တာအိုဆရာအစည်းအရုံးများ လှုပ်ရှားခြင်း
Vol. 98 Ch. 1365
မန်ဟို အတုမရှိမိစ္ဆာကို ရွေးချယ်ခဲ့သည်လား... အတုမရှိအင်မော်တယ်ကို ရွေးချယ်ခဲ့သည်လား ... မည်သူမှမသိကြပေ။
သူ ပြန်နိုးလာသောအခါ လနှင့်ချီကြာခဲ့ပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ လက်ရှိအချိန်တွင် သူသည် နေပေါ် ပြန်ရောက်နေပြီး သူ၏ပါရာဂွန်ရုပ်သေးရုပ်က ဓမ္မစောင့်ရှောက်သူအဖြစ် သူ့ဘေး၌ တင်ပျဉ်ခွေထိုင်နေ၏။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူတစ်သိန်းက မန္တန်ဝင်္ကပါကို သူတို့ဘာသာ ထိန်းထားပြီး အဝေးတွင်တော့ စစ်မီးလျှံများ လောင်မြိုက်နေသည့် ပထမတောင်ကို မြင်ရနိုင်သည်။ အပြင်သူများသည် တောင်ထိပ်ရောက်လုသည်အထိ ထိုးစစ်ဆင်နိုင်ခဲ့၍ လက်ရှိတိုက်ပွဲအခြေအနေမှာ မယုံနိုင်လောက်အောင် ရက်စက်ပြင်းထန်နေသည်။
တောင်ပင်လယ်သခင်အားလုံးနီးပါး ကြယ်တာရာကောင်းကင်ထဲတွင် တိုက်ခိုက်နေကြသည်။ ပါရာဂွန်ပင်လယ်အိပ်မက်လည်း ထိုနေရာ၌ ရှိပြီး လျှပ်စီးကဲ့သို့ စူးရှသော မျက်ဝန်းများဖြင့် စစ်ပွဲကို စောင့်ကြည့်နေ၏။ ပထမတောင်မှာ .... အမြစ်မှလှန်ခံရပေတော့မည်။
အပြင်သူအင်ပါယာသခင်အရေအတွက်သည် ခြောက်ဦးမဟုတ်တော့။ ဘိုးဘိုးမန်က နေစွမ်းအားဖြင့် နှစ်ယောက်ကို သတ်ပစ်ခဲ့သည်။ သို့သော် ထိုသို့လုပ်ဖို့ မြှားနှစ်စင်းမက လေးစင်းသုံးခဲ့ရလေသည်။
နေတွင် ... အလင်းမြှားခုနစ်စင်းသာ ကျန်တော့သည်။
ကျန်အင်ပါယာသခင်လေးဦးအနက် နှစ်ဦးသည် စစ်ပွဲထဲ ဝင်ရောက်တိုက်ခိုက်နေ၏။ သို့သော် သူတို့က မြင်မြင်သမျှ တောင်ပင်လယ်လောကသားများကို မသုတ်သင်ဘဲ အပြင်သူများ ပထမတောင်သို့ ချီတက်နိုင်အောင် လမ်းဖွင့်ပေးနေသော မြှားချွန်ချွန်များသဖွယ် ပြုမူနေသည်။
သူတို့က ပင်လယ်အိပ်မက် သတ်မှတ်ထားသော စည်းကမ်းချက်အနားကပ်နေသော်လည်း ထိုစည်းကို မကျော်ပေ။ စည်းမကျော်သရွေ့ ပါရာဂွန်များ တိုက်ပွဲထဲ ဝင်ပါမည်မဟုတ်ကြောင်း သူတို့ ကောင်းကောင်းသိသည်။
ကံဆိုးစွာနှင့် ပါရာဂွန်တစ်ဦး၏အကူအညီမပါလျှင် တောင်ပင်လယ်သခင်များမှာ ပေါင်းမတိုက်သရွေ့ အင်ပါယာသခင်နှစ်ဦးအတွက် ပြိုင်ဘက်မဟုတ်ပေ။ ပေါင်းတိုက်လျှင်တောင်မှ ထိုနှစ်ယောက်ကို ထိန်းထားဖို့ ခက်ခဲလိမ့်မည်။
ကြယ်တာရာကောင်းကင်တွင် နောက်ဆုံးအပြင်သူတပ်ဖွဲ့သည် သတ်ဖြတ်လိုသောမျက်ဝန်းများဖြင့် တောင်ပင်လယ်လောကကို စိုက်ကြည့်လျက် ချီတက်ဖို့ တန်းစီထားကြ၏။
ယခုလိုစစ်ဖြစ်နေသည်မှာ ... ခုနစ်လကျော်ခဲ့လေပြီ။
နောက်ငါးလနေလျှင် ကောင်းကင်ဘုံ (၇) နှင့် ကျန်ကောင်းကင်ဘုံများ ပြန်ပေါ်လာကာ ဝင်ရောက်တိုက်ခိုက်နိုင်မည်။
မန်ဟို မျက်လုံးဖွင့်လိုက်သောအခါ စစချင်း အရာအားလုံး ဝေဝါးနေသည်။ သို့သော် စစ်၏အသံများက သူ့အား အတွေးများပြန်စုစည်းနိုင်အောင် ကူညီပေးလိုက်၍ မကြာမီ သူ၏မျက်လုံးများ လင်းလက်တောက်ပလာတော့သည်။ သူက ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူတစ်သိန်းအနက် တစ်ဝက်ခန့်မှာ ရွှမ်းဖန်နှင့်တိုက်ပွဲတုန်းက သူနှင့်အတူ တိုက်ခိုက်ခဲ့ကြသူများဖြစ်၏။ မန်ဟို ထလာသောအခါ ထိုကျင့်ကြံသူများက စိတ်အားထက်သန်မှုတို့ ပြင်းပြစွာ လောင်မြိုက်နေသော မျက်ဝန်းများဖြင့် လှမ်းကြည့်ကြသည်။
“အိမ်ရှေ့မင်းသား နိုးလာပြီ”
“အိမ်ရှေ့မင်းသား နိုးပြီဟေး”
ကျင့်ကြံသူတစ်သိန်း၏ ဝမ်းသာအားရအော်ဟစ်သံများက အရပ်လေးမျက်နှာတွင် ပဲ့တင်ထပ်သွားပြီး မကြာမီ နေတစ်စင်းလုံးသည် ပို၍ပင် တောက်ပလင်းလက်တော့၏။ ပထမတောင်ပေါ်၌ တိုက်ခိုက်နေသော ကျင့်ကြံသူများပင် သူတို့ရှိရာသို့ လှည့်ကြည့်လိုက်သော မျက်ဝန်းတစ်စုံကို ခံစားလိုက်ကြရသည်။
မန်ဟို ထရပ်နေစဉ် သူ့အား သတိလစ်သွားစေခဲ့သော ပုံရိပ်များက သူ၏စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။ သူ လောကကြီးနှင့် အဆက်အသွယ်မပြတ်ခင် ရှေးဆန်ဆန်အသံတစ်သံ စကားပြောလိုက်သည်ကိုလည်း မှတ်မိလိုက်သည်။
ထိုအသံကား တစ်ကမ္ဘာလုံး၏ ရှေးကျမှုတို့ ပေါင်းစုနေသကဲ့သို့ ထင်ရလေသည်။
“သူက ဘယ်သူပါလိမ့်...” မန်ဟိုက တွေးရင်း သူ့ကိုယ်သူ ငုံ့ကြည့်လိုက်ရာ သေခြင်းအငွေ့အသက်များ ပျောက်ကွယ်သွားပြီး သူ၏ဒဏ်ရာများ ပျောက်ကင်းသွားသည်ကို တွေ့လိုက်ရသည်။ တကယ်တမ်း အတန်ငယ်ပို၍ပင် သန်မာလာသေး၏။ သူ၏ကျင့်ကြံအဆင့်အရ သူ၏အတိုက်အခိုက်စွမ်းရည်က အင်ပါယာသခင်အဆင့်ထက် ကျော်လွန်သွားပြီဖြစ်၍ ယခုတွင် ပါရာဂွန်များကို သေချာပေါက် တိုက်ခိုက်နိုင်လေပြီ။
ထိုမျှကြီးမားသောစွမ်းအားကို ခြယ်လှယ်နိုင်သည့် ခံစားချက်က မန်ဟို့ကို ပင့်သက်ရှိုက်မိလိုက်စေသည်။ ရွှမ်းဖန်နှင့် သွေးရူးသွေးတန်းတိုက်ပွဲကို ပြန်တွေးကြည့်သောအခါ သူ့နှလုံးအိမ်ထဲ၌ ရစ်ဝဲနေသောအကြောက်တရားကို သူ မဖယ်ရှားနိုင်သေးပေ။ ဝိညာဉ်မီးအိမ်လေးလုံးကို ငြှိမ်းဖို့ ရွေးချယ်ခဲ့မှုမှာ သေခြင်းတရားနှင့်ရင်ဆိုင်ရမှသာ ရွေးချယ်နိုင်သော သွေးရူးသွေးတန်းဆုံးဖြတ်ချက်ဖြစ်ခဲ့သည်။
သူသည် သူ၏နတ်ဘုရားအာရုံကို စစ်မြေပြင်တစ်လျှောက် ဖြန့်ကျက်လိုက်ပြီး နေထံမှ အလင်းမြှားတစ်စင်းက ပထမတောင်ဆီ ရွှစ်ခနဲ ထွက်သွား၏။ နှစ်ဖက်လုံးရှိ စစ်သည်များ မတုံ့ပြန်နိုင်ခင် မြားက အင်ပါယာသခင်တစ်ဦး၏ခေါင်းကို ထုတ်ချင်းဖောက်သွားခဲ့လေပြီ။
နေ၏အလင်းမြားကား အင်ပါယာသခင်အသာထား၊ ပါရာဂွန်များကိုပင် ဒဏ်ရာရစေနိုင်သည်။ ထို့အပြင် ဤသည်မှာ ထိုကဲ့သို့မြားတစ်စင်းကြောင့် ... အင်ပါယာသခင်အဆင့်အပြင်သူတစ်ဦး ပထမဆုံးအကြိမ် သေရခြင်းလည်း မဟုတ်ပေ။
ရုတ်တရက် အသတ်ခံလိုက်ရမှုက စစ်မြေပြင်ကို တုန်လှုပ်သွားစေသလို၊ အပြင်သူများအတွက် သတိပေးချက်တစ်ချက်လည်း ဖြစ်ပေသည်.... မန်ဟို ပြန်လာပြီ။
ကောင်းကင်ဘုံ (၆) မှ အပြင်သူပါရာဂွန်သည် ကြယ်တာရာကောင်းကင်ထဲတွင် တင်ပျဉ်ခွေထိုင်နေ၏။ ပြီးခဲ့သည့်လများအတွင်း သူ့မှာ မန်ဟို၏အာကာသအနှစ်သာရကို ကြိုးစားပမ်းစား ဖျက်စီးနေခဲ့၍ ရွှမ်းဖန်ကို လွှတ်ပေးနိုင်ခါနီးပြီဖြစ်သည်။ ရုတ်တရက် သူ၏မျက်လုံးများ ပွင့်လာပြီး တောင်ပင်လယ်လောကကို လှမ်းကြည့်လိုက်သောအခါ မန်ဟို့အား မြင်လိုက်ရသည်။
ချက်ချင်းဆိုသလို သူက မျက်မှောင်ကြုတ်သွားသည်။ အာကာသအနှစ်သာရကို ဖျက်စီးနေခဲ့သည့်အတောအတွင်း မန်ဟို မသေမှန်း သူ အတည်ပြုနိုင်ခဲ့သော်လည်း ယခုလိုမြန်မြန်ဆန်ဆန် နိုးလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ လွန်ခဲ့သည့်လပိုင်းက မန်ဟိုကား သေလုမျောပါးဖြစ်နေခဲ့သော်လည်း ယခုမူ အကောင်းပကတိအတိုင်း သက်သာလာသည်သာမက ပို၍ပင် သန်မာလာသေးသည်။
မန်ဟို နိုးနိုးချင်း နေသည် အလျှံတညီးညီးတောက်ပသွားပြီး အပြင်သူအင်ပါယာသခင်တစ်ဦး အသတ်ခံလိုက်ရလေပြီ။ အပြင်သူစစ်တပ်မှာ တုန်လှုပ်သွားသော်လည်း သူတို့၏အသတ်အဖြတ်စိတ်ဆန္ဒသည် အားကောင်းမြဲအားကောင်းနေဆဲဖြစ်၏။ ထိုမျှသာမက ပထမတောင်မှာလည်း သွေးချောင်းစီးနေခဲ့ပြီဖြစ်သည်။
မန်ဟိုက နေစွမ်းအားကို နောက်တစ်ကြိမ် မထုတ်လွှတ်ပေ။ သူ ထိုနေရာတွင် ရပ်နေသည့်အချိန်မှာပင် ပင်လယ်အိပ်မက်က လင်းလက်နေသောမျက်ဝန်းများဖြင့် သူ့ကို လှမ်းကြည့်ပြီး သူမ၏အသံက သူ့စိတ်ထဲတွင် ပေါ်လာသည်။
“ပါရာဂွန်ရုပ်သေးရုပ်ကို တိုက်ခိုက်ခိုင်းတော့”
မန်ဟို၏မျက်လုံးများ တောက်ပသွားသည်။ ပင်လယ်အိပ်မက် ဖြစ်စေချင်သည့်အရာကို ကောင်းကောင်းနားလည်သည့်အတွက် တွန့်ဆုတ်မနေဘဲ သူ၏နတ်ဘုရားစိတ်ဆန္ဒကို စေလွှတ်ကာ ပါရာဂွန်ရုပ်သေးရုပ်၏မျက်လုံးများအား ပွင့်လာစေသည်။ ၎င်းသည် မျက်လုံးများမီးဝင်းဝင်းတောက်နေလျက် ငေါက်ခနဲ ထရပ်ပြီးနောက် ပထမတောင်ထံ ပျံသန်းသွား၏။
တောင်ပင်လယ်လောကကား သဘောတူထားသော စည်းကမ်းချက်ကို ချိုးဖောက်၍ ... ပါရာဂွန်တစ်ဦးအား တိုက်ခိုက်ခိုင်းနေလေပြီ။
ပါရာဂွန်ရုပ်သေးရုပ် လှုပ်ရှားလျှင်ချင်း အပြင်သူပါရာဂွန်၏မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူက အံတင်းတင်းကြိတ်သည်။ သူ့အတွက် အာကာသအနှစ်သာရကို ဘေးကင်းကင်းဖျက်စီးနိုင်ဖို့ အချိန်ထပ်လိုသေးသည့်အပြင် လပေါင်းများစွာကြာခဲ့ပြီးသည့်တိုင် ပထမတောင်ကို မသိမ်းပိုက်နိုင်သေးပေ။
သူကိုယ်တိုင်က အကွက်မမြင်တတ်သလို၊ ရွှမ်းဖန်သာ ရှိလျှင်တော့ အခြေအနေကွဲပြားလိမ့်မည်ဖြစ်ကြောင်း သူ သိသည်။
ယခုတွင် မန်ဟိုက စည်းကမ်းချက်ကို ချိုးဖောက်လိုက်ပြီဖြစ်၍ အပြင်သူပါရာဂွန်သည် အံတင်းတင်းကြိတ်လျက် သူ့ကိုယ်သူထိခိုက်စေသည်အထိ ကျင့်ကြံခြင်းအခြေခံစွမ်းအားများစွာကို ထုတ်လွှတ်လိုက်၏။ သူက သူ၏အသက်အနှစ်သာရသွေးကို အာကာသအနှစ်သာရစည်းပေါ် ကျစေလိုက်သဖြင့် သူ၏စိတ်ဝိညာဉ်မှာ ပင်ပန်းနွမ်းနယ်သွားတော့သည်။ လျှို့ဝှက်အတတ်တစ်ခုကို သုံး၍ အသက်ဓာတ်များကို အဆက်မပြတ်ဆင့်ခေါ်ခြင်းဖြင့် သူက စည်းကို မြန်မြန်ဆန်ဆန် ဖျက်စီးနိုင်ဖို့ မျှော်လင့်နေလေသည်။
သူ၏အသက်အနှစ်သာရသွေး မန်ဟို၏အာကာသအနှစ်သာရအပေါ် ကျသွားသည့်အခါ ဝုန်းခနဲ မြည်ဟည်းသွားသည်။ ထို့နောက် အာကာသအနှစ်သာရစည်းသည် တုန်ခါလာပြီး အက်ကွဲသံများထုတ်လွှတ်ကာ .... ပြိုကွဲသွားတော့၏။
ထိုအခါ ရွှမ်းဖန်က လျှပ်စီးလို ထွက်လာပြီး တဒင်္ဂလေးပင် တွန့်ဆုတ်မနေဘဲ ကောင်းကင်ဘုံ (၃) အား လက်ညှိုးထိုး၍ သူထုတ်နိုင်သမျှ စွမ်းအားအလုံးစုံ ထုတ်လိုက်သည်။
ကောင်းကင်ဘုံ (၃) မှာ တသိမ့်သိမ့်တုန်လျက် ဖြည်းဖြည်းချင်း စောင်းလာပြီး တောင်ပင်လယ်လောကအပေါ် ကျဆင်းစပြုလာတော့သည်။
ဤအခိုက်အတန့်တွင် လပေါင်းများစွာ ညီမျှနေခဲ့သော ချိန်ခွင်လျှာမှာ လုံးလုံးလျားလျား ရမ်းခါနေလေပြီ။ မန်ဟိုက လွန်စွာအရေးပါရသည့် အကြောင်းရင်းမှာ နေ၏စွမ်းအားကို ခြယ်လှယ်နိုင်မှုကြောင့်မဟုတ်ဘဲ .... တောင်ပင်လယ်လောကနှင့်အပြင်သူများအကြားရှိ ဟန်ချက်ကို ရမ်းခါအောင် လုပ်နိုင်သည့်အတွက်ပင်။
အမှန်တွင် ပါရာဂွန်ပင်လယ်အိပ်မက်သည် ဤရည်ရွယ်ချက်တစ်ခုတည်းအတွက် မန်ဟို နိုးလာမည်ကို လနှင့်ချီ စောင့်နေခဲ့ခြင်းဖြစ်၏။
ပါရာဂွန်ရုပ်သေးရုပ် ပထမတောင်ထံ တဟုန်ထိုး ထွက်သွားသည်နှင့် ၎င်းထံမှ မယုံကြည်နိုင်ဖွယ် ဖိအားကြီး ဖြာထွက်လာသည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ဘုံ (၃) တောင်ပင်လယ်လောကအပေါ် ကျဆင်းလာနေသောနှုန်းလည်း မြန်လာသည်။ ပါရာဂွန်ရွှမ်းဖန်မှာမူ ဆံပင်များဖွာလန်ကြဲလျက် သွေးဆုပ်ဖြူလျော်နေသည်။ သူ့ပုံစံမှာ သိပ်ဟန်ပုံမရပေ။
နာကျင်နေသောအရိပ်အယောင်အား သူ့မျက်လုံးထဲတွင် မြင်ရနိုင်၏။ သူ ပိတ်လှောင်ခံထားရသော လများအတွင်း အပြင်သူများမှာ စစ်၏ရေစီးကြောင်းအား မထိန်းနိုင်တော့၍ အရေးကြီးသောအခိုက်အတန့်သို့ ရောက်လာခဲ့ပြီဖြစ်ကြောင်း ရွှမ်းဖန် သိလေသည်။
“ဒဏ္ဍာရီနဂါး ငါ့ကို ကူညီဦး။ အခု ငါတို့ လက်ဦးမှုမရထားဘူး။ လက်ဦးမှုပြန်မယူနိုင်ရင် .... ဒီစစ်ကို ရှုံးလိမ့်မယ်” သူ့စကားကို တုံ့ပြန်သည့်အနေဖြင့် အမှောင်ထုလွှမ်းခြုံထားသော ပါရာဂွန်သည် မုဒြာလက်ကွက်တစ်ကွက်ဖော်၍ ကောင်းကင်ဘုံ (၃) ဖြစ်သော မြေထုကြီးအား လက်ညှိုးထိုးလိုက်၏။
ကောင်းကင်ဘုံ (၃)က ပို၍ပင်မြန်မြန် ကျဆင်းလာသဖြင့် တဝုန်းဝုန်းမြည်သံများ ပဲ့တင်ထပ်နေသည်။
တစ်ချိန်တည်းမှာပင် ရွှမ်းဖန်သည် ကောင်းကင်ဘုံ (၄) ကို စေလွှတ်ဖို့လည်း တွန့်ဆုတ်မနေပေ။ မဖော်ပြနိုင်လောက်အောင် ကြီးမားလှသော မြေထုကြီးနှစ်ခုကား နားကွဲလုမတတ် အသံများကို ထုတ်လွှတ်လျက် အကာအကွယ်မဲ့နေသော တောင်ပင်လယ်လောကအပေါ် ထိုးဆင်းလာနေချေပြီ။
ကောင်းကင်ဘုံ (၃) က ပထမပင်လယ်ရှိခဲ့ဖူးသော နေရာအထိ ကျလာပြီဖြစ်သော်လည်း အကြောင်းတစ်စုံတစ်ရာကြောင့် ပါရာဂွန်ပင်လယ်အိပ်မက်၏အမူအရာက ပြောင်းလဲမသွားပေ။ ဤအခိုက်အတန့်တွင် တောင်ပင်လယ်လောကအတွင်းမှ အေးစက်စက် နှာမှုတ်သံတစ်သံ ပဲ့တင်ထပ်လာ၏။
ပုံရိပ်ယောင်ပင်လယ်ပြာတစ်စင်းက ပထမတောင်အပေါ်၌ ဖျတ်ခနဲ ပေါ်လာသည်။ ပင်လယ်၏အထက်တွင် ပျံဝဲနေသည်ကတော့ ဧရာမခရမ်းရောင်မုခ်ဦးတစ်ခု ... ထိုခရမ်းရောင်မုခ်ဦး၏အပေါ်တွင် စာလုံးလေးလုံး ရေးထားသည်။
ကိုး ပင်လယ် နတ် လောက
မုခ်ဦး၏အောက်တွင်မူ ပင်လယ်နဂါးဆယ်သိန်းက မုခ်ဦးကို လေပေါ် ပင့်မြှောက်ရင်း လှည့်ပတ်ပျံဝဲနေသည်။ ထိုမြင်ကွင်းသည် အတိုင်းထက်အလွန် ရင်သပ်ရှုမောဖွယ်ကောင်းလွန်း၍ တောင်ပင်လယ်လောကသားကျင့်ကြံသူများ၏မျက်လုံးများအား ဝိုင်းစက်ပြူးကျယ်သွားစေသည်။ တအံ့တဩအော်သံများ ချက်ချင်းဆိုသလို ဆူညံလာသည်။
“ကိုးပင်လယ်နတ်လောက”
“တာအိုဆရာအစည်းအရုံးသုံးခုရဲ့ ကိုးပင်လယ်နတ်လောက ရောက်လာပြီ”
“တာအိုဆရာအစည်းအရုံးသုံးခု လှုပ်ရှားနေကြပြီ”
တာအိုဆရာအစည်းအရုံးသုံးခုနှင့် ယှဉ်နိုင်သော ဂိုဏ်း သို့မဟုတ် မျိုးနွယ်စု တောင်ပင်လယ်လောကတစ်ခုလုံးတွင် မရှိပေ။ တချို့အင်အားစုများအနေဖြင့် တောင်ပင်လယ်တစ်ခုတည်းရှိ သူတို့၏အင်အားကို ယှဉ်ကောင်းယှဉ်နိုင်လိမ့်မည်၊ သို့သော် တာအိုဆရာအစည်းအရုံးသုံးခုက တောင်ကိုးလုံးနှင့်ပင်လယ်ကိုးစင်းလုံးတွင် တည်ရှိလေသည်။ သူတို့၏အင်အားကို ပေါင်းစုလိုက်ပါက ... တောင်ပင်လယ်လောက၏ အင်အားအကြီးဆုံးဂိုဏ်းများဟုပင် ခေါ်ထိုက်သည်။
သူတို့၏ကျင့်ကြံသူများသည် အစွမ်းထက်ဆုံးမဟုတ်ကောင်း မဟုတ်လောက်သော်လည်း သူတို့တွင် နှစ်ပေါင်းမရေမတွက်နိုင်အောင် စုဆောင်းထားသော အရင်းအမြစ်များ၊ သိုလှောင်ထားသော ရတနာများရှိသည်။ ထိုအရာအားလုံး ယခုတွင် ပေါ်ထွက်လာတော့မည်။ ကိုးပင်လယ်နတ်လောကမုခ်ဦးပေါ်လာလျှင်ချင်း တံခါးပွင့်သွားပြီး ခေါင်းတလား (၁၈) ခု ပေါ်လာသည်။
မှော်သင်္ကေတများက ခေါင်းတလားများ၏မျက်နှာပြင်ထက်တွင် တလက်လက် တောက်ပနေပြီး အခေါင်းများသည် ထွက်လာလျှင်ချင်း ကောင်းကင်ဘုံ (၃) ထံ တဟုန်ထိုး ထိုးတက်သွားသော အလင်းတန်းဆယ့်ရှစ်တန်း ဖြစ်လာ၏။
ပျံတက်နေစဉ် အခေါင်းများက ပြိုကွဲကြေမွကာ အလောင်းဆယ့်ရှစ်လောင်းကို ဖော်ပြလိုက်သည်။ အလောင်းများက မျက်လုံးများကို ဖွင့်လိုက်ကြပြီး အဆုံးမဲ့ကျင့်ကြံခြင်းအခြေခံစွမ်းအားနှင့် နတ်ဘုရားအာရုံကို ထုတ်ဖော်လိုက်ကြသည်။
“ငမိုက်သား အဆင့်နိမ့်သားမိစ္ဆာကောင်တွေကများ ရာရာစစ”
“ငါ့အသက်ကို အဆင့်နိမ့်သားမိစ္ဆာကောင်တွေကို ခုခံဖို့အတွက် ပေးဆပ်ထားပြီးသား။ မင်းတို့တွေက အင်မော်တယ်ကမ္ဘာကို ရန်စရဲတယ်လား”
“ထွက်သွားကြစမ်း”
အလောင်းများ ဒေါကြီးမောကြီး ကြိမ်းမောင်းနေစဉ် သူတို့ထံမှ ... အင်ပါယာသခင်အဆင့်စွမ်းအား ပေါ်ထွက်လာသည်။
အံ့အားသင့်ဖွယ်ကောင်းစွာနှင့် ဤအလောင်းများသည် ... အတိတ်ခေတ်၏ အင်မော်တယ်ကမ္ဘာမှ အင်ပါယာသခင်ဆယ့်ရှစ်ဦးဖြစ်၏။
မန်ဟိုမှာ လုံးလုံးလျားလျား တုန်လှုပ်နေသော်လည်း ဤအလောင်းများသည် အင်ပါယာသခင်အဆင့်စွမ်းအားကို ပိုင်ဆိုင်ထားသော်ငြား ... နောက်ဆုံးတိုက်ကွက်တစ်ကွက် ထုတ်လွှတ်ဖို့လေးအတွက် မသေခင် သူတို့၏ခန္ဓာမဲ့ဝိညာဉ်များကို ရုပ်သေးရုပ်အဖြစ် ပြောင်းလဲခွင့်ပြုခဲ့သော အင်ပါယာသခင်များ၏အကြွင်းအကျန်များသာ ဖြစ်ကြောင်း သဘောပေါက်သွား၏။ သူတို့ ထိုနောက်ဆုံးတိုက်ကွက်ကို ထုတ်လွှတ်ပြီးလျှင် ... သူတို့၏ဝိညာဉ်များသည် ထာဝရပြိုကွဲပျောက်ကွယ်သွားလိမ့်မည်။
“တောင်ပင်လယ်လောကရဲ့ အရင်းအမြစ်တွေနဲ့ ဗျူဟာတွေ တစ်ခုပြီးတစ်ခု ပေါ်လာနေတာပဲ” မန်ဟိုက တွေးသည်။ တောင်ပင်လယ်လောကကို လှမ်းကြည့်လိုက်သည့်အခါ စစ်ပွဲ၏ ဤအခိုက်အတန့်တွင် ... ဝှက်ဖဲအားလုံး ကစားခံနေရကြောင်း သူ နားလည်သွားတော့သည်။