အခန်း ၂၁၅
Vol. 19 Ch. 215
အခန်း (၂၁၅) အရှုပ်တော်ပုံ သတင်းအချက်အလက်
စုယွမ်အကြောင်း လုပ်ကြံဖန်တီးထားသော ကောလာဟလအချို့ကို ပြောပြပြီးနောက် ဝူချန်သည်လည်း အနည်းငယ် ရေဆာသွားခဲ့လေ၏။ အကြောင်းမှာ သူ တကယ်ပဲ ဘာမှ ထပ်စဉ်းစားလို့ မရတော့သောကြောင့်ပင်။
နားထောင်ပြီးနောက် ယန်လီသည် အရာအားလုံးကို ထိုးထွင်းသိမြင်နေသည့်အလား ဝူချန်အား စိုက်ကြည့်ကာ ပြုံးလိုက်ချေသည်။
"ချန်... မင်း ဒါတွေအားလုံးကို လုပ်ကြံပြောနေတာ မဟုတ်လား..."
ယန်လီက ပြောဆိုလိုက်၏။
ဝူချန် အလွန်အမင်း အံ့အားသင့်သွားရပေသည်။ သူ၏ လုပ်ကြံဖန်တီးမှုက အလွန် ယုံကြည်လောက်စရာ ကောင်းနေပါလျက်နှင့် တစ်စုံတစ်ယောက်က မည်သို့များ သိမြင်သွားနိုင်သနည်း။
"မဟုတ်ပါဘူး..."
"ငါ အမှန်တရားကို ပြောနေတာပါ... ဘယ်လိုလုပ်ပြီး လုပ်ကြံပြောရမှာလဲ..."
သူ၏ မျက်လုံးများထဲတွင် ထိတ်လန့်မှု အရိပ်အယောင်များဖြင့် ဝူချန်က ပြောဆိုလိုက်၏။
"မင်း ဒါတွေကို လုပ်ကြံပြောနေတာလား မပြောဘူးလားဆိုတာကို ငါ မသိဘူးလို့ ထင်နေတာလား..."
"သူက သူဌေးကြီးတစ်ယောက်လေ... ဘယ်လိုလုပ်ပြီး ဒီလောက် အရူးအမူးနိုင်တဲ့ ကိစ္စမျိုးကို လုပ်မှာလဲ... ပြီးတော့ အဲဒါကို မင်းက ဘယ်လိုလုပ် သိလာတာလဲ..."
ယန်လီက ပြောဆိုလိုက်သည်။
ဤစကားကို ကြားလိုက်ရချိန်တွင် ဝူချန်သည် ချက်ချင်းပင် မျှော်လင့်ချက်မဲ့သွားသလို ခံစားလိုက်ရလေ၏။
သို့သော်လည်း နောက်တစ်စက္ကန့်မှာပင် ယန်လီသည် သူ၏လက်ကို ဆုပ်ကိုင်လိုက်ရာ သူ့အား လန့်ဖြန့်သွားစေခဲ့ပေသည်။
"စိတ်မပူပါနဲ့... အဲဒါက အမှန်ပဲဖြစ်ဖြစ် အလကားပဲဖြစ်ဖြစ် ငါက အမှန်ဖြစ်လာအောင် လုပ်ပေးမယ်..."
"ပထမဆုံးအနေနဲ့ သူက မင်းကို စော်ကားခဲ့တာ သေချာတယ်... အဲဒီလိုဆိုမှတော့ ငါ သူ့ရဲ့ ဂုဏ်သိက္ခာကို သေချာပေါက် ဖျက်ဆီးပစ်မယ်..."
ယန်လီက ပြင်းပြင်းထန်ထန် ပြောဆိုလိုက်၏။
"တကယ်လား..."
ဝူချန်က ရုတ်တရက် ဝမ်းသာအားရ အော်ဟစ်လိုက်သည်။
"ဒါပေါ့ တကယ်ပေါ့..."
ယန်လီက ဝူချန်အား အပြုံးတစ်ခုဖြင့် ပြောဆိုလိုက်ချေသည်။
"ဒါဆို ကောင်းပြီလေ... မနက်ဖြန်မနက်ကျရင် ငါ အဲဒီအကြောင်းကို ပို့စ်တင်လိုက်မယ်... ပြီးရင် ဘယ်အရာက တကယ် အစွမ်းထက်လဲဆိုတာကို သူ့ကို သိအောင် လုပ်ပြမယ်..."
ဝူချန်သည်လည်း ပြင်းပြင်းထန်ထန်ပင် ပြောဆိုလိုက်ပေ၏။
နောက်တစ်နေ့သို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာခဲ့ပြီး နေရောင်ခြည်များက ဝင်ရောက်လာနေပြီ ဖြစ်လေသည်။
စုယွမ်သည် သူ၏ မျက်လုံးများကို ဖွင့်လိုက်ပြီး ယနေ့၏ သတင်းအချက်အလက်ကို စစ်ဆေးရန် ပြင်ဆင်လိုက်၏။ ထူးထူးခြားခြား စိတ်ဝင်စားစရာ မရှိသောကြောင့် စုယွမ်သည် မည်သည့် သတင်းအချက်အလက် ထွက်ပေါ်လာမည်ကို ကြည့်ရန် ကျပန်းခလုတ်ကို ရွေးချယ်လိုက်ပေသည်။
ခလုတ်ကို နှိပ်လိုက်ပြီးနောက် သတင်းအချက်အလက်တစ်ခု လျင်မြန်စွာ ပေါ်လာခဲ့ချေသည်။
စတားဖျော်ဖြေရေးကုမ္ပဏီမှ ဝူချန်သည် တရားမဝင် အခွန်ရှောင်လွှဲမှု ယွမ်သန်း ၃၀ ပြုလုပ်ခဲ့ကြောင်း သံသယရှိရလေသည်။ ထို့အပြင် သူသည် ပရိသတ်များနှင့် အပြင်တွင် မကြာခဏ တွေ့ဆုံလေ့ရှိပြီး ထိုအထဲမှ တစ်ယောက် ကိုယ်ဝန်ရသွားခဲ့သော်လည်း သူက လျစ်လျူရှုထားခဲ့ပေ၏။ စတားဖျော်ဖြေရေးကုမ္ပဏီမှ ယန်လီ၏ ဖခင်မှာ ဒေသတွင်း ရုပ်သံလိုင်းတစ်ခု၏ ဒါရိုက်တာ ယန်ရှုံး ဖြစ်သည်။
ယန်လီသည် သူ၏ မိသားစု အဆက်အသွယ်များကို အားကိုးကာ အခြားသူများကို မကြာခဏ အနိုင်ကျင့်လေ့ရှိလေ၏။ သူ၏ဖခင် ယန်ရှုံးသည် သူ၏ရာထူးကို အသုံးပြုကာ ကိုယ်ကျိုးရှာပြီး လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများကို ပြုလုပ်ခဲ့ပေသည်။ စတားဖျော်ဖြေရေးကုမ္ပဏီသည် မကြာသေးမီက ဘေးဖယ်ထားခံရသော အနုပညာရှင် ရော့ရှီး၏ သေချာစွာ ဖန်တီးထားသော သီချင်းတစ်ပုဒ်ကို ထုတ်လုပ်ခဲ့ပြီး အနည်းငယ် ပရိုမိုးရှင်းလုပ်ရုံဖြင့် ကမ္ဘာတစ်ဝန်း အလွယ်တကူ ရေပန်းစားသွားနိုင်ချေသည်။
စတားဖျော်ဖြေရေးကုမ္ပဏီမှ ဝမ်လဲ့သည် နာမည်ကြီးများကို အနိုင်ကျင့်သည့် ရာဇဝင်ရှိပြီး စုစုပေါင်း ယွမ် သန်း ၂၀၀ အခွန်ရှောင်ထားခဲ့လေသည်။
ပူးတွဲဖိုင်အဖြစ် စတားဖျော်ဖြေရေးကုမ္ပဏီမှ ဝူချန်၊ ယန်လီ၊ ယန်ရှုံး၊ ရော့ရှီးနှင့် အခြားသူများ၏ သတင်းအချက်အလက်များကို အချိန်မရွေး နေရာမရွေး မိုဘိုင်းဖုန်းထဲသို့ ရယူနိုင်ပေ၏။
စုယွမ်သည် ရှည်လျားသော သတင်းအချက်အလက် အစီရင်ခံစာကို သေချာစွာ ဖတ်ရှုလိုက်သည်။
ထို့နောက် သူသည် ပူးတွဲဖိုင်ကိုဖွင့်ကာ သူ၏ဖုန်းထဲသို့ လွှဲပြောင်းလိုက်လေ၏။
သူက ၎င်းကို နှိပ်ကာ ကြည့်ရှုလိုက်ရာ တကယ်ကို တုန်လှုပ်စရာကောင်းလှပေသည်။
စတားဖျော်ဖြေရေးကုမ္ပဏီမှ ဤလူများသည် တကယ်ကို လူမဆန်ကြချေ။ ကောင်းမှုကုသိုလ် ပြုလုပ်ခြင်းက အဆင်ပြေသော်လည်း မကောင်းမှုများ ပြုလုပ်ခြင်းကတော့ တခြားကိစ္စပင်။
အထူးသဖြင့် ဝူချန်သည် ဖန်သားပြင်ပေါ်တွင် လူကြီးလူကောင်းတစ်ယောက်ကဲ့သို့ ဖြစ်နေသော်လည်း လက်တွေ့တွင်မူ အကောက်ကျစ်ဆုံး လှည့်ကွက်များကို ကစားသည့်သူ ဖြစ်နေပေ၏။
ထို့နောက် ဝမ်လဲ့ပင်။ အကယ်၍ စုယွမ် မှတ်မိမှု မှန်ကန်ပါက ဝမ်လဲ့သည် လွန်ခဲ့သော ရက်အနည်းငယ်က ငွေသား သန်းပေါင်းများစွာကို ပေးချေခဲ့ပြီး တီဗီပေါ်တွင် ကြီးကျယ်သော ပရဟိတသမားတစ်ဦးကဲ့သို့ ပြုမူခဲ့လေသည်။ သို့သော် သူက သန်း ၂၀၀ အထိ အခွန်ရှောင်ထားလိမ့်မည်ဟု လုံးဝ မျှော်လင့်မထားခဲ့ချေ။
ထို့အပြင် ပူးတွဲဖိုင်တွင် သူ၏အကြောင်းနှင့် ပတ်သက်၍ ပိုမို ဆိုးရွားသော သတင်းအချက်အလက်များ ပါဝင်နေသေး၏။
ဆိုလိုသည်မှာ သူသည် အခွန်ရှောင်လွှဲမှုမှ ရရှိသော ငွေများကို အလွန်မြင့်မားသော အတိုးနှုန်းများဖြင့် ငွေချေးရန် အသုံးပြုခဲ့ခြင်း ဖြစ်ပေသည်။
သူ၏ လိမ်လည်ခြင်းကို ခံခဲ့ရသော လူငယ်တစ်ဦးသည် အတိုးမပေးနိုင်ခဲ့သောကြောင့် ဝမ်လဲ့က ထိုလူငယ်၏ ခြေထောက်နှစ်ဖက်စလုံးကို ရိုက်ချိုးရန် တစ်စုံတစ်ယောက်အား အမိန့်ပေးခဲ့လေ၏။
စုယွမ် မြင်တွေ့ခဲ့ရသည့်အရာမှာ တကယ်ကို တုန်လှုပ်စရာပင်။
ထို့နောက် ယန်ရှုံးနှင့် ယန်လီတို့ သားအဖသည်လည်း လူကောင်းများ မဟုတ်ကြချေ။ ယန်ရှုံးသည် ရုပ်သံလိုင်း၏ ဒါရိုက်တာဖြစ်ပြီး သူ၏ ဝန်ထမ်းများကို မကြာခဏ အနိုင်ကျင့်လေ့ရှိပေသည်။
ထို့အပြင် တီဗီတွင် လွှင့်မည့် အစီအစဉ်တိုင်းအတွက် သူ့အား လာဘ်ငွေ ပေးရလေ၏။ အကယ်၍ သူသာ လာဘ်ငွေမရပါက အစီအစဉ် မည်မျှပင် ကောင်းမွန်နေစေကာမူ သူက သဘောတူမည် မဟုတ်ချေ။
ပို၍ ဒေါသထွက်စရာကောင်းသည်မှာ ရုပ်သံလိုင်းတွင် ဘတ်ဂျက်မလုံလောက်သောကြောင့် မကြာသေးမီက သူသည် လုံခြုံရေးဝန်ထမ်း နှစ်ဦးကို အလုပ်ဖြုတ်ခဲ့သော်လည်း ထို့နောက် တံခါးစောင့်ရန် ခွေးနှစ်ကောင်ကို ငှားရမ်းခဲ့ခြင်းပင်။
အဓိပ္ပာယ်အမဲ့ဆုံးအရာမှာ ထိုခွေးနှစ်ကောင်၏ စရိတ်စကများသည် လုံခြုံရေးဝန်ထမ်း နှစ်ဦး၏ လစာထက် တစ်ဆခွဲခန့် ပိုမိုများပြားနေခြင်းပင် ဖြစ်ပေ၏။
ဤအဓိပ္ပာယ်မဲ့သော လုပ်ရပ်များသည် စုယွမ်အား လုံးဝ တွေဝေသွားစေပြီး တရားမျှတသော ဒေါသများဖြင့် ပြည့်နှက်သွားစေခဲ့လေသည်။
"ဒါတွေအားလုံးက ဘာတွေလဲ..."
"အိမ်မှာ မွေးထားတဲ့ ခွေးနှစ်ကောင်တောင် လစာရနိုင်တယ်ပေါ့..."
"ဒီလူက တကယ်ပဲ အဲဒီလောက်တောင် သတ္တိရှိတာလား..."
စုယွမ်က တွေးတောလိုက်၏။
စုယွမ်က ခေါင်းခါမ်းလိုက်သည်။ ထိုလူများကို တစ်ကြိမ်တည်းနှင့် အမြစ်ပြတ် တိုက်ထုတ်ပစ်ရန် အခွင့်အရေးတစ်ခုကို ရှာဖွေရန် လိုအပ်ပုံရပေ၏။
ဤပုပ်သိုးနေသော ပန်းသီးများ၏ တည်ရှိမှုသည် လူများကို ဒုက္ခပေးရုံမျှသာ ဖြစ်လေသည်။
ကံကောင်းထောက်မစွာဖြင့် ပူးတွဲဖိုင်များတွင် အလွန် ပြည့်စုံသော သတင်းအချက်အလက် ဓာတ်ပုံများနှင့် အခြားသော သတင်းအချက်အလက်များ ပါဝင်နေခဲ့ပေ၏။
အကယ်၍ တစ်စုံတစ်ရာကို တိုင်ကြားရန် ကိစ္စဖြစ်ပါက ယင်းသည် အလွန် လွယ်ကူသော ကိစ္စတစ်ခုပင် ဖြစ်သွားလေပြီ။
ပူးတွဲဖိုင်ကို ဖတ်ပြီးနောက် စုယွမ်သည် ဖုန်းရှင်းထံမှ ဖုန်းခေါ်ဆိုမှုတစ်ခုကို ရုတ်တရက် လက်ခံရရှိခဲ့သည်။
"သူဌေး... ဝီဘိုကို ဝင်ကြည့်ပြီးပြီလား..."
ဖုန်းရှင်းက စိုးရိမ်တကြီးဖြင့် ဖုန်းဆက်ကာ မေးမြန်းလိုက်၏။
"ငါ အခုလေးတင် နိုးတာ... ဘာဖြစ်လို့လဲ... ငါက ပုံမှန်အားဖြင့် ဝီဘိုကို သိပ်မကြည့်တတ်ဘူး... တစ်ခုခု ဖြစ်လို့လား..."
စုယွမ်မှာ အနည်းငယ် တွေဝေသွားပြီး Ar နည်းပညာကုမ္ပဏီနှင့် ပတ်သက်သည့် တစ်ခုခု ဖြစ်နိုင်သလောဟု တွေးတောလိုက်သည်။
"ဘုရားရေ... အခြေအနေ မကောင်းဘူး..."
"နာမည်ကြီး လူငယ် သရုပ်ဆောင် ဝူချန်ကို သူဌေး သိလား..."
"သူက သူဌေးနဲ့ ဘာရန်ငြိုးတွေ ရှိနေလဲတော့ ကျွန်တော် မသိဘူး... ဒါပေမဲ့ ဒီမနက် သူက သူဌေးကို တိုက်ရိုက် ပစ်မှတ်ထားပြီး ပို့စ်တစ်ခု တင်ထားတယ်..."
"သူဌေး အဲဒီအကြောင်းအရာတွေကို အခုချက်ချင်း ဝင်ကြည့်သင့်တယ်..."
ဖုန်းရှင်းက ပြောဆိုလိုက်၏။
"အို... ဟုတ်လား..."
စုယွမ် မျက်မှောင်ကြုတ်လိုက်သည်။ ဘုရားရေ ဤဝူချန်ကို သူ ဘာမှမလုပ်ခဲ့ဘူး မဟုတ်လော။ သူ လုပ်ခဲ့သမျှမှာ ဝူချန်ထံမှ ဓာတ်လှေကားကို လုယူခဲ့ခြင်းသာ ဖြစ်ပေ၏။
"ဒီကောင်က တကယ်ပဲ အဲဒီလောက်တောင် ရန်ငြိုးကြီးတာလား..."
စုယွမ်က တွေးလိုက်သည်။
"ဒါ့အပြင် သူက သူဌေးရဲ့ မည်သူမည်ဝါဖြစ်ကြောင်းကိုလည်း ဖော်ထုတ်ထားသေးတယ်... အင်တာနက်ပေါ်မှာ သူ့ရဲ့ နောက်လိုက်က သန်းဆယ်ချီ ရှိတယ်... တကယ်လို့ ဒီကိစ္စသာ ကြီးထွားသွားမယ်ဆိုရင် ကြီးမားတဲ့ ရုတ်ရုတ်သဲသဲဖြစ်မှုကြီးကို ဖြစ်ပေါ်စေနိုင်ပြီး Ar နည်းပညာကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကိုလည်း ကြီးကြီးမားမား ထိခိုက်စေနိုင်တယ်..."
ဖုန်းရှင်းက ပြောဆိုလိုက်လေသည်။
"ကောင်းပြီ... ငါ နားလည်ပြီ... စိတ်မပူနဲ့... ဒါကို ငါ ကိုင်တွယ်ဖြေရှင်းလိုက်မယ်..."
စုယွမ်၏ မျက်လုံးများမှာ ယခင်က ဤမျှ မအေးစက်ခဲ့ဖူးချေ။
"ဟုတ်ကဲ့... ကျွန်တော် နားလည်ပါပြီ..."
ဖုန်းရှင်းက ပြောဆိုကာ ဖုန်းချလိုက်၏။
စုယွမ်က ဝီဘိုကို စစ်ဆေးကြည့်ရှုလိုသဖြင့် အက်ပလီကေးရှင်းကို ဒေါင်းလုဒ်ဆွဲနေစဉ် တံခါးခေါက်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"သူဌေး... မြန်မြန်လုပ်ပါဦး... ဆိုးရွားတဲ့ ကိစ္စတစ်ခု ဖြစ်သွားပြီ..."
"နာမည်ကြီး ကြယ်ပွင့် နှစ်ယောက်က ဝီဘိုမှာ သူဌေးအကြောင်း ကောလာဟလတွေ ဖြန့်နေတယ်..."
"အဲဒါက လူမှုကွန်ရက်ပေါ်မှာ ရေပန်းစားနေပြီ..."
လီဟူက အပြင်ဘက်မှနေ၍ စိုးရိမ်တကြီးဖြင့် ပြောဆိုလိုက်လေ၏။
စုယွမ်က တံခါးကို ဖွင့်လိုက်သည်။ ဝူချန်တစ်ယောက်တည်း မဟုတ်ဘူးလော။ ဘာဖြစ်လို့ လူနှစ်ယောက် ဖြစ်နေရသနည်း။
"တစ်ယောက်က ဝူချန်... နောက်ထပ် နာမည်ကြီး ကြယ်ပွင့်က ဘယ်သူလဲ..."
စုယွမ်က မေးမြန်းလိုက်၏။
"သူက ယန်လီလို့ခေါ်တဲ့ အရမ်းနာမည်ကြီးတဲ့ အမျိုးသမီး ကြယ်ပွင့်တစ်ယောက်ပဲ... သူ... အို ဘုရားရေ... သူ ဖြန့်ထားတဲ့ ကောလာဟလတွေက အရမ်းကို အဓိပ္ပာယ်မရှိလွန်းလို့ ကျွန်တော်တောင် အသံထွက်ပြီး ပြောရမှာ ရှက်လာပြီ..."
လီဟူက အလျင်အမြန် ပြောဆိုလိုက်သည်။
တစ်ချိန်တည်းမှာပင် ဝီဘို အက်ပလီကေးရှင်း ဒေါင်းလုဒ်ဆွဲပြီးသွားရာ စုယွမ်သည် စစ်ဆေးရန် အလျင်အမြန် ဖွင့်လိုက်တော့၏။
ယွီကျန်း လက်ဝတ်ရတနာဆိုင် ပိုင်ရှင်၏ ရုံးခန်းအတွင်း၌ လူအတော်များများသည် ဝီဘိုကို အသုံးပြုနေကြပြီး ထိုကိစ္စအား အတင်းအဖျင်းများကဲ့သို့ ဆွေးနွေးနေကြပေသည်။
"အို ဘုရားရေ... Ar နည်းပညာကုမ္ပဏီက စုယွမ်က တကယ့် လူယုတ်မာပဲ..."
"သူက ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စမျိုးကို လုပ်နိုင်ရတာလဲ..."
"ယန်လီက နာမည်ကြီး ကြယ်ပွင့်တစ်ယောက်လေ... တကယ်လို့ သူ့ကို တစ်ခုခုသာ တကယ်ဖြစ်သွားရင် သူ ဘယ်လို ဆက်ရှင်သန်နိုင်တော့မလဲ..."
"ပြီးတော့ ငါ့ရဲ့ ချန်ချန်လေးက အရမ်းကို နူးညံ့ပြီး ရုပ်ချောတဲ့ လူငယ်လေးကို... ဒါပေမဲ့ သူက အတင်းအကျပ်..."
အမျိုးသမီး ဝန်ထမ်းနှစ်ဦးက ဆွေးနွေးလိုက်ကြလေ၏။
ပိုင်ချန်သည်လည်း ဤအတင်းအဖျင်းစကားများတွင် စိတ်ဝင်စားသွားခဲ့သည်။
"အဲဒါ ဘယ်သူလဲ... ငါ့ကို ပြောပြစမ်းပါ..."
ပိုင်ချန်က ပြုံးလိုက်ပြီး ဇာတ်လမ်းကို ကြည့်ရှုရန် ပြင်ဆင်လိုက်ပေ၏။