အခန်း ၂၀၇
Vol. 20 Ch. 207
အခန်း ၂၀၇ -
ပန်းပေါင်းတစ်ထောင်တောအုပ်၊ လိုဏ်ခေါင်း၏ အထက်ပိုင်း၌...
ချန်အန်သည် ဓားပျံကို စီးနင်းကာ အောက်ဘက်ရှိ လိုဏ်ခေါင်းတစ်ခု၏ အဝင်ဝသို့ ဖြည်းညှင်းစွာ သက်ဆင်းလိုက်သည်။ သူ၏ နောက်ကွယ်တွင်မူ လိမ္မာသိတတ်လှသော ကျိုကျီက အလိုက်တသိ ပါရှိလာခဲ့သည်။
လိုဏ်ခေါင်းအတွင်းသို့ မဝင်ရောက်မီ ချန်အန်က ကျိုကျီအား လှည့်၍ ညွှန်ကြားလိုက်သည်။
"မှတ်ထားပါ... ငါ့ရဲ့ ဇနီးလေးယောက်က မင်းအပေါ် ရန်လိုတဲ့စိတ် ရှိနေဖို့ ရာခိုင်နှုန်း တော်တော်များတယ်။ မင်းဘက်က ဒါကို သည်းခံရုံပဲ ရှိတယ်... နားလည်လား"
"နားလည်ပါပြီ သခင်ကြီး"
ကျိုကျီက လိမ္မာစွာဖြင့် ခေါင်းညိတ်ပြရှာသည်။ သူမအဖို့ ထိုမှောင်မိုက်သော ဂူကျဉ်းထဲတွင် ပြန်လည်အပိတ်လှောင်မခံရသရွေ့ မည်သည့်အရာကိုမဆို လုပ်ဆောင်ရန် အဆင်သင့်ရှိနေပြီးသား ဖြစ်သည်။
ချန်အန် - "ပြီးတော့... ငါ့ကို သခင်ကြီးလို့ ခေါ်စရာမလိုဘူး။ ဆေးဆရာချန်လို့ပဲ ခေါ်ပါ"
ကျိုကျီ - "နားလည်ပါပြီ... ဆေးဆရာချန်"
ချန်အန်က စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။
သူသည် ကျိုကျီအား အိမ်သို့ ခေါ်ဆောင်လာရသည့် စစ်မှန်သော ရည်ရွယ်ချက်မှာ သူမနှင့် သခင်နှင့်ကျွန် ဆက်ဆံရေး တည်ဆောက်ရန် မဟုတ်ဘဲ ဇနီးမောင်နှံ ဆက်ဆံရေး တည်ဆောက်ရန် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဇနီးမောင်နှံအဖြစ် သတ်မှတ်ချက် မရှိပါက စနစ်၏ သတ်မှတ်ချက်အရ ၎င်းတို့ကြားရှိ သံယောဇဉ်အဆင့်ကို မြှင့်တင်၍ ရမည်မဟုတ်သလို၊ နောင်တစ်ချိန်တွင် မွေးဖွားလာမည့် ရင်သွေးများကိုလည်း စနစ်က သားသမီးအဖြစ် အသိအမှတ်ပြုရန် ခဲယဉ်းလှသောကြောင့် ဖြစ်သည်။
အခြားတစ်ချက်မှာမူ ရိုးရှင်းသော သခင်နှင့်ကျွန် ဆက်ဆံရေးသည် ရေရှည်တွင် ခိုင်မြဲမှုမရှိနိုင်ချေ။
ယခုအချိန်တွင် ဤမြေခွေးမသည် ဂူခန်းကျဉ်းထဲမှ လွတ်မြောက်လာကာစ ဖြစ်သဖြင့် ထိုနေရာသို့ ပြန်မသွားရရေးအတွက် သူတစ်ပါး၏ ကြိုးဆွဲရာ ကပြနေခြင်း ဖြစ်သည်။ သို့သော် အချိန်တွေ ကုန်လွန်သွားပြီး ဂူထဲတွင် အပိတ်လှောင်ခံခဲ့ရသည့် ကြောက်ရွံ့မှုများ တဖြည်းဖြည်း လျော့ပါးသွားသည့်အခါ သူမ၏ မူလမိစ္ဆာဗီဇစိတ်ဓာတ်များ ပြန်လည်နိုးထလာနိုင်ချေ ရှိပေသည်။
မကြာမီမှာပင် ၎င်းတို့နှစ်ဦး လိုဏ်ခေါင်းအောက်ခြေသို့ ဆင်းသက်မိကြသည်။
ဧည့်ခန်းမဆောင်အတွင်း၌ ချန်ယီခဲ့သည် လေထဲသို့ လက်သီးချက်များ ပစ်သွင်းကာ သိုင်းကျင့်နေခဲ့သည်။ ထိုစဉ် သူမ၏ ဖခင်ဖြစ်သူ၏ ဓားပျံသက်ဆင်းလာသည့် လေလှိုင်းစီးကြောင်းကို သူမက အာရုံခံမိသွားသည်။
နောက်တစ်ခဏတွင် သူမသည် ချက်ချင်းပင် လက်သီးကို ရုပ်သိမ်းလိုက်ပြီး လိုဏ်ခေါင်းဝဆီသို့ အပြေးအလွှား သွားရောက်ကာ အသံကုန်အော်ဟစ်တော့သည်။
"အဖေ... မုန့်တွေ ဝယ်လာခဲ့လားဟင်။ သမီး မုန့်တွေ အများကြီး စားချင်တယ်"
"သမီး..."
သူမသည် လိုဏ်ခေါင်းအကွေ့ကို ပတ်ပြီး ရှေ့ဘက်သို့ အပြေးလေး သွားလိုက်စဉ် ချန်ယီခဲ့၏ အော်ဟစ်သံနှင့်အတူ ခြေလှမ်းများပါ ရုတ်တရက် ရပ်တန့်သွားခဲ့ရသည်။ အဘယ်ကြောင့်ဆိုသော် သူမသည် သူစိမ်းတစ်ယောက်ကို မြင်တွေ့လိုက်ရသောကြောင့် ဖြစ်သည်။
ခေါင်းပေါ်တွင် တိရစ္ဆာန်နားရွက်တစ်စုံနှင့် ကျောဘက်တွင် ဖားဖားလှုပ်နေသော အမွေးပွအမြီး ကိုးချောင်း ရှိသည့် ထူးဆန်းသော အမျိုးသမီးတစ်ဦး...
ခေတ္တမျှ စဉ်းစားပြီးနောက် ချန်ယီခဲ့သည် ယခင်က စာကြည့်ခန်းထဲတွင် ဖတ်ရှုခဲ့ဖူးသော မိစ္ဆာသားရဲ မှတ်တမ်းစာအုပ်ကို သတိရသွားကာ မိမိရှေ့မှ ထူးဆန်းသော ရုပ်သွင်နှင့် အမျိုးသမီးမှာ မိစ္ဆာသားရဲတစ်ကောင် ဖြစ်နိုင်ကြောင်း ရိပ်မိသွားသည်။
ထို့ကြောင့် သူမသည် ဘာမျှမပြောတော့ဘဲ အသံကုန် ဟစ်အော်တော့သည်။
"မေမေရေ... မိစ္ဆာသတ္တဝါကြီး ရောက်နေလို့။ သမီးကို စားတော့မယ်"
"မေမေ... မေမေ... သမီးကို ကယ်ပါဦး"
"ဘာဖြစ်တာလဲ... ဘာဖြစ်လို့လဲ..."
ဝမ်ကျိယန်သည် အခန်းထဲတွင် ကျင့်ကြံနေစဉ် ထိုအူကြောင်ကြောင် သမီးငယ်လေး၏ အော်ဟစ်သံကို ကြားရသဖြင့် ချက်ချင်း ပြေးထွက်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် အခြားအခန်းများရှိ ဇနီးသည် သုံးယောက်စလုံးလည်း ပြာပြာသလဲ ပြေးထွက်လာကြတော့သည်။ ချန်ယုကျန်းသည်လည်း ဘာဖြစ်သည်ကို မသိဘဲ မိခင်များ အတူတကွ ပြေးသွားကြသည်ကို မြင်ရသဖြင့် သူမလည်း အနောက်မှ လိုက်ပါပြေးလာခဲ့သည်။
၎င်းတို့အားလုံး ချန်ယီခဲ့၏ ဘေးသို့ ရောက်ရှိလာပြီး လင်ယောက်ျား၏ အနောက်တွင် ရပ်နေသော ကျိုကျီကို မြင်လိုက်ရသည့်အခါ မျက်စိကိုပင် မယုံနိုင်လောက်အောင် မှင်တက်သွားကြရသည်။
မြေခွေးမိစ္ဆာမ...
၎င်းမှာ မိမိတို့လင်ယောက်ျားအား အကြိမ်ကြိမ် လုပ်ကြံရန် ကြိုးစည်ခဲ့ဖူးသော မြေခွေးမိစ္ဆာမ မဟုတ်ပါလား။ ဇနီးသည်များအားလုံးသည် ‘မှတ်တမ်းကျောက်တုံး’ ထဲတွင် ကျိုကျီ၏ ရုပ်သွင်ကို မြင်တွေ့ဖူးကြသဖြင့် သူမကို ချက်ချင်း မှတ်မိသွားကြသည်။
"ချန်အန်... ရှင် ဘာတွေလုပ်နေတာလဲ"
"ဘာဖြစ်လို့ ဒီမြေခွေးမိစ္ဆာမကို အိမ်အထိ ရုတ်တရက် ခေါ်လာရတာလဲ"
"ရှင် ဘာလုပ်ဖို့ ကြံစည်နေတာလဲ"
ဝမ်ကျိယန်က ဒေါသတကြီးဖြင့် သမီးဖြစ်သူကို အနောက်တွင် ဖုံးကွယ်ထားရင်း ချန်အန်အား ကျယ်လောင်စွာ မေးခွန်းထုတ်တော့သည်။
ချန်အန်က စိတ်အေးအေးထားကာ စိတ်ရှည်လက်ရှည်ဖြင့် ရှင်းပြလိုက်သည်။
"အခြေအနေက ဒီလိုပါ... အခု သူမက ကိုယ့်ဆီမှာ အညံ့ခံ သစ္စာခံလိုက်ပြီမလို့ အိမ်ကို ခေါ်လာခဲ့တာပါ။ သူမက ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်ပေမဲ့ အားလုံး စိုးရိမ်စရာမလိုပါဘူး။ သူမရဲ့ တစ်ကိုယ်လုံးကို ကန့်သတ်ချုပ်ချယ်မှုဆိုင်ရာ ရတနာတွေနဲ့ ချည်နှောင်ထားတာမလို့ သမီးလေး ယီခဲ့ကိုတောင် မနိုင်ပါဘူး။ အားလုံးကို အန္တရာယ်ပြုနိုင်စွမ်း မရှိပါဘူး"
"ကိုယ့်ကို ယုံကြည်ပေးကြပါ။ ကိုယ်က မိသားစုရဲ့ ဘေးကင်းလုံခြုံရေးကို ဘယ်သူ့ထက်မဆို ပိုပြီး ဂရုစိုက်ပါတယ်"
"ဘေးကင်းရေးကို ခေတ္တဖယ်ထားဦး... ရှင့်အနေနဲ့ ဒီမြေခွေးမကို အိမ်ခေါ်လာချင်တယ်ဆိုရင်တောင် ကျွန်မတို့ကို ဘာလို့ ကြိုတင်ပြီး အသိမပေးခဲ့ရတာလဲ"
ဝမ်ကျိယန်က အလွန်အမင်း မကျေမနပ်ဖြစ်စွာဖြင့် ကျယ်လောင်စွာ ဆက်လက်မေးမြန်းပြန်သည်။
သူမ၏ မေးခွန်းကို ချန်အန် မငြင်းဆန်နိုင်တော့ဘဲ မိမိ၏ အမှားကို ဝန်ခံလိုက်သည်။
"ကျိယန်... ဒါ ကိုယ့်အမှားပါ။ ကိုယ် သေသေချာချာ မစဉ်းစားမိခဲ့ဘူး"
လင်ယောက်ျားဖြစ်သူက အမှားဝန်ခံသည်ကို မြင်ရသည့်အခါ ဆောင်ဟွာယင်းက အခြေအနေကို ထိန်းသိမ်းရန် ကြားထဲမှ ဝင်ရောက်ဖျန်ဖြေပေးရှာသည်။
"ညီမလေးဝမ်... စိတ်မဆိုးပါနဲ့တော့။ လင်ယောက်ျားက အမြဲတမ်း အတိုင်းအဆ သိတတ်တဲ့လူပါ။ ငါတို့ သူ့ကို ယုံကြည်ပေးရုံပဲပေါ့"
ဝမ်ကျိယန်က ဘာမျှ ပြန်မပြောတော့သော်လည်း သူမ၏ ရင်ဘတ်ကြီး နိမ့်ချည်မြင့်ချည် ဖြစ်နေသည်အထိ အကြီးအကျယ် ဒေါသထွက်နေဆဲ ဖြစ်ကြောင်း ထင်ရှားလှသည်။
ထိုစဉ် ရှန်းချင်းယီက ဝင်ရောက်မေးမြန်းလိုက်သည်။
"ယောက်ျား... ဒါဆိုရင် သူမက ကျွန်မတို့အိမ်မှာ ဘယ်လို အဆင့်အတန်းမျိုးနဲ့ နေထိုင်ရမှာလဲ။ သူမက ရှင့်ရဲ့ ဇနီးအသစ် ဖြစ်လာတာလား"
ဤသည်မှာ အလွန်အရေးကြီးသော မေးခွန်းဖြစ်သဖြင့် ဇနီးသည် လေးယောက်စလုံးက အလွန်အမင်း စိတ်ဝင်တစား စောင့်မျှော်နေကြသည်။
ချန်အန်က ပြန်လည်ဖြေကြားလိုက်သည်။
"သူမက ကိုယ့်ရဲ့ ဇနီး ဒါမှမဟုတ် မယားငယ် မဟုတ်ပါဘူး။ အစေခံတစ်ယောက် သက်သက်ပါပဲ။ နောင်ကျရင် မင်းတို့ တစ်ခုခု လိုအပ်တာရှိရင် သူမကို ခိုင်းလို့ရပါတယ်။ ဥပမာအားဖြင့်... သူမက ရွှေအမြုတေကျင့်ကြံသူတစ်ယောက်မလို့ ကျင့်ကြံခြင်းနဲ့ ပတ်သက်တာတွေကို မေးမြန်းနိုင်တယ်။ ဒါမှမဟုတ် သူမက မိစ္ဆာမျိုးနွယ်ရဲ့ ဒုတိယမျိုးဆက်ဖြစ်ပြီး ‘တောင်ပင်လယ်မိစ္ဆာနယ်မြေ’ မှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ဖူးတော့... မိစ္ဆာနယ်မြေက ဘယ်လိုနေရာမျိုးလဲဆိုတာ သိချင်ရင် သူမကို မေးလို့ရတယ်။ ဒါ့အပြင် ဟင်းချက်တာ၊ သန့်ရှင်းရေးလုပ်တာ၊ သမီးတို့ကို စောင့်ရှောက်ပေးတာ စတဲ့ အလုပ်ကြမ်းတွေကိုလည်း ခိုင်းစေနိုင်ပါတယ်"
"ဘေးကင်းလုံခြုံရေးအတွက်တော့ ကိုယ် ထပ်လောင်း အာမခံရဲပါတယ်။ သူမရဲ့ ခန္ဓာကိုယ်က အလွန်အမင်း အားနည်းနေတာမလို့ သမီးလေး ယီခဲ့ကိုတောင် မတိုက်ခိုက်နိုင်ပါဘူး။ ပြီးတော့ သူမ ကျွမ်းကျင်တဲ့ စိတ်အာရုံလှည့်စားမှု မန္တန်တွေကိုလည်း ခန္ဓာကိုယ်ထဲမှာ ချီစွမ်းအင် မရှိတဲ့အတွက် အသုံးပြုနိုင်စွမ်း မရှိပါဘူး"
ချန်အန်သည် ဇနီးသည်များ စိတ်အေးစေရန်အတွက် အချက်အလက်များစွာကို ရှင်းပြခဲ့သည်။ သို့သော်လည်း ဇနီးသည်များမှာ စိုးရိမ်ပူပန်နေကြဆဲ ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ချန်အန်ကဲ့သို့ ကျိုကျီအကြောင်းကို နက်နက်ရှိုင်းရှိုင်း မသိရှိကြသလို၊ ကျိုကျီ၏ ခန္ဓာကိုယ်ပေါ်ရှိ ချုပ်ချယ်မှုရတနာများက မည်မျှအထိ စွမ်းဆောင်နိုင်သည်ကို သေချာနားမလည်ကြသောကြောင့် ဖြစ်သည်။
ချန်အန်သည် ဤအချက်ကို ရိပ်မိလိုက်သည်။
ထို့ကြောင့် စိတ်အာရုံတစ်ခုဖြင့် သူသည် သိုလှောင်လက်စွပ်ထဲမှ ‘ပင်လယ်အလင်းကျောက် လက်ကောက်’ တစ်ကွင်းကို ထုတ်ယူကာ လက်ဖဝါးပေါ်တွင် လွင့်မျောစေပြီး ဇနီးသည်များ၏ ရှေ့မှောက်သို့ ကမ်းပေးလိုက်သည်။
"ဒီအရာကို ‘ပင်လယ်အလင်းကျောက်’ လို့ ခေါ်တယ်။ ဒါက သက်ရှိတစ်ခုခုနဲ့ ထိတွေ့မိတာနဲ့ အဲဒီသက်ရှိရဲ့ ခန္ဓာကိုယ်ထဲက ချီစွမ်းအင်တွေကို အကုန်အစင် စုပ်ယူပစ်တတ်တယ်။ အခု သူမရဲ့ ခန္ဓာကိုယ်ပေါ်မှာ ခတ်ထားတဲ့ လက်ထိပ်၊ ခြေချင်းနဲ့ လည်ပတ်တွေ အားလုံးက ဒီပင်လယ်အလင်းကျောက်တွေနဲ့ ပြုလုပ်ထားတာ ဖြစ်တယ်"
သူမဟူသည်မှာ ကျိုကျီကို ရည်ညွှန်းခြင်း ဖြစ်သည်။ ချန်အန်က ထိုကျောက်ကို ကမ်းပေးလိုက်ခြင်းမှာ ယင်း၏ စွမ်းဆောင်ရည်ကို အားလုံးအား ကိုယ်တိုင်စမ်းသပ်ကြည့်စေလိုခြင်း ဖြစ်ကြောင်း ဇနီးသည်များ နားလည်လိုက်ကြသည်။
"ယောက်ျား... ကျွန်မ အရင်စမ်းကြည့်မယ်"
ဂူရှင်းယွဲ့က ပထမဆုံးအဖြစ် ရှေ့သို့ ထွက်လာပြီး ချန်အန်၏ လက်ဖဝါးပေါ်တွင် လွင့်မျောနေသော ပင်လယ်အလင်းကျောက် လက်ကောက်ကို လှမ်း၍ ကိုင်မြှောက်လိုက်သည်။
ထို့နောက် နောက်တစ်ခဏ၌ပင် သူမသည် မိမိ၏ ခန္ဓာကိုယ်ထဲရှိ ချီစွမ်းအင်များအားလုံး အရှိန်အဟုန်ဖြင့် လွင့်ပျံထွက်ခွာသွားကာ လက်ထဲရှိ လက်ကောက်ကြီးက အကုန်အစင် စုပ်ယူနေသည်ကို ထိတ်လန့်ဖွယ် ခံစားလိုက်ရတော့သည်။ သူမ၏ စိတ်အာရုံစွမ်းအားနှင့် အာရုံခံစားမှု အားလုံးသည် ချက်ချင်းပင် သာမန်လူသားတစ်ဦး၏ အခြေအနေနီးပါးအထိ ကျဆင်းသွားခဲ့ရသည်။
"ဒါက..."
ဂူရှင်းယွဲ့သည် အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။ ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော ကျောက်တုံးမျိုးကို သူမ တစ်သက်တွင် တစ်ခါမျှ မမြင်ဖူးခဲ့ချေ။
..................................................................