းစားမိသမျှ နေရာမှာ ဤမျှသာ ရှိသည်။ ဟောင်ကောင်ကဲ့သို့ ကျယ်ပြောလှသည့် မြို့ကြီးတွင် လူတစ်ယောက်ကို ရှာရသည်မှာ တကယ့်ကို ခက်ခဲလှသည်။

သို့သော် သူ ညည်းတွားနေဖို့ အချိန်မရှိပါ။ ကျန့်ဖိန့်ဖိန့် ရောက်လာပြီဖြစ်၍ မိန်းကလေးနှစ်ယောက်ကို ခေါ်ကာ မြင်းစီးရင်း အပန်းဖြေရန် ထွက်ခဲ့ရသည်။

“ဘယ်လိုလဲ... ငါ့ဝတ်စုံက ရဲရင့်ပြတ်သားတဲ့ ပုံပေါက်ရဲ့လား။ စုယွီ... နင်ဝတ်ဖို့လည်း မြင်းစီးဝတ်စုံအသစ် ပြင်ထားပေးတယ်၊ ဝတ်ကြည့်မလား”

ခဏအကြာတွင် လင်းစုယွီသည် မြင်းစီးဝတ်စုံကို ဝတ်ကာ ထွက်လာခဲ့သည်။ ကလေးတစ်ယောက်အနေနှင့် ကြည့်လျှင်တော့ သူမသည် တကယ်ကိုပင် ရဲရင့်တက်ကြွသည့် ပုံစံရှိလှသည်။

“ကျစ် ကျစ် ... စုယွီ နင်ကတော့ ကြီးအောင် ထပ်စားဖို့ လိုသေးတယ်နော်။ ကြည့်ရတာ သေးလွန်းနေသေးတယ်”

သေးတာလား။ လင်းစုယွီသည် မိမိကိုယ်ကိုယ် ပြန်ကြည့်ပြီးနောက် 'အစ်မကြီး' စတိုင် ဖြစ်လာသည့် ကျန့်ဖိန့်ဖိန့်ကို ကြည့်လိုက်သည်။ ထားလိုက်ပါတော့... သူမက တကယ် သေးနေသေးတာကိုး။ နှစ်သစ်ကူးပြီးမှ အသက် ၁၃ နှစ် ပြည့်ဦးမည် ဖြစ်ရာ ကျောင်းတက်ရမည့် အရွယ်သာ ရှိသေးသည်။ အသက် ၁၆၊ ၁၇ အရွယ်များနှင့် ယှဉ်နေစရာ မလိုပေ။

“အလှလေးနှစ်ယောက်... ခင်ဗျားတို့ရဲ့သူရဲကောင်းမင်းသားလေးက ကားအဆင်သင့် လုပ်ထားပါပြီ။ ဒီဘက်ကို ကြွပါ” ဟု ပိုင်ချီမင်က စနောက်လိုက်သည်။

ဟောင်ကောင်ရှိ ပျော်စရာချိုင့်ဝှမ်း မြင်းပြိုင်ကွင်းသည် ပြိုင်ပွဲရက်များတွင် ချမ်းသာလိုသူထောင်ပေါင်းများစွာ စုဝေးရာ နေရာဖြစ်သော်လည်း၊ ပုံမှန်ရက်များတွင်မူ ဟောင်ကောင်လူချမ်းသာ အသိုင်းအဝိုင်းမှ လူများ မြင်းစီးအပန်းဖြေရာ နေရာတစ်ခု ဖြစ်သည်။

ပိုင်ချီမင်သည် ကျန့်ဖိန့်ဖိန့်၊ လင်းစုယွီတို့နှင့်အတူ ကလပ်အတွင်းသို့ ဝင်လာစဉ် လင်းစုယွီ တစ်ခါတွေ့ဖူးသည့် ကောကျားရှင်းတို့အဖွဲ့နှင့် တည့်တည့်တိုးလေတော့သည်။

“တိုက်ဆိုင်လိုက်တာ။ ငါ ဒီတစ်လော ဘာလို့ ဒီလောက် ကံဆိုးနေတာလဲ မသိဘူး၊ မမြင်ချင်တဲ့လူတွေကိုပဲ ခဏခဏ တွေ့နေရတယ်” ဟု ကျန့်ဖိန့်ဖိန့်က စတင် ရန်စလိုက်သည်။

တစ်ဖက်လူ ဘာမှမပြောရသေးခင်မှာပင် ကျန့်ဖိန့်ဖိန့်က အရင်တိုက်စစ်ဆင်လိုက်ခြင်း ဖြစ်သည်။ သူမ၏ စကားလုံးများကြောင့် တစ်ဖက်လူ၏ ဒေါသမှာ ချက်ချင်း ထွက်လာတော့သည်။

“ငါကမှ ကံဆိုးတာပါ။ ဒီနေ့ အိမ်ကထွက်ခါနီး ပြက္ခဒိန်ကို ကြည့်ဖို့ မေ့သွားတယ်၊ အခုတော့ လူရိုင်းတစ်ယောက်နဲ့ လာတိုးနေပြီ”

“စကားများမနေနဲ့တော့။ ပြိုင်ပွဲတစ်ခု လုပ်မလား။ ရှုံးတဲ့သူက ချက်ချင်းထွက်သွားရမယ်၊ တွက်ကပ်မနေကြေး ”

“ကောင်းပြီလေ။ ဒီနေ့ ဒီမှာရှိတဲ့လူတွေ အားလုံးရဲ့ အသုံးစရိတ်ကို အလောင်းအစား လုပ်ကြမလား”

“အိုကေလေ။ နင်ရှုံးရင် တစ်ကွင်းလုံးက လူတွေအတွက် နင်က ရှင်းပေးရမှာနော်”

စကားအနည်းငယ်ဖြင့်ပင် ကျန့်ဖိန့်ဖိန့်နှင့် ကောကျားရှင်းတို့သည် အလောင်းအစားကို သဘောတူလိုက်ကြပြီး မြင်းပြိုင်ကွင်းတွင် ဆုံရန် ချိန်းလိုက်ကြသည်။

“ဖိန့်ဖိန့်... နင် အရင်သွားပြင်ဆင်ထားနှင့်။ ငါနဲ့ စုယွီ ခဏနေရင် လိုက်လာခဲ့မယ်။”

လင်းစုယွီမှာတော့ တွေ့တာနဲ့ ရန်ဖြစ်နေကြသည့် ထိုနှစ်ယောက်ကို ကြည့်ကာ ကြောင်တောင်တောင် ဖြစ်နေရှာသည်။ ပိုင်ချီမင်ကတော့ ယင်းကို ကျင့်သားရနေပြီ ဖြစ်ရာ လင်းစုယွီကို ရှင်းပြနေလေတော့သည်။

ကျန့်မိသားစုနှင့် ကောမိသားစုမှာ အကြီးအငယ်မကျန် အမြဲတစေ ပြိုင်ဆိုင်နေကြသူများ ဖြစ်သည်။ နိုင်သည့်သူက အိမ်ပြန်လျှင် ဆုလာဘ်ရတတ်သည်။ ကျန့်ဖိန့်ဖိန့်၏ ပြိုင်ဘက်မှာ ကောကျားရှင်းဖြစ်ရာ၊ သူတို့နှစ်ဦး တွေ့တိုင်း စကားနာထိုးနေကြသည်ကို ပိုင်ချီမင်က ရိုးနေပြီ ဖြစ်သည်။

“သွားကြစို့။ ဒီနေ့ ဘယ်သူမှ ဒဏ်ရာမရဖို့ပဲ မျှော်လင့်ရတာပဲ၊ မဟုတ်ရင်တော့ စိတ်ပျက်စရာကြီး ဖြစ်သွားလိမ့်မယ်”

ပိုင်ချီမင်ကတော့ နိမိတ်ဖတ်သလိုမျိုး ပြောလိုက်လေတော့သည်။

All Chapters