အခန်း ၄၇
Vol. 5 Ch. 47
အခန်း ၄၇
“အတန်းဖော်...မင်း အဲဒီလိုကြီးတော့ ပြောလို့မရဘူးလေ။ ဒီသားရဲက မင်းတို့ဟာလား။ ဒါမှမဟုတ် ဒီတောင်က မင်းတို့ဟာမို့လို့လား။”
စကားပြောလိုက်သူမှာ အရပ်ရှည်ရှည် ပိန်ပိန်နှင့် လူငယ်ဖြစ်ပြီး သူက တစ်ဖက်လူများကို ကြည့်ကာ အေးစက်စက် နှာခေါင်းရှုံ့၍ လှောင်ပြောင်လိုက်သည်။
“နင်... အရှက်မရှိလိုက်တာ။ ဒီသားရဲတွေကို ငါတို့ သတ်ထားတာဟဲ့။”
လီဇီဝေသည် တစ်ဖက်လူ၏ စကားကြောင့် ဒေါသအလိပ်လိပ် ထွက်သွားခဲ့ရ၏။ မျက်နှာချင်းဆိုင်မှ ဤလူလေးဦးသည် တကယ့်ကို ရွံရှာစက်ဆုပ်ဖို့ ကောင်းလွန်းသည်ဟု သူမ ခံစားလိုက်ရသည်။
“ဟက်... ငါတို့က နင်တို့ကို ဝိုင်းကူပေးတဲ့အတွက် နင်တို့ ငါတို့ကို ကျေးဇူးတင်သင့်တယ်။ မဟုတ်ရင် နင်တို့တစ်သိုက် ဒီသားရဲတွေလက်ချက်နဲ့ သေကုန်လောက်ပြီ။”
ဆူးနတ်ဆိုးဟုခေါ်သော သစ်သားဒြပ်စင်သားရဲကို အမိန့်ပေးနေသည့် ဆံပင်တိုနှင့် မိန်းကလေးကပါ ဝင်၍လှောင်ပြောင်လိုက်သည်။
“အတိအကျပဲ...။ ကျေးဇူးမကန်းနဲ့။ အခုချက်ချင်း ထွက်သွားကြစမ်း။”
“မဟုတ်လို့ နောက်မှ မတော်တဆ ထိခိုက်ဒဏ်ရာရသွားရင် မကောင်းဘူး။”
ကျန်ရှိသော လူနှစ်ဦးကလည်း ဝိုင်းဝန်းရယ်မောကာ သရော်စာဆိုလိုက်ကြသည်။
စကားပြောနေစဉ်အတွင်းမှာပင် ထိုလူလေးဦးသည် သားရဲများကို စတင်ရှင်းလင်းတော့၏။
ထို့ပြင် ၎င်းတို့သည် သားရဲအားလုံးကို သတ်ပစ်ခြင်းမျိုး မဟုတ်ဘဲ လီဇီဝေတို့အဖွဲ့ကို အချိန်ဆွဲပိတ်ဆို့ထားရန်အတွက် သားရဲအများအပြားကို တမင်တကာ ချန်ထားခဲ့ပြီး ၎င်းတို့ကိုယ်တိုင်အတွက်မူ သားရဲဂူဆီသို့ ဦးတည်သည့် လမ်းကြောင်းအကျဉ်းလေးတစ်ခုကိုသာ အတင်းအဓမ္မ ဖောက်ထွက်သွားကြသည်။
“အတန်းခေါင်းဆောင်...လီဇီဝေ... ငါတို့ ဘာဆက်လုပ်ကြမလဲ။”
လီဇီဝေ၏ ဘေးနားရှိ အရပ်ပုပု မိန်းကလေးက ဘေးမှ အတန်းအရာရှိနှစ်ဦးကို ကြည့်ကာ ဘာလုပ်ရမှန်းမသိဘဲ အားကိုးတကြီး မေးလိုက်သည်။
၎င်းတို့အဖွဲ့တွင် မူလကတည်းက သုံးယောက်တည်းသာ ရှိခြင်းဖြစ်ပြီး ဤသားရဲများကို ရင်ဆိုင်ရန်အတွက်ပင် အနိုင်နိုင် ရုန်းကန်နေရခြင်း ဖြစ်သည်။ ယခုအခါ လမ်းဖြတ်လုခြင်းကိုပါ ခံလိုက်ရသဖြင့် သူမတစ်ယောက် ချက်ချင်းပင် မျက်စိပျက်မျက်နှာပျက် ဖြစ်သွားခဲ့ရသည်။
“မကြောက်နဲ့။ ငါတို့လည်း တိုက်ခိုက်ပြီး အဲဒီဂူထဲကို တိုက်ရိုက်ဝင်လုကြမယ်။ ဒီကို ငါတို့ အရင်ရောက်တာပဲ။ သားရဲတွေကိုလည်း အများကြီး သတ်ထားပြီးပြီပဲ။ ဘာလို့ သူတို့ကို အလကားပေးလိုက်ရမှာလဲ။ ဆရာ ရောက်လာရင်တောင် ငါတို့ဘက်က မှန်တယ်။ ပြီးတော့ ဒါက တောရိုင်းထဲမှာဆိုပေမဲ့ ကျောင်းစည်းကမ်းအရ တစ်ယောက်နဲ့တစ်ယောက် အနာတရဖြစ်အောင် မလုပ်ရဘူးလို့ တားမြစ်ထားပြီးသား။”
အတန်းခေါင်းဆောင် ချန်းလန်က မဲမှောင်နေသောမျက်နှာဖြင့် လေးလေးနက်နက် ပြောလိုက်သည်။ သူမသည် သူမ၏နုနယ်သော လက်သီးလေးများကို တင်းတင်းဆုပ်ထားပြီး အခြားသူများထက် ပိုမိုပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ထွက်ပေါ်နေသည်။
သူမ ရင်ထဲတွင် အလွန်ပင် မွန်းကျပ်နေမိသည်။ အကယ်၍ သူမ၏ သားရဲ ကောင်းကင်လျှောက်လှမ်းခြင်းကြောင်သာ လက်ရွေးစင်အဆင့်သို့ ရောက်ရန် အနည်းငယ် မလိုအပ်သေးပါက ဤကောင်များကို ယခုကဲ့သို့ မာနထောင်လွှားခွင့် ပေးထားမည်မဟုတ်ပေ။
ထိုအရပ်ရှည်ရှည် ပိန်ပိန်လူငယ်၏ လေညင်းကြိုးကြာသည် အမှန်တကယ်ပင် လက်ရွေးစင်အဆင့် ဖြစ်နေပြီး ကျန်လူလေးဦးနှင့်လည်း တိုက်ပွဲဝင်စနစ်တစ်ခု ဖွဲ့စည်းထားသော်လည်း....
လက်ရွေးစင်အဆင့်ရှိသော ကောင်းကင်လျှောက်လှမ်းခြင်းကြောင်သည်လည်း အလွယ်တကူ အနိုင်ကျင့်၍ရသော သားရဲမဟုတ်ပေ။ ၎င်း၏ အထူးပုံရိပ်ယောင်၏ ကူညီစောင်မမှုဖြင့် အပြင်းအထန် ပြန်လည်တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။
“အတန်းခေါင်းဆောင် ပြောတာမှန်တယ်။ မကြောက်ကြနဲ့။ ဒီရတနာသိုက်ရဲ့ တစ်ဝက်က ငါတို့ပိုင်တာပဲ။”
“သတိထား...”
ထိုအခိုက်အတန့်တွင် အရပ်ရှည်ရှည် ပိန်ပိန်လူငယ်က ရုတ်တရက် အော်ဟစ်လိုက်၏။
“ဝူး...”
နောက်အခိုက်တွင် ထက်ရှသော သံတုံးတစ်တုံးသည် မီးတောက်ခွေး၏ နောက်ခြေထောက်ဆီသို့ တည့်တည့်မတ်မတ် လာရောက်ထိမှန်သွားခဲ့သည်။ မီးတောက်ခွေးသည် နာကျင်လွန်းသဖြင့် အပေါ်သို့ ခုန်တက်သွားပြီး ရဲရဲနီသော သွေးများ ပတ်ပတ်လည်သို့ ပန်းထွက်သွားတော့သည်။
မီးတောက်ခွေးသည် သံချပ်ကာနွားချေးပိုးကောင်တစ်ကောင်ကို အာရုံစိုက်တိုက်ခိုက်နေခြင်းဖြစ်ရာ နောက်ကျောဘက်မှ ယခုကဲ့သို့ ရုတ်တရက် တိုက်ခိုက်မှု ရောက်ရှိလာလိမ့်မည်ဟု မည်သူက ထင်မှတ်ထားပါမည်နည်း။ ၎င်းအနေဖြင့် ပထမဆုံးအချိန်၌ ရှောင်တိမ်းရန် အချိန်မရလိုက်ပေ။
“မီးတောက်ခွေး....”
မီးတောက်ခွေး ဒဏ်ရာရသွားသည်ကို မြင်လိုက်ရသောအခါ လီဇီဝေ၏ ရင်ထဲတွင် ဗြောင်းဆန်အောင် နာကျင်သွားခဲ့ရပြီး ၎င်း၏ ဒဏ်ရာများကို စစ်ဆေးရန်အတွက် သားရဲကို ချက်ချင်းပင် ပြန်လည်ခေါ်ယူလိုက်သည်။
၎င်း၏ နောက်ခြေထောက်မှ အသားတစ်စ လွင့်ထွက်သွားခဲ့ပြီး အရိုးပါ ထိခိုက်သွားခဲ့သဖြင့် ယာယီအားဖြင့် ခြေဆွံ့သွားခဲ့ရချေသည်။
“စိတ်မကောင်းပါဘူး။ ဟိုက ရွှေသံချပ်ကာပုစဉ်းရင်ကွဲက သံတုံးတစ်တုံး ရိုက်ထုတ်လိုက်တယ်လေ။ လေညင်းကြိုးကြာက ရှောင်လိုက်လို့ မင်းရဲ့ခွေးကို တည့်တည့်ထိသွားတာ။ တောင်းပန်ပါတယ်။”
အရပ်ရှည်ရှည် ပိန်ပိန်နှင့်လူငယ်က လီဇီဝေကို တစ်ချက်ကြည့်ကာ ဟန်ဆောင်ပန်ဆောင် တောင်းပန်စကား ဆိုလိုက်သည်။
“ဒီမီးတောက်ခွေးက တော်တော် အသုံးမကျတာပဲ။ ဒါလေးကိုတောင် မရှောင်နိုင်ဘူး။ ဒါက ငါတို့ကပ္ပတိန်ရဲ့ အမှား လုံးဝမဟုတ်ဘူး။”
ဆူးနတ်ဆိုးကို အမိန့်ပေးနေသည့် မိန်းကလေးက ချက်ချင်းပင် လှောင်ပြောင်လိုက်သည်။
“နင်တို့... လေညင်းကြိုးကြာက တမင်သက်သက် ရှောင်လိုက်တယ်ဆိုတာ အသိသာကြီးပဲ။”
လီဇီဝေသည် မျက်လုံးများ နီရဲလာကာ ဒေါသတကြီး အော်ဟစ်လိုက်တော့သည်။ လေညင်းကြိုးကြာသည် ရုတ်တရက် ရှောင်တိမ်းလိုက်ခြင်းကို သူမ သေသေချာချာ မြင်တွေ့ခဲ့ရပြီး ၎င်းသည် တမင်သက်သက် လုပ်ဆောင်ခဲ့ခြင်းမှာ သိသာလွန်းလှသည်။
၎င်းတို့သည် မီးတောက်ခွေးကို ဒဏ်ရာရအောင် လုပ်ဆောင်ပြီး ၎င်းတို့နှင့်အတူ ရတနာသိုက်ကို ယှဉ်မလုနိုင်ရန် တမင်ကြံစည်ခဲ့ခြင်း ဖြစ်သည်။
“အတန်းဖော်... အထောက်အထားမရှိဘဲနဲ့တော့ ဒီလိုမျိုး လျှောက်ပြောလို့မရဘူး။”
အရပ်ရှည်ရှည် ပိန်ပိန်နှင့်လူငယ်က နှာခေါင်းရှုံ့ကာ လှောင်ပြောင်လိုက်သည်။ သူက တမင်သက်သက် လုပ်ခဲ့ခြင်းဖြစ်စေဦးတော့ ဤကဲ့သို့သောအရာမျိုးကို မည်သူမျှ အပြစ်ရှာ၍ မရနိုင်ပေ။
သူသည် သားရဲကို ရှောင်တိမ်းခိုင်းရုံသာ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး တိုက်ခိုက်ခိုင်းခဲ့ခြင်း မဟုတ်ပေ။
“ဆရာက တစ်ယောက်နဲ့တစ်ယောက် အနာတရဖြစ်အောင်မလုပ်ရဘူး၊ အတန်းဖော်ရဲ့ သားရဲကို မသတ်ရဘူးလို့ ပြောခဲ့ပေမဲ့... မတိုက်ရဘူးလို့တော့ မပြောထားဘူး။ အကယ်၍ နင်တို့ဘက်က ဆက်ပြီး တနင်သက်သက် ပြဿနာရှာနေမယ်ဆိုရင်တော့ တိုက်ပွဲတစ်ပွဲ နွှဲကြတာပေါ့။ နင်တို့ရဲ့ သားရဲတွေ ဒဏ်ရာရသွားတဲ့အခါကျမှ ငါတို့ကို မညှာတာဘူးဆိုပြီး လာအပြစ်မတင်နဲ့နော်။”
ဆံပင်တိုနှင့် မိန်းကလေးက မေးစေ့ကို ပွတ်သပ်ရင်း စနောက်လိုသော အမူအရာဖြင့် ပြောလိုက်သည်။
သို့သော်လည်း သူမ ပြောလိုက်သည့်အရာမှာ အမှန်တရားပင်။ ကျောင်းဘက်က သားရဲထိန်းချုပ်သူများအကြား ဖြစ်ပွားတတ်သည့် မပြောပလောက်သော ပဋိပက္ခများကို အရေးစိုက်လိမ့်မည် မဟုတ်ပေ။
စကားပြောနေစဉ်မှာပင် ကျန်လူနှစ်ဦးကလည်း အတန်းခေါင်းဆောင် ချန်းလန်နှင့် အခြားသူများကို စိုက်ကြည့်လိုက်ကြပြီး အချိန်မရွေး စတင်တိုက်ခိုက်ရန် အသင့်ဖြစ်နေသည့်ပုံစံ ရှိနေကြသည်။
အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်နေသော အရပ်ရှည်ရှည် ပိန်ပိန်လူငယ်မှာမူ ထို လက်ရွေးစင်အဆင့် သားရဲကို သတ်ဖြတ်ကာ ဂူအတွင်းရှိ ရတနာသိုက်ကို လုယူရန် ပြင်ဆင်လိုက်တော့သည်။
တစ်ဖက်လူ၏ တင်းမာသော အခြေအနေကို မြင်တွေ့လိုက်ရသောအခါ အတန်းခေါင်းဆောင် ချန်းလန်သည် ဆုတ်ခွာချင်စိတ် ဖြစ်ပေါ်လာခဲ့၏။ အကယ်၍ သူမ၏ ကောင်းကင်လျှောက်လှမ်းခြင်းကြောင်သာ ထပ်မံ၍ ဒဏ်ရာရရှိသွားပါက ၎င်း၏ လက်ရွေးစင်အဆင့်သို့ တက်လှမ်းမည့်ကိစ္စအတွက် အလွန်ပင် နစ်နာသွားလိမ့်မည် ဖြစ်သည်။
သို့သော်လည်း ကွက်တိဆိုသလိုပင် ထိုအခိုက်အတန့်တွင် မလှမ်းမကမ်းမှ နောက်ထပ် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။
“မင်းတို့တွေ အဖွဲ့ဖွဲ့ပြီး မဟုတ်တာလုပ်ဖို့အတွက် တကယ့်ကို နည်းလမ်းကောင်းတွေ ရှိကြတာပဲ။ ဒီဂူထဲက ရတနာသိုက်ကို ငါလည်း သဘောကျနေတယ်။ အဲ့တော့ အခုချက်ချင်း လစ်လိုက်တော့။”
ကျန်းဟန်သည် သံကျောက်တုံးပုံကြီးနောက်မှ လျှောက်ထွက်လာပြီး အဝေးတစ်နေရာရှိ အရပ်ရှည်ရှည် ပိန်ပိန်နှင့်လူငယ်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။
“ကျန်းဟန်...”
ကျန်းဟန်ကို မြင်လိုက်ရသောအခါ လီဇီဝေသည် အလွန်ပင် ဝမ်းသာအားရဖြင့် ချက်ချင်း အော်ဟစ်လိုက်မိ၏။ ကျန်းဟန်သည် သူမကြောင့် သေချာပေါက် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သူမ သိရှိလိုက်သည်။ ထို့နောက်တွင်မူ လီဇီဝေသည် ကျန်းဟန်အနေဖြင့် ထိုလူများကို ယှဉ်နိုင်မည်မဟုတ်ကြောင်း တွေးမိသွားပြီး ပျာပျာသလဲ သတိပေးလိုက်၏။
“သူတို့က အရမ်း သန်မာတယ်။ သတိထား...။”
ကျန်းဟန်ကို မြင်တွေ့လိုက်ရသောအခါ အတန်းခေါင်းဆောင် ချန်းလန် မျက်မှောင်မကြုတ်လိုက်မိသည်။
“ကျန်းဟန်... နင် ဘာလို့ ဒီကို ပြေးလာတာလဲ။ သူတို့က နငခ ယှဉ်နိုင်တဲ့လူမျိုး မဟုတ်ဘူး။ လာပြီး သူရဲကောင်း လာမလုပ်နဲ့။ ဒါက ကလေးကစားစရာ ကျောင်းက လေ့ကျင့်ရေးကွင်း ပြိုင်ပွဲမဟုတ်ဘူး။”
သူမသည် လီဇီဝေကဲ့သို့ စကားကို အလိုက်သင့်ပြောတတ်သူမဟုတ်ဘဲ ဒဲ့တိုးသာ ပြောဆိုတတ်သူ ဖြစ်သည်။
ကျန်းဟန်၏ အနည်းငယ်သော စွမ်းအားလေးဖြင့် အလှလေးကို ကယ်တင်ချင်သည့် သူရဲကောင်းလုပ်လိုစိတ်ကြောင့် သူမ စိတ်အနှောင့်အယှက် ဖြစ်သွားမိသည်။ အကယ်၍ တိုက်ပွဲအမှန်အကန် ဖြစ်ပွားပါက သူမအနေဖြင့် ဝင်ရောက်ကူညီရမည်လား ဝေခွဲမရဖြစ်နေပြီး အကယ်၍ ကောင်းကင်လျှောက်ကြောင်သာ ဒဏ်ရာရသွားပါက အဆင့်တက်လှမ်းမည့်ကိစ္စမှာ ထပ်မံ၍ ကြန့်ကြာသွားရဦးမည် ဖြစ်သည်။
“အမှန်ပဲ...။ နင့်ရဲ့ စိတ်ဝိဉာဉ်စွမ်းအားက အားကောင်းတယ်ဆိုပေမဲ့ သူတို့ကို ယှဉ်နိုင်ဖို့ အဝေးကြီးလိုသေးတယ်။”
နောက်ထပ် မိန်းကလေးတစ်ဦးကလည်း ထပ်ဆင့်ပြောဆိုလိုက်သည်။ သူမသည် အတန်းခေါင်းဆောင် ချန်းလန်၏ သစ္စာရှိနောက်လိုက်တစ်ဦးဖြစ်ရာ ချန်းလန်ပြောသမျှကို ထောက်ခံတတ်သူ ဖြစ်သည်။ ထို့ပြင် သူမသည် ကျောက်စိမ်းပိုးကောင်တစ်ကောင်က ယခုကဲ့သို့သော အခြေအနေမျိုးတွင် အခန်းကဏ္ဍတစ်ခုမှ ပါဝင်နိုင်လိမ့်မည်ဟု မယုံကြည်ပေ။
၎င်းတို့သည် မူလအစွဲအလမ်းများလွန်းလှသဖြင့် ကျန်းဟန်၏ ဘေးနားရှိ ပိုင်လင်းကို အသေအချာပင် လှမ်းမကြည့်ခဲ့ကြပေ။
“ဟားဟားဟား...မင်း ကြားတယ်မလား ကောင်လေး။ မင်းအတန်းထဲက မိန်းကလေးတွေတောင် မင်းကို မယုံကြည်ကြဘူးပဲ။ အဲ့တော့ ဒီနေရာမှာ လာပြီး လူစွမ်းကောင်းလုပ်မနေနဲ့။ ငါ စိတ်ကောင်းဝင်နေတုန်း သူတို့ကိုခေါ်ပြီး ဒီကနေ အခုချက်ချင်း ထွက်သွားလိုက်စမ်း။”
အရပ်ရှည်ရှည် ပိန်ပိန်နှင့် လူငယ်က ရယ်မောကာ ပြောဆိုလိုက်သည်။
“ငါ ပြောပြီးပြီလေ။ မင်းတို့ လစ်လိုက်တော့လို့။ မင်းတို့ လူစကား နားမလည်ဘူးလား။ မင်းတို့ ဆက်ပြီး အချိန်ဆွဲနေမယ်ဆိုရင် ခုနက စားထားတဲ့ဟာတွေကိုပါ ပြန်အန်ထုတ်ရလိမ့်မယ်။”
ကျန်းဟန်သည် အတန်းခေါင်းဆောင် ချန်းလန်နှင့် အခြားသူများကို လျစ်လျူရှုထားလိုက်၏။ သူ ထွက်လာခဲ့ခြင်းမှာ အဓိကအားဖြင့် လီဇီဝေ တစ်ဖက်လူ၏ လက်ချက်ကြောင့် ဒဏ်ရာရသွားသည်ကို မြင်တွေ့ခဲ့ရခြင်းကြောင့်ဖြစ်ပြီး ၎င်းအပြင် သူကိုယ်တိုင်လည်း ဤကောင်များကို ကြည့်မရဖြစ်နေသောကြောင့် ဖြစ်သည်။
“မင်းက တကယ့်ကို အေးအေးဆေးဆေး ပြောနေရင်မရဘဲ အတင်းအဓမ္မလုပ်မှရမယ့် လူမိုက်ပဲ။ လေညင်းကြိုးကြာ... သူ့ကို သင်ခန်းစာ ပေးလိုက်စမ်း။ အစုတ်ပလုတ် ပိုးကောင်တစ်ကောင်ကို ကိုင်ထားပြီး အရမ်းမောက်မာနေတဲ့ကောင်ကို မင်းရဲ့အစွမ်းကို သိအောင်လုပ်ပေးလိုက်။”
အရပ်ရှည်ရှည် ပိန်ပိန်နှင့် လူငယ်သည် ကျန်းဟန်အား သင်ခန်းစာပေးလိုနေပြီး အပိုစကားများ ဆက်ပြောမနေတော့ဘဲ ထင်ပေါ်ကျော်ကြားချင်သည့် ပစ်မှတ်ဖြစ်ရသည်မှာ မလွယ်ကူကြောင်း သိရှိသွားစေရန် တိုက်ရိုက်ပင် အမိန့်ပေးလိုက်တော့သည်။
“ကျီးးးးး...”
စူးရှသော ကြိုးကြာငှက်အော်သံနှင့်အတူ သံတိုင်ပေါ်တွင် ရပ်နေသည့် လေညင်းကြိုးကြာသည် တိုက်ရိုက်ပင် ပျံသန်းဆင်းသက်လာခဲ့ပြီး ပိုင်လင်းထံသို့ အရှိန်ပြင်းစွာ ထိုးဆင်းတိုက်ခိုက်လေတော့သည်။
“ပိုင်လင်း... သူ့ကို လျှပ်စစ်နဲ့ ရှော့ခ်တိုက်ပစ်လိုက်။”
ကျန်းဟန်က အေးစက်စက် နှာခေါင်းရှုံ့ကာ ရှုပ်ထွေးနေသော ပြဿနာကို အမြန်ဆုံး ဖြတ်တောက်ပစ်ရန်နှင့် ဤလူများကို သင်ခန်းစာကောင်းကောင်း ပေးရန် ဆုံးဖြတ်လိုက်သည်။
“ကျိ...”
ပိုင်လင်း၏ ခန္ဓာကိုယ်ပေါ်တွင် အဖြူရောင် လျှပ်စီးအလင်းတန်းတစ်ခု လက်ခနဲ ဖြစ်သွားသည်ကို မြင်တွေ့လိုက်ရပြီး ၎င်း၏ တစ်ခုတည်းသောဦးချိုလေးမှ ကောက်ကွေ့ပြီး အေးစက်သော လျှပ်စီးအလင်းတန်းတစ်ခု ပေါက်ကွဲထွက်ပေါ်လာကာ ပျံသန်းလာနေသော လေညင်းကြိုးကြာထံသို့ မျက်လုံးပါသည့်အလား တည့်တည့်မတ်မတ် သွားရောက်ထိမှန်တော့သည်။
ဘမ်း...
ကျယ်လောင်သောအသံတစ်ခုနှင့်အတူ လေညင်းကြိုးကြာသည် အော်ဟစ်သံပင် မပြုနိုင်ဘဲ မြေပြင်ပေါ်သို့ တိုက်ရိုက် ပြုတ်ကျသွားခဲ့ပြီး လုံးဝ မလှုပ်ရှားတော့ပေ။
မျက်တောင်တစ်ခတ်အတွင်းမှာပင် တိုက်ပွဲကွင်းပြင်တစ်ခုလုံး အပ်ကျသံပင် ကြားရလောက်အောင် လုံးဝ တိတ်ဆိတ်ငြိမ်သက်သွားတော့သည်။