အပိုင်း (၆၁၉)
Vol. 013 Ch. 619
ဝမ်လင်းက မြစ်ကမ်းဘေးကနေ ထွက်လာသည်။သူက ညနက်ထဲတွင် ခပ်ဖြေးဖြေးသာ လမ်းလျှောက်လာ၏။ တပ်ကြပ်နှစ်ယောက်ကလည်း သူ့နောက်ကနေ လိုက်ပါလာ၏။ တပ်ကြပ်နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ကြည့်မိလိုက်သည်။သူတို့မျက်လုံးထဲတွင် စိတ်ရှုပ်ထွေးမှုတို့ ရှိနေကြသည်။
သူတို့အမြင်တွင် ဝမ်လင်းက တစ်နေ့လုံး မြို့ထဲ၌ ဟိုလျောက်သွားဒီလျောက်သွား၊ မြစ်ဘေးတွင် ငေးမောကြည့်ခြင်းဖြင့်သာ အချိန်ကုန်ဆုံးခဲ့နေသည် မဟုတ်လား။ ခုချိန်တွင် ကောင်းကင်က နက်မှောင်နေ၏။
ညအချိန်အတွင်း ဟုန်မြို့ကတော့ အလင်းတိုင်များနှင့် ထွန်းလင်းလို့နေသည်။ ညမရှိသည့် မြို့အလားပင်။
ဝမ်လင်းက လမ်းမအတိုင်း ဖြည်းဖြည်းချင်း လျှောက်လာရင်း သူ့အကြည့်က အကွာအဝေးတစ်ခုရှိ နက်မှောင်သောဧရိယာပေါ်သို့ ကျရောက်သွားသည်။ ထိုနေရာတွင် အဆောက်အဦကြီးများစွာ ရှိနေကာ သည်ဧရိယာတစ်ခုလုံးက တင်းကြပ်သောလေထုတစ်ခု ရှိနေ၏။
သည်အော်ရာက သေခြင်းနှင့်မကျေချမ်းမှုတို့သာ ပြည့်လို့နေ၏။
ဝမ်လင်းနောက်မှ တပ်ကြပ်တစ်ယောက်က ခပ်တိုးတိုး ပြောလိုက်သည်။ “ဒါက မြို့တော်ရဲ့ ထောင်ကြီးလေးခုထဲက တစ်ခုဖြစ်တဲ့ ဟုန်ထောင်ပါ…”
“ဟုန် အကျဉ်းထောင်…” ဝမ်လင်းက ခေါင်းညိတ်လိုက်သည်။
တပ်ကြပ်က ရှင်းပြလိုက်၏။ “ဟုန်ထောင်က အစောင့်အကြပ်တွေရယ် ပြစ်ဒဏ်ကြီးမားတဲ့လူတွေနဲ့ ပြည့်နေတယ်။ လူတစ်ယောက်က တုန်ကင် မရှိဘဲ ဝင်ဖို့ထွက်ဖို့ မဖြစ်နိုင်ဘူး…”
ဝမ်လင်းက သည်ဟုန်အကျဉ်းထောင်ကို သေချာကြည့်လိုက်သည်။ သူက သည်နေရာကို အရင်ကတည်းက သတိပြုမိနေခဲ့သည်။အကြောင်းကတော့ သည်နေရာတွင် အားကောင်သော နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်တော်တော်များများ ရှိနေသောကြောင့်ပင်။ အနည်းငယ် စဉ်းစားပြီးနောက် ဝမ်လင်းက မိုအိမ်တော်ထံသို့ ပြန်လျှောက်လာသည်။
မိုအိမ်တော်သို့ ပြန်ရောက်လာပြီးနောက် ဝမ်လင်းက မိုလီဟိုင်နေရာသို့ တန်းသွားလိုက်သည်။မိုလီဟိုင်က ကျင့်ကြံလို့နေသည်။ ဝမ်လင်းတံခါးဖွင့် ဝင်လာချိန်တွင် သူက မျက်လုံးဖွင့်လာခဲ့၏။
“ငါ ဟုန် အကျဉ်းထောင်ကို သွားချင်လို့။ အကိုမိုမှာ နည်းလမ်းတစ်ခု ရှိနိုင်မလား…”
မိုလီဟိုင်က မှင်သက်သွားသည်။သူက ဝမ်လင်းကို ကြည့်လိုက်၏။သို့သော် အကြောင်းပြချက်ကိုတော့ မမေးချေ။ ထိုအစား သူက အနည်းငယ် စဉ်းစားပြီးနောက် ပြောလိုက်၏။ “အခက်အခဲ အချို့တော့ ရှိတယ်…”
ဝမ်လင်းက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ “ဒါဆိုလည်း ထားလိုက်ပါတော့လေ…”
မိုလီဟိုင်က ဖျော့တော့စွာ ပြုံး၍ ပြောလိုက်သည်။ “အကိုဝမ်က အဲ့နေရာမှာ အချိန်ဘယ်လောက်ကြာကြာ နေချင်တာလဲ…”
ဝမ်လင်းက ပြောလိုက်သည်။ “တစ်လလောက်…”
မိုလီဟိုင်မျက်လုံးက ကျဉ်းမြောင်းလို့သွားသည်။ သူက ပြောလိုက်၏။ “ကျင့်ကြံဖို့လား…”
ဝမ်လင်းက မိုလီဟိုင်ကို ခေါင်းညိတ်ပြကာ ပြောလိုက်သည်။ “ငါ့မန္တန်ကို လေ့ကျင့်ဖို့အတွက် ငါက သတ်ဖြတ်ဖို့ လိုအပ်တယ်။ငါက ဒါကို မြို့ထဲမှာ လုပ်ရင် မလိုလားအပ်တဲ့ ပြဿနာတွေ အများကြီး ဖြစ်လာနိုင်တယ်…” ထိုသို့ပြောပြီးနောက် ဝမ်လင်းက ထပ်ပြောလိုက်ပြန်သည်။ “ငါက အောင်မြင်ရင် သင့်ကို ကူညီနိုင်ဖို့ ငါ့စွမ်းရည်ကလည်း တိုးတက်လာလိမ့်မယ်…”
မိုလီဟိုင်က မတ်တပ်ထရပ်သည်။သည့်နောက် သူက ဝမ်လင်းကို စူးစိုက်ကြည့်ကာ တစ်လုံးချင်းမေးလိုက်၏။ “သင် သေချာလား…”
ဝမ်လင်းက အချိန်မဖြုန်းလိုတော့သဖြင့် သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ သတ်ဖြတ်သူစွမ်းအင် အမျှင်တန်းငါးခု ထွက်ပေါ်လာ၏။ သည်စွမ်းအင်အမျှင်တန်းများက နဂါးငါးကောင်အသွင်ဖြစ်ပေါ်၍ မိုလီဟိုင်ထံသို့ တိုးဝင်သွားသည်။
မိုလီဟိုင်က ရယ်မောကာ လက်သီးတစ်လုံး ပြန်ပစ်သွင်းသည်။ လေထုကို ဖြတ်၍ အသံတစ်ခု ဖြစ်ပေါ်သွား၏။ နဂါးငါးကောင်သည်လည်း ပျက်စီးသွားသည်။သို့ရာတွင် မိုလီဟိုင်အပြုံးက ပျောက်ကွယ်လို့သွား၏။ သူ့အသွင်က ထူးဆန်းသည့်အသွင်ဖြစ်ပေါ်သွားပြီးနောက် နောက်သို့ ခြေလှမ်းသုံးလှမ်းခန့် ဆုတ်လိုက်သည်။
ပြန့်ကျဲသွားသော မီးခိုးရောင်အခိုးငွေ့များက နဂါးငါးကောင်အဖြစ်သို့ ပြန်ဖြစ်ပေါ်သွားကာ ထူထဲသောအသတ်အဖြတ်အော်ရာက ပျံ့နှံ့လာပြီး မိုအိမ်တော်တစ်ခုလုံးကို ချက်ခြင်း လွှမ်းခြုံကာ သွား၏။ မိုအိမ်တော်အတွင်းရှိ တပ်သားအားလုံးသည် သည်အော်ရာကြောင့် နိုးနိုးကြားကြားဖြစ်သွားကာ တရောသုန်းကား ပြေးလာကြ၏။
တစ်ပြိုင်နက်တည်းမှာပင် သည်အသတ်အဖြတ်စွမ်းအင်အမျှင်တန်းငါးခုက မိုလီဟိုင်ထံသို့ တိုက်ရိုက်တိုးဝင်သွား၏။ သူ့မျက်လုံးက လက်ခနဲ ဖြစ်သွားပြီး နောက်ထပ် လက်သီးတစ်လုံး ပစ်သွင်းလိုက်ပြန်၏။ အမျှင်တန်းငါးခုက သူ့လက်သီးကို ရှောင်ကာ ရင်ဘက်တည့်တည့်သို့ ဦးတည်သွား၏။
အသတ်အဖြတ်စွမ်းအင်က ရုတ်တရက် နီးကပ်လာသည်။သို့သော် မမြင်ရသောအားတစ်ခုကြောင့် သည်စွမ်းအင်က မိုလီဟိုင်နှင် ခုနစ်လက်မအကွာတွင် ရပ်တန့်ကာ နောက်သို့ ပြန်ကန်ထွက်သွား၏။
မည်သို့ပင်ဖြစ်စေ မိုလီဟိုင်ရှေ့ရှိ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်အကာက ပြင်းပြင်းထန်ထန် တုန်ခါသွား၏။
ဝမ်လင်းက ဖြည်းညင်းစွာ ပြောလိုက်သည်။ “ငါက အမျှင်တန်း တစ်ထောင်ကျော်ရှိရင် အကိုမိုက ဒါကို လွယ်လွယ် တားဆီးနိုင်ပါ့မလား…”
မိုလီဟိုင်မျက်လုံးက တလက်လက် ဖြစ်နေ၏။ သူက သည်စွမ်းအင်မြင်ဖူးသည်မှာ ပထမဆုံးအကြိမ် မဟုတ်ပေ။ နောက်ဆုံးနှစ်ကြိမ်နှင့် အခုတစ်ကြိမ်ကို နှိုင်းယှဉ်ပါက သည်တစ်ကြိမ်က များစွာပိုအားကောင်းလာခဲ့သည်။
သူက အခိုင်အမာ ပြောလိုက်၏။ “တစ်လက ငါလုပ်နိုင်တာထက် ပိုနေတယ်။ ဒါပေမဲ့ ခုနစ်ရက်ဆိုရင်တော့ ပြဿနာ မရှိဘူး။ ဟုန်အကျဉ်းထောင်မှာ အပြစ်သားတွေ သောင်းနဲ့ချီပြီး ရှိတယ်။ ဒါ့ကြောင့် ခုနစ်ရက်က အကိုဝမ် ကျင့်ကြံဖို့အတွက် လုံလောက်မှာပါ။ ငါ့ကို စောင့်နေပါ။ ငါ အကိုဝမ်အတွက် ဝင်ခွင့်တုန်ကင်ကို သုံးရက်အတွက် ရအောင်လုပ်ပေးမယ်…”
ဝမ်လင်းက ခေါင်းညိတ်ကာ အခန်းထဲကနေ ပြန်ထွက်ခွာသွားသည်။
မိုလီဟိုင်က တွေးတောနေသည့် ဟန်ပန်ဖြစ်သွား၏။ အချိန်အတန်ကြာပြီးနောက် သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဒီဝမ်လင်းက ငါ လျော့မတွက်သင့်ဘူး။ ဆယ့်သုံးရဲ့အသက်နဲ့ သူ့အကူအညီကို လဲလှယ်လိုက်တာက ငါ မှန်ကန်တဲ့အရာကို လုပ်လိုက်တာပဲ…”
“ဟိုလက်ဝါးရဲ့ စွမ်းအားကို ထည့်မတွက်ရင်တောင် ဒီ သတ်ဖြတ်ခြင်းစိတ်ဆန္ဒတွေ ပြည့်နေတဲ့ မီးခိုးရောင်အမျှင်တန်းငါးခုရဲ့ စွမ်အားကိုက တကယ့်ကို သာမန်မဟုတ်ဘူးပဲ။ ဒီအမျှင်းတန်းငါးခုက စွမ်းအားအပြည့်အဝ မဟုတ်သေးဘူး။ ဒါတောင် သူက ငါ့နတ်ဆိုးအကာအရံကို တုန်ခါသွားစေတယ်။ဒါက အချို့နတ်ဆိုးဓားတွေထက်တောင် ထက်ရှနေသေးတယ်။ဒါက အရေးကြီးဆုံးအပိုင်း မဟုတ်သေးဘူး။ ဒီမီးခိုးရောင်အမျှင်တန်းရဲ့ ထူးဆန်းတဲ့အရာက ငါ့ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ အသက်ဓာတ်ကိုတောင် သက်ရောက်နေနိုင်တာပဲ…”
“မီးခိုးရောင်အမျှင်တန်း တစ်ထောင်သာ ကျော်မယ်ဆိုရင်…ဒါက တကယ့်ကို အန္တရာယ်များလွန်းတယ်။ ဝမ်လင်းနဲ့ ရန်သူ မဖြစ်တာ အကောင်းဆုံးပဲ။ ငါတို့ ခုလက်ရှိ ဆက်ဆံရေးကို ဆက်ထိန်းသိမ်း ထားနိုင်မှ ဖြစ်မယ်…” သူက အနည်းငယ်စဉ်းစားပြီးနောက် အခန်းထဲကနေ ထွက်ခွာသွား၏။ သူက ဝမ်လင်းအတွက် ဟုန်အကျဉ်းထောင် ဝင်ခွင့်ရရန် လုပ်ဆောင်ရန် ထွက်သွားခြင်း ဖြစ်သည်။
ဝမ်လင်းက သူ့အခန်းထဲသို့ ပြန်ဝင်လာခြင်း မရှိပေ။ သူက ခြံဝန်းထဲတွင်သာ ကြာပွင့်သဏ္ဌာန်ထိုင်နေ၏။ ပတ်ဝန်းကျင်တစ်ခုလုံးက အတိတိတ်ဆိတ်နေသော်လည်း သူ့နားထဲတွင် ကုချင်းသံက ကြားယောင်မိနေဆဲပင်။
ဝမ်လင်းက သည်ညတွင် ကျင့်ကြံခြင်း မပြုချေ။ သူက ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ် အကြောင်းကိုပင် စဉ်းစားဆင်ခြင်မနေတော့ပေ။ သူက ကြယ်ရောင်အောက်တွင် တိတ်တဆိတ်ထိုင်ကာ သူ့နှလုံးသားထဲရှိ ကုချင်းဂီတကိုသာ နားထောင်လျက် ရှိနေ၏။
သူ့ပုံရိပ်က ညလရောင်အောက်တွင် အရိပ်တစ်ခုလို ဖြစ်နေ၏။သည်အရိပ်က အထီးကျန်ဆန်လှသည့် အရိပ်တစ်ခုမျှသာ…
ရှေးဟောင်းနတ်ဆိုးမြို့မှ ထိပ်တန်းအရက်အိုးတစ်ခုက ဝမ်လင်းဘေးနားတွင် ရှိနေ၏။ သူက ထိုအရက်အိုးကို ကောက်ယူကာ တစ်ကျိုက်သောက်လိုက်၏။ သူ့အထီးကျန်ဆန်မှုသည် လရောင်နှင့်ပေါင်းစပ်ကာ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ပေါ်တွင် ထင်းမှတ်ကာ နေသည်။
“ငါ ဝမ်လင်းက အသက်(၁၆)နှစ်မှာ တာအိုကို စလေ့လာတယ်။ဒါပေမဲ့ ငါက ဘယ်လောက်ကြာကြာ ကျင့်ကြံနေခဲ့မိပြီလဲကို မေ့ထားခဲ့ပြီးပြီး…” ဝမ်လင်းက အရက်အိုးကို နောက်ထပ် တစ်ကျိုက် အားပါးတရ သောက်ချလိုက်ပြန်၏။ အရက်များက သူ့ပါးစပ်ထောင့်ကနေ စီးကျလာကာ အဝတ်ပေါ်သို့ပါ ဖိတ်စင်ကုန်သည်။
ဝမ်လင်းက ကောင်းကင်ထက်ရှိ ကြယ်ရောင်ကို ငေးမောရင်း အထီးကျန်ဆန်မှုကို လှစ်ဟလို့နေသည်။
“ကျင့်ကြံသူတွေက ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့ လမ်းကြောင်းကို လျှောက်လမ်းတာ ဖြစ်တယ်။ ဒီတော့ ထာဝရအထီးကျန်တဲ့ လမ်းကို လျှောက်လှမ်းဖို့ ကံစီမံပြီးသား ဖြစ်တယ်…”
မည်သည့်အသံဗလံမျှ မရှိ။ သို့သော် ဝမ်လင်း စိတ်ထဲ၌ ကုချင်းသံကို ကြားနေရဆဲသာ။ သူက ပါးစပ်ထောင့်မှ အရက်များကို လက်ဖြင့် သုတ်လိုက်ပြီး ခပ်တိုးတိုး ရေရွတ်လိုက်၏။ “ဘဝအတွက် အထီးကျန်မှုက တာအို ရှာဖွေဖို့ လူတစ်ယောက်နှလုံးသားကို ပေးရတယ်…ဒါပေမဲ့ လူဘယ်လောက်များများက ဒီအထီးကျန်ခံစားမှုကို တစိမ့်စိမ့် ခံစားနိုင်သလဲ…။ ဒီ အရက်လိုမျိုးပဲ ပါးစပ်ထဲဝင်လာတုန်းက ရှတတနဲ့ ဒါပေမဲ့ ခန္ဓာကိုယ်ထဲ ရောက်သွားတဲ့အခါ အနွေးဓာတ်အဖြစ် ပြောင်းလို့သွားတယ်…”
ကြယ်ရောင်၊လရောင်အောက်တွင် တစ်ကိုယ်တည်းသော ပုံရိပ်တစ်ခုက အရက်သောက်ကာ ဘဝအကြောင်း စိတ်အေးလက်အေး တွေးတောလို့နေလေသည်။
“နှစ်ပေါင်းသောင်းနဲ့ချီပြီး ကျင့်ကြံခဲ့တဲ့ လူတွေက ဒီလောက်များတဲ့ နှစ်တွေမှာ ဘယ်လိုများ ကြံကြံခံခဲ့လည်း ငါ မသိဘူး။ ဒါပေမဲ့ လူတစ်ယောက်က စိတ်ခံစားချက်နည်းနည်းလေးတောင် မရှိတော့ရင် သူတို့ဟာ ကောင်းကင်ရဲ့ တာအိုကို ဖန်တီးခြင်း မဟုတ်တော့ပဲ သူတို့ကိုယ်သူတို့အတွက်သာ ဖန်တီးတဲ့တာအို ဆိုတာတော့ ငါသိတယ်…”
“ကောင်းကင်နဲ့မြေကြီးက ရက်စက်တယ်။ ကျင့်ကြံခြင်းက ကောင်းကင်ကို ဆန့်ကျင်ခြင်းပဲ။ ဒါပေမဲ့ ကျင့်ကြံသူတစ်ယောက်က နှလုံးသားကင်းမဲ့ရင် အဲ့နောက်မှာ သူတို့ဟာလည်း လူသားမဆန်၊ရက်စက်တဲ့လူတွေ ဖြစ်သွားလိမ့်မယ်။ လူသားမဆန်တဲ့ နှလုံးသားနဲ့ ရက်စက်တဲ့ကောင်းကင်တာအိုကို ကျင့်ကြံခြင်းက… ကောင်းကင်ဘုံကို ဆန့်ကျင်ခြင်းလို့ ဘယ်လိုများ သတ်မှတ်လို့ ရနိုင်ပါ့မလဲ။ ဒါက ကောင်းကင်ဘုံရဲ့ ဆန္ဒကို လိုက်ပါခြင်းတစ်မျိုးပဲ ဖြစ်နေတယ် မဟုတ်လား…”
“ရှေးဟောင်းအချိန်တွေတည်းက ကောင်းကင်ဘုံဆန္ဒနောက်ကို လိုက်ပါခဲ့တဲ့လူတွေက ကောင်းကင်ဘုံရဲ့ မျက်နှာသာပေးခြင်းကို ခံရတယ်။ဒါပေမဲ့ အမှန်တရားက ဒီလူတွေဟာ ပမွှားတွေပဲ။ ငါ့တာအိုက ကောင်းကင်ဘုံရဲ့ဆန္ဒကို လိုက်ပါခြင်း မဟုတ်ဘူး။ ငါက ကောင်းကင်ကို ဆန့်ကျင်ပြီး ငါ့နှလုံးသားဆန္ဒအတိုင်းပဲ လျှောက်လှမ်းမယ်။ ငါက မသေမျိုးတစ်ယောက်လည်း မဖြစ်ချင်ဘူး။ ငါက ဒီလိုပမွှားအဖြစ် ငါ့ကိုယ်ငါ အဖြစ်မခံနိုင်နိုင်ဘူး။ ဒါကသာ အစစ်အမှန် ပုန်ကန်ခြင်း ဖြစ်တယ်…”
ဝမ်လင်းက အရက်အိုးထဲရှိ အရက်အားလုံးကို တစ်ကျိုက်တည်း မော့သောက်ပြီးနောက် လွှင့်ပစ်လိုက်သည်။ အရက်အိုးက မြေပေါ်တွင် တစစီ ကွဲထွက်လို့သွား၏။ သည့်နောက် ဝမ်လင်းက သူ့မျက်ခုံးနှစ်ခုကြားကို လက်ဖြင့်ထိလိုက်ပြီးနောက် ဘေးသို့ လှဲအိပ်ချလိုက်တော့သည်။ သူ့မျက်လုံးထဲရှိ မျှော်လင့်ချက်မဲ့နေမှုသည်လည်း ဖြည်းဖြည်းချင်း ပြန်ပျောက်ကွယ်သွား၏။
လရောင်က ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး နေအလင်းရောင်က မြင့်တက်လာခဲ့သည်။ ဝမ်လင်းက မျက်လုံးဖွင့်လာ၏။ ညက သူ သောက်တာများသွားခဲ့၏။
သူက အရက်နှင့် စိတ်ခံစားချက်ကိုပါ ရောသောက်ပစ်ခဲ့ခြင်းသာ။
သူ နိုးလသည့်အခါ ပြီးခဲ့သောညက အဖြစ်အပျက်များသည် သူ့စိတ်နှလုံးထဲတွင် နက်ရှိုင်းစွာ သင်္ဂြိုဟ်ပစ်ခဲ့ပြီး ဖြစ်သည်။ သူက သည်ခံစားချက်များကို မထိတွေ့နိုင်သည့် နေရာတစ်ခုတွင် ချိပ်ပိတ်ထားလိုက်ပြီ ဖြစ်၏။
ဖျပ်ခနဲပင် သုံးရက်တာ ကုန်ဆုံးသွားခဲ့ပြီး ဖြစ်၏။ သည်သုံးရက်တွင် ဝမ်လင်းက တစ်စက်ပင် မကျင့်ကြံခဲ့ချေ။ထိုအစား သူက မနက်တိုင်း မိုအိမ်တော်ကနေ ထွက်ခွာပြီး မြစ်တစ်ဖက်ကမ်းတွင် ကုချင်းဂီတသံကို နားစွင့်နေခဲ့၏။
သည် ဝမ်းနည်းဖွယ်ဂီတသံက သူ့စိတ်ထဲ၌ ဖြတ်သန်းစီးဆင်းလို့နေကာ သူ့ချိပ်ပိတ်ထားသည့် မှတ်ဉာဏ်များကို ထွင်းဖောက်၊ သူ့နှလုံးသား အနက်ရှိုင်းဆုံးပိုင်းသို့ ဝင်ရောက်လာခဲ့သည်။
သည်ကုချင်းသံကို နားထောင်ရင်း သူခေါ်လာသည့် တပ်ကြပ်နှစ်ယောက်နှင့်အတူ အရက်သောက်ရင်း ဝမ်လင်းက သည်အခိုက်အတန့်တွင် နစ်မြောနေကာ ဉာဏ်အလင်းအချို့ပင် ရရှိလာခဲ့၏။
လှေပေါ်မှ အမျိုးသမီးကတော့ လူတစ်ယောက်က သူမ ကုချင်းဂီတကို သုံးရက်လုံးလုံ အလေးအနက်နားထောင်နေသည့်သူ ရှိနေသည်ကို သိနိုင်လိမ့်မည် မဟုတ်ပေ။ သူမက ဝမ်လင်း ရှိနေသောနေရာသို့ အကြည့်ဖြတ်ကျော်မိသွားတိုင်း သူမနှလုံးသားထဲရှိ ဝမ်းနည်းမှုက တိုးလာကာ ထိုစိတ်ခံစားချက်က သူမ လက်သွယ်သွယ်လေးမှ တစ်ဆင့် ဂီတသံအဖြစ် ကူးလူးထွက်ပေါ်လာခဲ့တော့၏။
သည်သုံးရက်အတွင်း ဝမ်လင်းက အလွန်အေးချမ်းနေ၏။ သူက သူ့ကိုယ်သူ ပဍိပက္ခနှင့် အသတ်အဖြတ်တို့ကနေ ကင်းဝေးနေစေ၏။ သူက တာ့ဆန်၏ အန္တရာယ်၊ မိုလီဟိုင်နှင့်သဘောတူညီမှု၊ အာဏာတက်ခြင်းအဆင့်ကို ရောက်ချင်စိတ်…အစရှိသည့် အရာများအားလုံးကိုပင် မေ့ထားခဲ့လေ၏။ ဂီတသံနှင့် အရက်တို့ တွဲဖက်မှုက သူ့နှလုံးသားထဲ၌ ကောင်းချီးပေးခံရခြင်းကို ကြုံနေရသကဲ့သို့ တည်ရှိလို့နေ၏။
သူက ထိုအမျိုးသမီးကို မည်သည့်အသွင်အပြင် ရှိသည်ကို မြင်တွေ့ရန် မကြိုးစားပေ။ သူမပုံရိပ်နှင့်ကုချင်းဂီတသံဆိုရင် လုံလောက်လေပြီပင်။
မိုလီဟိုင်ကသာ သူ့အတွက် ဟုန်အကျဉ်းထောင်ကို ဝင်ရောက်ရန် ပြင်ဆင်ပေးပြီး ဖြစ်သောကြောင့်သာ မဟုတ်လျှင် သူက သည်မြစ်ကမ်းဘေးတွင် ထိုင်ကာ သူ့စိတ်နှလုံးကို သန့်စင်နေမိမည်သာ ဖြစ်သည်။
ဝမ်လင်းက ကုချင်းဂီတသံကနေ သူ့အကြည့်ကို ပြန်ရုတ်သိမ်းလိုက်၏။ သူက မတ်တပ်ထရပ်ကာ တဖြည်းဖြည်း ထွက်ခွာသွားသည့် လှေငယ်ကို ကြည့်လို့နေသည်။
သည်အခိုက်တွင် လှေပေါ်ရှိ အမျိုးသမီးက ရုတ်တရက် ခေါင်းလှည့်ကာ မြစ်ကမ်းဘက်သို့ ကြည့်လာ၏။ သူမရှေ့ရှိ အရာအားလုံးက မှောင်မဲနေသော်လည်း ထွက်ခွာသွားသော ယောက်ျားတစ်ယော်၏ပုံရိပ်က သူမမျက်လုးထဲ၌ ပေါ်လာခဲ့၏။
အမျိုးသမီးဘေးကနေ တည်ငြိမ်သောအသံတစ်ခု ထွက်ပေါ်လာ၏။ “မိုင်ရွှမ်..နင် ဘာကို ကြည့်နေတာလဲ…”
ကုချင်းဂီတသံက ရုတ်တရက် ရပ်တန့်သွား၏။
အမျိုးသမီးက ခေါင်းပြန်လှည့်လိုက်ကာ ငုံ့လိုက်၏။သည့်နောက် သူမ၏ ကျောက်စိမ်းရောင်လက်ကလေးက ကုချင်းကြိုးများပေါ်သို့ လွင့်မြောလို့သွား၏။ သူမအတွက် ထိုအသံက ကောင်းကင်ဘုံနှင့်ရှောင်လွှဲမရသည့် ကံကြမ္မာကို ကိုယ်စားပြုပေ၏။
“နင့်ဂီတသံက ဝမ်းနည်းဖို့ ကောင်းလွန်းနေတယ်။ ဒါ့ကြောင့် ဧည့်သည်တွေက နင့်ကို သံစဉ်ပြောင်းပီး တီးခတ်စေချင်နေကြပြီ…” ထိုအသံက တည်ငြိမ်သော်လည်း သူမအတွက် ငြင်းဆန်နိုင်စွမ်း မရှိပေ။
အမျိုးသမီးက တွေးတောနေပြီးနောက် ကုချင်း စတင်တီးခတ်လိုက်၏။ သည်ကုချင်းသံက ရုတ်တရက် နွေဦးစစ်ချီသံသို့ပြောင်းလဲသွားကာ ရွှင်လန်းတက်ကြွမှုတေးသံများက လှေနှင့်မြစ်ပြင်ကျယ်တွင် ပြည့်နှက်လို့သွားသည်။
“ကောင်းတယ်…။နောက်လည်း ဒီလိုပဲတီး…” ထိုအသံက နောက်တစ်ဖန် ထွက်ပေါ်လာပြန်၏။
ရွှင်လန်းတက်ကြွဖွယ် ကုချင်းသံက ပျံ့နှံ့လာ၏။ သည်အသံက ပျော်ရွှင်မြူးထူးဟန် ဖြစ်နေသော်လည်း အနီးကပ်သေချာနားထောင်ပါက သည်သံစဉ်သည် ပျော်မြူးခြင်းမဟုတ်ဘဲ အသံတိတ်ငိုကြွေးခြင်းကို ဖော်ကျူးနေသည်ကို ကြားနိုင်မည် ဖြစ်၏။
လှေက ဖြည်းဖြည်းချင်း အဝေးသို့ ထွက်သွားခြင်းနှင့်အတူ ဂီတသံသည်လည်း ဝေးကာ ဝေးကာ သွားလေ၏။ လှိုင်းကြပ်ခွပ်လေးများကလည်း မြစ်ကမ်းနဘေးသို့ ဖြည်းဖြည်းချင်း ပျံ့နှံ့လို့ ကျန်ခဲ့တော့သည်။