အခန်း ၄၄
Vol. 5 Ch. 44
အခန်း ၄၄
ကျန်းဟန်သည် ပိုင်လင်း၏ ဆင့်ကဲပြောင်းလဲဖြစ်စဉ်ကို မြင်တွေ့လိုသဖြင့် စိုက်ကြည့်နေမိသော်လည်း အဆက်မပြတ် လက်ခနဲ လက်ခနဲဖြစ်နေသော လျှပ်စီးအလင်းတန်းများက ကာဆီးနေသဖြင့် အတွင်းပိုင်းအခြေအနေအမှန်ကို လုံးဝ မမြင်ရပေ။
“ဂွမ်...”
ရေကန်ထဲရှိ မိုးကြိုးဖားများမှာမူ ဒုက္ခပင်လယ်ဝေနေကြရရှာလေသည်။ ၎င်းတို့သည် မအော်ဟစ်နိုင်ကြတော့ဘဲ အားလုံးက မျက်ဖြူများလန်ကာ ဝမ်းဗိုက်များကို အပေါ်သို့လှန်၍ ရေပေါ်တွင် ပေါလောပေါ်နေကြပြီဖြစ်သည်။
ပိုင်လင်းက ၎င်းတို့၏ လျှပ်စီးစွမ်းအားအားလုံးကို စုပ်ယူပစ်လိုက်သဖြင့် ၎င်းတို့တွင် လှုပ်ရှားနိုင်စွမ်း လုံးဝမရှိတော့ပေ။
တဖြည်းဖြည်းနှင့် ပိုင်လင်း ဆင့်ကဲပြောင်းလဲနေသော လျှပ်စီးအလင်းတန်း စက်လုံးလေးသည် တဖြည်းဖြည်း ကျုံ့ဝင်လာပြီး နောက်ဆုံးတွင် ရေပြင်ပေါ်၌ အောင်းနေသော အလင်းပိုးအိမ်ကြီးတစ်ခုကဲ့သို့ အဖြူရောင် အလင်းလုံးကြီးတစ်ခုအသွင်သို့ ပြောင်းလဲသွားသည်ကို ကျန်းဟန် သတိပြုမိလိုက်သည်။
ထိုအလင်းပိုးအိမ်ကြီးသည် သုံးနာရီတိတိ ကြာမြင့်ခဲ့ပြီး နောက်ဆုံးတွင် နေရောင်အပြင်းဆုံးဖြစ်သည့် မွန်းတည့်ချိန်၌ မီးရှူးမီးပန်းကြီးတစ်ခုကဲ့သို့ ပေါက်ကွဲထွက်သွားကာ ရေတွက်၍မရနိုင်သော လျှပ်စီးစွမ်းအား အလင်းတန်းများသည် ပတ်ပတ်လည်သို့ ဆက်တိုက် ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
“ကျိ...”
ထို့နောက်တွင်ပင် ဆီးနှင်းကဲ့သို့ ဖြူဖွေးသော ပိုးကောင်လေးတစ်ကောင် ပေါ်လာပြီး ကျန်းဟန်ထံသို့ တန်းတန်းမတ်မတ် ပြေးလာခဲ့လေသည်။
၎င်းမှာ အသွင်ပြောင်းလဲသွားသည့် ပိုင်လင်းပင် ဖြစ်သည်။
ပိုင်လင်း၏ ခန္ဓာကိုယ်သည် သိုးဆီခဲကျောက်စိမ်းကဲ့သို့ ဆီးနှင်းပမာ ဖြူဖွေးနေဆဲဖြစ်သော်လည်း ထူးခြားချက်မှာ ၎င်း၏ အရွယ်အစား ကြီးမားလာခြင်းပင် ဖြစ်ကြောင်း ကျန်းဟန် သတိပြုမိလိုက်သည်။
၎င်းသည် မူလက ၃၀ စင်တီမီတာသာ ရှိသော်လည်း ယခုအခါတွင်မူ ၅၀ သို့မဟုတ် ၆၀ စင်တီမီတာခန့် ရှိနေပြီး အရွယ်အစားကြီးမားသော ပိုးကောင်ပုံသဏ္ဌာန် ပေါင်မုန့်တုံးကြီးတစ်ခုနှင့်ပင် တူနေသေးသည်။
ထို့အပြင် ၎င်း၏ ဦးခေါင်းပေါ်တွင် ငါးစင်တီမီတာ သို့မဟုတ် ခြောက်စင်တီမီတာခန့် ရှည်လျားသော အဖြူရောင် ဦးချိုတစ်ခု ပေါက်နေသည်။
“ပိုင်လင်း... မကြုံစဖူး ထူးခြားတဲ့ အသွင်ပြောင်းလဲခြင်းကို အောင်မြင်စွာ ပြီးမြောက်သွားတဲ့အတွက် ဂုဏ်ယူပါတယ်။ အခုကစပြီး မင်း ကျောက်စိမ်းပိုးကောင်ရဲ့ ကံကြမ္မာကနေ ရုန်းထွက်နိုင်ခဲ့ပြီ။”
ကျန်းဟန်က ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ပိုင်လင်း၏ ခန္ဓာကိုယ်ကို ပွတ်သပ်ပေးလိုက်ကာ အပြုံးတစ်ခုဖြင့် ဂုဏ်ပြုစကား ပြောလိုက်သည်။
“ကျိကျိ...”
ပိုင်လင်းက ဝမ်းသာအားရ အော်ဟစ်ကာ ကျန်းဟန်၏ လက်ကို အဆက်မပြတ် ပွတ်သပ်နေတော့သည်။ အကယ်၍ ကျန်းဟန်သာ မရှိခဲ့လျှင် ၎င်း၏ဘဝတွင် ယခုကဲ့သို့ အသွင်ပြောင်းလဲနိုင်မည့် အခွင့်အရေးမျိုး ဘယ်တော့မှ ရှိလာလိမ့်မည် မဟုတ်ပေ။
ကျန်းဟန်သည် ၎င်း၏ အခြေအနေကို စစ်ဆေးရင်း တရင်းတနှီး ပွတ်သပ်ပေးနေခဲ့သည်။
သူသည် ပိုင်လင်းမှာ ယခုအခါ မည်ကဲ့သို့သော လျှပ်စီးဒြပ်စင် ပိုးလောင်းကောင်အဖြစ် အသွင်ပြောင်းလဲသွားသည်ကို အတည်ပြုရန်အတွက် ၎င်း၏ မျိုးစိတ်ကို သေချာစွာ ခွဲခြားကြည့်သော်လည်း ကောင်းကောင်း မမှတ်မိ ဖြစ်နေသည်။
သို့သော်လည်း ထိုအချိန်တွင် သူ၏ မျက်စိရှေ့မှောက်၌ တောက်ပသော စာသားတန်းလေးများ ပေါ်ထွက်လာခဲ့သည်။
[သားရဲ ] : လျှပ်စီးပိုးကောင်
[မျိုးစိတ်] : ပိုးကောင်
[ဓာတ်သဘာဝ] : မိုးကြိုးလျှပ်စီး ၊ လျှပ်စစ်
[အဆင့်] : အစေခံအဆင့် နှောင်းပိုင်း
[အလားအလာ] : ကြယ် ၃ ပွင့်
[ထူးခြားချက်များ] :
လျှပ်စီးအားဖြည့်ခြင်း- လျှပ်စီးတိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိပြီး ရရှိလာသော လျှပ်စီးတိုက်ခိုက်မှုများကို မိမိ၏ စွမ်းအားအဖြစ် ပြောင်းလဲသိုလှောင်နိုင်သည်။
လျှပ်စီးထုံကျဉ်ခြင်း - တိုက်ခိုက်မှုအားလုံးသည် ထုံကျဉ်ခြင်းအကျိုးသက်ရောက်မှုကို ဖြစ်ပေါ်စေသည်။
[စွမ်းရည်များ] : ပိုးမျှင်ပစ်လွှတ်ခြင်း၊ ခန္ဓာကိုယ်မာကျောခြင်း၊ အရှိန်ပြင်း တိုးဝင်တိုက်ခိုက်ခြင်း၊ လျှပ်စစ်ထုတ်လွှတ်ခြင်း
[နောက်ထပ် အသွင်ပြောင်းလဲခြင်း] : အမည်မသိ
[မိတ်ဆက်] : လျှပ်စီးပိုးကောင်သည် မူလက လျှပ်စီးထဲတွင် မွေးဖွားလာခြင်းဖြစ်သည်။ ဤတစ်ကောင်မှာမူ ကျောက်စိမ်းပိုးကောင်မှ အံ့ဖွယ်နည်းလမ်းဖြင့် အသွင်ပြောင်းလဲလာခြင်းဖြစ်သော်လည်း သာမန် လျှပ်စီးပိုးကောင်ထက် ပိုမိုစွမ်းအားကြီးမားသည်။ ၎င်း၏ လျှပ်စီးအားဖြည့်ခြင်း ထူးခြားချက်သည် ဒဏ်ရာအချို့ကိုပင် ပြန်လည်ကုသပေးနိုင်ပြီး လျှပ်စစ်ရှော့ခ်တိုက်ခြင်း လေ့ကျင့်ရေးကို အဆက်မပြတ် ပြုလုပ်ခဲ့ခြင်းကြောင့် လျှပ်စစ်ထုတ်လွှတ်ခြင်း စွမ်းရည်ကို သဘာဝအလျောက် တတ်မြောက်သွားခဲ့သည်။
“လျှပ်စီးပိုးကောင်... ထူးခြားချက် နှစ်ခုတောင် ပါတာလား။”
ကျန်းဟန်သည် မိမိရှေ့မှောက်ရှိ အချက်အလက်ဇယားကို ကြည့်ကာ အံ့အားမသင့်ဘဲ မနေနိုင် ဖြစ်သွားခဲ့ရသည်။
ဤသည်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် စွမ်းအားကြီးမားလှသည့် အံ့ဖွယ်အသွင်ပြောင်းလဲခြင်းပင် ဖြစ်သည်။
ပိုင်လင်း အသွင်ပြောင်းလဲသွားသော မျိုးစိတ်ကို သူ အဘယ်ကြောင့် မမှတ်မိရသနည်းဆိုသည်မှာ မဆန်းတော့ပေ။ ၎င်းက လျှပ်စီးပိုးကောင် ဖြစ်နေသောကြောင့်ပင်။
လျှပ်စီးထဲတွင် မွေးဖွားလာတတ်သော ဤကဲ့သို့သော ပိုးကောင်မျိုးသည် အလွန်ပင် ရှားပါးလှပြီး သူသည် ကြားဖူးရုံသာ ရှိခဲ့ကာ ဓာတ်ပုံပင် တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
မူလက မည်သည့်ထူးခြားချက်မျှမရှိသော ကျောက်စိမ်းပိုးကောင်ဘဝနှင့် နှိုင်းယှဉ်ပါက လျှပ်စီးပိုးကောင်အဖြစ် အသွင်ပြောင်းလဲသွားသော ပိုင်လင်းသည် ၎င်း၏ ဘဝကို အမှန်တကယ်ပင် ပြောင်းလဲပစ်နိုင်ခဲ့ပြီ ဖြစ်သည်။
ယေဘုယျအားဖြင့် ပြောရလျှင် ကြယ် ၄ ပွင့် အလားအလာရှိသော သားရဲတစ်ကောင်အတွက်ပင် ထူးခြားချက်နှစ်ခု ရှိရန်မှာ အလွန် ရှားပါးလှပေသည်။
“မင်းက တကယ့်ကို အံ့သြဖို့ကောင်းတာပဲ ပိုင်လင်း။”
ကျန်းဟန်က ၎င်းကို စိုက်ကြည့်ရင်း ပြောလိုက်သည်။ ထိုအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်ထဲသို့ နွေးထွေးသည့် စွမ်းအင် အမျှင်တန်းများ လေထုထဲမှတစ်ဆင့် အဆက်မပြတ် စီးဝင်ပေါင်းစပ်လာသည်ကို ရှင်းလင်းစွာ ခံစားလိုက်ရသည်။
ထိုစွမ်းအင်၏ တစ်စိတ်တစ်ပိုင်းသည် သူ၏ ခြေလက်အင်္ဂါများနှင့် အရိုးအဆစ်များထဲသို့ စီးဆင်းသွားပြီး နောက်ထပ်တစ်စိတ်တစ်ပိုင်းမှာမူ သူ၏ ဦးနှောက်အနက်ရှိုင်းဆုံးနေရာသို့ ဝင်ရောက်သွားခဲ့သည်။
၎င်းသည် လျှပ်စီးပိုးကောင်ထံမှ ရရှိသော တုံ့ပြန်မှုစွမ်းရည်ဖြစ်ပြီး ကျောက်စိမ်းပိုးကောင်ဘဝကထက် များစွာ ပိုမိုမြင့်မားလှပေရာ ကျန်းဟန်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ချက်ချင်းပင် ပေါ့ပါးသွက်လက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
“ကျိ...”
ပိုင်လင်းသည် ကျန်းဟန်ကို ပတ်ပြေးရင်း ထိုလျှပ်စီးကြာပန်းကို ပြန်သွားစားချင်ကြောင်း စိတ်ကူးလှိုင်းဖြင့် အချက်ပြလိုက်သည်။
“မင်း စားချင်ရင် သွားစားချေ။”
ကျန်းဟန်က ၎င်း၏ တစ်ခုတည်းသော ဦးချိုလေးကို ပွတ်သပ်ရင်း ပြုံးကာ ပြောလိုက်သည်။
“ကျိ...”
ကျန်းဟန်၏ ခွင့်ပြုချက်ကို ရရှိသည်နှင့်တစ်ပြိုင်နက် ပိုင်လင်းသည် နောက်သို့လှည့်ထွက်ကာ ရေကန်ထဲသို့ လျင်မြန်စွာ ငုပ်လျှိုးဝင်ရောက်သွားတော့သည်။
ထိုအချိန်တွင် မိုးကြိုးဖားများသည် သတိပြန်မလည်လာကြသေးပေ။ အကယ်၍ သတိလည်လာကြဦးတော့ ၎င်းတို့အနေဖြင့် ပိုင်လင်းကို တားဆီးနိုင်မည်မဟုတ်ပေ။
“ဟုတ်ဟုတ်...မင်း မြင်တယ်မလား။ ဒါက ငါ့ရဲ့ ပါရမီ အံ့ဖွယ်အသွင်ပြောင်းလဲခြင်းပဲ။ အဲဒါက မင်းကို ကြိုးစားအားထုတ်မှုကတစ်ဆင့် မင်းရဲ့ကံကြမ္မာကို ပြောင်းလဲပစ်ဖို့ အခွင့်အရေး ပေးနိုင်တယ်။”
ကျန်းဟန်က သစ်ပင်ပေါ်ရှိ မျက်နှာဝိုင်း ကြက်ဝတုတ်လေးကို ကြည့်ကာ ပြောလိုက်သည်။ ထိုမျက်နှာဝိုင်း ကြက်ဝတုတ်လေးမှာမူ လက်ရှိတွင် ကြောင်အမ်းအမ်း ဖြစ်နေဆဲဖြစ်ပြီး ပိုင်လင်း၏ အသွင်ပြောင်းလဲမှုဒဏ်မှ ရုန်းမထွက်နိုင်သေးပေ။
သူ့ထံသို့ ရောက်ရှိလာသော ဤတန်ဖိုးမရှိသည့် သားရဲထိန်းချုပ်သူတွင် အမှန်အမှန်တကယ်ပင် စွမ်းရည်အချို့ ရှိနေပုံရပြီး ကျောက်စိမ်းပိုးကောင်တစ်ကောင်ကို ယခုကဲ့သို့ စွမ်းအားကြီးမားသော လျှပ်စီးပိုးကောင်အဖြစ် အသွင်ပြောင်းလဲစေနိုင်ခဲ့သည်။
၎င်းမှာ မူလက လုံးဝမဖြစ်နိုင်သောအရာပင်။ အသွင်ပြောင်းလဲခြင်း ဖြစ်ပေါ်လျှင်ပင် အများအားဖြင့် ဒြပ်စင်တူ အသွင်ပြောင်းလဲခြင်းသာ ဖြစ်တတ်ပြီး ပိုင်လင်းသည် သစ်သားဒြပ်စင်မှ လျှပ်စီးဒြပ်စင်သို့ ပြောင်းလဲသွားခြင်းမှာ အမှန်တကယ်ပင် အံ့ဖွယ်နိမိတ်တစ်ခု ဖြစ်သည်။
“ဂူး...”
သတိပြန်ဝင်လာပြီးနောက်တွင်မူ မျက်နှာဝိုင်း ကြက်ဝတုတ်လေးသည် အထင်သေးဟန်ဖြင့် ၎င်း၏ဦးခေါင်းကို မာနတကြီး မော့လိုက်သော်လည်း ၎င်း၏ စိတ်ထဲတွင်မူ ကျန်းဟန်ကို ပိုမို၍ တန်ဖိုးထားလာမိသည်။
၎င်းသည် ယခင်က မိမိအနေဖြင့် ပြီးပြည့်စုံသော သွေးအရိပ်ညဇီးကွက် ရုပ်ခန္ဓာကို ရရှိခဲ့ခြင်းမှာ မိမိ၏ ကိုယ်ပိုင်ကြိုးစားအားထုတ်မှုကြောင့်ဖြစ်သည်သာ ဟု ထင်မှတ်ခဲ့သော်လည်း ယခုအခါတွင်မူ ကျန်းဟန်၏ ပါရမီစွမ်းရည်၏ ကူညီစောင်မမှု အမှန်တကယ် ပါဝင်နေကြောင်း သဘောပေါက်သွားခဲ့သည်။
ထိုအခိုက်အတန့်မှာပင် ပိုင်လင်းသည် လျှပ်စီးကြာပန်းကို ခူးဆွတ်ပြီး ဖြစ်နေချေပြီ။ လျှပ်စီးကြာပန်းတွင် ကြာစွယ်ကြာဥများ မရှိဘဲ အာဟာရစွမ်းအင်အားလုံးသည် ကြာပန်းပွင့်ထဲ၌သာ တည်ရှိနေခြင်း ဖြစ်သည်။
ပိုင်လင်းက ၎င်းကို တစ်ကိုက်ချင်း ကိုက်စားပြီးနောက် ၎င်း၏ ခန္ဓာကိုယ်မှ အဖြူရောင် လျှပ်စီးအလင်းတန်းများ ပိုမို၍ တောက်လောင်ပေါက်ကွဲ ထွက်ပေါ်လာခဲ့သည်။
နောက်ဆုံးတွင် လျှပ်စီးကြာပန်းကို စားသုံးပြီး မကြာမီမှာပင် ၎င်း၏ အရှိန်အဝါသည် ရုတ်တရက် အကြီးအကျယ် မြင့်တက်လာခဲ့ပြီး ၎င်း၏ခန္ဓာကိုယ် အရွယ်အစားမှာလည်း တဖြည်းဖြည်း ကြီးမားလာကာ တစ်မီတာနီးပါးခန့်အထိပင် ရှိလာခဲ့သည်။
“မင်း လက်ရွေးစင်အဆင့်ကို ထိုးဖောက်သွားပြီပဲ။”
ကျန်းဟန်က ပိုင်လင်းကို ကြည့်လိုက်သည်။ စောစောက လျှပ်စီးအလင်းတန်းများသည် လက်ရွေးစင်အဆင့်သို့ တက်လှမ်းချိန်တွင် အမြုတေကို စုစည်းသိပ်သည်းစေသည့် ထင်ရှားသော လက္ခဏာပင် ဖြစ်သည်။
“ကျိကျိ...”
ပိုင်လင်းက ခေါင်းညိတ်ပြလိုက်သည်။ အမှန်တကယ်တော့ စောစောက ဆင့်ကဲပြောင်းလဲစဉ်အတွင်း စွမ်းအင် အလွန်အမင်း ကုန်ဆုံးမသွားခဲ့ပါက ၎င်းသည် တိုက်ရိုက်ပင် အဆင့်တက်လှမ်းနိုင်ခဲ့မည် ဖြစ်သည်။
အခြားနည်းလမ်းမရှိသဖြင့် စွမ်းအင်များ ပြန်လည်ဖြည့်တင်းရန်နှင့် အဆင့်တက်လှမ်းမှုကို အပြီးသတ်ရန်အတွက်သာ ဤလျှပ်စီးကြာပန်းကို လာရောက်စားသုံးခဲ့ရခြင်း ဖြစ်သည်။
“ဒီနေ့ကတော့ တကယ့်ကို ဝမ်းသာစရာတွေ ထပ်ဆင့်ကြုံရတဲ့နေ့ပဲ။ ငါတို့ အောင်ပွဲခံတဲ့အနေနဲ့ အရသာရှိတဲ့ အစားအစာတစ်ခုခုကို ကောင်းကောင်း စားကြရမယ်။”
ကျန်းဟန်က ဝမ်းသာအားရ ပြောလိုက်သည်။ ၎င်းသည် ပိုင်လင်း၏ ပိုးကောင်ဘဝအတွက် အလှည့်အပြောင်းတစ်ခု ဖြစ်ရုံသာမက သူ၏ ကိုယ်ပိုင်ဘဝအတွက်ပါ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်သည်။
“ဂူး...”
သစ်ပင်ပေါ်ရှိ မျက်နှာဝိုင်း ကြက်ဝတုတ်လေးမှာမူ ဖိအားများကို စတင်ခံစားလိုက်ရသည်။ ၎င်းသည် ပိုင်လင်းက မိမိကို ယခုကဲ့သို့ မြန်မြန်ဆန်ဆန် လိုက်မှီလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ မဖြစ်ချေ...။ ၎င်းအနေဖြင့် ပိုင်လင်းကို အမြန်ဆုံး ဖြတ်ကျော်ကာ အဝေးကြီးမှာ ပြတ်ကျန်ရစ်ခဲ့အောင် လုပ်ရမည်ဟု ဆုံးဖြတ်ချက် ချလိုက်တော့လေသည်။
“သွားကြစို့။ နေ့လယ်စာစားပြီးရင် မြွေဖြူတောင်ဆီကို ခြေဦးလှည့်ကြမယ်။”
ကျန်းဟန်က သူ၏သားရဲနှစ်ကောင်ကို ကြည့်ကာ ပြောလိုက်သည်။
ထို့နောက်တွင် သူသည် ပိုင်လင်စကို ခေါ်ဆောင်ကာ ဟင်းချက်စရာ ပါဝင်ပစ္စည်းများကို နေရာအနှံ့ လိုက်လံရှာဖွေတော့သည်။
“ဟိုက ဝက်ဝံမြေခွေးက ကြည့်ရတာ တော်တော်လေး အရသာရှိမယ့်ပုံပဲ။ ပိုင်လင်း... မင်းရဲ့ လျှပ်စစ်ထုတ်လွှတ်မှု စွမ်းရည်ကို ငါ့ကို ပြပါဦး။”
ကျန်းဟန်က မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်မိ၏။
လျှပ်စစ်ထုတ်လွှတ်ခြင်း စွမ်းရည်သည် ဝိဉာဉ်စွမ်းအင် ပေါက်ကွဲခြင်းစွမ်းရည် အမျိုးအစားတွင် ပါဝင်ပြီး လက်ရွေးစင်အဆင့် သားရဲများအတွက် ကျင့်ကြံရန် အလွန်တရာ ခက်ခဲလှပေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အမြုတေမှာ ယခုမှသာ စတင်ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်ပြီး တည်ငြိမ်မှုမရှိသေးသဖြင့် ဝိဉာဉ်စွမ်းအင် ပေါက်ကွဲခြင်း စွမ်းရည်ကို ထုတ်ဖော်ပြသရန် အလွန်ပင် ခက်ခဲသောကြောင့် ဖြစ်သည်။
ယေဘုယျအားဖြင့် အလယ်အလတ် သို့မဟုတ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိမှသာ ၎င်းကို စတင်လေ့ကျင့်နိုင်ကြခြင်းဖြစ်သည်။ ပိုင်လင်းကဲ့သို့ လက်ရွေးစင်အဆင့် အစောပိုင်းအဆင့်၌ပင် ဝိဉာဉ်စွမ်းအင် ပေါက်ကွဲစွမ်းရည်ကို ထုတ်ဖော်နိုင်ခြင်းမျိုးမှာမူ ၎င်း၏အမျိုးအစားထဲတွင် အမှန်တကယ်ပင် အဆင့်အတန်းတစ်ခု သီးခြားခွဲထွက်နေသည်မှာ သေချာလှပေသည်။
“ကျိ...”
ပိုင်လင်းက ခေါင်းညိတ်ပြလိုက်ပြီး ၎င်းအပေါ်သာ ပုံအပ်ထားလိုက်ရန် အမူအရာပြလိုက်သည်။
၎င်းသည် တိတ်တဆိတ်ပင် ခြေလှမ်းအနည်းငယ် ခုန်ဆွခုန်ဆွလုပ်လိုက်ရာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဝက်ဝံမြေခွေး၏ အထက် ၅ မီတာ၊ ၆ မီတာခန့်အကွာရှိ သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ရောက်ရှိသွားခဲ့သည်။
ထို့နောက် ၎င်း၏ဦးခေါင်းပေါ်ရှိ ဦးချိုမှ လျှပ်စီးကြောင်းတစ်ခု ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာ၏။ ထိုလျှပ်စီးကြောင်းသည် တစ်လက်မခန့် တုတ်ခိုင်နေပြီး လေထုထဲတွင် ကောက်ကွေ့၍ ပုံသဏ္ဌာန်မမှန်သော လျှပ်စစ်ပတ်လမ်းတစ်ခုကို ဖြစ်ပေါ်စေခဲ့သော်လည်း နောက်ဆုံးတွင်မူ ဝက်ဝံမြေခွေးထံသို့ တည့်တည့်မတ်မတ် တိကျစွာ ထိမှန်သွားခဲ့သည်။
ဘမ်း... ဟူသော အသံတစ်ခုနှင့်အတူ အစေခံအဆင့် ထိုဝက်ဝံမြေခွေးသည် မြေပြင်ပေါ်သို့ ချက်ချင်း လဲကျသွားပြီး လုံးဝ မလှုပ်ရှားတော့ပေ။
၎င်း သေဆုံးသွားခဲ့ချေပြီ။
“ကျိ...”
ပိုင်လင်းသည် ကျန်းဟန်၏ ဘေးနားသို့ အပြေးပြန်လာကာ ဝမ်းသာအားရ အော်ဟစ်ရင်း ၎င်း၏ စွမ်းဆောင်ရည်အတွက် ချီးကျူးမှု ခံယူရန် အားထုတ်နေတော့သည်။