← Chapters

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅

Vol. 5 Ch. 45

အခန်း ၄၅

“တကယ်ကို အံ့သြဖို့ကောင်းတာပဲ...ပိုင်လင်း။”

ကျန်းဟန်သည် လျှပ်စစ်ထုတ်လွှတ်မှု စွမ်းရည်၏ စွမ်းပကားကို မြင်တွေ့လိုက်ရသောအခါ အလွန်ပင် စိတ်လှုပ်ရှားသွားခဲ့သည်။ ၎င်းသည် သူ စိတ်ကူးထားခဲ့သည်ထက်ပင် ပိုမိုပြင်းထန်လှပေသည်။

“ကျိ...”

ပိုင်လင်းသည် ပျော်ရွှင်စွာဖြင့် ၎င်း၏ဦးခေါင်းကို မော့လိုက်သည်။

“ဒါနဲ့ ပိုင်လင်း... မင်းက လျှပ်စစ်ရှော့ခ်တိုက်ခံရုံနဲ့ ဝိဉာဉ်စွမ်းအင်တွေကို ပြန်လည်ဖြည့်တင်းနိုင်ပြီးတော့ လျှပ်စစ်ထုတ်လွှတ်မှုစွမ်းရည်ကို ဆက်တိုက် ထုတ်လွှတ်နိုင်မှာလား။”

ကျန်းဟန်က ထပ်မံမေးမြန်းလိုက်သည်။

လက်ရွေးစင်အဆင့် သားရဲတစ်ကောင်၏ သားရဲအမြုတေမှာ အလွန်တရာ သေးငယ်လှ၏။ ယေဘုယျအားဖြင့် ဝိဉာဉ်စွမ်းအင် ပေါက်ကွဲခြင်းစွမ်းရည်ကို တစ်ကြိမ် ထုတ်ဖော်ပြီးသည်နှင့် ၎င်း၏ ဝိဉာဉ်စွမ်းအင်များ ကုန်ခမ်းသွားတတ်သည်။ စွမ်းအင်များ ပြန်လည်ဖြည့်တင်းပေးဦးတော့ တစ်နေ့လျှင် အများဆုံး နှစ်ကြိမ်သာ ထုတ်လွှတ်နိုင်မည်ဖြစ်သည်။

မဟုတ်ပါက တည်ငြိမ်မှုမရှိသေးသော အမြုတေအပေါ် ဖိအားများသက်ရောက်စေပြီး ၎င်း၏အလားအလာကို ထိခိုက်ပျက်စီးစေနိုင်သည်။

သာမန် သားရဲထိန်းချုပ်သူများသည် ၎င်းတို့၏ လက်ရွေးစင်အဆင့်သားရဲများ၏ အလားအလာကို အမြင့်ဆုံးအတိုင်းအတာအထိ မထိခိုက်စေရန်အတွက် တစ်နေ့လျှင် တစ်ကြိမ်သာ ဝိဉာဉ်စွမ်းအင် ပေါက်ကွဲခြင်းစွမ်းရည်ကို အသုံးပြုခိုင်းလေ့ရှိကြသည်။

“ကျိ...”

ပိုင်လင်းက ခေါင်းခါပြလိုက်၏။ ၎င်းအနေဖြင့် ယခင်က မစမ်းသပ်ဖူးသေးသော်လည်း လက်ရှိတွင် ၎င်း၏ အမြုတေမှာ နေရခက်ခဲသည့် ခံစားချက်မျိုး မရှိဘဲ ဝိဉာဉ်စွမ်းအင်အများစု ကုန်ဆုံးသွားသည်ဟုသာ ခံစားရကြောင်း ပြန်လည်အချက်ပြလာခဲ့သည်။

ဆင့်ကဲပြောင်းလဲပြီး အဆင့်တက်သွားပြီးနောက် ပိုင်လင်း၏ အသိစိတ်မှာ ပိုမိုအားကောင်းလာခဲ့ရာ ကျန်းဟန်နှင့် ဆက်သွယ်ပြောဆိုရသည်မှာ ပိုမိုလွယ်ကူလာခဲ့သည်။

“ရပါတယ်။ ဒီနေ့တော့ ထပ်မသုံးနဲ့တော့။ နောက်မှ ဖြည်းဖြည်းချင်း စမ်းသပ်ကြည့်ကြတာပေါ့။”

ကျန်းဟန် ခေါင်းညိတ်လိုက်သည်။ သူသည် ပိုင်လင်းကို တစ်ကြိမ်သာ ထုတ်လွှတ်ခိုင်းခဲ့ခြင်းမှာ အဓိကအားဖြင့် ၎င်း၏စွမ်းဆောင်ရည်အပေါ် သဘောတရားနှင့် နားလည်မှုကို ရရှိရန်ဖြစ်ပြီး တိုက်ပွဲများကို ပိုမိုကောင်းမွန်စွာ လမ်းညွှန် အမိန့်ပေးနိုင်ရန်အတွက် ဖြစ်သည်။

ကျန်းဟန်သည် လျှောက်သွားပြီး ဝက်ဝံမြေခွေးကို ကောက်ယူလိုက်သည်။ အပြန်လမ်းတွင် ပိုင်လင်းသည် သစ်ပင်များပေါ်မှ တောဆီးသီး အတော်များများကိုလည်း ခူးဆွတ်ခဲ့သည်။

၉ လပိုင်းကုန်ပိုင်းသို့ ရောက်ရှိနေပြီဖြစ်ရာ တောဆီးသီးများ မှည့်ဝင်းသော ရာသီဖြစ်ပေသည်။

ဝက်ဝံမြေခွေး၏ အသားမှာ အလွန်အရသာရှိလှ၏။ ကျန်းဟန်သည် ၎င်း၏ အစာအိမ်ကို အသုံးပြု၍ အသားများနှင့် တောဆီးသီးအချို့ကို ရစ်ပတ်ကာ ဘာဂါစတိုင် အစာအိမ်အစာသွပ်ကင်ကို ပြုလုပ်လိုက်သည်။

“ကဲ... ဒါက ပိုင်လင်းအတွက်...ဒါက ဟုတ်ဟုတ်အတွက်။”

စားသောက်ရမည့်အချိန်သို့ ရောက်သောအခါ ကျန်းဟန်သည် အစားအစာများကို ပြင်ဆင်ချပြလိုက်ပြီး သားရဲနှစ်ကောင်နှင့်အတူ ဝိုင်းဖွဲ့ကာ ထိုင်လိုက်တော့သည်။

သူသည် သားရဲနှစ်ကောင်အတွက် အစားအစာအချို့ကို ခွဲဝေပေးခဲ့သော်လည်း ၎င်းတို့သည် အဓိကအားဖြင့် အမှောင်သွေးသစ်သီးများ၊ ကျောက်စိမ်းမှုန့်နှင့် သူရှာဖွေတွေ့ရှိထားသည့် ၎င်းတို့နှင့် ကိုက်ညီသော ဒြပ်စင်ရှိသည့် အမြုတေအချို့ကိုသာ စားသုံးကြသည်။

သားရဲနှစ်ကောင်သည် ကျန်းဟန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် အစားအစာများကိုသာ ခေါင်းငုံ့စားနေကြတော့သည်။ အစားအသောက်နှင့် ပတ်သက်လာလျှင် ၎င်းတို့က ဘယ်တော့မှ အားနာတတ်ကြသည်မဟုတ်ပေ။

ကျန်းဟန်တစ်ယောက်သာလျှင် ယခုတစ်ခေါက် အပြင်ပြန်ရောက်လျှင် ဝိဉာဉ်ပစ္စည်းများကို ထပ်မံဝယ်ယူရဦးမည်ဟု တွေးတောနေမိသည်။ သူ၏သားရဲနှစ်ကောင်စလုံးသည် အထူးပြုလုပ်ထားသော အသွင်ပြောင်းလဲခြင်းဆေးရည်များ မလိုအပ်သော်လည်း ၎င်းတို့စားသုံးရမည့် ဝိဉာဉ်ပစ္စည်းများမှာမူ မရှိမဖြစ် လိုအပ်ပေသည်။

၎င်းသည် သားရဲများ လျင်မြန်စွာ ကြီးထွားလာစေရန်အတွက် သော့ချက်ပင် ဖြစ်သည်။ အကယ်၍ ၎င်းကို ပေါ့ပေါ့တန်တန် သဘောထားလိုက်မည်ဆိုပါက ၎င်းတို့၏ ကြီးထွားမှုကို များစွာ ထိခိုက်စေလိမ့်မည် ဖြစ်သည်။

“ဟားဟား... ငါ့လက်ရာဆိုတော့လည်း ပြောစရာမလိုအောင် အရသာရှိတာပဲ။”

ကျန်းဟန်က အစာသွပ်ထားသော အစာအိမ်ကို တစ်ကိုက် ကိုက်စားကြည့်ရာ အလွန်အရသာရှိလှသော်လည်း ဤအစာအိမ်က အကောင်းဆုံးအပိုင်း မဟုတ်သေးပေ။

အကောင်းဆုံးအပိုင်းမှာမူ မီးပုံပေါ်တွင် ကင်နေသည့် ဝက်ခြေထောက်ပင် ဖြစ်သည်။ သူသည် တောရိုင်းဇီရာ သို့မဟုတ် စမုန်စပါးကို ရှာဖွေတွေ့ရှိခဲ့သည်။ ထို့ကြောင့် အရသာမှာ နောက်ထပ်အဆင့်တစ်ခုသို့ မြင့်တက်သွားခဲ့ရသည်။

စားသောက်ပြီးနောက် ခဏ အနားယူပြီး ကျန်းဟန်သည် မတ်တတ်ရပ်ကာ မြွေဖြူတောင်ရှိရာ ဘက်သို့ လှမ်းကြည့်လိုက်သည်။

“သွားကြစို့။ ငါတို့ ဟိုဘက်ဦးတည်ချက်အတိုင်း သွားကြမယ်။”

“ဂူး...”

ဟုတ်ဟုတ်က ထိုဘက်ရှိ ကောင်းကင်ယံတွင် ပျံသန်းနေသော ကင်းထောက်ဒရုန်း အချို့ကို လှမ်းကြည့်လိုက်ပြီး သူ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ထဲသို့ ပြန်ဝင်ချင်ကြောင်း အချက်ပြလိုက်သည်။

“ကောင်းပြီ။ ဒါဆိုရင် မင်း အရင်ပြန်နားနှင့်တော့။”

ကျန်းဟန်က သူ့လက်ကို မြှောက်ကာ သားရဲထိန်းချုပ်ခြင်း ဟင်းလင်းပြင်ကို ဖွင့်လှစ်ပြီး ဟုတ်ဟုတ်ကို အတွင်းသို့ ပြန်လည်ခေါ်ယူလိုက်သည်။

မြွေဖြူတောင်သည် ဤနေရာနှင့် မတူပေ။ ကောင်းကင်ယံတွင် ဒရုန်းများစွာ ပျံသန်းနေပြီး သားရဲများကို စီးနင်းထားသော ဆရာ၊ ဆရာမများသည်လည်း အခါအားလျော်စွာ ပျံသန်းဖြတ်သန်းသွားလေ့ရှိကြသည်။

၎င်းတို့သည် အဓိကအားဖြင့် ကျောင်းသား၊ ကျောင်းသူများ၏ ရှင်သန်နေထိုင်မှု အခြေအနေများကို စစ်ဆေးရန် ရောက်ရှိနေကြခြင်း ဖြစ်သည်။

ယခုအခါ မွန်းလွဲပိုင်းသို့ ရောက်ရှိနေပြီဖြစ်သော်လည်း မမှောင်ခင်အထိ အချိန်အနည်းငယ် ကျန်ရှိနေသေးသည်။ ရာသီဥတုက အေးမြလန်းဆန်းမှု ရှိနေသဖြင့် ခရီးသွားရန်အတွက် အလွန်ကောင်းမွန်သော အချိန်အခါပင် ဖြစ်သည်။

“ပိုင်လင်း... သွားကြစို့။”

ကျန်းဟန်သည် ပိုင်လင်းနှင့်အတူ မြွေဖြူတောင်ဆီသို့ ဦးတည်ထွက်ခွာလာခဲ့သည်။ ယခုအခါ ပိုင်လင်းသည် အသွင်ပြောင်းလဲသွားပြီး ငွေရောင် (လက်ရွေးစင်အဆင့်) သို့ ရောက်ရှိသွားပြီဖြစ်ရာ မြွေဖြူတောင် ရတနာသိုက်ဆိုသည်ကို သွားရောက်ကြည့်ရှုရန် အချိန်တန်ပြီ ဖြစ်သည်။

ကျန်းဟန် ထွက်ခွာသွားပြီး မကြာမီမှာပင် လူတစ်စုသည် မိုးကြိုးဖားများရှိရာ ရေကန်အပြင်ဘက်သို့ ရောက်ရှိလာခဲ့ကြသည်။

“သတိထားကြ။ ရှေ့မှာ မိုးကြိုးဖား ရေကန်ရှိတယ်။”

ခေါင်းဆောင်ဖြစ်သူမှာ မြင်းမျက်နှာနှင့် လူငယ်တစ်ဦးဖြစ်ပြီး သူက ထိုအဖွဲ့၏ ခေါင်းဆောင် ဖြစ်သည်။ သူ၏နောက်တွင်မူ အနည်းငယ် ပို၍နုနယ်ပျိုမြစ်ပုံရသော ဆယ်ကျော်သက်လူငယ် လေးဦး လိုက်ပါလာကြသည်။

“အစ်ကို ပိုင်ရှန်း မင်း သေချာရဲ့လား။ မိုးကြိုးဖား ရေကန်ဘက်ကနေ ဖားအော်သံတွေ ဘာလို့မကြားရတာလဲ။”

လူငယ်တစ်ဦးက ဇဝေဇဝါဖြင့် မေးလိုက်သည်။

“ငါလည်း သေချာမသိဘူး။ တိတ်တဆိတ် သွားကြည့်ကြတာပေါ့။”

မြင်းမျက်နှာနှင့် လူငယ် ပိုင်ရှန်းသည်လည်း အနည်းငယ် ဝေခွဲမရဖြစ်သွားပြီး အဖွဲ့ကို ဦးဆောင်ကာ ဖြည်းဖြည်းချင်း ချဉ်းကပ်သွားခဲ့သည်။

“ငလူး... သောက်ကျိုးနည်း...”

အနားသို့ ရောက်ရှိသွားချိန်တွင် ထိုအဖွဲ့မှာ အံ့အားမသင့်ဘဲ မနေနိုင်ခဲ့ကြပေ။ မိုးကြိုးဖားအားလုံးသည် မျက်ဖြူလန်ကာ ဝမ်းဗိုက်များကို အပေါ်သို့လှန်လျက် အားအင်ကုန်ခမ်းစွာဖြင့် ရေပေါ်တွင် ပေါလောပေါ်နေကြသောကြောင့် ဖြစ်သည်။

“ဒါက စရိုက်လက္ခဏာ ပျက်ပြားသွားတာလား၊ ဒါမှမဟုတ် ကျင့်ဝတ်သိက္ခာတွေ ဆုံးရှုံးကုန်တာလား။”

တစ်ယောက်က အံ့ဩတကြီး ရေရွတ်လိုက်သည်။

“ဒီမိုးကြိုးဖားတွေအားလုံး ပူးပေါင်းပြီး ထုတ်လွှတ်တဲ့ လျှပ်စီးစွမ်းအားက ခေါင်းဆောင်အဆင့် သားရဲတစ်ကောင်ကိုတောင် ဖြိုလှဲနိုင်တယ်လို့ ပြောခဲ့ကြတယ် မဟုတ်ဘူးလား။ အခု ဘာတွေ ဖြစ်ကုန်တာလဲ။”

“ဒီကျောင်းသားတွေထဲမှာ ခေါင်းဆောင်အဆင့် သားရဲပိုင်ဆိုင်ထားတဲ့လူ ရှိနေတာများလား။”

ထိုအဖွဲ့ထဲတွင် လူတိုင်းက တစ်ပြိုင်နက်တည်း ဝိုင်းဝန်းဆွေးနွေးနေကြတော့သည်။

အဖွဲ့ခေါင်းဆောင် ပိုင်ရှန်းပင်လျှင် အနည်းငယ် ထိတ်လန့်စိုးရိမ်လာခဲ့သည်။

“ငါ့ကိုစောင့်နေ။ ငါဒါကို အခြေအနေကို စမ်းသပ်ကြည့်ဖို့ အထက်ကို အရင်ဆုံး အစီရင်ခံလိုက်ဦးမယ်။ ပြီးမှပဲ ငါတို့ ဆုံးဖြတ်ချက်ချကြတာပေါ့။”

အကယ်၍ ထိုကဲ့သို့သောလူမျိုး ကျောင်းသားများကြားထဲတွင် အမှန်တကယ် ပုန်းအောင်းနေပါက ယခင်က ချမှတ်ထားသော အစီအစဉ်ကို ပြောင်းလဲရမည် ဖြစ်သည်။

အချိန်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် မိုးချုပ်လုနီးပါး ဖြစ်လာခဲ့ပြီး ကျန်းဟန်သည် မြွေဖြူတောင်နှင့် သိပ်မဝေးလှသော နေရာတစ်ခုသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

အဓိကအကြောင်းရင်းမှာ ရှေ့ခရီးလမ်းကို အခြားသူများက ရှာဖွေရှင်းလင်းသွားကြပြီးဖြစ်ရာ အန္တရာယ်များစွာ လျော့နည်းသွားခဲ့ပြီး သူ၏ ခရီးစဉ်မှာ အလွန်ပင် ချောမွေ့လွယ်ကူခဲ့သည်။

“ဟိုဘက်က သံမဏိတောင်ပဲ။ အဲဒီဘက်ကို သွားကြည့်ရအောင်။”

ကျန်းဟန်က ရှေ့မှ တောင်တစ်ခုကို ကြည့်ကာ ပြောလိုက်သည်။ ၎င်းသည် မြွေဖြူတောင်နှင့် ကီလိုမီတာအနည်းငယ်သာ ကွာဝေးပြီး ပတ်ဝန်းကျင်တွင်လည်း လူဦးရေ ပိုမိုများပြားလာခဲ့သည်။

ရှေ့ဘက် မီတာ ခုနစ်ရာ သို့မဟုတ် ရှစ်ရာခန့်အကွာတွင် အတော်အတန်ကြီးမားသော သံမဏိတောင်တစ်ခု ရှိနေသည်။ တောင်တစ်ခုလုံးမှာ အနီရင့်ရောင် သန်းနေပြီး သားရဲများစွာ မှီတင်းနေထိုင်ကြပုံရသည်။ အဝေးမှပင် ထိုနေရာ၌ ပြင်းထန်သော ဝိဉာဉ်စွမ်းအင်လှိုင်းများကို သူ အာရုံခံမိနေသည်။

“ကျိ...”

ပိုင်လင်းကလည်း ခေါင်းညိတ်ပြလိုက်ပြီး အနားသို့ သွားရောက်ကြည့်ရှုချင်ကြောင်း အချက်ပြလိုက်သည်။

ချက်ချင်းပင် လူတစ်ယောက်နှင့် ပိုးကောင်တစ်ယောက်သည် သံမဏိတောင်ရှိရာ ဦးတည်ချက်သို့ လျှောက်သွားခဲ့ကြသည်။ သူတို့ အဝေးကြီး မရောက်သေးမီမှာပင် ဘေးနားရှိ သစ်ပင်ကြီးတစ်ပင်ပေါ်မှ အသံတစ်သံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

ထို့နောက်တွင်ပင် အမည်းရောင် အရိပ်တစ်ခုသည် ကျန်းဟန်ထံသို့ တည့်တည့်မတ်မတ် အရှိန်ပြင်းစွာ ခုန်ဆင်း တိုက်ခိုက်လာတော့သည်။

“ကျီးးးးး...”

ပိုင်လင်းက ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ခေါင်းမော့ကာ ပိုးမျှင်တစ်ခု ထွေးထုတ်ပြီး ပင့်ကူအိမ်ကွန်ရက်ကြီးတစ်ခုကို ဖန်တီးလိုက်သည်။

“ရှူး... ရှူး...”

ပိုးမျှင်ကွန်ရက်သည် ထိုသားရဲ၏ လှုပ်ရှားမှုကို ပိတ်ဆို့လိုက်ပြီး ၎င်းကို မလွှဲမရှောင်သာ ရပ်တန့်သွားစေခဲ့သည်။ ၎င်းသည်လည်း ပိုးမျှင်တစ်ခုကို အလားတူ ထွေးထုတ်ကာ ဘေးနားရှိ သစ်ပင်ကြီးတစ်ပင်ပေါ်သို့ ဆွဲတင်လိုက်သည်ကို မြင်တွေ့လိုက်ရသည်။

“ဆာလောင်ခြင်း တစ္ဆေပင့်ကူပဲ။”

ထိုအခါမှသာ ကျန်းဟန်သည် ထိုကောင်၏ မျိုးစိတ်ကို ခွဲခြားသိမြင်လိုက်ရသည်။ ၎င်းသည် သစ်ပင်များပေါ်တွင် ပုန်းအောင်းကာ ဖြတ်သန်းသွားလာနေသော သားကောင်များကို တိုက်ခိုက်တတ်သည့် နာမည်ဆိုးဖြင့် ကျော်ကြားသော ပင့်ကူသားရဲအမျိုးအစား ဖြစ်သည်။

ထို့ပြင် ၎င်းသည် အလွန်တရာ လိမ္မာပါးနပ်လှပေသည်။ ၎င်းသည် အမြဲတမ်း သားရဲထိန်းချုပ်သူကို အရင်ဆုံး တိုက်ခိုက်ချေမှုန်းပြီးမှသာ သားရဲကို ဆက်လက်ကိုင်တွယ်ဖြေရှင်းရန် ရွေးချယ်လေ့ရှိကြသည်။

ဤကောင်သည် သစ်သားနှင့် သွေးဒြပ်စင် နှစ်မျိုးရှိပြီး လက်ရွေးစင်အဆင့် အစောပိုင်းအဆင့်ဖြစ်ကာ ဆာလောင်နေသော တစ္ဆေတစ်ကောင်ကဲ့သို့ အလွန်တရာ လောဘရမ္မက်ကြီးလှသည့် စရိုက်ရှိသည်။ ၎င်းသည် ဘယ်သောအခါမှ ဝလင်သည်ဟူ၍ မရှိဟုပင် ပြောနိုင်သည်။

ထို့ပြင် ၎င်း၏ ထူးခြားချက်ကိုလည်း ဆာလောင်ခြင်း တစ္ဆေဟုပင် ခေါ်ဆိုကြပြီး အစားအစာများကို စားသုံးခြင်းဖြင့် ဆင့်ကဲပြောင်းလဲခြင်းဖြစ်စဉ်၏အအနှစ်သာရ အချို့ကို ရရှိနိုင်စွမ်းရှိရာ ၎င်း၏ အလားအလာမှာ အလွန်ပင် အားကောင်းလှသည်။

သို့သော်လည်း ၎င်းသည် လူသားများအား အညံ့ခံရမည်ကို လုံးဝလက်မခံသည့် သားရဲအမျိုးအစားထဲတွင် ပါဝင်သည်။ လူသားများ၏ ဖမ်းဆီးခြင်းကို ခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့ကိုယ်တိုင် ချက်ချင်းပင် နှိပ်စက်စုတ်ပြတ်အောင် လုပ်ပစ်တတ်ကြသည်။

အဆင့်တူချင်းဖြစ်သဖြင့် ပိုင်လင်းအတွက် ဤပင့်ကူကို ကိုင်တွယ်ရသည်မှာ အလွန်အမင်း ခက်ခဲလိမ့်မည်မဟုတ်ပေ။ ကျန်းဟန်သည် ဤဆာလောင်ခြင်း တစ္ဆေပင့်ကူကို ကိုင်တွယ်ဖြေရှင်းရန် ပိုင်လင်းအား အမိန့်ပေးတော့မည့်အချိန်မှာပင်....

“ညီအစ်ကို... မကြောက်နဲ့...။ ငါတို့ ကူညီပေးမယ်။”

ကျန်းဟန် မလှုပ်ရှားရသေးမီမှာပင် အဝေးတစ်နေရာမှ အသံတစ်သံ ထွက်ပေါ်လာခဲ့ပြီး မလှမ်းမကမ်းမှ လူလေးဦး အပြေးအလွှား ရောက်ရှိလာခဲ့ကြကာ ၎င်းတို့၏ သားရဲများကို အမိန့်ပေး၍ ဆာလောင်ခြင်း တစ္ဆေပင့်ကူကို ဝိုင်းရံပိတ်ဆို့လိုက်ကြသည်။

“ညီအစ်ကို... မကြောက်နဲ့။ ဒီတစ္ဆေပင့်ကူကို ငါတို့ဆီသာ လွှဲထားလိုက်။”

ထိုလူလေးဦးမှာ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးနှစ်ဦး ဖြစ်သည်။ စကားပြောလိုက်သူမှာ အရပ်ရှည်ရှည် ပိန်ပိန်နှင့် ဆယ်ကျော်သက်လူငယ်တစ်ဦးဖြစ်ပြီး သူ၏ သားရဲမှာ လေညင်းကြိုးကြာ ဖြစ်သည်။

စကားပြောနေစဉ်အတွင်းမှာပင် ထိုလူလေးဦး၏ သားရဲများသည် တိုက်ရိုက်ပင် စတင်လှုပ်ရှား တိုက်ခိုက်လိုက်ကြ၏။ ၎င်းတို့၏ သားရဲများထဲတွင် နှစ်ကောင်သာ လက်ရွေးစင်အဆင့်သို့ ရောက်ရှိသေးသော်လည်း ၎င်းတို့တွင် ထိန်းချုပ်မှုစွမ်းရည်နှင့် တိုက်ခိုက်မှုစွမ်းရည် နှစ်မျိုးလုံး ရှိကြသည်။ ၎င်းတို့၏ စနစ်တကျ ပူးပေါင်းဆောင်ရွက်မှုကြောင့် ထိုတစ္ဆေပင့်ကူသည် ထွက်ပြေးရန် အခွင့်အရေးပင်မရလိုက်ဘဲ ငါးချီမျှသာ ခံပြီးနောက် သေဆုံးသွားခဲ့တော့သည်။

All Chapters