← Chapters

အခန်း ၂၉၃

Vol. 30 Ch. 293

အခန်း ၂၉၃

Vol. 30 Ch. 293

အခန်း (၂၉၃) ပြည့်စုံအဆင့် ပစ္စည်းကိရိယာ

သိုလှောင်ခန်းထဲသို့ ဝင်ရောက်ပြီးနောက် ဖုန်းပုကြွယ်သည် ပထမဆုံးအနေဖြင့် သူ၏ အပိုဆုလာဘ်ကို ရယူလိုက်ပြီး ၄၀ % အတွေ့အကြုံ(EXP) အပိုဆုကိုပင် ထပ်မံရွေးချယ်လိုက်လေသည်။ အဆင့် ၂၈ ၏ EXP အမြင့်ဆုံးကန့်သတ်ချက်မှာ ၂၈၀,၀၀၀ ဖြစ်သဖြင့် ၄၀ % ဆိုသည်မှာ ၁၁၂,၀၀၀ ဖြစ်သဖြင့် မနည်းလှသော ပမာဏဖြစ်သည်။ ၎င်းက သူ ဇာတ်လမ်းပြီးမြောက်၍ ရရှိခဲ့သည်ထက်ပင် ပိုမိုများပြားနေသေးသည်။

အပိုဆုကို ရယူပြီးနောက် ဖုန်းပုကြွယ်သည် အနည်းငယ်စိုးရိမ်စွာဖြင့် အခြားဖန်တိုင်တစ်ခုနားသို့ လျှောက်လှမ်းသွားကာ “အသုံးပြုနိုင်သော ပြည့်စုံအဆင့် ပစ္စည်းကိရိယာ” ကို စတင်မဲနှိုက်ရန် ပြင်ဆင်လိုက်တော့သည်။

“ဒီလိုအချိန်မျိုးမှာ မျှော်လင့်ချက်တွေ အများကြီး ထားလို့မဖြစ်ဘူး…”

ဖုန်းပုကြွယ်သည် အမှိုက်ပစ္စည်းတစ်ခု ထွက်လာ၍ စိတ်ပျက်မသွားစေရန် သူ့ကိုယ်သူ ကြိုတင်ပြင်ဆင်ရင်း ရေရွတ်လိုက်သည်။

သူ့မျက်စိရှေ့တွင် အဖြူရောင် အလင်းတန်းတစ်ခု စုစည်းလာပြီး မကြာမီ လက်ရာမြောက်စွာ ဖန်တီးထားသော လက်ပြတ်ချပ်ဝတ်တန်ဆာတစ်ခုက ဖန်တိုင်အတွင်း၌ လွင့်မျောထွက်ပေါ်လာလေသည်။ ထိုချပ်ဝတ်မှာ အဓိကအားဖြင့် ခဲရောင်ဖြစ်ပြီး တောက်ပသော ရွှေရောင်ထွင်းကြောင်းများဖြင့် တန်ဆာဆင်ထားကာ အလင်းရောင်အောက်တွင် ၎င်းမျက်နှာပြင်မှ ဝေဝါးဆန်းကြယ်သော ရောင်ဝါတစ်ခု ဖြာထွက်နေလေသည်။

အမည် - အာတီမစ်၏ ထွေးပွေ့မှု

အမျိုးအစား - ချပ်ဝတ်တန်ဆာ

အရည်အသွေး - ပြည့်စုံ

ကာကွယ်ရေးစွမ်းအား - မရှိ

အထူးဂုဏ်သတ္တိ - မရှိ

အကျိုးသက်ရောက်မှု - တာဝေးတိုက်ခိုက်မှုအားလုံးမှ ရရှိမည့် ထိခိုက်မှုဒဏ်ကို ကြီးမားစွာ လျှော့ချပေးခြင်း

ဝတ်ဆင်ရန် လိုအပ်ချက် - အထွေထွေကျွမ်းကျင်မှု အဆင့် C၊ ကောက်ယူပြီးပါက လွှဲပြောင်းရောင်းချ၍မရပါ

မှတ်ချက် - လနတ်သမီး၏ အကာအကွယ်အောက်တွင် ကစားသမားသည် မြှား၊ ကျည်ဆန်နှင့် ရောင်ခြည်တန်းများကဲ့သို့သော သာမန်တာဝေးထိခိုက်မှုဒဏ်များကို လုံးဝခံရမည်မဟုတ်ပါ။ ၎င်းက အခြားတာဝေးတိုက်ခိုက်မှုအချို့ (အထူးကျည်ဆန်များ၊ တာဝေးစကေးများ သို့မဟုတ် အထူးပစ္စည်းကိရိယာများ) နှင့် ရုပ်ပိုင်းဆိုင်ရာမဟုတ်သော ထိခိုက်မှုများကိုလည်း ပယ်ဖျက်ပေးနိုင်သည်။

“တော်တော်လေး မိုက်တာပဲ…”

ဖုန်းပုကြွယ်က ဆိုသည်။

“ဒါက မင်းအစ်မရဲ့ အစုအပြုံလိုက်ထုတ်တဲ့ သူတော်စင်ဝတ်စုံတွေထက် ဘယ်လိုမှ မညံ့ပါဘူး”

သူသည် အာတီမစ်နှင့် အသီနာတို့၏ ဆက်ဆံရေးကို လှမ်းသရော်ရန်လည်း မမေ့ခဲ့ချေ။

အက်ခိုးချပ်ဝတ်သည် ခါးပတ်တစ်ခုသာဖြစ်သဖြင့် ဖုန်းပုကြွယ်အနေဖြင့် ဤပစ္စည်းအသစ်ကို ဝတ်ဆင်ခြင်းအပေါ် သက်ရောက်မှုမရှိချေ။ ရှေးဟောင်းဂရိစတိုင် ချပ်ဝတ်တစ်ခုနှင့် မာဗယ်ရုပ်ပြထဲက ခါးပတ်တစ်ခု တွဲဖက်ထားသည်မှာ အနည်းငယ်ကြောင်တောင်တောင်နိုင်သော်လည်း သူ့အဝတ်အစားပုံစံက အမြဲတမ်း ဖုံးကွယ်ထားပြီးသားဖြစ်သဖြင့် အရေးမကြီးလှပေ။

ဖုန်းပုကြွယ် ချပ်ဝတ်ကို ဝတ်ဆင်လိုက်သည့် အခိုက်အတန့်တွင် သူသည် တစ်ခါမှမခံစားဖူးသည့် ပျော်ရွှင်မှုနှင့် ကျေနပ်မှုကို ခံစားလိုက်ရလေသည်။ ဤအရာအား သူပိုင်ဆိုင်သည့် ပထမဆုံးသော အစစ်အမှန်ပြည့်စုံအဆင့် ပစ္စည်းကိရိယာအဖြစ် သတ်မှတ်ရပေမည်။ သူသည် ယခင်က ဒဏ္ဍာရီလာ “တစ်ချက်ပစ် တစ်ကောင်သေ သေနတ်” နှင့် ပြည့်စုံအဆင့်ဖြစ်သော “သွေးအေးချပ်ဝတ်” တို့ကို ကိုင်တွယ်ဖူးခဲ့သော်လည်း ထိုအရာများမှာ ဂိမ်းပြင်ပသို့ ယူဆောင်သွား၍မရသည့် အရာများသာ ဖြစ်ကြသည်။

ယခုအခါ အာတီမစ်၏ ထွေးပွေ့မှုကို ဝတ်ဆင်လိုက်ရသည်မှာ... ယခင်က ကားအရောင်းပြခန်းတွင် စမ်းမောင်းရုံသာ တတ်နိုင်ခဲ့ပြီး အခုတော့ ကားကြီးကို အိမ်သို့ တကယ်ကြီး မောင်းပြန်လာရသလိုမျိုး ခံစားချက်မျိုး ဖြစ်သည်။

မှန်ပေသည်၊ ဖုန်းပုကြွယ်၏ စရိုက်အရ သူသည် ပစ္စည်းကိရိယာတစ်ခုတည်းအပေါ်တွင် အချိန်အကြာကြီး သာယာနေမည့်သူ မဟုတ်ချေ။ သူ့အာရုံက အခြားတစ်နေရာသို့ လျင်မြန်စွာ ရောက်ရှိသွားပြန်သည်။

သူသည် ပထမဆုံးအနေဖြင့် သူ၏ ပစ္စည်းသိုလှောင်အိတ် အခြေအနေကို စစ်ဆေးလိုက်ရာ အပူစွမ်းအင်သုံးဗုံးများ၊ ဖောက်ခွဲရေးပစ္စည်းများ၊ မိုးကြိုးအေးခဲသေနတ်၊ လေထီးအပို (လင်းနို့ဂူကို ဝင်စီးရန် မူလက ပြင်ဆင်ထားသည့် အစီအစဉ်အတွက်) စသည်ဖြင့်... အားလုံး ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ရလဒ်မျက်နှာပြင်တွင်လည်း သူ မည်သည့်ပစ္စည်းမှ ယူဆောင်မလာနိုင်ခဲ့ကြောင်း ပြသနေလေသည်။

အနှီသတ်ဖြတ်ခြင်းဂိမ်းသည် အမှန်တကယ်ပင် အလှည့်အပြောင်းများလှသည်။ ဂျေဆန်တော့ဒ် ပေါ်လာသည့် အခိုက်အတန့်မှစ၍ ဖုန်းပုကြွယ်၏ အစီအစဉ်တစ်ခုလုံး ဖရိုဖရဲဖြစ်သွားခဲ့ရခြင်းဖြစ်သည်။ သို့သော်လည်း ဂိမ်းပြီးဆုံးသွားပြီးနောက် ပြန်လည်သုံးသပ်ကြည့်သောအခါ ဆုံးရှုံးမှုက သိပ်မကြီးလှဘဲ ကျည်ဆန်အချို့နှင့် အသက်အမှတ်ဖြည့်ဆေးနှစ်ပုလင်းမျှသာ ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။

“အင်း... လောလောဆယ်တော့ ပစ္စည်းတွေ ပြန်ဖြည့်ဖို့ မလိုသေးဘူး၊ နောက်တစ်ပွဲပြီးမှပဲ ဈေးဆိုင်ကို သွားတော့မယ်”

ဖုန်းပုကြွယ် သူ့ဘာသာ စဉ်းစားလိုက်သည်။

“ငါ အဆင့် ၂၉ ရောက်ဖို့ နည်းနည်းပဲ လိုတော့တာ၊ အဆင့် ၃၀ မတိုင်ခင်အထိတော့ ငါ့ရဲ့ စကေးအမှတ်တွေကို မထိတာ အကောင်းဆုံးပဲ၊ ခြောက်လှန့်သေတ္တာတွေကိုလည်း သွားမကြည့်တော့ဘူး၊ သွားကြည့်ရင် စိတ်ကစားနေဦးမယ်”

ခဏမျှ စဉ်းစားပြီးနောက် သူသည် အဆင့် ၂၉ သို့ အရင်ရောက်ရှိရန်အတွက် နောက်ထပ် ဂိမ်းတစ်ပွဲ ဆက်ကစားရန် ဆုံးဖြတ်လိုက်တော့သည်။

ဓာတ်လှေကားထဲသို့ ပြန်ရောက်ချိန်တွင် ဖုန်းပုကြွယ်သည် ပထမဆုံးအနေဖြင့် သူငယ်ချင်းစာရင်းကို ဖွင့်ကြည့်လိုက်သော်လည်း နာမည်အားလုံးနီးပါးက “ဂိမ်းကစားနေဆဲ” ဟု ပြသနေသဖြင့် ဆက်လက်စောင့်ဆိုင်းနေပါက အချိန်မီတော့မည် မဟုတ်ချေ။ ထို့ကြောင့် သူသည် တစ်ယောက်တည်း ကစားရန်သာ ရွေးချယ်လိုက်ရတော့သည်။

စက္ကန့်အနည်းငယ်မျှ စဉ်းစားပြီးနောက် သူသည် ထိတွေ့မျက်နှာပြင်ပေါ်ရှိ မုဒ်ရွေးချယ်မှုမီနူးကို ဖွင့်လိုက်ပြီး အဖွဲ့လိုက်ရှင်သန်ခြင်းမုဒ်သို့ တန်းစီလိုက်သည်။

အဘယ်ကြောင့်ဆိုသော် သူသည် ထိုနေ့မွန်းလွဲပိုင်းကမှ တစ်ကိုယ်တော်ရှင်သန်ခြင်းမုဒ်ကို ကစားထားခဲ့ပြီး နောက်ဆုံးပွဲကလည်း အလွန်ခက်ခဲလှသည့် သတ်ဖြတ်ခြင်းဂိမ်းဖြစ်ခဲ့သဖြင့် ယခုတစ်ကြိမ်တွင်မူ လူအရေအတွက်များသော အဖွဲ့ထဲသို့ဝင်ကာ စိတ်အေးလက်အေး ပေါ့ပေါ့ပါးပါးသာ ကစားချင်သောကြောင့် ဖြစ်သည်။

ဖုန်းပုကြွယ်၏ လက်ရှိ ဇာတ်ကောင်အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်၏။

ဘွဲ့အမည် - အမှောင်တပ်ဦး

အတွေ့အကြုံအမှတ် - ၂၅၈,၅၀၀/၂၈၀,၀၀၀၊ စကေးအမှတ် - ၁၄,၄၀၀၊ ဂိမ်းဒင်္ဂါး - ၁,၃၆၅,၀၀၀။

ကျွမ်းကျင်မှုများ - အထွေထွေ C၊ လက်မှုပညာ D၊ ထောက်လှမ်းရေး D၊ တိုက်ခိုက်ရေး C၊ ပစ်ခတ်ရေး D၊ ကုသရေး E၊ မှော်အတတ် C၊ ဆင့်ခေါ်ခြင်း F။

ပစ္စည်းသိုလှောင်အိတ် ၁၀/၁၅ - မာရီယို၏ ဂွ၊ လက်နှိပ်ဓာတ်မီး၊ ကြေးရုပ် ၁၈ရုပ် ၏ ခေါက်ကုလားထိုင် (နံပါတ် ၅)၊ SCP-500 (၁၀/၂၀)၊ ဆွဲငင်အားဆန့်ကျင်ရေးလက်နက်၊ မစ္စမောက်ဇီ၏ ဒေါသ၊ ဗာဂျရာခေါင်းလောင်း၊ ပါစီဖုန်း၏ ဖုန်စုပ်စက်၊ အသက်အမှတ်ပြန်လည်ဖြည့်တင်းဆေး (အလတ်) ×၃၊ အဆုံးမဲ့ လက်ပစ်ဗုံးကျည်အိမ်။

ဝတ်ဆင်ထားသည့် ပစ္စည်းကိရိယာများ - ဂျက်ဇ်အက (ဖိနပ်)၊ ပင့်ကူမျှင်လက်အိတ်၊ သေမင်းဖဲချပ် (စိတ်ဝိညာဉ်လက်နက်)၊ အက်ခိုးချပ်ဝတ်၊ ဂေါ်ဘလင်ဓာတ်ငွေ့ကာမျက်နှာဖုံး၊ အာတီမစ်၏ ထွေးပွေ့မှု။

သိုလှောင်ခန်း ၄/၁၁ - ပဟေဠိကတ် - မျောက်၊ ပဟေဠိကတ် - မျက်မှန်၊ ပဟေဠိကတ် - စတော်ဘယ်ရီ၊ ပဟေဠိကတ် - သားရေဂျာကင်။

စကေးများ - အလျင်အမြန်ပြုပြင်ခြင်း၊ ခန္ဓာကိုယ်မြင့်တင်ခြင်းအတတ်၊ ရေခဲမှော်ဆရာ၏ ဇွဲလုံ့လ၊ မိစ္ဆာဆင်းသက်ခြင်း။

ဤဂုဏ်သတ္တိများနှင့်ဆိုလျှင် သူသည် မည်သည့်အဖွဲ့တွင်မဆို အဓိကအင်အားတစ်ခု သေချာပေါက် ဖြစ်လာနိုင်ပေသည်။ နောက်ဆုံးဇာတ်လမ်းကို ပြီးမြောက်အောင်မြင်နိုင်သရွေ့ လမ်းခုလတ်တွင် သူ သေဆုံးသွားခဲ့လျှင်ပင် အတွေ့အကြုံအမှတ်များစွာ ရရှိမည်ဖြစ်ရာ အဆင့်တက်ရန်မှာ သေချာပေါက်ပင် ဖြစ်သည်။

“ဖုန်းပုကြွယ်၊ အဆင့် ၂၈”

“သင် ပါဝင်လိုသော ဂိမ်းမုဒ်ကို ရွေးချယ်ပေးပါ”

“သင်သည် အဖွဲ့လိုက်ရှင်သန်ခြင်းမုဒ် (သာမန်) ကို ရွေးချယ်ထားပါသည်၊ ကျေးဇူးပြု၍ အတည်ပြုပေးပါ”

“အတည်ပြုပြီးပါပြီ၊ အဖွဲ့ဝင်အရေအတွက် လေးဦးအဖြစ် ကျပန်းသတ်မှတ်လိုက်သည်”

“သင်သည် တန်းစီစနစ်ထဲသို့ ရောက်ရှိသွားပါပြီ၊ အသင့်ဖြစ်နေသော အခြားကစားသမားများ သို့မဟုတ် အဖွဲ့များကို ရှာဖွေနေပါသည်”

“ကိုက်ညီမှု ပြီးမြောက်ပါပြီ၊ အာရုံကြောချိတ်ဆက်မှုများကို ချိန်ညှိနေပါသည်၊ ဇာတ်လမ်း ဖန်တီးနေပါသည်...”

“ဒေါင်းလုဒ်ဆွဲနေပါသည်၊ ကျေးဇူးပြု၍ ခေတ္တစောင့်ဆိုင်းပေးပါ”

အကြောင်းကြားချက်များ ဆက်တိုက်ထွက်ပေါ်လာပြီးနောက် ဂိမ်း၏ အမှတ်သညာဖြစ်သော စကားသံက ထပ်မံထွက်ပေါ်လာတော့သည်။

“သည်းထိတ်ရင်ဖို သုခဘုံမှ ကြိုဆိုပါတယ်”

ယခုတစ်ကြိမ်တွင်မူ ထိုအသံမှာ တည်ငြိမ်ပြီး စကားပြောအေးဆေးသော ပညာတတ်လူငယ်တစ်ဦး၏ အသံနှင့် တူပေသည်။

တစ်ချိန်တည်းမှာပင် ဖုန်းပုကြွယ်၏ မြင်ကွင်းတစ်ခုလုံး လုံးဝမှောင်အတိကျသွားလေသည်။ ယခုတစ်ကြိမ်တွင်မူ “ရုတ်တရက် တယ်လီပို့ခြင်း” ဟူသော ဝင်ရောက်သည့်နည်းလမ်းကို အသုံးပြုထားခြင်း ဖြစ်ပုံရသည်။

“ဒေါင်းလုဒ် ဆွဲပြီးပါပြီ၊ သင်သည် လက်ရှိတွင် အဖွဲ့လိုက်ရှင်သန်ခြင်းမုဒ် (သာမန်) ထဲ ရောက်ရှိနေပါသည်”

“ဤမုဒ်သည် ဇာတ်လမ်းမိတ်ဆက်ကို ပံ့ပိုးပေးထားပြီး ဘေးထွက်/လျှို့ဝှက်တာဝန်များနှင့် အထူးကမ္ဘာ့အမြင်များ ထွက်ပေါ်လာနိုင်သည့် အခွင့်အရေး ရှိပါသည်”

“ဇာတ်လမ်းအောင်မြင်မှု ဆုလာဘ် - သင်ယူနိုင်သော စကေးကတ်တစ်ခုအား ကျပန်းမဲနှိုက်ခွင့်”

“ဇာတ်လမ်းမိတ်ဆက်ကို စတင်ပြသတော့မည် ဖြစ်ပါသည်။ မိတ်ဆက်ပြသပြီးနောက် ဂိမ်းကို ချက်ချင်းစတင်ပါမည်”

အဖွင့် ကွန်ပျူတာဂရပ်ဖစ်ဗီဒီယို စတင်လာပြီး မြင်ကွင်းမှာ အတော်လေးကို ရိုးရှင်းလှသည်...။ နေဝင်ဆည်းဆာအချိန်၊ စည်ကားလှသော မြို့တော်ကြီးတစ်ခု။ မိုးမျှော်တိုက်ကြီးများက အပြိုင်အဆိုင် ထိုးထွက်နေကြပြီး ဆူညံသံများကလည်း ဆက်တိုက်ထွက်ပေါ်နေကာ လမ်းမများပေါ်တွင် ကားများနှင့် လမ်းသွားလမ်းလာများ ဖြတ်သန်းသွားလာနေကြသည်။ အရာအားလုံးမှာ သာမန်အတိုင်းပင် ဖြစ်နေပြီး နောက်ခံစကားပြောသံကမူ မထွက်ပေါ်လာသေးချေ။

ကင်မရာသည် မြို့ပြအလှ မှတ်တမ်းတင်ရုပ်ရှင်တစ်ခုကို ရိုက်ကူးနေသကဲ့သို့ လေထဲတွင် ဖြည်းညှင်းစွာ ရွေ့လျားနေလေ၏။

“ဒီလောက် သာမန်ဆန်လွန်းတဲ့ အစပျိုးမှုက... ငါ့ကို တစ်မျိုးကြီးနဲ့ မလုံခြုံသလို ခံစားရစေတယ်...”

ဖုန်းပုကြွယ် သူ့ဘာသာ တွေးတောလိုက်မိသည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်မူ မြင်ကွင်းက အထပ်နှစ်ဆယ်ခန့် မြင့်သော အဆောက်အအုံတစ်ခုပေါ်တွင် ရပ်တန့်သွားပြီးနောက် ကင်မရာက ထိုအဆောက်အအုံဆီသို့ ပုံသေထောင့်တစ်ခုအတိုင်း ဖြည်းဖြည်းချင်း နီးကပ်သွားတော့သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်ကြီးသည် မှောင်မိုက်လာပြီး မြင်ကွင်းထဲတွင် မြင်တွေ့နေရသည့် လမ်းသွားလမ်းလာများနှင့် မော်တော်ယာဉ် အရေအတွက်မှာလည်း တဖြည်းဖြည်း နည်းပါးသွားရာ...။

All Chapters