ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်
Vol. 35 Ch. 494
အခန်း (၄၉၄) ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်
စန့်ချုန်ကြေးမုံမှန်ဖြင့် အခြားကမ္ဘာများသို့ ဖြတ်သန်းသွားလာသောနည်းလမ်းကို ရန်ကျောက်ကဲ ပထမဆုံးအကြိမ် အသုံးပြုခြင်း ဖြစ်သည်။
ဤ လျှို့ဝှက်နည်းပညာအကူအညီဖြင့် ရန်ကျောက်ကဲ ပရမ်းပတာဖြစ်နေသော အာကာသထဲသို့ ဝင်ရောက်လာခဲ့ပြီး အစွန်းရော်ကရှစ်ပါးကမ္ဘာ ၊ အရှေ့ပင်လယ်အပြင်ပိုင်းတွင် ပြိုကျသွားသော ထိုက်ယီချိုးဖျက်အစီအရင်ကြောင့် အသက်အန္တရယ်ရင်ဆိုင်ရမည်ကို ရှောင်တိမ်းနိုင်ခဲ့သည်။
ကြေးမုံမှန်အလင်းတန်းဖြင့် ဖန်ဆင်းထားသော အာကာသတံခါးမှတစ်ဆင့် ကမ္ဘာဖြတ်လမ်းကြောင်းအတွင်း ဝင်ရောက်သွားသည်နှင့် အစွန်းရောက်ရှစ်ပါးကမ္ဘာမှ အခြားကမ္ဘာတစ်ခုသို့ ပို့ဆောင်ခံလိုက်ရ၏။
စန့်ချုန်ကြေးမုံမှန်ကမ္ဘာဖြတ်လမ်းကြောင်းထဲတွင် ရန်ကျောက်ကဲ ဘာမှလုပ်စရာမလိုဘဲ ယန္တရားပညာကသာ အရာအားလုံးကို လုပ်ဆောင်သွားပြီး ခေါ်ဆောင်ရာသို့ အဆင်သင့်လိုက်ပါသွားရုံသာပင်။ ထူးဆန်းသောရောင်စုံအလင်းတန်းများကြား မျောလွင့်နေရင်း ကောင်းကင်သက်တံ့နှစ်လွှာကို ဖြတ်ကျော်လျှက် မျောလွင့်ဝိညာဉ်ကမ္ဘာသို့ ရောက်ရှိခဲ့သောအချိန်ကာလကို ပြန်လည်သတိရမိသည်။
ယခုတော့ သူက အခြားသောကမ္ဘာအသစ်တစ်ခုဆီသို့ ဦးတည်နေသည်။
ရန်ကျောက်ကဲက လက်ထဲမှ စန့်ချုန်ကြေးမုံမှန်ကို ခေါင်းငုံ့ကြည့်လိုက်သည်။
ထို့နောက် လေးနက်သော အင်းသင်္ကေတတစ်ခု ကြေးမုံမှန်ထက် ရေးဆွဲလိုက်လေရာ ကြေးမုံမှန်မျက်နှာပြင်ထက်တွင် သွေးကွက်တစ်ကွက် ထွက်ပေါ်လာသည်။
ထိုသွေးကွက်က ကြေးမုံမှန်အလင်းတန်းနှင့်ပေါင်းစပ်လျှက် အနီရောင်သလင်းကျောက်ပမာ တောက်ပနေပြီး ညစ်ညမ်းစွန်းပေနေခြင်းမျိုး မရှိပေ။
ကြေးမုံမှန်မှအလင်းရောင်နှင့် သွေးနီရောင်ပေါင်းစပ်သွားပြီး ရန်ကျောက်ကဲရှေ့တွင် လမ်းကြောင်းတစ်ခု ယောင်ဝါးဝါး ဖြစ်တည်လာသည်။
ခဏအကြာမှာတော့ သူ့အရှေ့မှမြင်ကွင်းက ရုတ်တရက်ပြောင်းလဲသွားပြီး ရန်ကျောက်ကဲ ခန္ဓာကိုယ်သည်လည်း တုံ့ကနဲ ရပ်တန့်သွား၏။
သူ့အရှေ့တွင် နေရောင်ခြည်က တောက်ပစွာထွန်းလင်းနေပြီး ကောင်းကင်ပြာက ကြည်လင်နေသည်ပင်။ အောက်သို့ ငုံ့ကြည့်လိုက်တော့ ကျောက်စိမ်းရောင်တောက်နေသော ပင်လယ်ကြီးကို တွေ့မြင်ရသည်။ အစွန်းရောက်ရှစ်ပါးကမ္ဘာမှ အရှေ့ပင်လယ်ဆီသို့ ပြန်လည်ရောက်ရှိလာသည့်အလား ရန်ကျောက်ကဲ ခံစားလိုက်ရ၏။
သို့သော် ဤနေရာမှ ချီစွမ်းအားစီးဆင်းမှုကို အာရုံခံလိုက်သည့်အခါ အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် မတူညီကြောင်း သိလိုက်ရသည်။ သူ့အရှေ့တွင် ပင်လယ်ပြာကြီးရှိနေသော်ငြား အစွန်းရောက်ရှစ်ပါးကမ္ဘာမဟုတ်ဘဲ ကမ္ဘာအသစ်တစ်ခုသို့ ရောက်ရှိနေပြီဖြစ်ကြောင်း နားလည်နိုင်သည်။
ရန်ကျောက်ကဲကို လွှမ်းခြုံထားသော ကြေးမုံမှန်အလင်းတန်းများ ပျောက်ကွယ်သွားလေသည်။ နောက်သို့လှည့်ကြည့်လိုက်တော့ သူ့ကိုခေါ်ဆောင်လာသော ယာယီကမ္ဘာဖြတ်လမ်းကြောင်းက သဲလွန်စမရှိ ချက်ချင်းပင် ပျောက်ကွယ်သွားသည်ကို တွေ့ရသည်။
သူ့လက်ထဲမှ စန့်ချုန်ကြေးမုံမှန်ကို ငုံ့ကြည့်လိုက်တော့ အလင်းရောင်များ မှေးမှိန်သွားပေပြီ။ ဤ ရတနာပစ္စည်းကို နောက်တစ်ကြိမ် ထပ်မံအသုံးပြုရန် အားပြန်ပြည့်လာသည်အထိ စောင့်ရပေလိမ့်မည်။
စန့်ချုန်ကြေးမုံမှန် အားပြန်ပြည့်မလာခင် ရန်ကျောက်ကဲအနေဖြင့် ဤကမ္ဘာတွင် အချိန်ဖြုန်းရန်ကလွဲပြီး ရွေးချယ်စရာ မရှိပေ။
“ငါလုပ်တဲ့နည်းလမ်း မမှားဘူးဆိုရင် ဒီနေရာက ‘သမုဒ္ဒရာကမ္ဘာ’ ပဲဖြစ်ရမယ် ၊ ဒါဆိုရင်တော့ ဂိုဏ်းတူအစ်ကို’ရွှီဖေး’ နဲ့ ကျွင်းအာလေးတို့ကို ရှာလို့ရနိုင်တယ်”
ရန်ကျောက်ကဲက စန့်ချုန်ကြေးမုံမှန်ကို သိမ်းဆည်းရင်း ရေရွတ်လိုက်၏။
မျောလွင့်ဝိညာဉ်ကမ္ဘာတွင် ရွှီဖေးနှင့် လမ်းမခွဲခင်က သူ၏ သွေးစွမ်းအားအနှစ်သာရများကို ရန်ကျောက်ကဲ ရယူထားလေသည်။ ဤနည်းလမ်းဖြင့် သမုဒ္ဒရာကမ္ဘာကို ရှာဖွေရန် ကြိုးပမ်းနိုင်မည် ဖြစ်သည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် သမုဒ္ဒရာကမ္ဘာတို့အကြားတွင် တိုက်ရိုက်ဆက်စပ်မှုမရှိသဖြင့် စန့်ချုန်ကြေးမုံမှန်ကို အသုံးပြုလင့်ကစား သမုဒ္ဒရာကမ္ဘာသို့ တန်းပြီးရောက်မလာနိုင်ပေ။ ထို့ကြောင့် ရွှီဖေးထံမှရယူထားသော သွေးစွမ်းအားအနှစ်သာရကို ကြားခံအဖြစ် အသုံးပြုရန် လိုအပ်သည်။
မျောလွင့်ဝိညာဉ်ကမ္ဘာမှ အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ပြန်ရောက်လာပြီးနောက် ရန်ကျောက်ကဲသည် ပုံမှန်ကျင့်ကြံခြင်း ၊ ဒေသတွင်းပရမ်းပတာအခြေနေများကို ဖြေရှင်းရန်နှင့် မီးတောက်မိစ္ဆာများ ၊ ငရဲကိုးထပ်တိုက်ခိုက်မှုများကို ရင်ဆိုင်ရန် ပြင်ဆင်ခြင်းများ ပြုလုပ်သည်သာမက ရွှီဖေးနှင့် ရှီကျွင်းလေးတို့သားအမိကို ပြန်လည်ခေါ်ဆောင်ရန် နည်းလမ်းများကိုလည်း အချိန်ပေးကာ တွေးတောစဉ်းစားခဲ့သည်။
စန့်ချုန်ကြေးမုံမှန်ကို ပြန်လည်ပြုပြင် သုတေသနလုပ်ခြင်းက အနည်းငယ်အောင်မြင်မှုရခဲ့သော်လည်း အစွန်းရောက်ရှစ်ပါးကမ္ဘာက အလွန်အမင်း မငြိမ်သက်ဖြစ်လာသည့်အတွက် ရွှီဖေးတို့ကို လိုက်ရှာရန် အချိန်မပေးနိုင်ခဲ့ပေ။
ယခုတော့ ကိုယ်တိုင်လည်း အန္တရယ်ကိုရှောင်ရှားရင်း ရွှီဖေးတို့ကိုလည်း ရှာဖွေနိုင်တော့မည် ဖြစ်လေရာ ‘ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ပစ်နိုင်ပြီ’ ဟု ဆိုနိုင်၏။
သို့သော် ဤလျှို့ဝှက်နည်းပညာကို အသုံးပြုခြင်းက ရန်ကျောက်ကဲအတွက် ပထမဆုံးအကြိမ် ဖြစ်သောကြောင့် ထိရောက်မှု ရှိ မရှိ အတည်ပြုရန် လိုအပ်သည်။ ဤနေရာက သမုဒ္ဒရာကမ္ဘာဖြစ်ကြောင်း မှန်ကန်စွာအတည်ပြုနိုင်ပါက အကြောင်းအရာများ ပိုမိုလွယ်ကူလာနိုင်သည်။
ရန်ကျောက်ကဲ စိတ်မကောင်းသည်မှာ ယွမ်ကျန်းဖုန်းကို မရှာဖွေနိုင်ခြင်း ဖြစ်၏။
အဘိုးအိုက သူ၏ ဘယ်ဘက်လက်ကို ပေါက်ကွဲစေလျှက် ဒုတိယဆရာဦးလေးဖန်ကျွင်းနှင့် ကြယ်တာရာသန့်စင်ချီဝတ်ရုံကို ဗလာနယ်ဝဲဂယက်အတွင်းမှ ကယ်တင်ခဲ့သော်လည်း သူ၏ သွေးစွမ်းအားအနှစ်သာရများက အာကာသစီးကြောင်းထဲ ပြန့်ကျဲပျောက်ကွယ်သွားခဲ့သဖြင့် ရန်ကျောက်ကဲ ရယူနိုင်ခဲ့ခြင်း မရှိပေ။
ထိုစဉ်က အခြေအနေများအရ သဲလွန်စရယူရန်လည်း အချိန်နှောင်းခဲ့သည်ဖြစ်ရာ ယခုအချိန်တွင် ဆရာဘိုးဘိုး ကံကောင်းပါစေဟုသာ မျှော်လင့်နိုင်သည်။
တွေးနေရင်းဖြင့် ရန်ကျောက်ကဲမျက်နှာက တည်ကြည်လေးနက်သွားပြီး အရိပ်ကြုံ့အိတ်လေးကို ထုတ်ယူလိုက်သည်။
အရိပ်ကြုံ့အိတ်ထဲမှ ဖူအန်းစုကို ထုတ်ယူလိုက်ပြီးနောက် ရန်ကျောက်ကဲ ပင့်သက်တစ်ချက်ရှိုက်လိုက်သည်။ ထို့နောက် သူမခန္ဓာကိုယ်ထဲသို့ ကြယ်တာရာချီစွမ်းအားအနှစ်သာရ ထည့်သွင်းပေးရင်း သူမ၏ အဓိကသွေးကြောဆုံချက်များဆီသို့ စီးဆင်းဝင်ရောက်စေလိုက်၏။
ထို့နောက် ရန်ကျောက်ကဲက ရွှေရောင်အပ်အနည်းငယ်ကို ထုတ်ယူလိုက်ပြီး ဖူအန်းစု၏ အရေးကြီးသော သွေးကြောနေရာများကို ထိုးစိုက်လိုက်သည်။
မကြာမီ ရွှေအပ်ချောင်းများထိပ်ဖျားတွင် အပြာရောင်မီးတောက်များ တောက်ပလာပြီး ထိုမီးတောက်များက လေထဲမှဖယောင်းတိုင်များပမာ ယိမ်းထိုးလှုပ်ရှားလျှက်ရှိသည်။
ရန်ကျောက်ကဲက ထိုမီးတောက်များဆီသို့ သူ့လက်ချောင်းများကို ဆန့်ထုတ်လိုက်လေရာ မီးတောက်များ ရုတ်တရက် ဟုန်းကနဲတောက်ပလာသည်။ သို့သော် အချိန်ကြာလာသည့်အခါ အပြာရောင်မီးတောက်များ တဖြည်းဖြည်း အားလျော့လျှက် ငြိမ်းသတ်သွား၏။
သို့ပေသိ အပြာရောင်မီးတောက်များ ငြိမ်သွားသည့်အခါ ရွှေရောင်မီးတောက်များ ထွက်ပေါ်လာပြန်သည်။
ရွှေအပ်ငယ်များထိပ်ဖျားတွင် ရွှေရောင်မီးတောက်များထွက်ပေါ်လာသည်ကို တွေ့သည့်အခါ ရန်ကျောက်ကဲမျက်ဝန်းများ အုံံ့မှိုင်းသွားပြီး...
“သြော... လက်စသတ်တော့ နေသူတော်စင်ဂိုဏ်း လက်ချက်ကိုး”
ဖူအန်းစု၏ ဒဏ်ရာများက အသွေးအမွှားမဟုတ်ပေ။
ထိုက်ယီချိုးဖျက်အစီအရင်ပြိုကျလာသော အရှေ့ပင်လယ်နေရာသို့ ရောက်ရှိလာသော ဖူအန်းစုအနေဖြင့် ဒဏ်ရာပြင်းထန်သည်မှာ မဆန်းပေ။
သို့သော် နေသူတော်စင်ဂိုဏ်းမှ သိုင်းပညာကြောင့်လည်း သူမ ဒဏ်ရာရရှိထားသေးသည်။ ဤသည်ကို ကြည့်ခြင်းအားဖြင့် ထိုက်ယီချိုးဖျက်အစီအရင်အနားသို့ ရောက်မလာခင်မှာပင် ဖူအန်းစုက ဒဏ်ရာရရှိထားခြင်းဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။
ပုံပျက်နေသောဗလာနယ်ထဲတွင် ဖူအန်းစုနှင့်အတူ တွေ့ရှိခဲ့သော နေသူတော်စင်ဂိုဏ်းမှ အကြီးအကဲအကြောင်း စဉ်းစားမိသည့်အခါ ရန်ကျောက်ကဲစိတ်ထဲ အတွေးတစ်ခု ဝင်လာသည်။
ဖြစ်နိုင်ခြေမှာ သူတို့နှစ်ယောက် အချင်းများတိုက်ခိုက်ကြပြီး နှစ်ယောက်လုံး ပုံပျက်နေသောဗလာနယ်ထဲသို့ ရောက်လာခြင်း ဖြစ်ဟန်တူ၏။
ထိုက်ယီချိုးဖျက်အစီအရင်ဖြင့် စည်းတံဆိပ်ခတ်ခြင်း နောက်ဆုံးအခိုက်အတန့်တွင် အဖြူရောင်အလင်းကမ္ဘာက ပြိုကျသွားလေရာ ကျင့်ကြံသူများအနေဖြင့် အစီအရင်အတွင်းသို့ ဝင်ရောက်နိုင်သော်ငြား အစီအရင်၏ အဖျက်စွမ်းအားကို ခံနိုင်ရည်ရှိသူကတော့ အနည်းငယ်သာလျှင် ရှိသည်။
စည်းတံဆိပ်ခတ်ခြင်းဖိအားအောက်တွင် ဗလာနယ်က တွန့်ခေါက်လိမ်ကျိုးသွားပြီး အရာအားလုံး ပြိုကျပျက်ဆီးသွားသည်ဖြစ်ရာ အလွန်အန္တရယ်များလေသည်။ နေသူတော်စင်ဂိုဏ်းမှ သိုင်းဆရာသခင်နှင့် ဖူအန်းစုက ထိုနေရာသို့ ရောက်ရှိလာကြခြင်း ဖြစ်၏။
ရန်ကျောက်ကဲက လက်ချောင်းများကို ညင်သာစွာလှုပ်ရှားလိုက်ရာ သူ၏ရေခဲစွမ်းအားများက လက်ချောင်းများတွင်စုဝေးသွားပြီး ရေခဲလက်ချောင်းများအဖြစ် ပြောင်းလဲသွားသည်။ အအေးဓာတ်စွမ်းအားက ရွှေရောင်အပ်ချောင်းများထက်ကျရောက်သွားပြီး အပ်များမှတစ်ဆင့် ဖူအန်းစု၏ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
အတန်ကြာပြီးနောက် ရွှေရောင်အပ်ချောင်းများထိပ်မှ ရွှေရောင်မီးတောက်များ တဖြည်းဖြည်း ငြိမ်းသတ်သွားသည်။
ဖူအန်းစု သတိရမလာသေးသော်လည်း မျက်နှာထက်တွင် သွေးရောင်လွှမ်းလာပြီး အသက်ရှူသံသည်လည်း ပုံမှန်ပြန်ဖြစ်လာသည်။
ဖူအန်းစုအခြေအနေတည်ငြိမ်သွားပြီး အသက်အန္တရယ်မရှိတော့သဖြင့် ရန်ကျောက်ကဲ ခေါင်းတစ်ချက်ညိတ်လိုက်၏။
သို့သော် သူ စိတ်သက်သာရာ မရနိုင်ခဲ့ပေ။
အရှေ့ပင်လယ်သို့ လာရောက်သောခရီးစဉ်တွင် ဖူအန်းစုနှင့်အတူ ဖန်းယွင်ရှန်းနှင့် ယင်လျိုဟွားတို့လည်း ပါလာခဲ့ပေသည်။
ဖူအန်းစုက နေသူတော်စင်ဂိုဏ်းမှ အကြီးအကဲနှင့် တိုက်ပွဲရင်ဆိုင်ရသည့်အခါ ထိုမိန်းကလေးနှစ်ယောက် ဘာဖြစ်သွားပါသနည်း။
ဖူအန်းစု ရင်ဆိုင်ရသူက ဟွမ်ကွမ်လီ ၊ ဖန်းပေါ်ထိုင်တို့နှင့် မျိုးဆက်တူညီသူဖြစ်ပြီး နေသူတော်စင်ဂိုဏ်း၏ ဘိုးဘေးအကြီးအကဲတစ်ယောက်ဖြစ်သလို သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက်ဖြစ်ခဲ့သည်မှာလည်း အတော်လေး အချိန်ကြာမြင့်ခဲ့ပြီ ဖြစ်၏။
မကြာသေးမီကပင် ဖူအန်းစုက အမတလက်ဖွဲ့ နှောင်းပိုင်းအဆင့်သို့ အောင်မြင်စွာတက်ရောက်နိုင်ခဲ့သော်လည်း ဤသို့သောရန်သူနှင့် ရင်ဆိုင်ရသည့်အခါ သူမအတွက် အခြေအနေကောင်းနိုင်မည် မဟုတ်ပေ။
ဤသို့သောအခြေအနေမျိုးတွင် သူမ၏တပည့်နှစ်ယောက် အန္တရယ်ကင်းစေရန် သူမအတွက် ခက်ခဲမည် ဖြစ်သည်။
ရန်ကျောက်ကဲက ဖူအန်းစု၏ အရိပ်ကျုံ့အိတ်ကို စစ်ဆေးကြည့်လိုက်တော့ မည်သူမှ မရှိကြောင်းတွေ့ရသည်။ ကြည့်ရသည်မှာ သူမ၏တပည့်နှစ်ယောက်နှင့် ကွဲကွာသွားခြင်းမျိုး ဖြစ်နိုင်သည်။
မည်သို့ပေဖြစ်စေ ဖန်းယွင်ရှန်းနှင့် ယင်လျိုဟွားအနေဖြင့် သေခြင်းတရားကိုကျော်လွန်ခြင်းအဆင့် သိုင်းဆရာသခင်တစ်ယောက်၏ တိုက်ခိုက်မှုကိုရော ၊ ထိုက်ယီချိုးဖျက်အစီအရင် စည်းတံဆိပ်ခတ်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ဗလာနယ်ပုံပျက်ခြင်းဘေးဒဏ်ကိုရော ခံနိုင်ရည်ရှိကြမည် မဟုတ်ပေ။
ရန်ကျောက်ကဲ မည်သို့မှမတတ်နိုင်စွာ သက်ပြင်းတစ်ချက်ချမိသည်။
“သူတို့အကြောင်းသိချင်ရင်တော့ ဆရာဒေါ်လေး’ဖူ’ သတိရလာတဲ့အထိ စောင့်ရမှာပဲ”
“ဒီ သောက် နေသေူတော်စင်ဂိုဏ်းကတော့ကွာ...”
နေသူတော်စင်ဂိုဏ်းအကြောင်းတွေးမိတော့ ရန်ကျောက်ကဲမျက်ဝန်းများ အေးစက်သွားသလို ဒေါသကြောင့်လည်း တောက်ပသွားသည်။
သို့သော် သူက စိတ်ကိုတည်ငြိမ်စေလိုက်ပြီး သတိလစ်နေသော ဖူအန်းစုကို အရိပ်ကျုံ့အိတ်ထဲပြန်ထည့်ကာ ပင်လယ်ရေမျက်နှာပြင်ထက်မှ အရှိန်အဟုန်အဖြင့် ခရီးနှင်လာခဲ့သည်။ ခရီးသွားရင်း လက်ရှိကမ္ဘာ၏ ချီစွမ်းအားစီးဆင်းမှုများကို အာရုံခံလျှက် လိုက်လျောညီထွေဖြစ််အောင် ကြိုးစားသည်။
အချိန်အတန်ကြာ ဂရုတစိုက်လေ့လာပြီးနောက် ရန်ကျောက်ကဲ နှုတ်ခမ်းထောင့်များတွန့်ကွေးလျှက် အပြုံးရိပ်တစ်ခု ထွက်ပေါ်လာသည်။
ဤကမ္ဘာ၏ ချီစွမ်းအားစီးဆင်းမှုက အစွန်းရောက်ရှစ်ပါးကမ္ဘာနှင့် မတူကွဲပြားသော်လည်း ချီစွမ်းအားကျင့်ကြံသူများအတွင် အလွန်သင့်တော်ကြောင်း သိရှိခဲ့ရသည် မဟုတ်လား။
ဤကမ္ဘာက မျောလွင့်ဝိညာဉ်ကမ္ဘာထက် ကျင့်ကြံရ ပိုမိုလွယ်ကူမည် ဖြစ်သည်။
ထို့ပြင် ရန်ကျောက်ကဲက သမုဒ္ဒရာကမ္ဘာသို့ ကိုယ်တိုင်ကိုယ်ကျ မရောက်ဖူးသော်လည်း ချန်လီတောင်နှင့် သွေးနီနဂါးဂိုဏ်းမှ သိုင်းကျင့်ကြံသူများနှင့် ထိတွေ့ဆက်ဆံပြီးသည့်နောက် သမုဒ္ဒရာကမ္ဘာမှ သိုင်းကျင့်ကြံသူများ၏အဆင့်အတန်းမှာ နိမ့်ကျခြင်းမရှိကြောင်း သေသေချာချာ နားလည်ခဲ့သည်။
ဤသည်ကိုကြည့်ခြင်းအားဖြင့် သမုဒ္ဒရာကမ္ဘာ၏ ဝိညာဉ်စွမ်းအားနှင့် ချီစွမ်းအားစီးဆင်းမှုသည်လည်း ချီစွမ်းအားကျင့်ကြံသူများအတွက် အလွန်အဆင်ပြေနိုင်ကြောင်း သေချာစေခဲ့သည်။
ရန်ကျောက်ကဲက အောက်ဘက်ရှိ ပင်လယ်ရေပြင်မှ ထွက်ပေါ်လာသော ရေခိုးရေငွေ့များကို အာရုံခံကြည့်ရင်း အစွန်းရောက်ရှစ်ပါးကမ္ဘာမှ ကျောက်စိမ်းပင်လယ်မြို့တော်တည်ရှိရာ အရှေ့ပင်လယ်နှင့် နှိုင်းယှဉ်တွက်ချက်ကြည့်လိုက်သည်။
ဤကမ္ဘာတွင် အစွန်းရောက်ရှစ်ပါးကမ္ဘာထက် ပင်လယ်ရေများ ပိုမိုများပြားကြောင်း အကြမ်းဖျင်းသိရှိနိုင်ပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာထက် ပိုမိုကြီးမားသောကမ္ဘာတစ်ခုဖြစ်နိုင်ကြောင်း ယောင်ဝါးဝါး အာရုံခံမိသည်။
ဤကမ္ဘာက “သမုဒ္ဒရာကမ္ဘာ” ဟုတ် မဟုတ် အတည်မပြုနိုင်သေးသည့်တိုင် မြေပြင်အနေအထားနှင့် ချီစွမ်းအားစီးဆင်းမှုများက ရန်ကျောက်ကဲကို အနည်းငယ် စိတ်လှုပ်ရှားတက်ကြွလာစေ၏။
“စန့်ချုန်ကြေးမုံမှန်ကိုအသုံးပြုပြီး ပထမဆုံးအကြိမ် တခြားကမ္ဘာကို ခရီးထွက်လာတာဆိုပေမယ့် ရလဒ်ကတော့ တကယ်မဆိုးဘူးပဲ”