အခန်း ၂၉၁
Vol. 30 Ch. 291
အခန်း (၂၉၁) ဝတ်ရုံလုပွဲ
ကံကောင်းထောက်မစွာဖြင့် ဖုန်းပုကြွယ်သည် တိုက်ကွက်မထုတ်မီကပင် အသက်အမှတ်ပြန်လည်ဖြည့်တင်းဆေးကို သောက်သုံးထားခဲ့သဖြင့် သေတွင်းမှ လွတ်မြောက်ခဲ့ရခြင်း ဖြစ်သည်။ သို့မဟုတ်ပါက သူသည် အလွန်အမင်း ဝန်ပိစေသော စကေးကို အသုံးပြုလိုက်ခြင်းကြောင့် အင်အားကုန်ခမ်းကာ သေဆုံးသွားရပေလိမ့်မည်။
သို့သော်လည်း အဆုံးတွင် သူ၏ သက်လုံအမှတ်က သုည ဖြစ်သွားခဲ့သဖြင့် သူ့အားအင်အားလုံး ဆုတ်ယုတ်သွားသည်ကို ချက်ချင်းခံစားလိုက်ရပြီး သူ့ခန္ဓာကိုယ်မှာလည်း ထိန်းချုပ်မရဘဲ လဲပြိုကျသွားတော့သည်။
တစ်ချိန်တည်းတွင် အရှိန်မြှင့်တင်ထားသော စဲရိုးအလင်းတန်းသည် ပက်ဂဆပ်ကြယ်တံခွန် လက်သီးချက်ကို အပြတ်အသတ် ချေဖျက်ပစ်လိုက်ပြီး ခုနှစ်ထွေသတ်ဖြတ်ခြင်း၏ပုံရိပ်ကို ဝါးမြိုပစ်လိုက်တော့သည်။
“ဘုရားသခင်… ငါ မယုံနိုင်တော့ဘူး…”
ဂေါ်ဒွန်သည် ကောင်းကင်ယံကို ဖောက်ထွက်သွားသည့် အနက်ရောင်လှိုင်းလုံးကြီးကို အံ့ဩမှင်သက်စွာ ကြည့်ရှုရင်း သူ့မှန်ဘီလူးကို အောက်သို့ ပစ်ချလိုက်မိသည်။
ဗဟုသုတကြွယ်ဝလှသော နိုက်ဝင်းပင် အံ့ဩတုန်လှုပ်သွားသည့် အမူအရာမျိုး ထွက်ပေါ်လာလေသည်။ အံ့ဩလွန်းလှသဖြင့် ယခုအခါ သူသည် ဂေါ့သမ်မြို့ပြင်ပရှိ ဟီးရိုးများထံမှ အကူအညီတောင်းရန်ပင် ထည့်သွင်းစဉ်းစားနေခဲ့ရပြီ ဖြစ်သည်။
“ရဲမင်းကြီး ခင်ဗျား အဲဒါကို မြင်လိုက်လား၊ အိုး… ဂေါ့ဒ်”
ရဟတ်ယာဉ်နှစ်စင်းပေါ်ရှိ ရဲအရာရှိများကမူ ၎င်းကို ပိုမိုရှင်းလင်းစွာ မြင်တွေ့ခဲ့ကြရလေသည်။ သူတို့အားလုံးသည် စကားပြောစက်များကို ကိုင်ဆောင်လျက် သူတို့ မြင်တွေ့ခဲ့ရသည့် မယုံနိုင်စရာ မြင်ကွင်းကြီးကို ဖရိုဖရဲဖြင့် လှမ်း၍ ဖော်ပြနေကြတော့သည်။
ထိုအဆုံးစွန်တိုက်ကွက်နှစ်ခု ထိပ်တိုက်တွေ့ဆုံပြီးနောက် ဝိန်းတာဝါ၏ အမိုးထက်တွင် ကြမ်းတမ်းနက်ရှိုင်းလှသော ဧရာမအက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာခဲ့ပြီး ထိုတိုက်ကွက်များကို ထုတ်လွှတ်ခဲ့ကြသည့် လူနှစ်ဦးမှာမူ ယခုအခါ ကြမ်းပြင်ပေါ်တွင် လဲလျောင်းနေကြရပြီ ဖြစ်သည်။
ခုနှစ်ထွေသတ်ဖြတ်ခြင်းသည် ပက်လက်လှန်ရင်း အပြင်းအထန် အသက်ရှူနေရသည်။ စဲရိုး၏ ရိုက်ခတ်မှုကို ခံလိုက်ရသည့် စက္ကန့်ပိုင်းအချိန်အတွင်း၌ သူ့ခန္ဓာကိုယ်မှာ… ချော်ရည်ပူများဖြင့် အပက်ခံလိုက်ရသလိုမျိုး၊ သူ့ခန္ဓာကိုယ်ထဲရှိ ဆဲလ်တိုင်း ဆဲလ်တိုင်း အငွေ့ပျံသွားရသလိုမျိုး ခံစားခဲ့ရခြင်း ဖြစ်သည်။
ထိုအလင်းတန်းပြီးဆုံးသွားပြီးနောက် သူ၏ဘက်မန်းဝတ်စုံမှာ စုတ်ပြတ်သတ်သွားပြီး ၆၀ မှ ၇၀ ရာခိုင်နှုန်းခန့်အထိ ပျက်စီးသွားရသည်။ သို့သော်လည်း အောက်ခံဂိမ်းဝတ်စုံမှာမူ စနစ်၏ ကာကွယ်မှုကြောင့် အကောင်းပကတိအတိုင်း ရှိနေဆဲဖြစ်သည်။
အကယ်၍ ခုနှစ်ထွေသတ်ဖြတ်ခြင်း၏ ဘက်မန်းဝတ်စုံသည် “ခြောက်လှန့်သေတ္တာ” ထံမှ ဝယ်ယူထားခြင်းဖြစ်ပါက ဤကဲ့သို့သော ဒဏ္ဍာရီလာပစ္စည်းမျိုးက အလွယ်တကူ ပျက်စီးသွားမည် မဟုတ်ပါချေ။ သို့သော် ယခုအချိန်တွင် သူဝတ်ဆင်ထားသည့် ဘက်မန်းဝတ်စုံမှာ ဇာတ်လမ်းအတွင်း၌ လက်ငင်းရရှိခဲ့သည့် ကိရိယာတစ်ခုဖြစ်သဖြင့် အပြင်ဘက်သို့ ယူဆောင်သွား၍ မရနိုင်ချေ။ တစ်နည်းအားဖြင့် ဤပစ္စည်းကိရိယာသည် မူလ “DC စကြဝဠာ ပတ်ဝန်းကျင်” အတွင်း၌သာ ရှိနေဆဲဖြစ်သဖြင့် စနစ်၏ အကာအကွယ်ကို မရထားဘဲ ထိုစကြဝဠာ၏ သဘာဝ ရုပ်ပိုင်းဆိုင်ရာ နိယာမများအတိုင်းသာ ဆက်လက် တည်ရှိနေခြင်း ဖြစ်၏။
ဥပမာအားဖြင့် သွေးအေးချပ်ဝတ်သည် RPG ဖြင့် ပစ်ခတ်ဖျက်ဆီးခံလိုက်ရသည့် သဘောတရားနှင့် တူညီပေသည်။ အကယ်၍သာ ဇာတ်လမ်းပြင်ပသို့ ယူဆောင်သွားနိုင်သည့် သွေးအေးချပ်ဝတ်မျိုး ရှိခဲ့မည်ဆိုပါက ကစားသမားတစ်ဦး ဝဝ်ဆင်ထားချိန်တွင် ဒုံးကျည်ဖြင့် အပစ်ခံရလျှင်ပင် ပျက်စီးသွားမည် မဟုတ်ပါချေ (မှန်ပေသည်၊ ကစားသမားအနေနဲ့ ၎င်း၏ ကာကွယ်မှုစွမ်းအားထက် ကျော်လွန်နေတဲ့ ထိခိုက်မှုဒဏ်ကိုတော့ ခံစားရဦးမည် ဖြစ်သည်)။ သို့သော်လည်း ဇာတ်လမ်းပြင်ပသို့ ယူဆောင်မသွားနိုင်သည့် ပစ္စည်းမျိုးကမူ လက်ရှိကမ္ဘာ၏ သတ်မှတ်ချက်အပေါ်တွင်သာ အခြေခံရမည်ဖြစ်ရာ ၎င်း၏ ကုန်ကြမ်းပစ္စည်းများတွင် အမြဲတမ်းကန့်သတ်ချက် ရှိနေမြဲ ဖြစ်သည်။ ဤကန့်သတ်ချက်ထက် ကျော်လွန်နေသည့် မည်သည့်ဖျက်ဆီးမှုစွမ်းအားမဆို ၎င်းကို ပျက်စီးသွားစေနိုင်သည်သာ။
“ဟီးဟီးဟီး… ဟားဟားဟားဟား…”
အသက်အနည်းငယ် ဝဝဝလင်လင် ရှုရှိုက်ပြီးသွားပြီးနောက် ခုနှစ်ထွေသတ်ဖြတ်ခြင်းသည် ကောင်းကင်သို့ မော့ကြည့်ကာ အကျယ်ကြီး ရယ်မောလိုက်တော့သည်။
“မင်းမှာ ဒီဝှက်ဖဲမျိုး ရှိနေသေးတယ်ပေါ့… ဟားဟားဟားဟား…”
သူက ရယ်မောရင်း မတ်တတ်ရပ်လိုက်သည်။
“မယုံနိုင်စရာပဲ…”
သူ၏ ရယ်မောသံထဲတွင် နှလုံးသားထဲမှ ပျော်ရွှင်မှုများ အကူညီမဲ့မှုအချို့လည်း ကပ်ပါနေခဲ့သည်။
“ငါ မင်းကို တကယ်နားမလည်နိုင်တော့ဘူး”
ရုတ်တရက်ဆိုသလို ဖြူပြာရောင် အလင်းတန်းတစ်ခု ပစ်လွတ်လာလေသည်။
ဖုန်းပုကြွယ်သည် ဘေးတစောင်း လဲနေခြင်းဖြစ်ပြီး သူ၏ နောက်ဆုံးကျန်ရှိနေသော အားအင်များကို အသုံးပြု၍ မိုးကြိုးအေးခဲသေနတ်ကို အသက်သွင်းလိုက်ခြင်း ဖြစ်သည်။
ယခုအချိန်တွင် သူ၏ ကိုယ်ဟန်အနေအထားမှာ အတော်လေးကို ထူးဆန်းလှသည်။ သူ့ခေါင်းသည် ညာဘက်သို့ စောင်းကျဆင်းနေပြီး လက်နှစ်ဖက်စလုံးမှာမူ ခန္ဓာကိုယ်နှင့် ကိုးဆယ်ဒီဂရီ ထောင့်မှန်အတိုင်း ဆန့်တန်းနေကာ ညာဘက်လက်က ကြမ်းပြင်နှင့် ကပ်နေပြီး ဘယ်ဘက်လက်ကမူ ညာဘက်လက်မောင်း၏ အထက်တွင် ဖိမိနေခြင်း ဖြစ်သည်…။ ထိုသို့သော ကိုယ်ဟန်အနေအထားမျိုးဖြင့်သာ သူ လဲလျောင်းနေရင်း ပစ်ခတ်နိုင်ခြင်း ဖြစ်သည်။
“ကျစ်… အလုပ်ရှုပ်လိုက်တာ…”
ခုနှစ်ထွေသတ်ဖြတ်ခြင်း အေးခဲအလင်းတန်း၏ ထိမှန်မှုခံလိုက်ရချိန်တွင် လုံးဝ မတ်တတ်မရပ်နိုင်သေးချေ။ ထိုအေးခဲအလင်းတန်းက သူ့ခြေထောက်ကို ထိမှန်သွားပြီး ထိုနေရာမှစ၍ အလျင်အမြန်ပျံ့နှံ့သွားရာ ခုနှစ်သတ်ဖြတ်ခြင်းအား တစ်ဝက်တစ်ပျက် ဆောင့်ကြောင့်ထိုင် အနေအထားအတိုင်း အေးခဲသွားစေတော့သည်။
ဖုန်းပုကြွယ်သည်လည်း အပြင်းအထန် ခံစားနေရသည်။ ၎င်းက ဤကဲ့သို့ လုံးဝအေးခဲသွားသည်အထိ ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်း ဖြစ်သည်။ အသက်အမှတ် သုည ဖြစ်သွားသည့် ခံစားချက်ကို ဖော်ပြရမည်ဆိုပါက အိပ်မက်ဆိုးတစ်ခုထဲ ရောက်နေသလိုမျိုး ဘာအားအင်မှ မရှိတော့ဘဲ စိုးရိမ်စိတ်များဖြင့် လဲလျောင်းရင်း ပစ်ခတ်နေရုံမျှသာ တတ်နိုင်တော့ခြင်း ဖြစ်၏။ ဤသည်မှာ ဖုန်းပုကြွယ်အနေဖြင့် အရမ်းမိမိုက်နေအောင် စတိုင်ထုတ်ချင်လွန်း၍ မဟုတ်ချေ။ သူ ခန္ဓာကိုယ်ကို ထိုင်နိုင်ရန်ပင် မတတ်နိုင်တော့ခြင်းကြောင့် ဖြစ်သည်။ သူ၏ အာရုံစူးစိုက်မှုနှင့် အံကြိတ်ကာ စုစည်းထားရသော အားအင်အားလုံးမှာ အေးခဲသေနတ်၏ ခလုတ်ကို ဖိနှိပ်ထားနိုင်ရန်အတွက်သာ လုံလောက်ခြင်း ဖြစ်၏။ သူ ယခုပြုလုပ်နိုင်သမျှ အရာအားလုံးမှာ အလင်းတန်း၏ ပစ်လွတ်မှုကိုသာ ဆက်လက်ထိန်းသိမ်းထားရင်း အေးခဲရောင်ခြည်များ ပျံ့နှံ့သွားစေကာကာ ခုနှစ်ထွေသတ်ဖြတ်ခြင်းအား အတွင်းပိုင်းအထိ လုံးဝအေးခဲသွားစေပြီး အသက်ရှူကျပ် သေဆုံးသွားရန်ဖို့အတွက်သာ ဆုတောင်းနေရရုံ ဖြစ်သည်။
မထင်မှတ်ဘဲ… ဘယ်သူမှ မမြင်တွေ့ချင်ကြသည့် အခြေအနေတစ်ခုက ထိုအခိုက်အတန့်တွင် ထွက်ပေါ်လာတော့သည်။
အလင်းတန်းကို စက္ကန့်ပေါင်းများစွာ ပစ်ခတ်ပြီးနောက် အေးခဲသေနတ်ဘထ္ထရီမှာ ခမ်းခြောက်သွားလေပြီ…။
အလင်းတန်း ရပ်တန့်သွားပြီး နှစ်စက္ကန့်အကြာတွင် ကလစ်ခနဲ မြည်သံနှင့်အတူ ဖုန်းပုကြွယ်သည် သူ့လက်ကို လွှတ်လိုက်သဖြင့် အေးခဲသေနတ်မှာ ကြမ်းပြင်ပေါ်သို့ လျှောကျသွားရသည်။
ညကောင်းကင်တွင် လေညင်းတစ်ခု ညင်သာစွာ ဖြတ်သန်းတိုက်ခတ်သွား၏…။
ခုနှစ်ထွေသတ်ဖြတ်ခြင်းသည် တစ်ဝက်တစ်ပျက် ဆောင့်ကြောင့်ထိုင် အနေအထားအတိုင်း မတ်တတ်ရပ်နေပြီး သူ့ခြေထောက်များနှင့် ရင်ဘတ်တို့မှာ ရေခဲများအတွင်း၌ အေးခဲနေသဖြင့် သူ့ဦးခေါင်းနှင့် ညာဘက်လက်ဖျံသာ လှုပ်ရှားနိုင်တော့ခြင်း ဖြစ်သည်။
ဖုန်းပုကြွယ်ကမူ ကြမ်းပြင်ပေါ်တွင် ဝက်သေတစ်ကောင်အလား မလှုပ်မယှက် လဲလျောင်းနေရပြီး သူ့မျက်လုံးများကမူ တူညီသောစကားလုံးတစ်ခုကိုသာ ဆက်တိုက် ရေရွတ်နေမိတော့သည်။
“Fuck Fuck Fuck”
“ကောင်းပြီ၊ ရေခဲတွေ အရည်ပျော်သွားတာနဲ့ ငါမင်းကို ရှင်းပစ်မယ်”
ခုနှစ်ထွေသတ်ဖြတ်ခြင်းက တည်ငြိမ်ဟန်ဆောင်၍ ပြောဆိုလိုက်သည်။
“ငါ့အားတွေ ပြန်ပြည့်လာတာနဲ့ မင်းပဲ အရင်သေမှာပါ”
ဖုန်းပုကြွယ်ကလည်း အလျှော့မပေးဘဲ ပြန်ပက်လိုက်လေသည်။ သူ့လေသံမှာ ဝါဆာဘီတစ်လုပ်ကို မျိုချလိုက်ရသလိုမျိုး အားယူပြောဆိုနေရခြင်း ဖြစ်သည်။
“ရဟတ်ယာဉ်ပေါ်က လူတွေက ရဲတွေနဲ့ စူပါဟီးရိုးတွေကို ချက်ချင်း သတင်းပို့ကြမှာ သေချာတယ်၊ သူတို့က ဒီနေရာကို ရောက်လာပြီး နယ်မြေရှင်းလင်းရေး လုပ်ကြလိမ့်မယ်၊ ပြီးတော့ ငါ့ကို ဖမ်းဆီးဖို့ ရေခဲတွေကို ရိုက်ခွဲကြလိမ့်မယ်”
ခုနှစ်ထွေသတ်ဖြတ်ခြင်းက ဆိုသည်။
“ငါ ရေခဲတွေကို ဖောက်ထွက်နိုင်တာနဲ့ ငါ့ရဲ့ အစွမ်းကုန်အမြန်နူန်းနဲ့ မင်းဘေးကို ပြေးဝင်ပြီး ဓားနဲ့ တစ်ချက်တည်း ထိုးပစ်လိုက်ရုံနဲ့ မင်းတော့ အဆုံးသတ်သွားပြီပဲ”
“မင်းရဲ့ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်းက တော်တော်အသုံးမကျတာပဲ”
ဖုန်းပုကြွယ်သည် စကားပြောဆိုရန် ရုန်းကန်နေရဆဲ ဖြစ်သော်လည်း သူ့လေသံမှာ အနည်းငယ် ပြန်လည်ကောင်းမွန်လာပြီ ဖြစ်သည်။
“နယ်မြေရှင်းလင်းရေးအဖွဲ့တွေ ရောက်လာတာနဲ့ ငါက နေရာမှာတင် အဓမ္မကျင့်ခံလိုက်ရတဲ့ အမူအရာမျိုးလုပ်ပြီး လဲနေရုံနဲ့တင်… မင်းရေခဲထဲကနေ ထွက်မလာနိုင်ခင် ငါ့ကို လမ်းမပေါ် သယ်သွားကြပြီး လူနာတင်ကားပေါ် တင်သွားကြမှာ သေချာတယ်”
“ကောင်းပြီ… မင်းက ငါ့ကို အစွမ်းကုန် ဖိအားပေးနေတာပဲ”
ခုနှစ်ထွေသတ်ဖြတ်ခြင်း သူ့ညာဘက်လက်ကို လှုပ်ရှားရန် ရုန်းကန်လိုက်ပြီး ကြီးမားသော အခက်အခဲများကြားမှ သူ့တံတောင်ဆစ်ကို ကွေးလျက် သသူ့လက်ဖျံကို ခန္ဓာကိုယ်ဆီသို့ အနည်းငယ် စောင်းလိုက်လေသည်။ အဖြူရောင်အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်သွားပြီး သူ့အိတ်ထဲမှနေ၍ ပစ္စတိုသေနတ်တစ်လက်ကို ချောချောမွေ့မွေ့ ထုတ်ယူလိုက်သည်။
“ဟား၊ မင်းက လူတစ်ယောက်ကို မှန်အောင် ပစ်နိုင်မယ့်အတိုင်းပဲ”
တစ်ဖက်လူ မပစ်ခတ်မီ ဖုန်းပုကြွယ်က ရယ်မောလိုက်သည်။
လက်တွေ့တွင် သူတို့နှစ်ဦးကြားရှိ အကွာအဝေးမှာ မီတာနှစ်ဆယ်ပင် မပြည့်သော်လည်း ခုနှစ်ထွေသတ်ဖြတ်ခြင်း၏ ပစ်ခတ်ရေးကျွမ်းကျင်မှုအဆင့်မှာ အဆင့် E မျှသာ ရှိတော့ခြင်းဖြစ်ပြီး (ယခုအချိန်တွင်မူ ဘက်မန်းဝတ်စုံ၏ အထူးသက်ရောက်မှုများက ပျောက်ကွယ်သွားပြီဖြစ်သည်) ကန့်သတ်ချက်ရှိသော လက်ဖျံအနေအထားနှင့် ပေါင်းစပ်လိုက်ချိန်တွင်မူ ပြိုင်ဘက်ကို ထိမှန်အောင် ပစ်ခတ်ရန်အတွက် အမှန်တကယ် ခက်ခဲလှပေသည်။
“ငါမင်းကို အကြံပေးချင်တာကတော့ ကိုယ့်ကိုယ်ကိုယ် ဒီလောက်ဖိအားမပေးပါနဲ့၊ ဒီလို ပစ်ခတ်တာက…”
“စကားမစပ်၊ သေနတ်ရဲ့ ပြန်ကန်အားကြောင့် မင်းလက်မောင်း ကျိုးသွားနိုင်တယ်နော်”
ဖုန်းပုကြွယ်က ယုံကြည်မှုအပြည့်ဖြင့် သရော်လိုက်သည်။
“ငါ့ခန့်မှန်းချက်အရတော့ မင်းရဲ့ တစ်ခုတည်းသော အထူးပြုစွမ်းရည်က အနီးကပ်တိုက်ခိုက်မှုပဲ၊ တခြားအထူးပြုစွမ်းရည်တွေကတော့ သာမန်ပဲ ရှိတာ၊ ဒါပေမဲ့ ပစ်ခတ်ခြင်းကတော့ N/A ကနေ အဆင့် E လောက် ကျွမ်းကျင်ဖို့တော့ အတော်လေး လွယ်ပါတယ်၊ သေနတ်တစ်လက်ကို အနားမှာထားပြီး ရံဖန်ရံခါ လေ့ကျင့်နေရုံနဲ့တင် ရတာပဲ၊ မင်းက အခု အဆင့် ၃၁ ရောက်နေပြီဆိုတော့ မင်းရဲ့ အဆင့်က အဆင့် E လောက် ရှိနေပြီလို့ ငါခန့်မှန်းမိတယ်…”
သူက ပြောဆိုရင်း ခန္ဓာကိုယ်ကို ထိုင်နိုင်အောင် ရုန်းကန်လိုက်ရာ နောက်ဆုံးတွင် အောင်မြင်စွာ ထိုင်လိုက်နိုင်တော့သည်။
“DC ကာတွန်းတွေအပေါ် ငါ့ရဲ့ နားလည်မှုအရတော့ လင်းနို့မြှားတိုတွေမှာ ခြေရာခံစနစ်ပါပေမဲ့ လိုအပ်တာကတော့…”
“လင်းနို့ဦးထုပ်ထဲမှာရှိတဲ့ တည်နေရာပြစနစ်ကြောင့်သာ မင်းအစောပိုင်းက စမ်းသပ်တိုက်ခိုက်မှုတွေက ဒီလောက် တိကျနေတာ မဟုတ်လား၊ ဒါပေမဲ့ အခုတော့ မင်းဦးထုပ်ကလည်း ပျက်စီးသွားပြီ… မင်း ပစ်လိုက်တဲ့ မြှားတိုက မင်းရဲ့ လက်ကောက်ဝတ်အားလေးနဲ့တင် ငါ့ကို ထိမှန်ခဲ့ရင်တောင် ငါ့ကို သေအောင်လုပ်နိုင်မှာ မဟုတ်ဘူး”
အစ်ကိုကြွယ်သည် အသက်ကို အကြိမ်အနည်းငယ် ခပ်ပြင်းပြင်းရှူလိုက်ပြီး ဂိမ်းမီနူးကို လှမ်းကြည့်လိုက်သည်။ သက်လုံအမှတ် ပြန်ပြည့်မှုနှုန်းမှာ သူ မျှော်လင့်ထားသည်ထက် ပို၍ နှေးကွေးနေလေသည်။ အလွန်ကို နှေးကွေးလှ၏။ ကြည့်ရသလောက် အသက်အမှတ် သုည ဖြစ်သွားသည့်အခါတွင်မူ ပျက်စီးဆုံးရှုံးမှုက အချက်အလက်များက ပြသနေသလို သာမန်မဟုတ်ပါချေ။ ၎င်းမှာ အစစ်အမှန် ဘောလုံးသမားတစ်ယောက် ကွင်းထဲတွင် အားကုန်သွားသည့် အခြေအနေမျိုးနှင့် တူပြီး သူတို့အနေဖြင့် အားပြန်ပြည့်လာစေရန်အတွက် လမ်းလျှောက်ခြင်း သို့မဟုတ် နှေးနှေးပြေးခြင်းတို့ ပြုလုပ်ရမည်ဖြစ်ကာ အကယ်၍ မဆင်မခြင် ဆက်လက်ပြေးလွှားမည်ဆိုပါက အားအင်ကုန်ခမ်းမှုဒဏ်ကို ပြင်းထန်စွာ ခံစားရမည် ဖြစ်သည်။ ကြွက်တက်ခြင်းမှာ အသေးအဖွဲသာဖြစ်ပြီး မေ့မြောသွားခြင်းမျိုးအထိ ဖြစ်ပွားနိုင်ပေသည်။
သည်းထိတ်ရင်ဖိုသုခဘုံဂိမ်းသည် ဤအစစ်အမှန် ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို အတိုင်းအတာတစ်ခုအထိ ပြန်လည်ပုံဖော်ထားခြင်း ဖြစ်ပေသည်။ ဤဂိမ်းအတွင်း၌ အားအင်လုံးဝ ကုန်ခမ်းသွားပြီးနောက် အားအင်ပြန်လည် စုဆောင်းရသည့် ဖြစ်စဉ်သည် အားအင်အနည်းငယ် ကျန်ရှိနေသေးချိန်တွင် ဖြည်းဖြည်းချင်း ပြန်ပြည့်လာသည့် ဖြစ်စဉ်နှင့် လုံးဝကွဲပြားခြားနားလှသည်။
“ဒါကြောင့်လည်း မင်းက သေနတ်ကို ရွေးခဲ့တာပေါ့”
ဖုန်းပုကြွယ်က ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ ငါပြောခဲ့သလိုပဲ၊ မင်းရဲ့ လက်ရှိအခြေအနေမျိုးနဲ့တော့ ဒီကြိုးစားမှုက အချည်းနှီးပါပဲ”
ခုနှစ်ထွေသတ်ဖြတ်ခြင်းကလည်း သက်ပြင်းချလိုက်မိသည်။
“ဟူး… ကြည့်ရတာ ငါတကယ်ပဲ ဂိမ်းထဲမှာ ပစ်ခတ်ရေးစွမ်းရည်တွေကို လေ့ကျင့်သင့်နေပြီ ထင်တာပဲ”
“ဘာလဲ”
ဖုန်းပုကြွယ်၏ စုံထောက်ဗီဇများက အမြဲတမ်းဆိုသလို သူ့အား အလိုအလျောက် တုံ့ပြန်တတ်သော၊ မဆင်မခြင်နိုင်သော ဆုံးဖြတ်ချက်အချို့ဆီသို့ လမ်းညွှန်ပေးလေ့ရှိပေသည်။ အခြားတစ်ဖက်က စကားပြောပြီး တစ်စက္ကန့်အကြာတွင် ဖုန်းပုကြွယ်က ရုတ်တရက် လှမ်းမေးလိုက်မိသည်။
“မင်းက ရဲတစ်ယောက်လား၊ စစ်သားတစ်ယောက်လား၊ ဒါမှမဟုတ် သေနတ်ပစ် ဝါသနာရှင်အသင်းကလား ဒါမှမဟုတ် အမဲလိုက်အသင်းက အဖွဲ့ဝင်တစ်ယောက်လား”
ခုနှစ်ထွေသတ်ဖြတ်ခြင်း အံ့ဩတုန်လှုပ်နေဆဲအချိန်တွင် ဖုန်းပုကြွယ်က ဆက်မေးသည်။
“မင်းအမူအရာကို ကြည့်ရတာ အခြားလူတွေကို သိစေချင်ပုံမရဘူး၊ မင်းက လုပ်ကြံသတ်ဖြတ်သူတစ်ယောက်လား၊ သူလျှိုတစ်ယောက်လား၊ ဒါမှမဟုတ် အာကိတ်ဂိမ်းတွေအပေါ်မှာ စွဲလမ်းနေတဲ့ သက်ကြီးပိုင်း လူငယ်တစ်ယောက်လား”
“အာ…”
ခုနှစ်ထွေသတ်ဖြတ်ခြင်းမှာ ဘာပြန်ဖြေရမှန်းမသိအောင် ဆွံ့အသွားရတော့သည်။
“ထားလိုက်ပါတော့၊ မင်း ဘာပဲဖြစ်ဖြစ် အရေးမကြီးပါဘူး၊ ငါလည်း စိတ်မဝင်စားပါဘူး”
ဖုန်းပုကြွယ်က ဆိုသည်။ သူသည် ကြီးမားလှသော အခက်အခဲများကြားမှ သူ့လက်ကို ခက်ခက်ခဲခဲ မြှောက်လိုက်ပြီး သူ၏ ပစ္စည်းသိုလှောင်အိတ်ထဲမှ အဆုံးမဲ့ လက်ပစ်ဗုံးကျည်အိမ်ကို ထုတ်ယူလိုက်တော့သည်။
တစ်ဖက်လူက လက်ပစ်ဗုံးများ ထုတ်ယူလိုက်သည်ကို မြင်သောအခါ ခုနှစ်ထွေသတ်ဖြတ်ခြင်းသည် တစ်စုံတစ်ခု မှားယွင်းနေပြီကို ခံစားလိုက်ရပေသည်။ သူက စမ်းသပ်သည့် သဘောဖြင့် မေးလိုက်သည်။
“ဟေး၊ ညီအစ်ကိုဖုန်း၊ မင်းရဲ့ လက်ရှိအခြေအနေနဲ့ ဗုံးကို ဒီနေရာအထိရောက်အောင် လှမ်းပစ်နိုင်ပါ့မလား”
ဖုန်းပုကြွယ်သည် ဆွဲငင်အားဆန့်ကျင်ရေးလက်နက်ကိုပါ ထပ်မံထုတ်ယူလိုက်သည်။
“ငါတော့ ဒီလိုမေးခွန်းမျိုးကို ထည့်စဉ်းစားနေဖို့ မလိုပါဘူး၊ ငါသိရမှာကတော့ စနက်တံကို ဆွဲဖြုတ်လိုက်ချိန်ကနေ ပေါက်ကွဲသွားတဲ့အထိ အချိန်အပိုင်းအခြားရယ်၊ ဗုံးရဲ့ ပျံသန်းနှုန်းရယ်၊ ပြီးတော့ ငါတို့နှစ်ဦးကြားက အကွာအဝေးပဲ”
သူ သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်သည်။
“ကျန်နေတဲ့ တွက်ချက်မှုအပိုင်းတွေကတော့ မူလတန်းကျောင်းသားတွေအတွက်တောင် အရမ်း လွယ်ပါတယ်”
“မင်း ဘာကို ဆိုလိုတာလဲ…”
ခုနှစ်ထွေသတ်ဖြတ်ခြင်း၏ အကြည့်က တစ်ဖက်လူလက်ထဲရှိ ဆွဲငင်အားဆန့်ကျင်ရေးလက်နက်အပေါ် ကပ်ညှိသွား၏။ ၎င်း၏ အထူးလုပ်ဆောင်ချက်ကို သူမမြင်ရသေးသော်လည်း ဖုန်းပုကြွယ်၏ စကားလုံးများမှတစ်ဆင့် တချို့တလေကိုတော့ ခန့်မှန်းမိသွားပြီ ဖြစ်သည်။
“ဟီးဟီး… မင်း ဆိုလိုတာက မင်းအခြေအနေက မကောင်းဘူးဆိုတာပဲ”
ဖုန်းပုကြွယ် ရယ်မောလိုက်သည်။
“ငါ့ရဲ့ စဲရိုးအလင်းတန်း (စနစ်၏ အကြောင်းကြားချက်အရ ကျပန်းတက်ကြွစွမ်းရည်၏ အမည်ကို သိရှိသွားခြင်း ဖြစ်သည်) ကို ခံယူပြီးတဲ့နောက်မှာ မင်းသွေးဖြည့်ဆေးကို မသောက်ရသေးဘူးမလား”
သူက စကားပြောဆိုရင်း ၎င်းကို ပစ်လွှတ်ရန် ကြိုတင်ပြင်ဆင်လိုက်လေသည်။
“တကယ်လို့ မင်းက သွေးအပြည့်ရှိနေတဲ့ အခြေအနေမျိုးမှာ Mark II လက်ပစ်ဗုံးနှစ်လုံးရဲ့ အနီးကပ်ပေါက်ကွဲမှုဒဏ်ကို မသေဘဲ တောင့်ခံနိုင်လိမ့်မယ်လို့ ထင်နေတယ်ဆိုရင်တော့ မင်းအခုပဲ သောက်လိုက်လို့ ရပါတယ်၊ မဟုတ်ရင်တော့… မင်းရဲ့ ဂိမ်းပိုက်ဆံတွေကို သိမ်းထားလိုက်ဖို့ပဲ ငါ အကြံပြုချင်ပါတယ်”
ဖုန်းပုကြွယ် ပထမဝါကျကို ပြောလိုက်ချိန်တွင် ခုနှစ်ထွေသတ်ဖြတ်ခြင်းသည် သူ့သတိပေးချက်ကြောင့် အသက်အမှတ်ဖြည့်ဆေးရည်တစ်ပုလင်းကို အမြန်ဆုံး ထုတ်ယူလိုက်မိသည်။ သို့သော်လည်း စကား၏ နောက်ထပ်တစ်ဝက်ကို ကြားလိုက်ရပြီးနောက်တွင်မူ သူသည် စက္ကန့်အနည်းငယ် စဉ်းစားလိုက်ပြီးမှ ထိုအသက်အမှတ်ဖြည့်ဆေးရည်ကို အိတ်ထဲသို့ ပြန်ထည့်သွင်းလိုက်တော့သည်။
“ဟွန်း… ဟားဟားဟား…”
ခုနှစ်ထွေသတ်ဖြတ်ခြင်းသည် စိတ်သက်သာရာရစွာဖြင့် ရယ်မောလိုက်တော့သည်။ သူက သူ့ခေါင်းကို ခါယမ်းလိုက်ပြီး
“ဖုန်းပုကြွယ်… ငါ ဒီတစ်ခါတော့ ဒီအိုင်ဒီကို သေချာပေါက် မှတ်မိနေမှာပါ”
“နှုတ်ဆက်ပါတယ်၊ မင်းလို တစ်ယောက်တည်း စတိုင်ထုတ်တတ်တဲ့လူရေ”
ဖုန်းပုကြွယ်က ဆိုသည်။ထို့နောက် လက်ပစ်ဗုံးစနက်တံကို ဆွဲနုတ်လိုက်တော့သည်…။
…
အစစ်အမှန်ကမ္ဘာ၊ အက်စ် (S) မြို့တော်၊ အယ်လ် (L) ပန်းခြံအတွင်း၌။
ပန်းခြံသည် ညပိုင်းတွင် လူသူကင်းမဲ့နေသော်လည်း အတွင်းပိုင်းအကျဆုံးနေရာရှိ ဒန်းတစ်ခုမှာမူ လေထဲတွင် ယိမ်းထိုးလှုပ်ရှားနေဆဲ ဖြစ်သည်။
“ပြီးသွားပြီလား”
ဗင်းဆင့်၏ လက်နှစ်ဖက်လုံးသည် ဒန်း၏ ဘေးတစ်ဖက်တစ်ချက်စီရှိ သံကြိုးများကို ဆုပ်ကိုင်၍ ၎င်းအား ရှေ့တိုးနောင်ငင် အနည်းငယ်ယိမ်းထိုးလှုပ်ရှားနေစေခဲ့သည်။
“ဟီးဟီးဟီး… မင်း ငါ့ကို ဒီလိုပျင်းစရာကောင်းတဲ့ လေသံမျိုးနဲ့ ပြောနေတာကြည့်ရရင်တော့ မင်း တစ်စုံတစ်ခုကို ကြံစည်နေတာမလား…”
ဝူဒီ့ပုံရိပ်က ဗင်းဆင့်၏ ရှေ့နှစ်မီတာခန့်အကွာတွင် ရုတ်တရက် ထွက်ပေါ်လာလေသည်။ သူသည် ထိုမေးခွန်းကို ပြန်မဖြေဘဲ ပတ်ဝန်းကျင်ကို လှမ်းကြည့်လိုက်ပြီး ဗင်းဆင့်ညာဘက်ရှိ အခြားဒန်းတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
“ဒါက ‘သေမင်းဒန်း’ မဟုတ်လား”
သူ စကားရပ်လိုက်သည်။
“မင်းက ဒီသာမန်ဒန်းပေါ်မှာ စိတ်အေးလက်အေးနဲ့ သက်တောင့်သက်သာရှိတဲ့ပုံစံမျိုး ထိုင်နေပြီး စိတ်ပိုင်းဆိုင်ရာလှည့်စားမှုတွေ ဖန်တီးနေတာပဲ၊ အမှန်တော့ ငါ့ကို မင်းဘေးနားမှာ လာထိုင်ပြီး စကားလာအောင် ဆွဲဆောင်နေတာ မဟုတ်လား၊ ပြီးရင်တော့ ငါက အဲဒီသေမင်းဒန်းကြောင့် အပိုင်းပိုင်းအစစဖြစ်အောင် ချေမှုန်းခံရမှာပေါ့”
“ဟဲ…”
ဗင်းဆင့်လည်း မနေနိုင်ဘဲ ရယ်မောလိုက်မိသည်။
“ဟူး… ကြည့်ရတာ ဒီအဆင့်လှည့်စားမှုမျိုးကတော့ ဆစ်ဒ်တစ်ယောက်တည်းကိုပဲ လှည့်စားလို့ရမယ် ထင်တယ်”
“ငါလည်း သိချင်နေတာပဲ…ဒါကြီးက ဒဏ္ဍာရီတွေထဲကလိုမျိုး တကယ်ကြီး အံ့ဩဖို့ကောင်းတာလား”
ဝူဒီက ထိုဒန်းကို ကြည့်ရင်း မေးမြန်းလိုက်သည်။
“မင်းက ငါဘာလို့ ဒီနေရာကို ရောက်နေတယ်လို့ ထင်လို့လဲ”
ဗင်းဆင့်က ပြန်မေးလိုက်သည်။
“အိုး… ဟီးဟီးဟီး…”
ဝူဒီက သဘောကျစွာ ပြုံးလိုက်သည်။ သူသည် ထိုစကားကို ကြားလိုက်ရသည့် အခိုက်အတန့်မှာတင် မေးခွန်း၏အဖြေကို သိရှိသွားခြင်း ဖြစ်သည်။
“ဒီဒန်းကို လာယူဖို့ လွှတ်ခဲ့တဲ့ နောက်ဆုံးတစ်ယောက်က အရမ်းအသုံးမကျလွန်းလို့ သေသွားခဲ့ရတာပေါ့ ဟုတ်လား”
“ဒါကြောင့်လည်း ငါမင်းကို ဒီနေရာကို ဆွဲဆောင်ပြီး ဒန်းရဲ့စွမ်းအားကို စမ်းသပ်ကြည့်ချင်ရတာပေါ့”
ဗင်းဆင့်က ဆိုသည်။
“ဟီးဟီးဟီး… ဒါက ပြီးခဲ့တဲ့အကြိမ်တုန်းက မင်း ငါ့ကို ‘တစ်ချက်တည်းသတ်ခရမ်းချဉ်သီး’ နဲ့ သတ်ဖို့ ကြံခဲ့တဲ့ ဗျူဟာအတိုင်း တကယ့်ကို အဓိပ္ပာယ်မရှိတာပဲ”
ဝူဒီက ရယ်မောလိုက်သည်။
“လောင်းကြေးအကြောင်းကိုပဲ ပြောကြရအောင်၊ ဖုန်းပုကြွယ်ကတော့ သေချာပေါက် နိုင်သွားပြီနော်၊ ဟီးဟီးဟီး…”
သူသည် စကားအဆုံးသတ်တွင် နောက်တစ်ကြိမ် မရယ်ဘဲမနေနိုင်အောင် ထပ်မံရယ်မောလိုက်ပြန်သည်။
“ဆိုတော့ သူက တကယ်ကြီး နိုင်သွားခဲ့တာပေါ့…”
ဗင်းဆင့်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ သူ့မျက်နှာအမူအရာကို ကြည့်ရုံဖြင့် သူသည် ဤရလဒ်ကို ကြိုတင်ခန့်မှန်းမိထားခဲ့ကြောင်း သိသာလှသည်။
“မင်း အခုအချိန်မှာ ကိုယ့်ကိုယ်ကိုယ် အရမ်းကျေနပ်အားရနေလောက်တယ်”
ဝူဒီက ဆို၏။
“ဒီလို လှိုက်လှိုက်လှဲလှဲပျော်ရွှင်မှုမျိုးကတော့ မင်းရောငါရော ဘယ်သူမှ မျှော်လင့်လို့ရနိုင်မယ့်အရာ မဟုတ်ပါဘူး”
ဗင်းဆင့်က ပြန်လည်ဖြေကြားလိုက်သည်။
တစ်ဖက်လူက စကားလမ်းကြောင်း လွှဲနေသည်ကို မြင်သောအခါ ဝူဒီက ပွင့်ပွင့်လင်းလင်း ပြောလိုက်သည်။
“ငါ ဒီနေရာကို မလာခင်တုန်းက မင်းရဲ့ အစီအစဉ်ကို တွက်ချက်ဖို့ ဆယ်စက္ကန့်လောက် အချိန်ပေးခဲ့ရသေးတယ်၊ ငါ့အထင်တော့ ဒီအစီအစဉ်မှာ အဓိကအစိတ်အပိုင်းနှစ်ခု ပါလိမ့်မယ်လို့ ထင်တာပဲ… ပထမဆုံး၊ ဒီ ၄၈ နာရီအတွင်း အလျှော့ပေးလိုက်တာက လီရူယွီအနေနဲ့ ပျမ်းမျှအဆင့် အနည်းငယ်ပိုသာတဲ့ ခွန်အားအဆင့်ကို ထိန်းထားနိုင်ပြီး သူ့ကို အစွမ်းအထက်ဆုံးအုပ်စုထဲ စောစောစီးစီး ဝင်သွားတာကနေ တားဆီးပေးနိုင်ခဲ့တယ်၊ သူ့ရဲ့ ဂိမ်းကစားချိန်ကလည်း အတော်လေး ထိန်းချုပ်ခံထားရပြီးသားဖြစ်လို့ နှစ်ရက်လောက် ဆုံးရှုံးသွားရတဲ့ဒဏ်ကတော့ သူ့အတွက် အရမ်းကြီးတဲ့ဆုံးရှုံးမှုတော့ မဟုတ်ဘူးပေါ့ ဟုတ်လား”
ဗင်းဆင့်က ပြုံးလိုက်ပြီး ဤအချက်ကို အခြေခံအားဖြင့် ဝန်ခံလိုက်လေသည်။
“ဒုတိယအနေနဲ့၊ မင်းငါ့ကို ဒီတိုက်ပွဲအပေါ်မှာ လောင်းကြေးထပ်ခိုင်းတာကလည်း သဘာဝအတိုင်း အဲ့ဒါရဲ့ရည်ရွယ်ချက် ရှိနေပြီးသား ဖြစ်လိမ့်မယ်”
ဝူဒီက ဆက်ပြောသည်။
“သန်မာတဲ့လူခြောက်ယောက် စုစည်းပြီး ပရမ်းပတာတိုက်ခိုက်ကြတာက သူတို့ရဲ့ ကြီးထွားမှုအတွက် အရမ်းအကျိုးစေရှိတယ်၊ ရှုံးသွားတဲ့လူတွေတောင်မှ ဘာမှမရခဲ့ဘူးလို့ ပြောလို့မရဘူး၊ ထိပ်တန်းကျွမ်းကျင်သူတွေနဲ့ တိုက်ခိုက်ခဲ့ရတဲ့ အတွေ့အကြုံက အရမ်းကို တန်ဖိုးဖြတ်မရလို့ပဲ”
သူ့အမူအရာက အနည်းငယ် ပြောင်းလဲသွား၏။
“ပြီးတော့ အရေးကြီးဆုံးအချက်က… ဒီလိုဇာတ်လမ်းမျိုးထဲမှာ အဆုံးသတ် အနိုင်ရတဲ့သူကတော့ သေချာပေါက် အသွင်ပြောင်းတိုးတက်မှုတစ်ခု ကြုံတွေ့ရလိမ့်မယ်၊ ဟီးဟီးဟီး…”
သူက ခနကြာအောင် ရယ်မောလိုက်သည်။
“ကြည့်ရတာ မင်းက ဒီအခွင့်အရေးကို အသုံးချပြီး သရဲရှောင်ကို တန်ပြန်နိုင်မယ့် လူတစ်ယောက်ကို ဖန်တီးချင်တာပေါ့ ဟုတ်လား”
“ဒီလိုလုပ်တာက ဘာမှားလို့လဲ”
ဗင်းဆင့်က ပြန်ပက်လိုက်သည်။
“ကျစ်ကျစ်၊ အကြံတွေများ ၊ ဟီးဟီး…”
ဝူဒီ၏ ညစ်ညမ်းသော ရယ်သံထဲတွင်မူ အေးစက်သော ခြိမ်းခြောက်မှုတချို့ ပါဝင်နေလေသည်။
“ဂိမ်းအလယ်ပိုင်းအဆင့်သို့ မရောက်ခင် ထိပ်ဆုံးပိုင်းမှာရှိနေတဲ့ လက်ရှိစွမ်းအားတည်ဆောက်ပုံကို ဖျက်ဆီးပစ်တာက ‘ပရမ်းပတာအခြေအနေ’ အတွက် အုတ်မြစ်ချပေးလိုက်တာပဲပေါ့”
“မင်းကရော သရဲရှောင်တစ်ယောက်တည်းပဲ အရာအားလုံးကို လွှမ်းမိုးထားတာကို တကယ်မြင်ချင်လို့လား”
ဗင်းဆင့်က ပြုံးလျက် မေးလိုက်သည်။
“ဟီးဟီး… မဟုတ်ပါဘူး၊ ဒါပေမဲ့ ငါသာ အခုရွေးချယ်ရမယ်ဆိုရင် ငါလည်း မင်းလုပ်ခဲ့သလိုမျိုးပဲ လုပ်မိလိမ့်မယ်၊ ငါလောင်းကြေးထပ်ထားတဲ့သူကို ဦးဆောင်သူအုပ်စုရဲ့ နောက်မှာပဲထားပြီး ဘေးကင်းကင်းနဲ့ အသာစီးရတဲ့နေရာမျိုးမှာပဲ ရှိနေစေမှာပေါ့၊ သူ့ရဲ့ ခွန်အားကို စောစောစီးစီး ထုတ်ပြခိုင်းမှာ မဟုတ်ပါဘူး”
ဝူဒီက ပြန်ဖြေလိုက်သည်။
“ငါ့ကို အပြစ်တင်မယ့်အစား ဖုန်းပုကြွယ်ကိုပဲ အပြစ်တင်လိုက်ပါ”
ဗင်းဆင့်က ဆိုသည်။
“မင်းရဲ့ လက်ထဲမှာရှိနေတဲ့ ဒီပွန်းရုပ်လေးက ဘယ်လောက်အထိ ခရီးပေါက်နိုင်မလဲဆိုတာ မင်းကိုယ်တိုင်တောင် မသိနိုင်ပါဘူး… ဆိုတော့ သူက ပွန်းရုပ်တစ်ရုပ် ဖြစ်နေတုန်းပဲလား”
“ဟမ့်…”
ဝူဒီက သူ့မျက်မှန်ကို ပြန်လည်ပြင်ဆင်လိုက်သည်။
“ငါ အစကတည်းက သူ့ကို ပွန်းရုပ်တစ်ရုပ်အဖြစ် တစ်ခါမှ မစဉ်းစားခဲ့ဖူးဘူး… ဖုန်းပုကြွယ်လိုလူမျိုးက ကစားသမားတစ်ယောက် ဖြစ်ဖို့အတွက်ပဲ ကံပါလာတာဖြစ်ပြီး ပွန်းရုပ်တစ်ရုပ် မဟုတ်ဘူး၊ သူက ကစားမယ့်လူပဲ၊ ထိန်းချုပ်ခံမယ့်လူ မဟုတ်ဘူး”
…
မိနစ်အနည်းငယ်ခန့်က ဂိမ်းကမ္ဘာအတွင်း၊ ဂေါ့သမ်မြို့တော်၌။
ဖုန်းပုကြွယ်သည် လက်ပစ်ဗုံးနှစ်လုံးကို ပစ်ခတ်လိုက်ပြီးနောက် ခုနှစ်ထွေသတ်ဖြတ်ခြင်းအား ဇာတ်လမ်းအတွင်းမှ မောင်းထုတ်ပစ်လိုက်လေသည်။
ရန်သူအဖွဲ့၏ မှတ်တမ်းအတွင်း ခုနှစ်ထွေသတ်ဖြတ်ခြင်း၏ အမည်က “သေဆုံး” အဖြစ် ပြောင်းလဲသွားချိန်တွင် စနစ်၏ အကြောင်းကြားသံ ထွက်ပေါ်လာခဲ့သည်။
“လက်ရှိတာဝန် ပြီးဆုံးပါပြီ၊ အဓိကတာဝန်အားလုံး ပြီးဆုံးပါပြီ”
တာဝန်မှတ်တမ်းအတွင်းရှိ “ဇာတ်လမ်းအတွင်း၌ ရှင်သန်ကျန်ရစ်သည့် တစ်ဦးတည်းသော ကစားသမား ဖြစ်လာပါစေ” ဟူသည့် ရွေးချယ်မှုမှာလည်း အမှန်ခြစ် ဖြစ်သွားပြီ ဖြစ်သည်။
“သင်သည် ဤဇာတ်လမ်းကို အောင်မြင်စွာပြီးဆုံးခဲ့ပြီ ဖြစ်သဖြင့် စက္ကန့် ၁၈၀ အတွင်း အလိုအလျောက် တယ်လီပို့ ပြုလုပ်သွားပါမည်”
“ဟူး…”
ဖုန်းပုကြွယ် ဒယိမ်းဒယိုင်ဖြင့် မတ်တတ်ရပ်လိုက်ပြီး ညကောင်းကင်ယံသို့ မော့ကြည့်ကာ သက်ပြင်းအရှည်ကြီးတစ်ချက် ချလိုက်မိသည်။
သူ၏ သက်လုံအမှတ်မှာ အလွန်အမင်းနှေးကွေးလှသောအမြန်နှုန်းဖြင့် ၃၀ ကျော်အထိ ပြန်ပြည့်လာပြီးနောက်တွင်မူ သူ့ခံစားချက်က များစွာ ပိုကောင်းလာပြီ ဖြစ်၏။ အနည်းဆုံးတော့ သူသည် ထိုင်ခြင်း၊ လဲလျောင်းခြင်း၊ မတ်တတ်ရပ်ခြင်း သို့မဟုတ် လမ်းလျှောက်ခြင်းတို့တွင် ဘာအခက်အခဲမှ မရှိတော့ချေ။ ဖြစ်နိုင်သည်မှာ ဤတန်ဖိုးသည် အနိမ့်ဆုံးသတ်မှတ်ချက်တစ်ခု ဖြစ်ပုံရသည်။ ကစားသမားတစ်ဦး၏ သက်လုံအမှတ်များ ခမ်းခြောက်သွားချိန်တွင် ၀ မှ ၃၀ အထိ ပြန်ပြည့်လာစေရန် ကြာမြင့်မည့် အချိန်အပိုင်းအခြားမှာ ဆိုးကျိုးပေးသည့်အခြေအနေတစ်ခု ဖြစ်သည်။
“မင်းကိစ္စတွေ ပြီးသွားပုံပဲ၊ အခုတော့ ငါတို့ စာရင်းရှင်းရမယ့် အချိန်ပဲ”
ဤအခိုက်အတန့်တွင် နိုက်ဝင်း၏ အသံ ထွက်ပေါ်လာခဲ့သည်။
ဖုန်းပုကြွယ် နောက်လှည့်ကြည့်လိုက်ရာ ဂေါ့ဒ်နက်မှ ဟီးရိုးခြောက်ဦး သို့မဟုတ် ခုနစ်ဦးခန့်မှာ တစ်တန်းတည်း မတ်တတ်ရပ်လျက် အလွန်ထည်ဝါသော အငွေ့အသက်များ ထုတ်လွှတ်နေကြသည်ကို မြင်တွေ့လိုက်ရသည်။
“တင်မ် မသေသေးပါဘူး”
ဖုန်းပုကြွယ်က ချက်ချင်း ပြောဆိုလိုက်သည်။
“ဗီဒီယိုဖိုင်က အတုပါ၊ သူ အသက်ရှင်နေသေးတယ်၊ တူးဖေ့စ်လက်ထဲမှာ ရှိနေတာပါ၊ မစ္စတာဒန့်နဲ့ ငါက ပင်ဂွင်းကို အပြစ်ပုံချပြီး မင်းတို့ကို ရန်စချင်ရုံသက်သက်ပါ၊ ဒါမှလည်း သူက မြေအောက်လောကရဲ့ ဘုရင် ဖြစ်လာနိုင်မှာလေ၊ ငါကတော့… မင်းတို့ရဲ့ ဆင်ခြင်တုံတရားမဲ့နေချိန်နဲ့ အစုလိုက်အပြုံလိုက် ထွက်သွားတာကို အခွင့်ကောင်းယူပြီး လင်းနို့ဂူကို ဝင်စီးမလို့ပဲ၊ သေချာတာပေါ့၊ ငါ့ရဲ့ မူလအစီအစဉ်က နောက်ပိုင်းမှာ လုံးဝပျက်စီးသွားရတာပါပဲ”
ထိုစကားလုံး အနည်းငယ်ထဲတွင် သတင်းအချက်အလက်များစွာ ပါဝင်နေလေသည်။ ဟီးရိုးများ ထိုစကားကို ကြားလိုက်ရချိန်တွင် သူတို့၏ မျက်နှာအမူအရာများမှာ ကြိမ်ဖန်များစွာ ပြောင်းလဲသွားကြပြီး အံ့ဩခြင်း၊ ဝမ်းသာခြင်းနှင့် သံသယစိတ်များ ရောပြွမ်းနေခဲ့ကြသည်။ နောက်ဆုံးတွင် ခေါင်းဆောင်ဖြစ်သည့် နိုက်ဝင်းက ရှေ့တိုး၍ ပြန်တုန့်ပြန်လာ၏။
“မင်းပြောတာတွေက အမှန်တရား ဖြစ်နေရင်တောင် မင်းရဲတွေကို သတ်ခဲ့တာနဲ့ တူးဖေ့စ်ကို ကူညီခဲ့တာတွေကလည်း အမှန်တရားတွေပဲ မဟုတ်လား၊ မင်း…”
သူ စကားမဆုံးမီ ဖုန်းပုကြွယ်၏ အပြုအမူကြောင့် ဆွံ့အသွားရသည်။
ဖုန်းပုကြွယ်သည် အခြားဘယ်အရာမှ မပြုလုပ်ခဲ့ချေ။ စုတ်ပြဲနေသော ဝတ်ရုံတစ်ထည်ကိုသာ ထုတ်ယူလိုက်ခြင်း ဖြစ်သည်။
“ဘရုစ်အနေနဲ့ မင်းတို့ကို ဘယ်တော့မှ သင်ကြားမပေးနိုင်တဲ့ အရာတချို့ ရှိသေးတာပဲ”
ဖုန်းပုကြွယ်သည် ထိုဝတ်ရုံကို ဝတ်ဆင်ခြင်းမပြုဘဲ လက်တစ်ဖက်ဖြင့်သာ ဝတ်ရုံ၏ အစွန်းတစ်ဖက်ကို ကိုင်ဆောင်၍ ၎င်းအား လေထဲတွင် တဖျတ်ဖျတ်လွင့်ပျံနေစေခဲ့သည်။
“ငါ့ကို ‘ရာဇဝတ်မှု’ လို့ခေါ်တဲ့ အကြောင်းတွေ လာမပြောပါနဲ့”
အစ်ကိုကြွယ်၏ လေသံမှာ ပို၍ ဒရာမာဆန်လာလေသည်။
“ဒီမြို့ကြီးထဲမှာတော့ မင်းတို့အနေနဲ့ အရူးလို့ သတ်မှတ်ထားတဲ့လူတွေ အများကြီး ရှိနေတာပဲ၊ သူတို့က မင်းမဲ့ဝါဒနဲ့ ရူးသွပ်တဲ့ဘဝပုံစံတွေကို ပြန့်ပွားစေခဲ့ကြတာပေါ့၊ ဒါပေမဲ့ သူတို့က သူတို့နှလုံးသားထဲမှာ မင်းမဲ့ဝါဒနဲ့ ရူးသွပ်မှုဆိုတာ ဘာလဲကို သိနေကြသရွေ့တော့ သူတို့ကို လုံးဝရူးသွပ်သွားပြီလို့ ခေါ်လို့ မရဘူး၊ အဲ့ဒီလိုလူအုပ်စုမျိုးကတော့ ‘ရာဇဝတ်မှု’ ဆိုတာ ဘာလဲဆိုတာကို နားလည်နိုင်ကြသေးတယ်”
သူစကားရင်း အဆောက်အအုံ၏ အစွန်းဖက်ဆီသို့ နောက်ဆုတ်လိုက်လေသည်။
“ပြီးတော့ ငါက… သူတို့နဲ့ မတူဘူး”
သူသည် ထူးဆန်းလှသော အပြုံးတစ်ခုကို ထုတ်ဖော်လိုက်သည်။
“ငါ့ရဲ့ တည်ရှိမှုကတော့ မင်းမဲ့ဝါဒနဲ့ ရူးသွပ်မှုတို့ရဲ့ သင်္ကေတတစ်ခုပဲ”
“မင်း ဘာလုပ်နေတာလဲ”
နိုက်ဝင်းသည် တစ်စုံတစ်ခုကို သဘောပေါက်သွားပုံရပြီး ဖုန်းပုကြွယ်ရှိရာဆီသို့ အမြန်ဆုံး ချဉ်းကပ်လိုက်လေသည်။
“အပြစ်သားတွေက အပြစ်ဒဏ်ကို ခံယူသင့်ပေမဲ့ ဆိုးယုတ်မှုကတော့ ကုသလို့မရနိုင်ဘူး၊ ဆိုးယုတ်မှုကိုယ်တိုင် စီရင်ချက်ချလို့ မရသလို သူလှည့်စားမှုနဲ့ ဖျက်ဆီးမှုကို ခံလိုက်ရတဲ့ လူတွေကလည်း ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ဘူး”
ဖုန်းပုကြွယ်သည် ခေါင်မိုးစွန်းသို့ ရောက်ရှိနေပြီဖြစ်ရာ နောက်ထပ် ခြေတစ်လှမ်း ဆုတ်လိုက်ရုံဖြင့် အောက်သို့ ပြုတ်ကျသွားတော့မည် ဖြစ်သည်။ သို့သော်လည်း သူသည် ဘာကြောက်ရွံ့မှုမှမရှိဘဲ ပြုံးနေဆဲဖြစ်ကာ လက်တစ်ဖက်ဖြင့် လေထဲတွင် လွင့်ပျံနေသောဝတ်ရုံကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားဆဲ ဖြစ်သည်။
“ငါ့ပြိုင်ဘက်ကို ဒီဝတ်ရုံချွတ်ခိုင်းခဲ့ရတဲ့ အကြောင်းရင်းကတော့ ဒီဝတ်ရုံဝတ်ထားတဲ့ လူတစ်ယောက်နဲ့ ငါမတိုက်ခိုက်ချင်လို့ပဲ”
“နားထောင်ဦး၊ ဒီနေရာကနေ ခုန်ချရင်…”
နိုက်ဝင်းသည် ဖုန်းပုကြွယ်ပြုလုပ်တော့မည့်အရာကို မြင်သဖြင့် ဖျောင်းဖြတားဆီးရန် စကားစလိုက်သော်လည်း။
“တရားမျှတမှုကို ဆုပ်ကိုင်ထားတဲ့ လူတွေဟာ ဒီဝတ်ရုံက ကိုယ်စားပြုတဲ့ ယုံကြည်ချက်တွေနဲ့ တာဝန်ဝတ္တရားတွေကို ဆက်ခံရမှာပဲ”
ဖုန်းပုကြွယ် နောက်ဆုံးခြေလှမ်းကို နောက်သို့ လှမ်းလိုက်သည်။
“ပြီးတော့ ပရမ်းပတာအခြေအနေကို ရှာဖွေတဲ့ လူတွေဟာ အဆုံးသတ်မှာ ပရမ်းပတာအခြေအနေဆီကိုပဲ ပြန်ရောက်သွားကြလိမ့်မယ်”
နိုက်ဝင်းသည် အရှေ့သို့ ပြေးဝင်လိုက်ပြီး ဖုန်းပုကြွယ်အား ဖမ်းဆွဲရန် ကြိုးစားလိုက်သော်လည်း တစ်ဖက်လူက လွှင့်ပစ်ခဲ့သော ဝတ်ရုံကိုသာ ဖမ်းယူလိုက်နိုင်တော့သည်။
သူ၏ ရူးသွပ်လှသော ရယ်မောသံကြီးမှာ လေထုထဲတွင် ကြမ်းတမ်းစွာ ဟိန်းထွက်နေခဲ့သည်။ ၎င်းသည် ဖုန်းပုကြွယ် အောက်သို့ ပြုတ်ကျသွားသည်နှင့် ညကောင်းကင်ဆီသို့ တဖြည်းဖြည်းချင်း လွင့်ပျံကွယ်ပျောက်သွားခဲ့တော့သည်။
သို့သော် အဆုံးသတ်တွင် မြေပြင်ပေါ်သို့ ဘာရုပ်အလောင်းမှ မကျလာခဲ့ချေ…။
ထိုရူးသွပ်သော အခိုက်အတန့်ကြီးမှာမူ ထာဝရအဖြစ်သို့ ပြောင်းလဲသွားခဲ့ပုံ ရလေသည်။