အရှေ့ပင်လယ်ကိုစည်းတံဆိပ်ခတ်ချိတ်ပိတ်ခြင်း
Vol. 35 Ch. 493
အခန်း (၄၉၃) အရှေ့ပင်လယ်ကိုစည်းတံဆိပ်ခတ်ချိတ်ပိတ်ခြင်း
ထိုက်ယီချိုးဖျက်အစီအရင်မှ အမြင့်ဆုံးအဆင့်စွမ်းအားများ ပျံ့နှံ့သွားပြီး အဖြူရောင်အလင်းကမ္ဘာက ပတ်ဝန်းကျင်တစ်ခုလုံးကို လွှမ်းခြုံသွားသည်။
အန်းချင်လင်နှင့် အစီအရင်အပြင်ဘက်မှ အခြားသူများမှာ အဖြူရောင်အလင်းတန်းကြောင့် အမြင်အာရုံများ ဝေဝါးကုန်ပြီး အထဲတွင် ဖြစ်ပျက်နေသည်များကို အလွယ်တကူ မမြင်နိုင်ပေ။
တဟုန်ထိုးတောက်ပနေသော အဖြူရောင်အလင်းတန်းများကြားတွင် ပတ်ဝန်းကျင်မိုးမြေတစ်ခုလုံး၏ ဗလာနယ်က ကမောက်ကမ ဖြစ်နေ၏။
ပြင်းထန်သော အစီအရင်စွမ်းအားက ပတ်တန်းကျင်သို့ အဆက်မပြတ် ချဲ့ထွင်လာသည်နှင့်အမျှ အစီအရင်အပြင်ဘက်ရှိလူများမှာ ပုံပျက်နေသော ဗလာနယ်လေထုအတွင်း ပြင်းထန်သောထိုးနှက်ချက် ခံစားရမည်စိုးသဖြင့် အဝေးသို့ အဆက်မပြတ် ဆုတ်ခွာနေရသည်။
ထိုက်ယီချိုးဖျက်အစီအရင်ထဲတွင် ကြီးမားသော စည်းတံဆိပ်ခတ်သည့်စွမ်းအားတစ်ခု ဖြစ်တည်လာပြီး မီးတောက်မိစ္ဆာကမ္ဘာသို့ ဦးတည်သော ကမ္ဘာဖြတ်လမ်းကြောင်းနှင့် မီးတောက်မိစ္ဆာများကို ပိတ်ဆို့ထားလိုက်သည်။
ထိုနေရာတွင် အဆက်မပြတ်ပုံပျက်ခြင်းများ ဖြစ်ပေါ်လာပြီး ကမ္ဘာ့အတွင်းပိုင်းနှင့် အပြင်ပိုင်ပမာ ပိုင်းခြားခံရလျှက် မမြင်နိုင်သောလှောင်အိမ်တစ်ခုပမာ တဖြည်းဖြည်း ပြောင်းလဲသွားသည်။
အခြားသောကျင့်ကြံသူများသည် အစီအရင်အတွင်းမှ အခြေအနေအတိအကျကို မမြင်ရသော်လည်း အဖြူရောင်အလင်းကမ္ဘာအတွင်းမှ ဆန်းပြားသော ဝိညာဉ်စွမ်းအားအလင်းတန်းတစ်ခု ရုတ်ချည်းထွက်ပေါ်လာပြီး ကောင်းကင်ထက်သို့ ထိုးဖောက်ဝင်ရောက်သွားကြောင်း တွေ့မြင်ကြရသည်။
ထို့နောက် ကောင်းကင်ထက်တွင် အပေါက်တစ်ခုပွင့်လာပြီး အထဲတွင် အကန့်အသတ်မရှိသော မြင်ကွင်းအချို့နှင့် လှိုင်းထလျှက် ရှိ၏။ စိတ်မကောင်းစရာမှာ အောက်ဘက်မှ အဖြူရောင်အလင်းကမ္ဘာက ပိတ်ဆို့ထားသဖြင့် အစီအရင်ပြင်ပမှလူများမှာ မြင်ကွင်းကို ကောင်းစွာမတွေ့မြင်ကြရပေ။
သူတို့အားလုံး ပဟေဠိဆန်သည်ဟု ခံစားနေရစဉ်မှာပင် ထို ဝိညာဉ်စွမ်းအားအလင်းတန်းက ရုတ်တရက်ပျောက်ကွယ်သွားပြီး ကောင်းကင်ထက်မှ အပေါက်သည်လည်း ပိတ်စပြုလာသည်။
အခြားသူများအနေဖြင့် ထို ဝိညာဉ်စွမ်းအားအလင်းတန်းက ဘာဖြစ်သည်ကို မသိကြသော်လည်း နေသူတော်စင်ဂိုဏ်းချုပ် ‘ဟွမ်ရှု’ ကတော့ ကောင်းစွာသိရှိသည်။ သို့သော် ထိုဝိညာဉ်စွမ်းအားအလင်းတန်း ထွက်ပေါ်လာပြီးနောက် ပြန်လည်ပျောက်ကွယ်သွားသည်ကို တွေ့မြင်သည့်အခါ ဟွမ်ရှု မျက်မှောင်ကြုတ်လိုက်မိ၏။
သူက နတ်ဘုရားမီးအိမ် နောက်တစ်ခု ပြုလုပ်ထားမိသောကြောင့် အလွန်တရာကံကောင်းသည်ဟု ခံစားလိုက်ရသည်။
ထို့နောက် ဟွမ်ရှုက လက်ဖဝါးကို ဖြန့်လိုက်ရာ ရွှေရောင်မီးအိမ်တစ်ခု ပေါ်လာပြီး လေထုကိုထိုးခွင်းလျှက် အဖြူရောင်အလင်းကမ္ဘာတည်ရှိရဦ ထိုက်ယီချိုးဖျက်အစီအရင်အတွင်း ဝင်ရောက်သွားသည်။
ဒါကိုမြင်တော့ အခြားသိုင်းကျင့်ကြံသူများနှင့် ထိပ်တန်းသိုင်းသမားအားလုံးက ဟွမ်ရှုလုပ်ရပ်များနှင့်ပတ်သက်ပြီး စတင်ဆွေးနွေးပြောဆိုကြသည်။
မကြာမီ ဝိညာဉ်စွမ်းအားအလင်းတန်းများက တိမ်တိုက်များဆီသို့ ထိုးဖောက်ဝင်ရောက်သွားသည်ကို တွေ့ရသည်။ သို့သော် ဟွမ်ရှု စိတ်သက်သာရာရစွာ သက်ပြင်းမချနိုင်မီမှာပင် ဝိညာဉ်စွမ်းအားလင်းတန်းများက ချက်ချင်း ပြန်လည်ပျောက်ကွယ်သွား၏။
ထိုက်ယီချိုးဖျက်အစီအရင်ထဲတွင် ရွှေရောင်မီးအိမ်မှ အလင်းတန်းများနှင့် ဝိညာဉ်စွမ်းအားအလင်းတန်းများကို အဆက်မပြတ်ဝါးမျိုနေသော တွင်းနက်တစ်ခု ရှိနေဟန်ပင်။
အဖြူရောင်အလင်းကမ္ဘာကို စူးစိုက်ကြည့်ရင်း ဟွမ်ရှုမျက်ဝန်းများ တည်ကြည်လေးနက်လာသည်။
အဖြူရောင်အလင်းကမ္ဘာက တဖြည်းဖြည်း အောက်သို့ကျဆင်းလာပြီး မီးတောက်ပင်လယ်ဆီသို့ ဦးတည်ဆင်းသက်သွားသည်။
မီးတောက်မိစ္ဆာများနှင့် တိုက်ခိုက်မှုသည် ယခုအခိုက်အတန့်တွင် အထွတ်ထိပ်အဆင့်သို့ ရောက်ရှိနေပြီး ပတ်ဝန်းကျင်တစ်ခုလုံး၏ အချိန်နှင့်နေရာကို ကြီးမားသော ပုံပျက်မှုကြီး ဖြစ်ပေါ်စေသည်။ ပင်လယ်ဧရိယာတစ်ခုလုံးရှိ ဗလာနယ်လေထုသည် ခေါက်ခြင်း ၊ ထပ်ခြင်း ၊ ဆန့်ထွက်ခြင်း ၊ ပြတ်တောက်ခြင်းများ အဆက်မပြတ် ဖြစ်ပေါ်နေသည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာသာမက ကမ္ဘာဖြတ်လမ်းကြောင်းအခြားဘက်မှ မီးထောက်မိစ္ဆာကမ္ဘာထိတိုင် ဗလာနယ်ပုံပျက်ခြင်းက သက်ရောက်သွားပြီး မီးတောက်များ ဟုန်းကနဲ ငြိမ်းသတ်သွားသည်။
အရှေ့ပင်လယ်ရှိ ကမ္ဘာဖြတ်လမ်းကြောင်းဝင်ပေါက်ကို ဗဟိုပြုလျှက် အဖြူရောင်အလင်းကမ္ဘာမှ ဧရာမလှိုင်းလုံးကြီးများက အပြင်းအထန် မြင့်တက်လာသည်။
ပုံပျက်နေသော ဒီရေလှိုင်းများသည် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ဖြတ်ကျော်ဝင်ရောက်လာလေရာ သိုင်းသူတော်စင်အဆင့်အောက် ကျင့်ကြံသူများအားလုံး ခုခံနိုင်စွမ်း မရှိကြသဖြင့် အလွန်အမင်း ကြောက်ရွံ့ထိတ်လန့်မှုကို ဖြစ်ပေါ်စေသည်။
မန်ဝမ် ၊ အန်းချင်လင်နှင့် မိုးဖြိုပုဆိန်ကိုကိုင်ဆောင်ထားသော အဆုံးမဲ့တောင်တန်းမှ အကြီးအကဲတို့မှာလည်း ထိပ်တိုက်ရင်ဆိုင်တွန်းလှန်ရန် မဖြစ်နိုင်သဖြင့် အရှိန်အဟုန်ဖြင့် နောက်သို့ ဆုတ်ခွာသွားကြရသည်။
သူတို့အားလုံး မိုးမြေတစ်ခွင် ကပ်ဘေးကြီးနှင့်ဆင်တူသော တိုက်ပွဲမြင်ကွင်းကို ကြည့်ရှုရင်း အတွင်းပိုင်းစိတ်ဝိညာဉ်အထိ ထိတ်လန့်တုန်လှုပ်ခြင်းခံစားရသလို စိတ်ဓာတ်များလည်း တက်ကြွလာကြသည်။
အရာအားလုံးက အစီအစဉ်အတိုင်းဖြစ်လာပြီး မီးတောက်မိစ္ဆာများကို ယခုအခါ ပိတ်ဆို့ထားနိုင်ပေတော့မည်။ ရန်သူများအနေဖြင့် အစွန်းရောက်ရှစ်ပါးကမ္ဘာကို အချိန်အတန်ကြာသည်အထိ ပြန်လည်ခြိမ်းခြောက်နိုင်မည် မဟုတ်ပေ။
ဟွမ်ရှုနှင့် နေသူတော်စင်ဂိုဏ်းမှ အကြီးအကဲအချို့ကတော့ သူတို့စီစဉ်ထားသည့်အတိုင်း ဖြစ်မလာဘဲ ပျောက်ကွယ်သွားသော ဝိညာဉ်စွမ်းအားအလင်းတန်းကိုကြည့်ရင်း အသံမထွက်နိုင်လောက်အောင် ပြင်းထန်ခါးသီးစွာ ခံစားနေကြရသည်။
ထိုက်ယီချိုးဖျက်အစီအရင်ထဲတွင် ရှိနေသော ဟွမ်ကွမ်လီသည်လည်း အလားတူပင် ခါးသက်လျှက် ရှိသည်ပင်။
သူ၏ခြေဖဝါးအောက်မှ အဖြူရောင်အလင်းတန်းများက တဖြည်းဖြည်းမြင့်တက်လာပြီး သူ၏ခြေထောက်နှစ်ချောင်းကို ဝါးမျိုသွားကာ သူ့ခန္ဓာကိုယ်က ရုပ်တုတစ်ခုပမာ ဖြစ်လာသည်။
အဖြူရောင်အလင်းတန်းများက အထက်သို့ အဆင့်မပြတ် မြင့်တက်လာ၏။
ထိုက်ယီချိုးဖျက်အစီအရင်၏ တရားဝင်စည်းတံဆိပ် တရားဝင်စတင်ဖြစ်တည်လာလေပြီ။
ရန်တိ ၊ အဘိုးအို’မော့’ နှင့် စုန့်ဝူလျန်တို့သည်လည်း အလားတူအခြေအနေတွင် ရှိနေသည်။
ရန်ကျောက်ကဲက ရွှေရောင်မီးအိမ်မှ အလင်းတန်းများနှင့် ဝိညာဉ်စွမ်းအားအလင်းတန်းကို စုပ်ယူရန်အတွက် ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကို အသုံးပြုခဲ့သည်။
ယခု ရန်ကျောက်ကဲကိုယ်တိုင်သည်လည်း ထိုက်ယီချိုးဖျက်အစီအရင်ထဲတွင် ရှိနေပြီး အဖြူရောင်အလင်းကမ္ဘာက နောက်ဆုံးအဆင့် ပြိုကျတော့မည့်အခြေအနေသို့ အဆက်မပြတ် ဦးတည်နေကြောင်း ခံစားသိရှိရသည်။
ကြီးမားသောအစီအရင်ကြီးပြိုကျသွားပြီး စည်းတံဆိပ်တစ်ခုအဖြစ် ပြောင်းလဲသွားသည့်ခါ ထွက်ပေါ်လာသော အဖျက်စွမ်းအားက ပြင်ပကမ္ဘာ၏ ဗလာနယ်ကိုပင် အက်ကွဲသွားစေသည်အထိ ပြင်းထန်ပေမည်။
ဟွမ်ကွမ်လီက ရန်ကျောက်ကဲကို သုန်သုန်မှုံမှုံဖြင့် လှမ်းကြည့်ရင်း...
“မင်း ဒီအဘိုးကြီးရဲ့ အလုပ်ကို ဖျက်ဆီးမယ်ဆိုရင် မင်းကိုယ်တိုင်လည်း ဒီ ထိုက်ယီချိုးဖျက်အစီအရင်ကနေ အချိန်မီ ထွက်သွားနိုင်မှာ မဟုတ်ဘူး ၊ ဒီ အစီအရင် ပြိုကျသွားရင် မင်း မိုးပျံအောင်တော်နေပါစေ... သိုင်းသူတော်စင်လည်းမဟုတ် ၊ အထွတ်ထိပ်မှော်ဝင်ပစ္စည်းလည်း ပိုင်ဆိုင်မထားဘူးဆိုတော့ မင်းဘဝက သေခြင်းနဲ့ အဆုံးသတ်မှာပဲ”
သူက ဆက်ပြောသည်။
“မင်း ထွက်ပြေးဖို့စိတ်ကူးမယ်ဆိုရင် ဒီအဘိုးကြီးလည်း ကိုယ်လွတ်ရုန်းရမှာပဲ ၊ မဟုတ်လို့ကတော့ မင်း ဘယ်လိုအသက်ပျောက်မလဲဆိုတာ ဒီအဘိုးကြီး ထိုင်ကြည့်နေရုံပဲ ၊ မင်း ထွက်မသွားဘဲ ဒီနေရာမှာ အသေခံမယ်ဆိုရင်တော့ ဒီအဘိုးကြီးလည်း အရှုံးကိုဝန်ခံပြီး ဒီ စည်းတံဆိပ်ကို ဆက်ပြီး ထိန်းသိမ်းထားပေးမယ်”
သူက ရန်တိကို လှမ်းကြည့်ရင်း...
“ဒီတစ်ခါ မင်းအဖေလည်း မင်းကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး”
ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးဖြင့် ဝိညာဉ်စွမ်းအားအလင်းတန်းများကို စုပ်ယူနေသည့် ရန်ကျောက်ကဲက ဟွမ်ကွမ်လီကို လှမ်းကြည့်ရင်း...
“အဘိုးကြီး... ငါ့စကားနားထောင်ပြီး စည်းတံဆိပ်ကိုချိတ်ပိတ်တဲ့အလုပ်သာ အေးအေးဆေးဆေး လုပ်စမ်းပါ ၊ ပေါက်ကရလေးဆယ်တွေတွေးပြီး အချိန်ဖြုန်းမနေနဲ့ ၊ ပြီးတော့ ငါ့အတွက်လည်း မင်း ဝင်ပြီး စိတ်ပူနေစရာ မလိုဘူး”
စကားဆုံးသွားသည်နှင့် ရန်ကျောက်ကဲလက်ထဲတွင် ကြေးမုံမှန်တစ်ချပ်ပေါ်လာသည်။
ဒါကိုမြင်တော့ စန့်ချုန်ကြေးမုံမှန်ဖြစ်ကြောင်းသိလိုက်သဖြင့် ရန်တိ မသိမသာ ပြုံးလိုက်မိသည်။
ရန်ကျောက်ကဲက ကြေးမုံမှန်ထဲသို့ သူ၏ကြယ်တာရာချီစွမ်းအားအနှစ်သာရ ထည့်သွင်းလိုက်သည့်အခါ အလင်းသင်္ကေတများစွာ ထွက်ပေါ်လာပြီး ဝိညာဉ်အစီအရင်ငယ်တစ်ခု ဖြစ်တည်လာသည်။ ထို့နောက် ကြေးမုံမှန်မှ အလင်းတန်းများ ဖြာလင်းလာပြီး ရန်ကျောက်ကဲရှေ့တွင် လမ်းတစ်လမ်း ပေါ်လာသည်။
ထိုလမ်းက အဝေးတစ်နေရာအသို့ ဦးတည်နေပြီး အကွေ့အကောက်များစွာရှိနေလေရာ မည်သည့်နေရာသို့ ဦးတည်နေမှန်း ခန့်မှန်းရခက်သည်။
သေသေချာချာ ကြည့်လိုက်သည့်အခါ ကြေးမုံမှန်အလင်းတန်းက အာကာသတံခါးတစ်ခု ဖွင့်လှစ်ထားခြင်းဖြစ်ကြောင်း ဟွမ်ကွမ်လီ နားလည်လိုက်သည်။
သူက ရန်ကျောက်ကဲကို မုန်းတီးစွာ စိုက်ကြည့်ရင်း...
“မင်း...”
ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း....
“ဘာလဲ...”
ပြီးမှ သူက ခပ်တည်တည်မျက်နှာထားဖြင့်...
“ဟွမ်ကွမ်လီ... မင်းကို ရှင်းရှင်းပဲပြောမယ် ၊ ဒီနေ့ ငါတို့ကိစ္စတွေ ရှင်းလို့မပြီးသေးဘူးနော် ၊ မင်းတို့ နေသူတော်စင်ဂိုဏ်းက အကြောင်းပြချက်မရှိဘဲ တခြားသူတွေကို လိုက်ဒုက္ခပေးရတာကို အတော်လေး သဘောကျပုံရတယ် ၊ နောက်ပိုင်း မင်း ဒီအစီအရင်ထဲက လွတ်လာတဲ့တစ်နေ့ကျရင် သေချာပေါက် ငါနဲ့ စာရင်းရှင်းရမယ်”
အဖြူရောင်အလင်းတန်းများဖြင့် လွှမ်းခြုံထားသော ထိုက်ယီချိုးဖျက်အစီအရင်က စတင်ပြိုကျလာသည်။ ကြီးမားသောအစီအရင်ကြီးအပြင်ဘက်တွင် ပရမ်းပတာပုံရိပ်များက ပိုမိုပြင်းထန်လာ၏။
ရန်တိ ၊ ဟွမ်ကွမ်လီ ၊ အဘိုးအို’မော့’ နှင့် စုန့်ဝူလျန်တို့၏ ခန္ဓာကိုယ်ထက်သို့ အဖြူရောင်အလင်းတန်းများ တဖြည်းဖြည်း ဖုံးလွှမ်းသွားသည်။ ဟွမ်ကွမ်လီထံမှ ဝိညာဉ်စွမ်းအားအလင်းတန်းများကတော့ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
ရန်ကျောက်ကဲက ကမ္ဘာမြေဖျက်ဆီးအမွှေးတိုင်အိုးလေးကို သိမ်းလိုက်ပြီး စန့်ချုန်ကြေးမုံမှန်မှ ယာယီဖြစ်တည်လာသော အာကသတံခါးမှတစ်ဆင့် အခြားကမ္ဘာသို့ ထွက်ခွာသွားရန် ပြင်ဆင်လိုက်သည်။
သို့သော် ရုတ်တရက် သူ့မျက်နှာအမူအရာ အနည်းငယ်ပြောင်းလဲသွားပြီး တစ်ဖက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။ ပြိုကျနေသောအစီအရင်အစွန်းတစ်နေရာရှိ ပုံပျက်နေသော ဗလာနယ်အောက်တွင် လွင့်ပျံလာသောလူရိပ်များကို တွေ့မြင်လိုက်ရသောကြောင့် ဖြစ်၏။
အစီအရင်စည်းတံဆိပ်ခတ်ပြီးပါက ပုံပျက်နေသော ဗလာနယ်ထဲတွင် ထိုသူများ သေချာပေါက် အသက်ပျောက်သွားနိုင်သည်။
ရန်ကျောက်ကဲ သေသေချာချာကြည့်လိုက်တော့ ထိုသူက နေသူတော်စင်ဂိုဏ်းမှ နာမည်ကျော်အကြီးအကဲတစ်ယောက်ဖြစ်ကြောင်း သိလိုက်ရသည်။ သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် အထွတ်ထိပ်သို့ ရောက်ရှိနေပြီး သိုင်းသူတော်စင်အဆင့် တက်လှမ်းရန် ခြေတစ်လှမ်းသာ လိုတော့သည်။
သို့သော် ထိုမျှ ကျင့်ကြံခြင်းအဆင့်မြင့်မားသူသည်ပင် ကြောက်မက်ဖွယ်ရာ ဗလာနယ်ပုံပျက်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ သူ၏ အစစ်အမှန်သိုင်းအဇ္စျတ္တ အက်ကွဲသွားပြီး အသက်အန္တရယ်ကြုံခဲ့ရသည်။
အခြားတစ်ဖက်တွင်လည်း လူတစ်ယောက်ရှိနေပြီး ထိုသူ မည်သူဖြစ်ကြောင်းတွေ့လိုက်သည့်အခါ ရန်ကျောက်ကဲ အံ့အားသင့်သွားသည်။
အခြားသူမဟုတ် ၊ “ဖူအန်းစု” ဖြစ်နေသောကြောင့်ပင်။
ဗလာနယ်ပုံပျက်ခြင်းများက အလွန်တရာ ပြင်းထန်လွန်းလေရာ သိုင်းသူတော်စင်အဆင့်သို့ မရောက်သေးသောကျင့်ကြံသူများအနေဖြင့် အံတုခုခံရန် ခက်ခဲလှ၏။
ဖူအန်းစုက သိုင်းဆရာသခင် ၊ အဆင့် (၉)ဖြစ်သော အမတလက်ဖွဲ့နောက်ဆုံးအဆင့်သို့ မကြာသေးမီက တက်ရောက်ထားသော်လည်း ပြင်းထန်သော ဗလာနယ်ပုံပျက်ခြင်းအန္တရယ်ကို ခံနိုင်ရည်မရှိဘဲ ဒဏ်ရာပြင်းထန်စွာ ရရှိနေခဲ့သည်။
ရှုတ်ယှက်ခတ်နေသော ဗလာနယ်ကြားတွင် သူမခန္ဓာကိုယ်က အက်ကွဲပျက်ဆီးလုနီးပါး ဖြစ်နေပေပြီ။
ရန်ကျောက်ကဲ မျက်မှောင်တစ်ချက်ကြုတ်လိုက်ပြီး စန့်ချုန်ကြေးမုံမှန်၏ အချိန်နှင့်နေရာ ရောထွေးနေခြင်းများကို ခေတ္တရပ်တန့်စေလျှက် ဖူအန်းစုကိုကယ်တင်ရန် အရှေ့ဆီသို့ အလျှင်အမြန် ထွက်ခွာသွားသည်။
ဒဏ်ရာအပြင်းအထန်ရထားသော ဖူအန်းစုသည် ရန်ကျောက်ကဲကိုတွေ့သည့်အခါ အလွန်အံ့အားသင့်သွားပြီးနောက် စိတ်သက်သာရာရသွားဟန်ရှိသည်။
ထို့နောက် စိတ်လျှော့လိုက်သည့်အလား သူမ သတိလစ်သွားတော့၏။
ရန်ကျောက်ကဲမှာလည်း တွေးတောနေရန် အချိန်မရပေ။ အစီအရင်ပြိုကျပြီး စည်းတံဆိပ်ခတ်တော့မည်ဖြစ်လေရာ ဤနေရာတစ်ခုလုံးက မကြာမီ အက်ကွဲပျက်ဆီးသွားတော့မည် ဖြစ်သည်။
သူက ဖူအန်းစုအား အရိပ်ကျုံ့အိတ်ထဲသို့ ထည့်သွင်းသိမ်းဆည်းလိုက်ပြီး စန့်ချုန်ကြေးမုံမှန်ဖြင့် ဖန်ဆင်းထားသော အာကသတံခါးမှတစ်ဆင့် ကမ္ဘာဖြတ်လမ်းကြောင်းထဲသို့ ဝင်ရောက်ခဲ့သည်။
ထိုအချိန်တွင် နေသူတော်စင်ဂိုဏ်းမှ အကြီးအကဲ၏ခန္ဓာကိုယ်ကတော့ အစိတ်စိတ်အမွှာမွှာ ပြိုကျအက်ကွဲသွားပြီ ဖြစ်၏။
အရှေ့ပင်လယ်တွင်ရှိသော မီးတောက်မိစ္ဆာကမ္ဘာဆီသို့သွားရောက်သည့် ကမ္ဘာဖြတ်လမ်းကြောင်းအဝင်ဝနေရာတွင် အချိန်နှင့်နေရာ အလွန်ရှုတ်ထွေးနေခြင်းက ထူးထူးခြားခြား ငြိမ်သက်ရပ်တန့်သွားသည်။
အဖြူရောင်အလင်းကမ္ဘာသည် တောင်တစ်ခုအဖြစ်ပြောင်းလဲသွားပြီး ပင်လယ်ရေအောက်တည့်တည့်သို့ ကျရောက်စိုက်ဝင်သွားသည်။
အဖြူရောင်တောင်ထွတ်ထိပ်ဖျားက ကောင်းကင်ထိတိုင်ထိုးဖောက်နေပြီး အဆုံးမရှိသော အလင်းတန်းများ တောက်ပနေ၏။
ထို့နောက်...
စောစောကပင် မိုးမြေပြောင်းပြန်လန်တော့မည့်အလား တုန်လှုပ်ပုံပျက်နေသော ပတ်ဝန်းကျင်တစ်ခုလုံး ချက်ချင်းပင် ငြိမ်သက်အေးချမ်းသွားလေတော့၏။