← Chapters

ကောင်းကင်ဘုံသတ်ဖြတ်ခြင်း ပညာရပ် (၂)

Vol. 013 Ch. 621

ကောင်းကင်ဘုံသတ်ဖြတ်ခြင်း ပညာရပ် (၂)

Vol. 013 Ch. 621

ဝမ်လင်းက ဘေးရှိအကျဉ်းခန်းသို့ လျှောက်လာ၏။ထိုအကျဉ်းခန်းထဲက လူက သွေးဆာနေသည့်အပြုံးဖြင့် ဝမ်လင်းကို ပြုံးပြသည်။ သူက နှုတ်ခမ်းသပ်လိုက်ပြီး နောက်သို့ ဆုတ်ကာ ဝမ်လင်းကို ပြောလိုက်၏။ “ကောင်လေး…မင်းက ကျင့်ကြံနေတာ…ဟုတ်တယ်မလား။ မင်းက ငါ့ကို မျက်နှာသာပေးပြီး ငါ့ရှေ့ခန်းက လူ့ကို သတ်ရင် ငါက မင်းနဲ့ ပြည့်ပြည့်ဝဝ ပူးပေါင်းပေးမယ်။ ဘယ်လိုလဲ…”

သူနှင့်မျက်နှာချင်းဆိုင် အကျဉ်းခန်းရှိလူက ဗလတောင့်တောင့်လူတစ်ယောက် ဖြစ်နေသည်။ ထိုလူက သူ့ကို ကြည့်ကာ အော်ပြောလိုက်၏။ “ငါကလည်း မင်းကို ကြည့်နေရတာ အဆင်မပြေဘူး။ ကောင်လေး မင်းသာ သူ့ကို သတ်ရင် ငါက မင်းနဲ့ အကောင်းဆုံးပူးပေါင်းပေးမယ်…။ ငါက ဒီနေရာမှာ ပိတ်လျောင်ထားခံရတာ ကြာလှနေပြီ။ ငါ စောစောသေရင် မြန်မြန် ပြန်မွေးဖွားနိုင်လိမ့်မယ်…”

ဝမ်လင်းက မည်သည့်စကားမှမဆိုဘဲ သူတို့နှစ်ယောက်လုံးထံသို့ လက်ညွှန်လိုက်၏။ သွေးရောင်အစက်နှစ်ခုက ထိုသူတို့၏ နှဖူးပေါ်တွင်‌ ပေါ်လာကာ ပျံ့နှံ့လို့သွား၏။ သူတို့နှစ်ယောက်လုံးက ကြမ်းပြင်ပေါ်သို့ လဲကျသွားကြ၏။ သို့သော် သူတို့နှစ်ယောက်ရှိ မျက်လုံးထဲတွင် ကျေနပ်နေသည့်အသွင် ဖြစ်ပေါ်နေ၏။

ဝမ်လင်းက သည်နေရာသို့ စဝင်လာသည့်အခါတွင် သူက မကျေချမ်းမှုနှင့် သေဆုံးခြင်းအငွေ့အသက်တို့ကို ရှင်းလင်းစွာ ခံစားမိခဲ့ပေသည်။ ပထမ၌ သူက သည်သေခြင်းအော်ရာက သည်နေရာတွင် လူပေါင်းများစွာ သေဆုံးခဲ့သောကြောင့် ထင်ခဲ့၏။ သို့သော် သည်နေရာတွင် ခဏတာ ရှိနေပြီးနောက် ဝမ်လင်းက သည်သေခြင်းအော်ရာက ထောင်သားများထံမှ ထွက်ပေါ်လာသည်ကို ရှာတွေ့လိုက်၏။

သူတို့အားလုံးက သေချင်နေကြပေသည်။သို့သော် သူတို့ကိုယ်သူတို့ သတ်သေရန်လည်း လုံလောက်သည့် သတ္တိမရှိကြချေ။

သူတို့နှစ်ယောက် လဲကျသွားသည့်အခိုက်တွင် ဝမ်လင်းက ထိုနှစ်ယောက်၏ ခန္ဓာကိုယ်များကို သေချာစွာ စောင့်ကြည့်၏။ သူက ထိုနှစ်ယောက်ကို သတ်ရန် သတ်ဖြတ်သူစွမ်းအင်ကို အသုံးမပြုခဲ့ပေ။ ထို့ကြောင့် သူတို့ခန္ဓာကိုယ်များက ပကတိအတိုင်း ရှိနေကြ၏။

သို့သော် ထူးဆန်းသောအော်ရာတစ်ခုက သူတို့ခန္ဓာကိုယ်ကနေ ပျောက်ကွယ်လို့သွား၏။

ဝမ်လင်းမျက်လုံးက လက်ခနဲ ဖြစ်သွားသည်။ သူက တစ်ခုခုကို ဝိုးတဝါးဆုပ်ကိုင်လိုက်မိသလို ခံစားလိုက်ရ၏။ သို့သော် သူက ထိုအရာကို စေ့စေ့ပေါက်ပေါက် တွေးကြည့်သည့်အခါ မည်သည့်အရာမှန်းမသိ ရှုပ်ထွေးနေဆဲပင်။

“ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်…ဒီပညာရပ်ဟာ လူတစ်ယောက်ရဲ့ အသက်ဓာတ်ကို သန့်စင်စုပ်ယူပြီး ချိပ်တံဆိပ်အဖြစ် ပြောင်းလဲတာ ဖြစ်တယ်။ ငါက ဒီမန္တန်ကို အကြိမ်များစွာ ကျင့်ကြံ တွေးတော နေခဲ့တာ။ ငါက ဉာစ်အလင်းရလိုက်တယ်လို့ အမြဲခံစားရတယ်။ ဒါပေမဲ့ ဝိုးတဝါး ဖြစ်နေတုန်းပဲ…”

ဝမ်လင်းက သူ့ညာလက်ကို ဆန့်တန့်ပြီး ဗလတောင့်တောင့်လူကြီး၏ ခန္ဓာကိုယ်ကို ဖမ်းယူလိုက်သည်။

သူက ဒူးထောက်ကာ ထိုလူ၏ မျက်ခုံးနှစ်ခုကြားသို့ လက်ညွှန်ပြီး သေချာလေ့လာကြည့်နေ၏။

သူက မျက်မှောင် ပိုပို ကြုတ်လာသည်။ ဝမ်လင်းက သက်ပြင်းချကာ ပြန်ထလိုက်၏။ သည့်နောက် နောက်ထပ် အကျဉ်းခန်းတစ်ခုထံသို့ လျှောက်သွားသည်။ ဝမ်လင်း ခြေချလိုက်သည့်အခါတိုင်း ထောင်သားတစ်ယောက်ပြီး တစ်ယောက် သေဆုံးသွားတော့၏။

သူက လူတစ်ယောက်ကို သတ်လိုက်ပြီးတိုင်း အလောင်းကို သေချာဂရုတစိုက် ကြည့်ကာ အချိန်အတန်ကြာ စစ်ဆေးသည်။

ငါးရက်ကြာပြီးနောက် သည်နေရာရှိ ထောင်သားတစ်ဝက်ကျော်က သေဆုံးသွားခဲ့ ကြ၏။

သည်နေရာက ထူထဲသော သေဆုံးခြင်းအော်ရာ နှင့်ပြည့်နေကာ အချိန်အတန်ကြာထိ ပျောက်ကွယ် မသွားချေ။

ဝမ်လင်းက အလောင်းခန္ဓာထောင်ချီကို လေ့လာဆန်းစစ်နေသည်။ တဖြည်းဖြည်းဖြင့် သူက ဉာဏ်အလင်းအရိပ်အမြွက်ကို ရလာခဲ့၏။ သို့သော် သူနှင့်သည်ဉာဏ်အလင်းကြားတွင် မြူအလွှားပါးတစ်ခု ခံနေသေးသည်။ သူက ၎င်းဉာဏ်အလင်းကို ရှင်းရှင်းလင်းလင်း မမြင်နိုင်၊မထိတွေ့မိသေးချေ။

“ငါ ဘာများ လွဲနေတာလဲ…” ဝမ်လင်းက စဉ်းစားနေသည်။

“ဘာကြောင့်လဲဆိုတော့ မင်းက လုံလောက်အောင် မသတ်ရသေးလို့။ မင်း သတ်ဖြတ်ချင်တဲ့ စိတ်ဆန္ဒက လုံလောက်အောင် မထက်သန်သေးဘူး…”

ရှုလို့ခေါ်သည့်လူက အနက်ရောင်အိမ်ထဲက လှမ်းလျှောက်၍ ထွက်လာကာ ထိုသို့ ပြောလိုက်၏။ သူ့အကြည့်က ဝမ်လင်းပေါ်၌ ခြားနားသွားခဲ့ပြီ ဖြစ်သည်။

ဝမ်လင်းက ခေါင်းမော့လိုက်သည်။ သူက ရှုကို ကြည့်လိုက်သော်လည်း စကားတစ်ခွန်းမှ မဆိုပေ။

ရှုက ဖြည်းဖြည်းချင်း ထပ်ပြောလိုက်၏။ “ငါက တိတိကျကျ မသိပေမဲ့ မင်းကျင့်ကြံနေတဲ့ မန္တန်က သတ်ဖြတ်ခြင်းနဲ့ ဆက်နွှယ်နေတယ်။ ဒါ့ကြောင့် မင်းက ကျင့်ကြံဖို့ ဒီနေရာကို လိုအပ်တာပဲ။ ဒါပေမဲ့ မင်း ရွေးချယ်တဲ့ နေရာက မှားနေတယ်။ ဘာလို့လဲဆိုတော့ ဒီနေရာမှာ သတ်ဖြတ်ခြင်းက သတ်ဖြတ်သူအော်ရာကို ဖန်တီးနိုင်ဖို့ လုံလောက်တဲ့ အသတ်အဖြတ်စိတ်ဆန္ဒ မရှိလို့ပဲ။ မင်းက ဒီငါးရက်အတွင်းမှာ ထောင်သားများစွာကို သတ်ခဲ့တာကို ငါမြင်ခဲ့ရပေမဲ့ မင်းရဲ့ အချိန်အများစုကို လေ့လာနေတာမှာ သုံးခဲ့တယ်။ တစ်ခါတစ်လေ လေ့လာစမ်းစစ်မှုပမာဏက မင်းကိုယ်မင်း သတ်ဖြတ်သူတစ်ယောက် အဖြစ် နစ်မြုပ်ပစ်ပြီး သတ်ဖြတ်ခြင်းရဲ့ အရသာကိုခံစား၊ သတ်ဖြတ်မှုနှလုံးသားကို ရရှိခြင်းနဲ့ မယှဉ်နိုင်ဘူး…”

ဝမ်လင်းမျက်လုံးက ကျဉ်းမြောင်းသွားသည်။

“ငါက နတ်ဆိုးသတ်ဖြတ်ခြင်းတာအိုကို ကျင့်ကြံတယ်…” ရှုလို့ခေါ်သည့်လူက ဝမ်လင်းကို ကြည့်ကာ ဆက်ပြောလိုက်သည်။ “ဒီဟုန်ထောင်မှာ ကြီးကြပ်သူ ဆယ်ယောက် ရှိတယ်။ ငါ တစ်ယောက်ပဲ နတ်ဆိုးသတ်ဖြတ်ခြင်းတာအိုကို ကျင့်ကြံတာ။ ငါက ငါ့နှလုံးသားကို သန့်စင်ဖို့ သတ်ဖြတ်ခြင်းကို အသုံးပြုပြီး နတ်ဆိုးတစ်ယောက် ဖြစ်လာတာပဲ။ငါ့သတ်ဖြတ်ခြင်းနှလုံးသားကို သေချာ လေ့လာကြည့်ပါ…”

ရှုလို့ခေါ်သည့်လူက ထိုသို့ပြောလိုက်ပြီးနောက် သူ့မျက်လုံးက ရုတ်တရက် အေးစက်လာသည်။ သူ့ခန္ဓာကိုယ်မှ မည်သည့်သတ်ဖြတ်ခြင်းစိတ်ဆန္ဒမှ ထွက်မပေါ်လာချေ။သို့သော် ဝမ်လင်းက ထိုလူသည် ရုတ်တရက် ပြောင်းလဲသွားသည်ဟု ခံစားမိ၏။ မည်သည့် အသတ်အဖြတ်စိတ်ဆန္ဒမှ မရှိသော်လည်း ဝမ်လင်းက သူ့ခန္ဓာကိုယ်ရှိ အမွှေးအမျှင်များပင် ထောင်မတ်သွားသည်ဟု ခံစားလိုက်ရ၏။ သူ့မူလစိတ်ဝိညာဉ်ပင် အလိုလို တုန်ခါသွားသည်။ သူ့နှလုံးသားထဲ၌ အန္တရာယ်အငွေ့အသက်ကိုပါ ခံစားလိုက်ရ၏။

ထိုလူထံကနေ အမည်မသိ အော်ရာတစ်ခု ထွက်ပေါ်လာသည်။ သည်အော်ရာက ပျံ့နှံလာခြင်း မရှိသော်လည်း အလွန်အမင်း ထိန့်လန့်ဖွယ် ကောင်းနေ၏။

ရှုက ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “ဓားအိမ်ထဲက ထုတ်ထားတဲ့ ဓားတစ်လက်က ထက်ရှပြီး သတ်ဖြတ်မှုစိတ်ဆန္ဒကို ဖန်တီးနိုင်တယ်။ ဒါပေမဲ့ ဒီဓားက ဓားအိမ်ထဲကဓားနဲ့ နှိုင်းယှဉ်ရင် အခြေခံ ကင်းမဲ့နေတယ်။ စစ်မှန်တဲ့ သတ်ဖြတ်သူ နှလုံးသားက ဓားအိမ်ထဲက ဓားပဲ။ မင်းသာ သတ်ဖြတ်ခြင်းကို အမှန်တကယ် ကျင့်ကြံချင်ရင် ငါက မင်းကို အစစ်အမှန် သတ်ဖြတ်မှုကို တွေ့ကြုံနိုင်မဲ့ နေရာတစ်ခုကို ခေါ်သွားပေးနိုင်တယ်…”

ဝမ်လင်းက ထိုလူ့ကို ကြည့်ကာ ပြောလိုက်သည်။ “ဘာပြန်ပေးရ မလဲ…”

ရှုလို့ခေါ်သည့်လူက ဝမ်လင်းကို အသိအမှတ်ပြုဟန်ဖြင့် ကြည့်ကာ ပြောလိုက်၏။ “နတ်ဆိုးဗိုလ်ချုပ် ရှီရှောင်ကို သတ်ဖို့ ငါ့ကို ကူညီပေးပါ။ ဘာကြောင့်လဲ မမေးနဲ့။ ငါ့ သတ်ဖြတ်ခြင်းစိတ်နှလုံးနဲ့ဆိုရင် ငါက သူ့ကို လက်ရည်ညီ ယှဉ်နိုင်ရုံပဲ။ ဒါပေမဲ့ သူ့ကို သိုသိုဝှက်ဝှက် သတ်နိုင်ဖို့ တစ်ရာရာခိုင်နှုန်း ယုံကြည်မှု ရှိတယ်။ ဒါပေမဲ့ ငါက တားမြစ်ခြင်း ခံထားရပြီး ဒီဟုန်အကျဉ်းထောင်ထဲကနေ ထွက်ခွာလို့ မရဘူး။ သူက သူ့ဘဝတစ်လျှောက်လုံး ဒီနေရာကိုလည်း ဝင်လာမှာ မဟုတ်ဘူး။ ဒါ့ကြောင့် သူ့ကို သတ်ပေးဖို့ မင်းအကူအညီလိုတာ။ဒါ့ကြောင့်ပဲ ငါက မင်းရဲ့ သတ်ဖြတ်ခြင်းမန္တန်ကို ကျင့်ကြံဖို့ ကူညီပေးရတာ ဖြစ်တယ်။ ဒါ့အပြင် ငါ့မှာ တောင်းဆိုစရာတစ်ခု ရှိသေးတယ်။ မင်းက သူ့ကို သတ်ဖြတ်ခြင်းမန္တန်အသုံးပြုပြီးတော့ပဲ သတ်ပေးရမယ်…”

“ငါ့သတ်ဖြတ်ခြင်း ကျင့်ကြံမှုကို တကယ် ပြည့်စုံသွားစေရင် ငါ မင်းရဲ့ တောင်းဆိုမှုကို လက်ခံတယ်…” ဝမ်လင်းက ထိုသို့ တည်ငြိမ်စွာ ပြောလိုက်၏။

“ငါ့နောက်လိုက်ခဲ့…” ရှုလို့ခေါ်သည့်လူက ကျောချမ်းဖွယ်ပြုံးကာ လှည့်ထွက်သွား၏။

“ဟုန်အကျဉ်းထောင်ရဲ့ အကျဉ်းခန်းတွေက အပြင်ပိုင်းသာသာပဲ။ ကောင်းကင်နတ်ဆိုးနိုင်ငံရဲ့ အကျဉ်းထောင်လေးခုရဲ့ အစစ်အမှန်တာဝန်က နတ်ဆိုးအင်ပါယာဓား အတွက် သတ်ဖြတ်မှုစိတ်ဆန္ဒကို ထောက်ပံ့ပေးခြင်းပဲ…”

“အကျဉ်းထောင်ရဲ့ အောက်ခြေက မင်းသွားချင်တဲ့ နေရာပဲ။ အဲ့နေရာကသာ မင်းကို သတ်ဖြတ်ခြင်းနှလုံးသားနဲ့ ပတ်သတ်လို့ အမှန်တကယ် နားလည်နိုင်စေလိမ့်မယ်…”

ဝမ်လင်းက ရှုလို့ခေါ်သည့်လူနောက်သို့ လိုက်ပါသွား၏။ သည်နေရာကနေ ထွက်ခွာသွားပြီးနောက် အောက်သို့ ဆက်ဆင်းရန် နောက်ထပ် လှေကားထစ်များ ရှိနေ၏။ သူတို့က ထောင်သားများစွာကို ဖြတ်ကျော်လာခဲ့ကြသည်။ သို့သော် ရှုလို့ခေါ်သည့်လူက ရပ်တန့်ခြင်းမရှိဘဲ သည်အကျဉ်းခန်းအားလုံးကို ဖြတ်ကျော်သွား၏။

အချိန်အတန်ကြာပြီးနောက် ဝမ်လင်းက လှေကားထစ်အတိုင်း ဆက်ဆင်းလာရင်း ထူထဲသော သွေးနံတစ်ခု ပေါ်လာတော့သည်။ သည်နေရာရှိ သတ်ဖြတ်မှုစိတ်ဆန္ဒက အရင်အထက်က နေရာများထက် ဆယ်စ၊အဆတစ်ရာ၊ အဆတစ်ထောင် သာလေ၏။

သည်လှေကားထစ် လမ်းက ဆက်လက်မှောင်နေခြင်း မရှိတော့ပေ။ သို့သော် သွေးရောင်အလင်းတန်း တစ်ခုကို ထွန်းညှီလို့နေ၏။

ရှုလို့ခေါ်သည့်လူက တိုးညင်းစွာ ပြောလိုက်သည်။ “ငါက မင်းကို ဒီနေရာကို ခေါ်လာတာ စည်းကမ်း ချိုးဖျက်တာပဲ။ ဒါ့ကြောင့် မင်းက ဒီကိစ္စကို မိုလီဟိုင်ကိုတောင်မှ ပြန်မပြောရဘူး။ ဒီနေရာက နတ်ဆိုးအင်ပါယာ ဖန်တီးထားတာ။ ဒီနေရာမှာ လူတစ်ယောက်ရဲ့ နှလုံးသားအပေါ် သက်ရောက်နိုင်ဖို့ လုံလောက်တဲ့ သတ်ဖြတ်မှုစိတ်ဆန္ဒတွေကို စုစည်းထားတယ်။ဒီ စိတ်ဆန္ဒကို မတိုက်ခိုက်ပါနဲ့…အဲ့အစား မင်းနှလုံးသားနဲ့ လက်ခံပြီး သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို တွေ့ကြုံအောင်လုပ်ပါ…”

ဝမ်လင်းက အနည်းငယ် စဉ်းစားလိုက်သည်။ ရှုလို့ခေါ်သည့်လူကို ကြည့်လိုက်ပြီးနောက် သူက အောက်ခြေမှ တက်လာသည့် ပြင်းထန်သောသတ်ဖြတ်ခြင်း စိတ်ဆန္ဒကို ခံစားမိလိုက်သည်။ သည်အောက်ရှိ ထိုစိတ်ဆန္ဒက မွန်းစတားဆန်လှ၏။ သည်စိတ်ဆန္ဒက သူ့ကောင်းကင်ဘုံသတ်ဖြတ်ခြင်းပညာရပ်ကို ကူညီနိုင်သင့်ပေသည်။

သူက နီးကပ်လာခြင်း မရှိသေးသော်လည်း သူ့လက်ချောင်းများကြားရှိ သတ်ဖြတ်သူစွမ်းအင်အမျှင်တန်းများက ပိုမိုမြန်ဆန်စွာ စတင်လှုပ်ရှားလာကြသည်။ ၎င်းတို့က အနည်းငယ်ပင် တုန်ယင်လို့နေ၏။ ကြောက်လန့်မှုကြောင့် တုန်ယင်ခြင်း မဟုတ်။ သတ်ဖြတ်လိုခြင်းကြောင့် တုန်ယင်လာခြင်း ဖြစ်လေ၏။

သတ်ဖြတ်သူစွမ်းအင်၏ ပြောင်းလဲမှုကို ခံစားကြည့်နေရင်း ဝမ်လင်းက သွေးအလင်းထဲသို့ တစ်လှမ်းချင်း လှမ်းလာကာ လှေကားထစ်တိုင်း အောက်ဆင်းလာ၏။

All Chapters