← Chapters

အခန်း ၂၀၁

Vol. 19 Ch. 201

အခန်း ၂၀၁

Vol. 19 Ch. 201

အခန်း (၂၀၁) Star(စတား) ဖျော်ဖြေရေးကုမ္ပဏီမှ ဝမ်လဲ့

အဓိကဇာတ်ကောင်များ စုံလင်နေပြီဖြစ်ရာ လီဝမ်ဆန်သည် အချိန်ဆွဲမနေတော့ဘဲ သူ၏ မွေးနေ့ပွဲဖျော်ဖြေမှုကို ချက်ချင်း စတင်လိုက်လေ၏။

လူတိုင်း နေရာယူပြီးချိန်တွင် အခမ်းအနားမှူးတစ်ဦးက စင်မြင့်ပေါ်သို့ ဖြည်းညင်းစွာ လျှောက်လှမ်းလာခဲ့သည်။

"ဒီနေ့ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေ အများကြီး တက်ရောက်လာတဲ့အတွက် ကျွန်တော် အရမ်းကို ဝမ်းသာမိပါတယ်..."

"အိုက်ရာ... ဥက္ကဋ္ဌလီကိုယ်စား အားလုံးကို ကျေးဇူးတင်ပါတယ်..."

"ပွဲမစခင်မှာ ဥက္ကဋ္ဌလီကိုယ်စား ကျွန်တော်တို့ရဲ့ ဆွေမျိုးတွေနဲ့ မိတ်ဆွေတွေရဲ့ ရက်ရောတဲ့ ပံ့ပိုးမှုတွေအတွက် ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်..."

"သစ်တောလုပ်ငန်းစုက ငွေသား ယွမ် ၆.၆၆ သန်း လက်ဆောင်ပေးပါတယ်... ဒီလို ကောင်းမြတ်တဲ့ အခါသမယမှာ ဥက္ကဋ္ဌလီအတွက် ဂုဏ်ပြုပါတယ်..."

"ကျန်းဟိုင် ကုမ္ပဏီက ဥက္ကဋ္ဌလီကို မြင်းတစ်သောင်း ပြေးလွှားနေတဲ့ ရွှေသီးသန့်အနုပညာလက်ရာတစ်ခု လက်ဆောင်ပေးပါတယ်... ရှေ့ဆက်မယ့် လုပ်ငန်းခွင်တွေမှာ အောင်မြင်မှုတွေ ရရှိပါစေလို့ ဆုတောင်းပေးပါတယ်..."

"..."

Star(စတား) ဖျော်ဖြေရေးကုမ္ပဏီက ဤညစာစားပွဲရှိ ဖျော်ဖြေမှုများကို ရက်ရက်ရောရော ပံ့ပိုးပေးထားခြင်း ဖြစ်ပေ၏။

"ဟယ်ရီဆန် လက်ဝတ်ရတနာကုမ္ပဏီက ဈေးကွက်တန်ဖိုး ယွမ် ၉.၉၉ သန်းရှိတဲ့ ကျောက်စိမ်းအရိုင်းတုံးတစ်တုံးကို လက်ဆောင်ပေးပါတယ်... ဥက္ကဋ္ဌလီအနေနဲ့ အလုပ်နဲ့ အနားယူတာကို မျှတအောင် လုပ်ဖို့ လိုအပ်တယ်နော်..."

စင်မြင့်ပေါ်မှ အခမ်းအနားမှူး၏ မိတ်ဆက်စကားမှာ အမှန်တကယ်တော့ လက်ဆောင်ပေးသူများ၏ မျက်နှာကို ဂုဏ်တင်ပေးရန်အတွက် ဖြစ်ချေသည်။

လီဝမ်ဆန်း၏ မွေးနေ့ပွဲနှင့် ထိုက်တန်စွာပင် ရိုးရိုးသားသား ဆိုရလျှင် လူတိုင်းသည် အလွန်ရက်ရောကြပြီး ရေတွက်၍မရနိုင်သော လက်ဆောင်များ၏ စုစုပေါင်းတန်ဖိုးမှာ ယွမ်သန်းဆယ်ချီအထိ ရှိနေပေ၏။

အမှန်တကယ်တော့ ဤအရာများကို အလကား ပေးကမ်းနေခြင်း မဟုတ်ပေ။ အကယ်၍ နောင်တစ်ချိန်တွင် သူတို့အနေဖြင့် သင့်အကူအညီ လိုအပ်လာပါက သင်က ၎င်းတို့ကို မျက်နှာသာပေးရမည် ဖြစ်သည်။

စုယွမ်က မည်သည့်လက်ဆောင်မျှ မပေးခဲ့သော်လည်း ဤလူများ မည်မျှ ရက်ရက်ရောရော လက်ဆောင်ပေးနေကြသည်ကို ကြားလိုက်ရချိန်တွင် နောင်အနာဂတ်၌ သူလည်း နှစ်စဉ် မွေးနေ့ပွဲ ကျင်းပသင့်သလားဟု တိတ်တဆိတ် တွေးတောမိသွား၏။

"ဥက္ကဋ္ဌစု... ခင်ဗျား ပေးတဲ့ လက်ဆောင်က ဘာလဲဆိုတာ ကျွန်တော် မကြားမိပါလား..."

ခပ်ဝဝ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ပြုံးလျက် မေးမြန်းလိုက်သည်။

"ကျွန်တော် ဘာမှ မပေးခဲ့ဘူး... ဒါကြောင့် ခင်ဗျား မကြားတာပေါ့..."

စုယွမ်က သူ့အား တစ်ချက်ကြည့်ကာ ပြောလိုက်၏။

"ဟင်... ဒါပေမဲ့ ဥက္ကဋ္ဌစု ခင်ဗျားက ဥက္ကဋ္ဌလီရဲ့ မွေးနေ့ပွဲကို လာတာလေ... ဒါက သူ့ရဲ့ မွေးနေ့ပွဲကြီးဖြစ်နေတော့ ဘာမှမယူလာတာက မသင့်တော်ဘူး မဟုတ်ဘူးလား..."

"ရိုးရိုးသားသား ပြောရရင် လက်ဆောင်ရဲ့ တန်ဖိုးက အရေးမကြီးပါဘူး... စေတနာကသာ အဓိကပါ... ဥက္ကဋ္ဌစုက ဘာမှမပေးဘူးလို့ ပြောတာက လူမှုရေးအရ အဆင်မပြေရုံတင် မကဘူး နည်းနည်းလည်း ရိုင်းစိုင်းနေသလားလို့..."

"ကျွန်တော်နဲ့ မတူတာက ကျွန်တော့်ကုမ္ပဏီက အနုပညာရှင် အများအပြားကို ကျွန်တော့်ကို ပံ့ပိုးပေးဖို့ ခေါ်လာခဲ့တာပဲ..."

"သူတို့က အခုလက်ရှိ အကျော်ကြားဆုံး နာမည်ကြီးတွေလေ... သူတို့ထဲက တစ်ယောက်ချင်းစီ လာရောက်ဖို့အတွက် ယွမ်သန်းနဲ့ချီပြီး ကုန်ကျတယ်..."

လူလတ်ပိုင်းအရွယ် လူဝကြီးက ပြောလိုက်သည်။

စုယွမ်က အနည်းငယ်မျှ ပြုံးလိုက်ပြီးနောက် မေးမြန်းလိုက်၏။

"ခင်ဗျားက ဘယ်သူများလဲလို့ မေးလို့ရမလား..."

"Star(စတား) ဖျော်ဖြေရေးကုမ္ပဏီက ဝမ်လဲ့ပဲ..."

အမျိုးသားက မောက်မာစွာ ကြေညာလိုက်သည်။

"ဒီနေရာမှာ ကျွန်တော် ထပ်ပြောချင်တာက ကျွန်တော့်ကို ဖိတ်စာပို့ခဲ့တာ ဥက္ကဋ္ဌလီကိုယ်တိုင်ပဲ..."

"ကျွန်တော်က ခင်ဗျားနဲ့ မတူဘူး... ကျွန်တော်က ဒီကို မျက်နှာပြောင်တိုက်ပြီး လာခဲ့တာ မဟုတ်ဘူး... ဒါ့အပြင် ခင်ဗျားတို့က ကျွန်တော့်ကို ဖိတ်ထားတာ... နားလည်လား..."

"ကျွန်တော်က လူတွေကို ဖားယားနေစရာ မလိုသလို အာရုံစိုက်ခံရဖို့အတွက် လက်ဆောင်တွေကို အသုံးပြုစရာလည်း မလိုဘူး..."

စုယွမ်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်ချေသည်။

"မင်း..."

ဝမ်လဲ့သည် ချက်ချင်းပင် ဒေါသထွက်သွားလေ၏။

ထိုစဉ်က သူသည် လီဝမ်ဆန်းထံမှ ငွေကြေးထောက်ပံ့မှု ရရှိခဲ့ခြင်း ဖြစ်သည်။ လီဝမ်ဆန်းသာ မရှိပါက သူသည် ကုမ္ပဏီကို တည်ထောင်နိုင်ခဲ့မည် မဟုတ်ချေ။

Star(စတား) ဖျော်ဖြေရေးကုမ္ပဏီက ယခုအချိန်တွင် အနည်းငယ် မတည်မငြိမ် ဖြစ်နေသော်လည်း သူက လီဝမ်ဆန်းထံမှ ရန်ပုံငွေအချို့ တောင်းခံရန် ရည်ရွယ်ချက်ရှိရှိ ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။ စုယွမ်၏ Ar နည်းပညာကုမ္ပဏီနှင့် ကျိုးယွဲ့နည်းပညာကုမ္ပဏီတို့ အဆင်မပြေကြောင်း ကြားသိထားသဖြင့် သူက စုယွမ်အား လှောင်ပြောင်ရန် တွေးတောခဲ့ခြင်း ဖြစ်၏။

သို့သော် ယခုအကြိမ်တွင်မူ သူသည် အထိနာသွားခဲ့ပြီး လုံးဝ စော်ကားခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပေသည်။

"ဟားဟား ဧည့်သည်တွေက ဧည့်သည်တွေပါပဲ... အားလုံးပဲ ရင်းရင်းနှီးနှီး နေကြပါ... ငြင်းခုံနေစရာ မလိုပါဘူး..."

လီဝမ်ဆန်းက ကြားဝင်ဖြန်ဖြေသူအဖြစ် ဆောင်ရွက်လိုက်သည်။

ယခုလေးတင် ဝမ်လဲ့က စုယွမ်အား ခနဲ့တဲ့တဲ့ စကားများ ပြောဆိုချင်နေခဲ့ပြီး သူက တစ်ချိန်လုံး နားထောင်နေခဲ့သော်လည်း တားဆီးရန် စကားတစ်ခွန်းမျှ မပြောခဲ့ချေ။ အဘယ်ကြောင့်ဆိုသော် သူက စုယွမ်၏ မောက်မာမှုကို လျှော့ချချင်ခဲ့သောကြောင့် ဖြစ်သည်။ သို့သော် ထိုလူငယ်က လုံးဝ ဂရုမစိုက်ကြောင်း သူ မထင်မှတ်ထားခဲ့ပေ။

စဉ်းစားကြည့်ပါလေ။ လက်ဆောင်မပါဘဲ တစ်စုံတစ်ယောက်၏ မွေးနေ့ပွဲသို့ မည်သူက သွားမည်နည်း။ ထို့အပြင် ဤလူငယ်က ထိုကိစ္စနှင့် ပတ်သက်၍ အလွန်ပင် ဂရုမစိုက်ဘဲ နေနိုင်သေး၏။

"ဟမ့်... ဥက္ကဋ္ဌလီက ပြောနေပြီဆိုတော့ မင်းလို လူငယ်တစ်ယောက်ကို ငါတို့ ဂရုမစိုက်တော့ဘူး..."

ဝမ်လဲ့က ခေါင်းကိုလှည့်ကာ ပြောလိုက်သည်။

"ဟမ်... ခင်ဗျားက စကားနိုင်မလုနိုင်လို့ မဟုတ်လား...အရှက်လဲမရှိဘူး"

လီဟူက သူ့အား စိုက်ကြည့်ကာ ပြောလိုက်၏။

"မင်းကရော ဘယ်သူလဲ..."

ဝမ်လဲ့က ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ငါက ငါ့သူဌေးရဲ့ သက်တော်စောင့်လေ..."

"ခင်ဗျားက အဲဒါနဲ့ပတ်သက်ပြီး ပြဿနာရှိလို့လား..."

လီဟူက လက်သီးကို မြှောက်ကာ ဝမ်လဲ့အား စိုက်ကြည့်ရင်း ပြောလိုက်သည်။

"မင်း... မင်းလို သက်တော်စောင့် သာမန်တစ်ယောက်က ငါ့ကို ဒီလိုစကားမျိုး ပြောရဲတယ်ပေါ့လေ..."

ဝမ်လဲ့သည် အလွန်အမင်း အရှက်ရသွားသလို ခံစားလိုက်ရ၏။ မည်သို့ပင်ဆိုစေ သူသည် ကုမ္ပဏီသူဌေးတစ်ဦး ဖြစ်ပေသည်။ သူ့အား အကြိမ်အနည်းငယ် ပြစ်တင်ပြောဆိုခံရခြင်းက တစ်မျိုးဖြစ်သော်လည်း သာမန်သက်တော်စောင့်တစ်ဦးက ဤသို့ပြောဆိုခြင်းမှာ သူ့အား ရှင်းလင်းစွာ မလေးစားခြင်းပင် ဖြစ်ချေသည်။

"သက်တော်စောင့်ဆိုတာ ဘာဖြစ်လို့လဲ... ငါတို့က အောက်တန်းကျနေလို့လား... ဝမ်လဲ့ ခင်ဗျားရဲ့ တွေးခေါ်ပုံက အန္တရာယ်များတယ်နော်..."စုယွမ်က တီးတိုးပြောလိုက်သည်။

"ဟုတ်တယ်... ခင်ဗျားကို ဘယ်ရောက်သွားမှန်း မသိအောင်ကို ထိုးကြိတ်ပစ်လိုက်မယ် သတိထား"လီဟူက မောက်မောက်မာမာပင် ပြောလိုက်၏။

"မင်း... မင်းတို့အားလုံး..."

ဝမ်လဲ့မှာ ဒေါသထွက်လွန်းသဖြင့် အသက်ပြင်းပြင်း ရှူနေရလေသည်။

"ကဲပါ ဝမ်လဲ့... တော်လောက်ပြီ..."

လီဝမ်ဆန်းက မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။

စုယွမ်နှင့် လီဟူတို့က သူ့အား မျက်နှာသာပေးရန် လုံးဝ ရည်ရွယ်ချက် မရှိကြောင်း သူ သိထား၏။

သို့သော် ဝမ်လဲ့သည် သူတို့လူများထဲမှ တစ်ဦးဖြစ်ပြီး သူ့အနေဖြင့် ဝမ်လဲ့ကို အပြစ်ရှာ၍ မရနိုင်ချေ။ သူသည် ဆက်တိုက်ဆိုသလို အရှက်ရခဲ့ပြီး စကားအချေအတင် ပြောဆိုရာတွင်လည်း မနိုင်ခဲ့ပေ။ ထို့အပြင် သူသည် အဓိကဇာတ်ကောင်ဖြစ်သော စုယွမ်နှင့် ဆက်ဆံရေး ပျက်ပြားခံ၍ မရနိုင်ချေ။

သူက တမင်တကာ ပြဿနာရှာရန် ကြိုးစားနေခြင်း မဟုတ်လော။

လီဝမ်ဆန်း၏ စကားကို ကြားချိန်တွင် ဝမ်လဲ့သည် ရပ်တန့်သွားကာ လီဟူကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီး ခေါင်းကို လွှဲဖယ်သွားတော့သည်။

"ဟမ်..."

လီဟူက လှောင်ပြောင်လိုက်ပြီး သူ့အား ထပ်မံဂရုစိုက်ရန် ရည်ရွယ်မထားတော့ချေ။

သူတို့၏ ပတ်ဝန်းကျင်ရှိ လူများသည် မူလက စုယွမ်အား အခက်တွေ့စေရန် ရည်ရွယ်ထားခဲ့သော်လည်း ဤမြင်ကွင်းကို မြင်တွေ့ပြီးချိန်တွင် ထိုအကြံအစည်ကို စွန့်လွှတ်လိုက်ကြ၏။

အခက်တွေ့အောင် လုပ်ခြင်းက အရှက်ရခြင်းကိုသာ ဖြစ်စေပြီး လုံးဝ မတန်ချေ။

စင်မြင့်ပေါ်တွင် နိုင်ငံတော်အဆင့် ဇာတ်ပို့ကြီး အပါအဝင် ဝါရင့်သရုပ်ဆောင် အများအပြားက အတူတကွ ဖျော်ဖြေနေကြသည်။ နိုင်ငံတော်အဆင့် ဇာတ်ပို့ကြီး ပေါ်လာသည်နှင့် တပြိုင်နက် တခဲနက် လက်ခုပ်သြဘာပေးမှုများကို ရရှိခဲ့ပေ၏။

ဤပုဂ္ဂိုလ်မှာ Star(စတား) ဖျော်ဖြေရေးကုမ္ပဏီမှ မဟုတ်သောကြောင့် ဤနေရာတွင် သူရှိနေခြင်းက အတော်လေး ထူးခြားလှသည်။

ကြီးမားလှသော လွှမ်းမိုးမှုရှိသည့် ထိပ်တန်းနာမည်ကြီး တစ်ဦးအနေဖြင့် နိုင်ငံတော်အဆင့် ဇာတ်ပို့ကြီးသည် အလွန်ပင် ဖော်ရွေပြီး ဝူချန်နှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပေသည်။

"ဒီနေ့ ဒီကို ရောက်လာရတဲ့အတွက် ကျွန်တော် အရမ်းကို ဝမ်းသာမိပါတယ်..."

"ဥက္ကဋ္ဌလီနဲ့ ကျွန်တော်က မိတ်ဆွေဟောင်းတွေ ဖြစ်ပြီး ကျွန်တော်တို့ရဲ့ ဆက်ဆံရေးက အရမ်းကို ကောင်းမွန်ပါတယ်... သတင်းကြားကြားချင်းပဲ ကျွန်တော် လေယာဉ်ခရီးစဉ်ကို ဖျက်ပြီး ကျန်းချန်ကို လာခဲ့တာပါ..."

"ကျွန်တော် ဒီကို ရောက်နေတာ သိပ်မကြာသေးတော့ နားလည်ပေးကြပါဦး... တကယ်တော့ ကျွန်တော်ကလည်း ကျန်းချန် ဒေသခံတစ်ယောက်ပါ..."

နိုင်ငံတော်အဆင့် ဇာတ်ပို့ကြီး၏ အဖွင့်စကားများကြောင့် လေထုမှာ ချက်ချင်းပင် သက်ဝင်လှုပ်ရှားလာပြီး မွေးနေ့စားပွဲမှာလည်း အလွန်ပင် စည်ကားသွားခဲ့သည်။

တစ်ချိန်တည်းမှာပင် အလွန်ဈေးကြီးသော ပါဝင်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် အလွန်ကောင်းမွန်သော ဟင်းလျာများကို ဆက်တိုက် တည်ခင်းကျွေးမွေးခဲ့၏။

သူတို့ သောက်သုံးခဲ့သော ဝိုင်များမှာလည်း နှစ်ချို့ဝိုင်များ ဖြစ်သောကြောင့် အလွန်ပင် ဇိမ်ကျကျ နေနိုင်သော ပွဲတစ်ပွဲ ဖြစ်လာခဲ့လေသည်။

စင်မြင့်ပေါ်ရှိ ဖျော်ဖြေမှုမှာ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး Star(စတား) ဖျော်ဖြေရေးကုမ္ပဏီ၏ အနုပညာရှင်တိုင်းက အကောင်းဆုံး ဖျော်ဖြေနေကြသည်။ ဝမ်လဲ့သည် အလွန်ကျေနပ်စွာဖြင့် ကြည့်ရှုနေကာ ယခင်က မနှစ်မြို့ဖွယ်ရာများကို မေ့ပျောက်သွားသည့်အလား ခေါင်းကို လေးလေးနက်နက် ညိတ်နေခဲ့သည်။

"အားလုံးပဲ မင်္ဂလာပါ... ကျွန်တော်က ဝူချန်ပါ... ဒီနေ့ ကျွန်တော့်ရဲ့ နာမည်ကြီးသီချင်းဖြစ်တဲ့ Big Bowl of Dumplings သီချင်းကို တင်ဆက်ပေးသွားမှာပါ..."

ဝူချန်သည် အမျိုးသားလား အမျိုးသမီးလားဟု ခွဲခြားမရနိုင်လောက်အောင် အလွန်ထူထဲသော မိတ်ကပ်လိမ်းခြယ်မှုဖြင့် နောက်ဆုံးတွင် ခမ်းနားစွာ ဝင်ရောက်လာခဲ့၏။

"ဟားဟားဟား ဥက္ကဋ္ဌလီ... သူကတော့ ကျွန်တော်တို့ ကုမ္ပဏီမှာ အခုလက်ရှိ ရေပန်းအစားဆုံး အနုပညာရှင် ဝူချန်ပဲ..."

"သူ့မှာ follow လုပ်ထားတဲ့သူ သန်း ၂၀ တောင် ရှိတယ်ဗျ..."

ဝမ်လဲ့က ဂုဏ်ယူစွာဖြင့် ပြောလိုက်သည်။

"အင်း... တော်တော်လေး ကောင်းပါတယ်..."

လီဝမ်ဆန်းက နားမလည်သော်လည်း ရိုသေလေးစားစွာဖြင့် ပြောလိုက်၏။

စုယွမ်မှာမူ ဤလူ၏ ဖျော်ဖြေမှုကို ကြည့်ရှုရန် လုံးဝ စိတ်မဝင်စားချေ။ သူ၏သီချင်းဆိုသံက ရှုပ်ထွေးနေပြီး သီချင်းစာသားများကလည်း လုံးဝ အဓိပ္ပာယ်မရှိဘဲ အမှိုက်သက်သက်သာ ဖြစ်နေပေသည်။

ယနေ့အတွက် သတင်းအချက်အလက်ကို မကြည့်ရသေးသဖြင့် စုယွမ်သည် သတင်းအချက်အလက်စနစ်ကို ဖွင့်ကာ စီးပွားရေးအခန်းနှင့် ပတ်သက်သည့် သတင်းအချက်အလက်တစ်ခုကို ရွေးချယ်လိုက်သည်။

[ယနေ့ သတင်းအချက်အလက် - Star(စတား) ဖျော်ဖြေရေးကုမ္ပဏီ အနုပညာရှင် ဝူချန်နှင့် အခြားသူများသည် တရားမဝင်သော ရာဇဝတ်မှုများစွာကို ကျူးလွန်ထားကြောင်း သံသယရှိရသည်။ အရှုပ်တော်ပုံများ ပေါ်ထွက်လာပါက ၎င်းသည် ဖျော်ဖြေရေးလောကကို မီးဟုန်းဟုန်းတောက်စေမည် ဖြစ်သည်။ ဤကုမ္ပဏီမှ တတိယအဆင့် အနုပညာရှင်တစ်ဦးဖြစ်သူ ရော့ရှီးသည် ရှားပါးသော အရည်အချင်းရှိသူဖြစ်သည်။ ကုမ္ပဏီ၏ ပံ့ပိုးမှုဖြင့် သူမသည် အလွန်အောင်မြင်သော အနုပညာရှင်တစ်ဦး ဖြစ်လာနိုင်ပြီး ကုမ္ပဏီအတွက် ကြီးမားသော အကျိုးအမြတ်များ ဆောင်ကြဉ်းပေးနိုင်သည်။ ဝမ်လဲ့သည် သူမနှင့် အတူအိပ်ရန် တစ်ကြိမ် ကြိုးစားခဲ့သော်လည်း ရော့ရှီးက ပြတ်ပြတ်သားသား ငြင်းဆန်ခဲ့သောကြောင့် သူမကို အမည်ပျက်စာရင်း သွင်းခဲ့သည်။]

[တရုတ်နိုင်ငံ၏ အကြီးမားဆုံး ဖျော်ဖြေရေးကုမ္ပဏီဖြစ်ခဲ့ဖူးသော ရှန်းရှီ​ဖျော်ဖြေရေးကုမ္မဏီ၏ CEO လင်ရှန်းသည် ၎င်း၏ သမာသမတ်ကျမှုနှင့် အရင်းအနှီးကို အလျှော့မပေးလိုမှုတို့ကြောင့် ငွေကြေးစီးဆင်းမှု ပြတ်တောက်ခြင်းကို ခံစားခဲ့ရသည်။ အနုပညာရှင် အများအပြားက စာချုပ်ဖျက်သိမ်းကာ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ကြပြီး ကုမ္ပဏီသည် ယခုအခါ ရှယ်ယာများကို ဈေးပေါပေါဖြင့် ရောင်းချရန် ပြင်ဆင်နေသည်။]

All Chapters