← Chapters

အခန်း ၂၉၂

Vol. 30 Ch. 292

အခန်း ၂၉၂

Vol. 30 Ch. 292

အခန်း (၂၉၂) ဘွဲ့ထူးအသစ်

“ဇာတ်လမ်း ပြီးဆုံးပါပြီ၊ ဆုလာဘ်များကို တွက်ချက်နေပါသည်။”

“ရရှိသော အတွေ့အကြုံ - ၈၀,၀၀၀၊ ဂိမ်းဒင်္ဂါး - ၁၀၀,၀၀၀။”

“ရရှိသော အိုင်တမ်/ကိရိယာ - မရှိ”

“ပြီးမြောက်ခဲ့သော တာဝန် - ၁/၁”

“ပြီးမြောက်ခဲ့သော အထူး/လျှို့ဝှက်တာဝန် - ၀၊ ပေါ်ထွက်လာသော ကမ္ဘာ့အမြင် - မရှိ”

“ကြောက်ရွံ့မှုတန်ဖိုး မြင့်တက်မှု အကြိမ်ရေ - ၀ ၊ အမြင့်ဆုံး ကြောက်ရွံ့မှုတန်ဖိုး - ၀ %၊ ပျမ်းမျှကြောက်ရွံ့မှုတန်ဖိုး - ၀ %”

“သင်၏ ကြောက်ရွံ့မှုအဆင့်သတ်မှတ်ချက်မှာ - “ရဲရင့်သူ”၊ အပိုဆုလာဘ်တစ်ခု ရယူနိုင်ပါသည်။ ကျေးဇူးပြု၍ နောက်မှ ရွေးချယ်ပါ။”

“ရရှိသော စကေးအမှတ် - ၂,၆၅၀”

စကေးအမှတ်မှ ရရှိသော အပိုဆုလာဘ် - EXP ၂၆,၅၀၀၊ ဂိမ်းဒင်္ဂါး - ၁၀၀,၀၀၀”

“ဇာတ်လမ်းအောင်မြင်မှု ဆုလာဘ် - အသုံးပြုနိုင်သည့် ပြည့်စုံအဆင့် ပစ္စည်းကိရိယာတစ်ခု ကျပန်းမဲနှိုက်ခွင့်”

“တွက်ချက်မှု ပြီးဆုံးပါပြီ၊ ကျေးဇူးပြု၍ ဆက်လက်လုပ်ဆောင်ပါ။”

“ဇာတ်လမ်းပြီးဆုံးမှု” နှင့် “စကေးအမှတ် အပိုဆု” ဆုလာဘ်နှစ်ခုစလုံးတွင် ဂိမ်းဒင်္ဂါးအတွက် ကန့်သတ်ချက်ရှိနေပြီး ၎င်းမှာ ၁၀၀,၀၀၀ ဖြစ်ကြောင်း သတိပြုသင့်ပေသည်။ ၎င်းက ကစားသမားတစ်ဦးအနေဖြင့် ဇာတ်လမ်းပြီးဆုံးအောင်မြင်ပြီးနောက် အပိုဆုလာဘ်များ၊ လျှို့ဝှက်မစ်ရှင်များ စသည်တို့ကို မထည့်သွင်းဘဲ အမြင့်ဆုံး ဂိမ်းဒင်္ဂါး ၂၀၀,၀၀၀ သာ ရရှိနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။

ကစားသမားများ၏ ဝင်ငွေကို အရင်းအမြစ်မှ ကန့်သတ်ထားသည့် ဤဒီဇိုင်းကို အိပ်မက်ကုမ္ပဏီအနေဖြင့် ဂိမ်းတွင်းငွေလဲလှယ်နှုန်းကို ထိန်းချုပ်ရန် အသုံးပြုသည့် နည်းလမ်းတစ်ခုအဖြစ် ယူဆနိုင်ပေသည်။

အကြောင်းမှာ တစ်ခါသုံးပစ္စည်းများ၊ အဝတ်အစားများ၊ အထွေထွေပစ္စည်းများ စသည်တို့အပေါ် ဈေးကွက်၏ တစ်ဦးတည်းမူပိုင် အခွင့်အရေးတစ်ခုတည်းကိုသာ အားကိုးခြင်းက ဈေးကွက်ကို တည်ငြိမ်အောင် ပြုလုပ်ရန် မလုံလောက်ခြင်းကြောင့်ပင်။ ထို့ကြောင့် သူတို့သည် ငွေကြေး “ထုတ်ဝေမှု” ပမာဏကိုပါ ကြိုးကိုင်ထားရန် လိုအပ်ပေသည်။

ဤသည်မှာ ကစားသမားအရေအတွက်နှင့် စွမ်းရည်အဆင့်၊ ကစားချိန် စသည့်အချက်အလက်များစွာ ပါဝင်ပတ်သက်နေပြီး ၎င်းတို့အားလုံးက ဂိမ်းငွေကြေးထွက်ရှိလာမည့် ပမာဏနှင့် တိုက်ရိုက် ဆက်စပ်နေသည့် ရှုပ်ထွေးလှသော ပြဿနာတစ်ခု ဖြစ်သည်။

လွန်ခဲ့သည့် တစ်လအတွင်းက စာရင်းဇယားများအရ ကစားသမားများ၏ ဇာတ်လမ်းတစ်ခုချင်းစီအပေါ် ပြီးဆုံးအောင်မြင်မှုနှုန်းမှာ ၆၀ ရာခိုင်နှုန်းခန့် ရှိကြသည် (ဂိမ်းတရားဝင်ကာလ စတင်ကတည်းက ဂိမ်းထဲသို့ ဝင်ရောက်ခဲ့ကြသည့် စုစုပေါင်း ကစားသမား အရေအတွက်မှာ ဆယ်သန်းကျော် ရှိနေပြီး တစ်ပြိုင်နက်တည်း အွန်လိုင်းပေါ်တွင် ရှိနေသည့် အမြင့်ဆုံး ကစားသမား အရေအတွက်မှာ လေးသန်းခန့် တည်နေကာ ထိပ်တန်းအဆင့်ရှိ ကစားသမားများမှာမူ တစ်သောင်းပုံ တစ်ပုံပင် မရှိပါ)။ တစ်နည်းအားဖြင့် ကစားသမားအများစုသည် ဇာတ်လမ်းဆယ်ခုကို ကစားကြသည်။ ၎င်းတို့ထဲမှ လေးခုမှာ တွက်ချက်မှုဆုလာဘ်များကို မရရှိကြဘဲ စကေးအမှတ်များနှင့် အိုင်တမ်အချို့ကိုသာ ရရှိကြခြင်း ဖြစ်၏။ အောင်မြင်စွာပြီးဆုံးခဲ့သည့် ကျန်ဇာတ်လမ်း ခြောက်ခုထဲတွင်ပင် ဆုလာဘ်ပမာဏက သူတို့၏ အောင်မြင်ပြီးဆုံးမှုအပေါ် ပါဝင်ပတ်သက်မှု၌ မူတည်နေသေးသည်။

ထို့ကြောင့် အခြေခံအားဖြင့်… ဂိုဏ်းများထဲမှ ပုံသေအဖွဲ့များ သို့မဟုတ် အလွန်အမင်း ကျွမ်းကျင်လှသော ကစားသမား အနည်းငယ်သာလျှင် ဂိမ်းဒင်္ဂါး ၂၀၀,၀၀၀ တွက်ချက်မှုဆုလာဘ်ကို အဆက်မပြတ် အပြည့်အဝ ရရှိနိုင်ကြခြင်း ဖြစ်သည်။ ကျန်ရှိနေသည့် များပြားလှသော အဓိကကစားသမားများမှာမူ ၆၀ ရာခိုင်နှုန်း ပြီးမြောက်မှုနှုန်း ရှိနေလျှင်ပင် သူတို့၏ စွမ်းဆောင်ရည်အပေါ် မူတည်၍ ရရှိရန် အခွင့်အရေး ရှိပေသည်။

မှန်ပေသည်၊ ဤအသေးအဖွဲကိစ္စရပ်များမှာ ငွေကြေးကို ဂရုမစိုက်ကြသော ချမ်းသာသည့် ကစားသမားများနှင့် ဘာမှမသက်ဆိုင်ချေ။ သူတို့အတွက်တော့ ဂိမ်းထဲတွင် ဂိမ်းဒင်္ဂါး ပိုမိုရရှိခြင်းက ကောင်းမွန်သော်လည်း အကယ်၍ မလုံလောက်ပါက… သူတို့ ငွေဖြည့်လိုက်ရုံသာပင်။

သို့သော်လည်း ယွမ်သောင်းဂဏန်း သို့မဟုတ် သိန်းဂဏန်းအထိ ငွေဖြည့်ရန် ဆန္ဒရှိကြသည့် ကစားသမားများမှာ လူနည်းစုသာ ဖြစ်သည်။ တာဝန်ယူမှုရှိပြီး အရည်အသွေးမြင့်မားသော ဂိမ်းကုမ္ပဏီတစ်ခုအနေဖြင့် လူအများစုကို ထည့်သွင်းစဉ်းစားသင့်သည် မဟုတ်ပါလား…။ စံပြအခြေအနေတစ်ခုမှာ ကစားသမားများထံတွင် ငွေကြေးဖောင်းပွမှု ဖြစ်ပွားစေလောက်အောင် ငွေကြေးအလွန်အကျွံ ရှိမနေစေသလို ကုန်ကျစရိတ်ကို မကာမိနိုင်လောက်အောင်လည်း ဆင်းရဲမနေစေခြင်း ဖြစ်သည်။ ဤနည်းလမ်းမျိုးဖြင့်သာ ဂိမ်းထဲရှိ ကုန်ဈေးနှုန်းများနှင့် ငွေလဲလှယ်နှုန်းများကို တည်ငြိမ်နိုင်စေမည်ဖြစ်ပြီး တည်ငြိမ်မှုရှိမှသာလျှင် လူအများစုက စိတ်အေးလက်အေးဖြင့် ငွေဖြည့်နိုင်ကြပေလိမ့်မည်။

အွန်လိုင်းဂိမ်း ဖြန့်ချိသူများ သို့မဟုတ် ထုတ်လုပ်သူ အများအပြားမှာမူ ဤအရေးကြီးသော ပြဿနာအပေါ်တွင် အစွန်းရောက်သွားတတ်ကြသည်။ အများအားဖြင့် ဂိမ်း၏ အစောပိုင်းအဆင့် ပြီးဆုံးသွားသည်နှင့် သူတို့သည် ကစားသမားများကို ဆက်လက်မကစားနိုင်လောက်အောင် ဆင်းရဲသွားစေပြီး ငွေဖြည့်ရန် ဖိအားပေးတတ်ကြသည်။ ယင်းမှာ အမျှော်အမြင်မရှိဘဲ ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးပစ်လိုက်သည့် သဘောမျိုးသာ ဖြစ်သည်။

“သင်၏ ဘွဲ့အမည်ကို အဆင့်မြင့်တင်လိုက်ပါပြီ - ‘အမှောင်တပ်ဦး’။”

တွက်ချက်မှုဇယား ထွက်ပေါ်လာပြီးနောက် စနစ်၏ အကြောင်းကြားသံက သူ့နားထဲတွင် မြည်ဟည်းသွားပြီး “ခန့်မှန်းရခက်သောအရူး” ဆိုသည့် ဘွဲ့အမည် ပြီးဆုံးသွားခဲ့ပြီဖြစ်ကြောင်း ကြေညာလိုက်လေသည်။

ဖုန်းပုကြွယ်သည် ထိုအကြောင်းကြားချက်ကို ကြားလိုက်ရပြီးနောက် စိတ်ခံစားချက်မျိုးစုံ ရောထွေးသွားရသည်။ ဘွဲ့အမည်သစ်တစ်ခု ရရှိခြင်းသည် ကောင်းမွန်သော အရာဖြစ်သော်လည်း “ဒါကိုခံစားလိုက်စမ်း” စွမ်းရည် ပျောက်ကွယ်သွားခြင်းက သူ့တွင် အသုံးပြုနိုင်မည့် ဆင့်ခေါ်စကေးမရှိတော့ဟု ဆိုလိုခြင်း ဖြစ်ပေသည်။ သို့သော်လည်း ဇာတ်ကောင်တာဝန်ဖြစ်သည့် “ဆင့်ခေါ်စကေးများကို အသုံးပြု၍ အကြိမ် ၅၀ အောင်မြင်စွာ ဆင့်ခေါ်ပါ။ လက်ရှိတိုးတက်မှု ၁၄/၅၀” ဟူသည် အချက်ကတော့ သုံးပုံတစ်ပုံပင် မပြည့်သေးချေ။

သို့သော်လည်း စကားပုံတစ်ခု ရှိသည်မဟုတ်ပါလား။ ရွက်ဟောင်းကြွေပြီးရင် ရွက်သစ်ဝေမြဲ ဟူ၏။ ဖုန်းပုကြွယ်သည် ၎င်းအပေါ်တွင် စိတ်စွဲမနေတော့ချေ။ ဇာတ်ကောင်တာဝန်ကတော့ အနှေးနဲ့အမြန် ပြီးဆုံးသွားမည်ဖြစ်သဖြင့် စိတ်ပူနေစရာ မလိုပါပေ။

သူ ဂိမ်းမီနူးကို ဖွင့်လိုက်ပြီး ဘွဲ့အမည်အသစ်၏ စွမ်းရည်ကို ဦးစွာလေ့လာကြည့်လိုက်သည်။

အမည် - မိစ္ဆာဆင်းသက်ခြင်း

အထူးစွမ်းရည်အမျိုးအစား - တက်ကြွစွမ်းရည်

ကုန်ကျမှု - အသက်အမှတ်၊ သက်လုံအမှတ်နှင့် စိတ်ဝိညာဉ်စွမ်းအား အားလုံး

အကျိုးသက်ရောက်မှု - အသုံးပြုသူအား မိစ္ဆာအသွင်ပြောင်းလဲစေပြီး နတ်ဘုရားကဲ့သို့သော တိုက်ခိုက်ရေးစွမ်းရည်များကို ပေးအပ်သည်။ (အသွင်ပြောင်းစွမ်းရည်ဖြစ်ပြီး သုံးမိနစ်ခန့် ကြာမြင့်ကာ ဂိမ်းထဲဝင်ရောက်ပြီးနောက် တစ်ကြိမ်သာ အသက်သွင်းနိုင်သည်)

[မှတ်ချက် - ၎င်းကို အသက်သွင်းလိုက်သည်နှင့် အသက်အမှတ်သည် ကစားသမား၏ မူလအမြင့်ဆုံးအမှတ်၏ ၃၀၀ ရာခိုင်နှုန်း ဖြစ်လာမည်ဖြစ်ပြီး အသက်အမှတ်နှင့် စိတ်ဝိညာဉ်စွမ်းအားတို့ကိုမူ အကန့်အသတ်မရှိဟု သတ်မှတ်သွားလိမ့်မည်။

မိစ္ဆာအသွင်ပြောင်းနေစဉ်အတွင်း ကစားသမားသည် စိတ်ဝိညာဉ်လက်နက်များမှလွဲ၍ အခြားလက်နက်များ သို့မဟုတ် တစ်ခါသုံးပစ္စည်းများကို အသုံးမပြုနိုင်ပါ။ ပစ္စည်းကိရိယာများ၏ အပိုဆောင်းသက်ရောက်မှုအားလုံး ပျောက်ကွယ်သွားမည်ဖြစ်ကာ မိစ္ဆာအသွင်ပြောင်းခြင်း ပြီးဆုံးသွားသည့်အထိ ဂိမ်းမီနူးကိုလည်း ဖုံးကွယ်ထားလိမ့်မည်။

အသက်အမှတ်ကုန်ဆုံးသွားခြင်း သို့မဟုတ် အချိန်ကန့်သတ်ချက် ပြည့်သွားသည်နှင့် မိစ္ဆာအသွင်ပြောင်းခြင်းက ရပ်တန့်သွားမည်ဖြစ်ပြီး ကစားသမားသည် အသက်အမှတ် ၁ ရာခိုင်နှုန်း၊ သက်လုံအမှတ် ၀ နှင့် စိတ်ဝိညာဉ်စွမ်းအား ၀ အခြေအနေသို့ ရောက်ရှိသွားမည်။ ထို့ပြင် နောက်ထပ် ငါးမိနစ်အတွင်း ကုသစွမ်းရည်များနှင့် အထူးစွမ်းရည်များ၏ သက်ရောက်မှုများကိုလည်း လုံးဝ ခံယူနိုင်မည် မဟုတ်ပါ။]

“ဒါက မီးနဲ့ကစားနေတာပဲဟ…”

ဖုန်းပုကြွယ် ညည်းတွားလိုက်မိသည်။

“ဂိမ်းတစ်ခုကို လက်သီးနဲ့ အနိုင်ရတာမျိုးက ရှားပါးတာကို၊ အခုတော့ ဒီလိုဘွဲ့စွမ်းရည်မျိုး ပေးတယ်ပေါ့၊ မင်းတို့က လူတွေကို အုတ်ဂူထဲအထိ တွန်းပို့ချင်နေတာလား”

သူသည် အပိုဆုလာဘ်များနှင့် ပြည့်စုံအဆင့် ပစ္စည်းကိရိယာကို မယူရသေးမီ အချိန်ကို လှမ်းကြည့်လိုက်ရာ ညသန်းခေါင်ကျော်နေပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ဤသတ်ဖြတ်ခြင်းဂိမ်းသည် သူမျှော်လင့်ထားသည်ထက် ပိုကြာမြင့်ခဲ့ခြင်း ဖြစ်သည်။

“ဟင်”

ထိတွေ့မျက်နှာပြင်ကို လုပ်ဆောင်နေစဉ်အတွင်းမှာ ဖုန်းပုကြွယ်သည် မိတ်ဆွေဖွဲ့ရန် တောင်းဆိုမှုများနှင့် အီးမေးလ်မက်ဆေ့ခ်ျ အချို့ကို သတိပြုမိလိုက်သည်။

သူသည် သူ့အား သူငယ်ချင်းအဖြစ် ပေါင်းထည့်ရန် တောင်းဆိုထားသည့် လူများကို အရင်ဆုံး ကြည့်ရှုလိုက်သည်။ ခုနှစ်ထွေသတ်ဖြတ်ခြင်း၊ သျှီဝ၊ ကျောက်ရင်းဝမ်တို့ အားလုံး ရှိနေကြလေသည်။

“ဟဲ… တကယ်လို့ ငါသာ ဒီဆက်တိုက်တောင်းဆိုမှုသုံးခုကို စခရင်ရှော့ရိုက်ပြီး ဖိုရမ်ပေါ် တင်လိုက်မယ်ဆိုရင်…”

ဖုန်းပုကြွယ် ရယ်မောလိုက်သည်။

“အိုကေပါ… လူတွေကတော့ ဖိုတိုရှော့ကြီးပဲလို့ ပြောကြမှာ သေချာတယ်”

ဖုန်းပုကြွယ်သည် ၎င်းတို့ကို တစ်ခုချင်းစီ လက်ခံလိုက်ပြီးနောက် နောက်တစ်စက္ကန့်တွင် ဂိမ်းထဲမှ ချက်ချင်း ထွက်ခွာလိုက်တော့သည်။

ဤနည်းလမ်းက အခြားတစ်ဖက်မှ ချက်ချင်းဆက်သွယ်လာမည့် မက်ဆေ့ခ်ျများဖြင့် အနှောင့်အယှက်ပေးကို ထိရောက်စွာတားဆီးပေးလိုက်ခြင်း ဖြစ်သည်…။

သူ သန့်စင်ခန်းသို့သွား၍ မျက်နှာသစ် ကိုယ်လက်သန့်စင်ပြီးနောက် ဂိမ်းသေတ္တာထဲတွင် ပြန်လဲလျောင်းလိုက်ပြီး ဂိမ်းထဲသို့ ဝင်ရောက်ရန်အတွက် အိပ်စက်ခြင်းမုဒ်သို့ ပြောင်းလဲလိုက်လေသည်။

သူသည် ဂိမ်းထဲဝင်မည့်အချိန်ကို ချက်ချင်းအဖြစ် သတ်မှတ်လိုက်ရာ ၎င်းက သူ့ဦးနှောက်က အိပ်စက်ခြင်းအခြေအနေသို့ ရောက်ရှိသွားသည်နှင့် အာရုံကြောဆက်သွယ်မှုက အလိုအလျောက် အသက်ဝင်လာမည်ဟု ဆိုလိုခြင်း ဖြစ်သည်။

လော့ဂ်အင်နေရာသို့ ပြန်လည်ရောက်ရှိပြီးနောက် ဖုန်းပုကြွယ်သည် အချိန်ကို နောက်တစ်ကြိမ် ထပ်မံကြည့်ရှုလိုက်ရာ နံနက် ၁ နာရီ ၁၅ မိနစ် ရှိနေပြီ ဖြစ်သည်။ ဂိမ်းထဲဝင်သည့်မုဒ်ကို ပြောင်းလဲလိုက်ပြီးနောက် ခုနှစ်ထွေသတ်ဖြတ်ခြင်းနှင့် သျှီဝတို့သည် သူ့ထံ မဆက်သွယ်နိုင်တော့ပေ။ ကျောက်ရင်းဝမ်သည်လည်း လိုင်းပေါ် ရှိနေသော်ငြား သူ့အခြေအနေမှာမူ ယခုတွင် “ဂိမ်းကစားနေဆဲ” ဟု ပြသနေလေသည်။

“ရှောင်တန်၊ အစ်ကိုလုံ၊ ကျင်းဖူကွေ့…”

ဖုန်းပုကြွယ်၏ အကြည့်က သူ၏ သူငယ်ချင်းစာရင်းကို ဝေ့ဝဲဖြတ်သန်းသွားရာ ကစားသမား အားလုံးနီးပါး ဂိမ်းထဲရောက်နေကြပြီ ဖြစ်သည်။

“ထူးဆန်းလိုက်တာ… ရီရူလီနဲ့ ရီရူယွီတို့က ဒီနေ့အွန်လိုင်းပေါ် မရှိကြပါလား…”

သူသည် သူ့ဘာသာရေရွတ်ရင်း သူ့အီးမေးလ်ကို ဖွင့်လိုက်လေသည်။

တစ်ခုတည်းသော အီးမေးလ်မှာ ရှောင်တန်ထံမှ ပေးပို့ထားခြင်းဖြစ်ပြီး အကြောင်းအရာမှာ ဤသို့ဖြစ်သည်။

“အစ်ကိုကြွယ်၊ မင်း ဂိမ်းထဲမဝင်သလို ဖုန်းလည်း မဖြေတာကို ငါသတိထားမိတယ်၊ မင်း နိုးကြားခြင်းမုဒ်မှာ ပိတ်မိနေတာ ဖြစ်နိုင်တာမို့ မင်းသိအောင် ဒီအီးမေးလ်ကို ရေးလိုက်တာ။

ငါ ဂိမ်းထဲဝင်ခါနီးအချိန်တုန်းက ရှောင်လင်က ငါ့ဆီဖုန်းဆက်ပြီး အစ်မယွီက ရုတ်တရက် နေမကောင်းဖြစ်နေတယ်လို့ လှမ်းပြောတယ်၊ ရှောင်လင်က အခု အစ်မယွီအိမ်မှာ သူနဲ့အတူတူ ရှိနေတာဖြစ်ပြီး မင်းကိုလည်း စိတ်မပူဖို့ လှမ်းပြောခိုင်းလိုက်တယ်၊ အဲ့ဒါက ရုတ်တရက် အအေးမိဖျားနာတာမျိုးပဲမို့လို့ ပြင်းထန်တဲ့အခြေအနေတော့ မဟုတ်ဘူး။

ဒါပဲ။ မင်း ဘယ်အချိန် အွန်လိုင်းပေါ် ရောက်လာမလဲ ငါမသိလို့ အခုလောလောဆယ်တော့ ဒီအတိုင်းပဲ စီစဉ်ထားလိုက်မယ်”

“အင်း…”

ဖုန်းပုကြွယ်က စဉ်းစားတွေးတောဟန်ဖြင့် ဆိုသည်။

“‘စိတ်မပူပါနဲ့’ တဲ့လား…”

ထိုအခိုက်အတန့်တွင် ရီရူလီ၏ မျက်နှာလေးက ဖုန်းပုကြွယ်၏ စိတ်အာရုံထဲတွင် ထွက်ပေါ်လာပြီး သူ တိုးတိုးလေး ရေရွတ်လိုက်မိသည်။

“ပြောရမယ်ဆိုရင်… သူက ငါစိတ်ပူရတဲ့ လူတွေထဲမှာ ပါနေခဲ့ပြီပဲ… ဒါက ဘယ်အချိန်ကတည်းက စခဲ့တာပါလိမ့်…”

All Chapters