အခန်း ၄၂
Vol. 5 Ch. 42
အခန်း ၄၂
သလင်းကျောက်စပျစ်သီးများကို ရရှိပြီးနောက် ကျန်းဟန်သည် ၎င်းတို့ကို သူ၏ကျောပိုးအိတ်ထဲသို့ ဂရုတစိုက် ထည့်လိုက်၏။
သလင်းကျောက်စပျစ်နွယ်ပင်ကို တူးဆွနေဆဲဖြစ်သော ချီရှီးမား ဆာကူရာကို တစ်ချက်ကြည့်ကာ ကျန်းဟန်က ပြောလိုက်သည်။
“မင်း ဆက်တူးနေလိုက်ပါ။ ငါ ပတ်ပတ်လည်ကို သွားကြည့်လိုက်ဦးမယ်။”
“ရတယ်လေ။ အန္တရာယ်တစ်ခုခုရှိရင် ငါ့ကို အကြောင်းကြားလိုက်။”
ချီရှီးမား ဆာကူရာက ခေါင်းညိတ်လိုက်သည်။ သူတို့နှစ်ယောက်သည် ဂူတစ်ခုလုံးကို အတူတူ ရှာဖွေပြီးသွားကြပြီဖြစ်ရာ အခြေခံအားဖြင့် ရတနာများ ထပ်မံကျန်ရှိမနေတော့ပေ။
ကျန်းဟန်က ခေါင်းညိတ်ပြပြီး ဂူထဲကို နောက်တစ်ခေါက် ထပ်မံရှာဖွေခဲ့သော်လည်း ဘာမှ ရှာမတွေ့ခဲ့ချေ။
မကြာမီမှာပင် သူသည် ဂူအပြင်ဘက်သို့ လျှောက်ထွက်လာခဲ့လိုက်သည်။ နေဝင်လုနီးပါး ဖြစ်နေပြီဖြစ်ရာ လိမ္မော်နီရောင် နေဝန်းကြီးသည် ဂူဝနှင့် မျက်နှာချင်းဆိုင်အနေအထားတွင် ရှိနေပြီး အဝေးရှိ တောင်တန်းများနောက်သို့ တဖြည်းဖြည်း ချဉ်းကပ်ဝင်ရောက်နေခဲ့သည်။
ကျန်းဟန်သည် ဤလှပသော နေဝင်ချိန်မြင်ကွင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် လှည့်ထွက်ကာ တောင်ကုန်းငယ်လေးကို စတင်ရှာဖွေတော့သည်။
ထိုတောင်ကုန်းငယ်သည် ကျောက်ခဲအကြေအမွများဖြင့် ဖုံးလွှမ်းနေပြီး မြက်တစ်ပင်ပင် ပေါက်ရောက်ခြင်းမရှိပေ။ ကျန်းဟန်သည် ပိုင်လင်းကို ခေါ်ဆောင်ကာ စူးစမ်းရှာဖွေလိုက်၏။
သို့သော်လည်း ဤနေရာတွင် ဘာမှမရှိသည်မှာ ထင်ရှားလှပေသည်။ သို့မဟုတ်ပါက ချီရှီးမား ဆာကူရာက ကျန်းဟန်ကို အပြင်သို့ ထွက်ခွင့်ပေးကာ စိတ်အေးလက်အေး နေလိမ့်မည်မဟုတ်ပေ။
“ကျိ...”
သူတို့ လျှောက်လှမ်းနေစဉ်မှာပင် ပိုင်လင်းသည် ကျောက်ခဲတစ်လုံးကို ရုတ်တရက် ကောက်ကိုင်လိုက်ပြီး ၎င်း၏အတွင်းပိုင်းကို ကျန်းဟန်အား လက်ညှိုးထိုးပြလိုက်သည်။
“ဒီအထဲမှာ ဝိဉာဉ်စွမ်းအင်ရှိနေတာကို မင်း ခံစားမိလို့လား။”
ကျန်းဟန်က ပိုင်လင်းကို ကြည့်ကာ မေးလိုက်သည်။
“ကျိ...”
ဘိုင်လင်က ခေါင်းညိတ်ပြကာ အထဲတွင် တစ်ခုခုရှိနေသည်မှာ ရာနှုန်းပြည့် သေချာကြောင်း အချက်ပြလိုက်သည်။
“ကောင်းပြီလေ။ ဒါဆို ခွဲကြည့်ကြတာပေါ့။”
ကျန်းဟန် ခေါင်းညိတ်လိုက်ပြီး ကျောက်တုံးကြီးတစ်တုံးကို ရှာလိုက်သည်။ ပိုင်လင်းပြောသော ကျောက်ခဲလေးမှာ လက်သီးဆုပ်ခန့်သာ ရှိသည်။
ဒုန်း... ဒုန်း...
ဤတောင်ပေါ်ရှိ ကျောက်တုံးများသည် မာကျောခြင်းစွမ်းရည် မရှိသဖြင့် နှစ်ချက်မျှ ထုရုံဖြင့် ကြေမွသွားခဲ့၏။ ထို့နောက် ကျောက်ခဲအကျိုးအပဲ့များကြား၏ အလယ်တည့်တည့်တွင် ပဲစေ့ခန့်ရှိသော ပွင့်လင်းမြင်သာသည့် ပုံဆောင်ခဲလေးတစ်ခု ပေါ်ထွက်လာခဲ့သည်။
“ဝိဉာဉ်ပုံဆောင်ခဲအပိုင်းအစပဲ။ ပစ္စည်းကောင်းပဲ။”
ကျန်းဟန်က ဝမ်းသာအားရ ပြောလိုက်သည်။ ဤဝိဉာဉ်ပုံဆောင်ခဲအပိုင်းအစသည် အလွန်သန့်စင်ပြီး သစ်သားဒြပ်စင် ဖြစ်သည်။ ၎င်းကို ယွမ် ၁၅၀၀ ဖြင့် ရောင်းချနိုင်သလို ပိုင်လင်းကိုလည်း ကျွေးနိုင်သည်။
“သွားကြစို့။ ဆက်ရှာကြရအောင်။”
ကျန်းဟန် စိတ်ဝင်စားသွားပြီး ဤတောင်ကုန်းတစ်ခုလုံး ရတနာသိုက်ကြီးဖြစ်နေသကဲ့သို့ ရုတ်တရက် ခံစားလိုက်ရသည်။
“ကျိ... (=^▽^=)”
ပိုင်လင်းသည်လည်း ပျော်ရွှင်စွာဖြင့် စတင်ရှာဖွေတော့သည်။ လူတစ်ယောက်နှင့် ပိုးကောင်တစ်ကောင်သည် သတိမထားမိလိုက်ဘဲ နေဝင်သွားသည်အထိ ရှာဖွေခဲ့ကြ၏။
“ကျန်းဟန်...နင် ဘာတွေ ရှာနေတာလဲ။ ငါက နင် ထွက်သွားပြီတောင် အောက်မေ့တာ။”
ညနေစောင်းအချိန်တွင် ချီရှီးမား ဆာကူရာက သူ့ကို လာရောက်ရှာဖွေခဲ့သည်။
“ဒီတောင်ပေါ်က ကျောက်ခဲတွေထဲမှာ ဝိဉာဉ်ပုံဆောင်ခဲအပိုင်းအစတွေ ရှိနေတယ်။ ငါ အများကြီး ရှာတွေ့ခဲ့တယ်။ ငါ့ဘာသာငါ ကျောက်ခဲတွေကို ထုခွဲပြီး ရှာတွေ့ခဲ့တာမို့ မင်းကို ခွဲမပေးနိုင်ဘူးနော်။ အကယ်၍ မင်း လိုချင်ရင် မင်းဘာသာ လိုက်ရှာလို့ရတယ်။ ဒီမှာ အများကြီး ကျန်နေသေးတာ သေချာတယ်။”
ကျန်းဟန်က ချီရှီးမား ဆာကူရာကို ကြည့်ကာ ပျော်ရွှင်စွာ ပြောလိုက်သည်။
ဤတစ်နာရီအတွင်းမှာပင် သူသည် ဝိဉာဉ်ပုံဆောင်ခဲအပိုင်းအစ ၁၅ ခုတိတိကို ရှာဖွေတွေ့ရှိခဲ့ပြီး နောက်ထပ် ယွမ် ၁၅၀၀၀ ရှာဖွေနိုင်ခဲ့သည်။
“နင်က ဒါတွေကို ရှာနေတာလား။ ဒီမှာ ရှိမှန်း ငါသိပေမယ့် မရှာဖြစ်ဘူး။ အဲဒါ အလုပ်ရှုပ်လွန်းပြီး ပိုက်ဆံလည်း အများကြီး မရဘူး။”
ချီရှီးမား ဆာကူရာက ခေါင်းခါလိုက်သည်။ ဤအလုပ်က ပင်ပန်းလွန်းပြီး တန်ဖိုးမရှိဟု သူမ ခံစားရသည်။
“ငါ ညစာအတွက် တောင်ပံဖြူခိုနှစ်ကောင် ဖမ်းထားတယ်။ လာလေ...အတူတူ ကင်စားရအောင်။”
ချီရှီးမား ဆာကူရာက ကျန်းဟန်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“ကောင်းပြီ။”
ကျန်းဟန်သည် မထွက်ခွာမီ နောက်ထပ် ကျောက်ခဲတစ်လုံးကို ထပ်မံထုခွဲလိုက်ပြီးမှ ချီရှီးမား ဆာကူရာနှင့်အတူ ထွက်လာခဲ့လိုက်သည်။
သူသည် မိဘများ၏ ထောက်ပံ့မှုရရှိထားသော အခြားသူများကဲ့သို့ မဟုတ်ဘဲ မိမိဘာသာ ပိုက်ဆံရှာရသူ ဖြစ်သည်။ အန္တရာယ်မရှိဘဲ ပိုက်ဆံကောက်ရသကဲ့သို့ ဖြစ်နေသော ဤကဲ့သို့သောအလုပ်မျိုးကို သူ တော်တော်လေး သဘောကျမိသည်။
ဂူဆီသို့ အပြန်လမ်းတွင် ကျန်းဟန်သည် ထင်းအချို့ ရှာဖွေခဲ့၏။ ၉ လပိုင်း အကုန်ပိုင်း ဖြစ်နေပြီဖြစ်ရာ ဆောင်းဦးရာသီသို့ ရောက်ရှိနေပြီဖြစ်သဖြင့် ထင်းရှာရသည်မှာ လွယ်ကူလှသည်။
ဂူသို့ ပြန်ရောက်သောအခါ အရမ်းရောင်မိုးကြိုးအမြီးရှည်မြွေပါသည် ထင်းများကို တိုက်ရိုက်မီးစွဲသွားစေရန် လျှပ်စစ်မီးပွားများကို ထုတ်လွှတ်လိုက်၏။
“ဒီခိုတွေကို ဘယ်လိုကင်ရမလဲ။ အမွေးတွေ နှုတ်ရဦးမလား။”
ချီရှီးမား ဆာကူရာသည် မကင်တတ်ပုံရပြီး အနည်းငယ် အခက်တွေ့နေသည်။
“လွယ်လွယ်လေးပါ။ မီးပေါ်တင်ပြီး ရှို့လိုက်ရုံပဲ။ အမွေးတွေ နှုတ်နေစရာမလိုဘူး။”
ကျန်းဟန်က ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။
“သေချာလို့လား။”
“သေချာတာပေါ့၊ မဟုတ်ရင်လည်း မင်းဘာသာ အချိန်ယူပြီး အမွေးနှုတ်လိုက်လေ။”
ကျန်းဟန် စကားပြောရင်းနှင့် သူကိုင်ထားသည့် သေဆုံးနေသော ခိုတစ်ကောင်ကို မီးပုံထဲသို့ တိုက်ရိုက်ပစ်ထည့်လိုက်သည်။
မီးတောက်များသည် အမွေးများကို လျင်မြန်စွာ လောင်ကျွမ်းစေပြီး ခိုတစ်ကောင်လုံး မီးသွေးခဲမည်းမည်းကြီးကဲ့သို့ ဖြစ်သွားခဲ့သည်။
“ဒါကြီးက စားလို့ရသေးရဲ့လား။”
ချီရှီးမား ဆာကူရာတစ်ယောက် အတွေးကမ္ဘာထဲ ချာချာလည်သွားပြီး အပြင်ထွက်ကာ အခြားကင်စားစရာ တစ်ခုခုကို သွားဖမ်းရမလားဟုပင် တွေးတောမိသွားသည်။
“စိတ်မပူပါနဲ့။ ဆက်သာ ကင်နေလိုက်။”
ကျန်းဟန်က ဆက်ကင်နေပြီး နာရီဝက်ခန့် ကြာပြီးနောက် မီးသွေးခဲတုံး မည်းမည်းကြီးနှင့် တူနေသော ခိုကို ထုတ်ယူလိုက်သည်။
ထို့နောက် သူသည် ဓားမြှောင်ကို ထုတ်ကာ မျက်နှာပြင်ပေါ်ရှိ မီးသွေးအမည်းများကို ခြစ်ထုတ်လိုက်ရာ အတွင်းမှ ရွှေဝါရောင်အသားများ ပေါ်လာခဲ့သည်။ သူသည် အသားကို လက်ဖြင့် တစ်စစီ ဖဲ့လိုက်ရာ ဟင်းခတ်အမွှေးအကြိုင်များ မပါသော်လည်း တော်တော်လေး အရသာရှိလှသည်။
“ဒီလိုမျိုးလည်း လုပ်လို့ရတာပဲလား။”
ချီရှီးမား ဆာကူရာတစ်ယောက် အမြင်သစ်တစ်ခု ရရှိသွားခဲ့သည်။
“အမှန်တော့ ဒါက အဆင်ပြေ၊ မပြေ ငါလည်း မသိဘူး။ စမ်းကြည့်ချင်ရုံတင်ပါ။”
ကျန်းဟန်က ပြောလိုက်သည်။ သူသည် ဤကင်နည်းကို အင်တာနက်ပေါ်တွင် မြင်ဖူးခဲ့ခြင်း ဖြစ်သည်။
အပြင်ဘက်မှ အသားများကို စားသုံးပြီးနောက် မြေကြီးထဲတွင် မြုပ်နှံထားနိုင်ပြီး အတွင်းကလီစာများကိုလည်း ရှင်းလင်းနေစရာမလိုပေ။ အလွန်ရိုးရှင်းပြီး အဆင်ပြေလှသည်။
“ဒီည ငါတို့ တစ်ယောက်တစ်လှည့် ကင်းစောင့်ကြမယ်။ ညဦးပိုင်းကို ငါစောင့်မယ်။ ညဉ့်နက်ပိုင်းကို နင်စောင့်လိုက်။”
ချီရှီးမား ဆာကူရာက အစားအစာများ စားသောက်ပြီးနောက် ပြောလိုက်သည်။
“ပြဿနာမရှိဘူး။ ဒါဆို ငါ အရင်အိပ်တော့မယ်။”
ကျန်းဟန်က ပိုင်လင်းကို သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲသို့ ပြန်ထည့်လိုက်ပြီး လှဲလျောင်းရန် ကျောက်တုံးတစ်တုံးကို ရှာကာ သူ၏ကျောပိုးအိတ်ကို ခေါင်းအုံးအဖြစ် အသုံးပြုလိုက်သည်။
“ကျန်းဟန် နင်က ဘယ်ကလဲ။”
ချီရှီးမား ဆာကူရာက အရမ်းရောင်မိုးကြိုးဓား အမြီးရှည်မြွေပါနှင့်အတူ မီးပုံဘေးတွင် ဝင်ထိုင်ရင်း မေးလိုက်သည်။
သို့သော်လည်း အတော်ကြာသည်အထိ ပြန်လည်ဖြေကြားသံ မကြားရသဖြင့် လှည့်ကြည့်လိုက်ရာ ကျန်းဟန်မှာ နှစ်ခြိုက်စွာ အိပ်ပျော်နေပြီဖြစ်ကြောင်း တွေ့လိုက်ရတော့သည်။
ကျန်းဟန်သည် မနက်အစောပိုင်း နှစ်နာရီတွင် အချိန်မှန် နိုးလာ၏။ သူသည် အိပ်ငိုက်နေပြီဖြစ်သော ချီရှီးမား ဆာကူရာကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“မြန်မြန်သွားအိပ်တော့။ ငါ့ ကင်းစောင့်လိုက်မယ်။”
“ကောင်းပြီ။”
ချီရှီးမား ဆာကူရာသည် စကားစမြည်ပြောရန် စိတ်မပါတော့ဘဲ အတွင်းဘက်သို့ လျှောက်သွားကာ အိပ်ပျော်သွားခဲ့သည်။
သူမ ပြန်နိုးလာချိန်တွင်မူ နောက်တစ်နေ့ နံနက်ခင်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။ နေမင်း၏ ရွှေဝါရောင်အလင်းတန်းများသည်လည်း ဂူအတွင်းသို့ ဖြာကျနေ၏။
ဂူဝတွင် ကျန်းဟန်သည် တင်ပျဉ်ခွေထိုင်နေပြီး သူ၏ အသက်ရှူသံမှာ ရှည်လျားပြီး စနစ်တကျ ရှိလှသည်။ သူ၏တစ်ကိုယ်လုံးသည် ပတ်ဝန်းကျင်နှင့် တစ်သားတည်း ဖြစ်နေသကဲ့သို့ ခံစားရစေသည်။
“နင်လေ့ကျင့်နေတဲ့ စိတ်စွမ်းအားကျင့်စဉ်က ပုံမှန်မဟုတ်ဘူးပဲ။”
ကျန်းဟန် သူ၏ စိတ်စွမ်းအားကျင့်စဉ်ကို အဆုံးသတ်ပြီးနောက် ချီရှီးမား ဆာကူရာက စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
“အဆင်ပြေရုံပါပဲ။”
ကျန်းဟန်က စကားအများကြီးမပြောဘဲ ခေါင်းသာညိတ်ပြလိုက်သည်။
ကျန်းဟန် အသေးစိတ် မပြောချင်သည်ကို မြင်သဖြင့် ချီရှီးမား ဆာကူရာလည်စ ထပ်မမေးတော့ဘဲ အကြောင်းအရာ ပြောင်းလိုက်သည်။
“ဒီမနက် ငါ ဘာမှမစားတော့ဘူး။ မြွေဖြူတောင်ကို တိုက်ရိုက် ထွက်ခွာဖို့ အစီအစဉ်ထားတယ်။ နင်ရော အတူတူ လိုက်မလား။”
ကျန်းဟန်က ခေါင်းခါပြလိုက်သည်။
“ဟင့်အင်း။ ငါ ဒီမှာ နောက်ထပ်တစ်ရက်လောက် ထပ်နေချင်သေးတယ်။”
“ဟို ဝိဉာဉ်ပုံဆောင်ခဲအပိုင်းအစတွေအတွက်လား။”
ချီရှီးမား ဆာကူရာက နားမလည်နိုင်စွာဖြင့် ပြောလိုက်သည်။
“အကယ်၍ ငါတို့ အတူတူ ပူးပေါင်းမယ်ဆိုရင် နောက်ထပ် ရတနာသိုက်တွေကို ပိုပြီး ရှာဖွေနိုင်မှာပဲလေ။”
“အဲဒီလိုလည်း ပြောလို့ရပါတယ်။ ငါ လုပ်စရာ အခြားကိစ္စတွေလည်း ရှိသေးလို့ လောလောဆယ် မထွက်ခွာနိုင်သေးတာပါ။”
ကျန်းဟန်က ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ကောင်းပြီလေ။”
ချီရှီးမား ဆာကူရာက ကျန်းဟန်ကို နှမြောတသစွာဖြင့် ကြည့်လိုက်သည်။
“ဒါဆို နင် ဂရုစိုက်ပါ။ ငါ အရင်သွားနှင့်တော့မယ်။ မြွေဖြူတောင်မှာ ပြန်တွေ့ကြတာပေါ့။”
စကားပြောပြီးနောက် သူမသည် မြင့်မားစွာ စည်းနှောင်ထားသော မြင်းမြီးကျစ်ဆံမြီးကို လက်ဖြင့် သပ်ရပ်အောင် ပြန်လုပ်လိုက်ပြီး အရမ်းရောင် မိုးကြိုးဓားအမြီးရှည်မြွေပါနှင့်အတူ တောင်အောက်သို့ ဆင်းသွားခဲ့တော့သည်။
သူမသည် ကျန်းဟန်ကို ရည်မှန်းချက်ကြီးမားသူတစ်ယောက်ဟု ထင်မှတ်ခဲ့သော်လည်း ယခုအခါတွင်မူ သူ၏အမြင်မှာ အနည်းငယ် တိုတောင်းလှသည်ဟု ခံစားလိုက်ရသည်။ သူသည် ဝိဉာဉ်ပုံဆောင်ခဲအပိုင်းအစအချို့အတွက်နှင့် မြွေဖြူတောင်ခရီးစဉ်ကို အမှန်တကယ်ပင် လက်လွှတ်လိုက်၏။
“နှုတ်ဆက်ပါတယ်...ဂရုစိုက်ပါ။”
ကျန်းဟန်က လက်ဝှေ့ယမ်းပြလိုက်ပြီးနောက် တင်ပျဉ်ခွေပြန်ထိုင်ကာ သူ၏ စိတ်စွမ်းအားကျင့်စဉ်ကို ဆက်လက်ကျင့်ကြံနေလိုက်သည်။
ချီရှီးမား ဆာကူရာ လုံးဝထွက်ခွာသွားပြီးနောက်တွင်မူ ကျန်းဟန်သည် ဟုတ်ဟုတ်ကို အပြင်သို့ ထုတ်လိုက်ပြီး ပတ်ဝန်းကျင်တွင် ပိုင်လင်းနှင့်အတူ သွားရောက်ဆော့ကစားစေလိုက်သည်။
သူသည် နေမင်း၏အလင်းတန်းများ ရွှေဝါရောင်မှ အဖြူရောင်သို့ ပြောင်းလဲသွားသည်အထိ စိတ်စွမ်းအားကျင့်စဉ်ကို ဆက်တိုက် ကျင့်ကြံနေခဲ့သည်။
သူ၏ ကျင့်ကြံခြင်း တစ်လျှောက်အတွင်း အာရုဏ်ဦး ထင်းရှူးစိမ်းကျင့်စဉ်သည် သူ၏ စိတ်စွမ်းအင်ကို ပြောင်းလဲစေရုံသာမက သူ၏ မျက်လုံးများကိုပါ ပြောင်းလဲစေခဲ့ပုံရသည်။
အတန်ကြာပြီးနောက် သူ၏မျက်လုံးထဲ၌ တစ်ခုခု ကျိုးပျက်သွားသကဲ့သို့ ရုတ်တရက် နာကျင်မှုကို ခံစားလိုက်ရပြီး အရာအားလုံး အနည်းငယ် ထူးခြားပြောင်းလဲသွားခဲ့သည်။
“အဏုကြည့်စွမ်းရည်နှင့် ပုံသဏ္ဌာန်ကို လေ့လာခြင်းပဲ။ ငါ့မျက်လုံးရဲ့ ကျင့်ကြံခြင်းအဆင့် အောင်မြင်ဖို့ သိပ်မလိုတော့ဘူးနဲ့ တူတယ်။”
ကျန်းဟန် မြေပြင်ကို ငုံ့ကြည့်လိုက်သောအခါ ဘက်တီးရီးယားအချို့ကို အမှန်တကယ်ပင် မြင်တွေ့နိုင်စွမ်း ရှိနေပြီး ဘက်တီးရီးယားတိုင်း၏ ပုံသဏ္ဌာန်မှာ အလွန်တရာ ထင်ရှားပြတ်သားနေသည်ကို တွေ့လိုက်ရသည်။
၎င်းသည် မျက်လုံးစွမ်းရည် တစ်ဆင့်တက်ခြင်း၏ နိမိတ်လက္ခဏာ သုံးပါးအနက် တစ်ခုဖြစ်သော အဏုကြည့်စွမ်းရည်နှင့် ပုံသဏ္ဌာန်ကို လေ့လာခြင်းပင် ဖြစ်သည်။
ကျန်ရှိသော နိမိတ်လက္ခဏာ နှစ်ခုမှာ အမှောင်ကို အလင်းကဲ့သို့ ရှုမြင်ခြင်းနှင့် အလင်းစီးမြောခြင်းတို့ ဖြစ်ကြသည်။
အမှောင်ကို အလင်းကဲ့သို့ ရှာမြင်ခြင်း ဆိုသည်မှာ ညဉ့်အမှောင်ထဲတွင်ပင် နေ့ခင်းဘက်ကဲ့သို့ အရာအားလုံးကို ထင်ထင်ရှားရှား မြင်တွေ့နိုင်ခြင်း ဖြစ်သည်။
အလင်းစီးမြောခြင်းဆိုသည်မှာမူ လေထုထဲတွင် စီးဆင်းနေသော ဝိဉာဉ်စွမ်းအင်များကို မြင်တွေ့နိုင်ပြီး သာမန်မျက်စိဖြင့် မမြင်တွေ့နိုင်သော ထူးခြားဆန်းကြယ်သည့် အရာများကို မြင်နိုင်စွမ်းရှိခြင်းကို ဆိုလိုခြင်းဖြစ်သည်။