← Chapters

အခန်း ၂၉၅

Vol. 30 Ch. 295

အခန်း ၂၉၅

Vol. 30 Ch. 295

အခန်း (၂၉၅) တာဝါပေါ်တက်ခြင်း - ၂

လေးဦးသား နှုတ်ဆက်စကားဆိုပြီးနောက် နောက်ထပ်လုပ်ဆောင်ရမည့်ဗျူဟာကို ဆွေးနွေးရန် ပြင်လိုက်စဉ် ကျိချန်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားလေသည်။ သူက ဆိုသည်။

“အားလုံးပဲ… ငါ့ရဲ့ ပစ္စည်းသိုလှောင်အိတ်ထဲက ပစ္စည်းတွေအကုန်လုံး မီးခိုးရောင် ပြောင်းသွားပြီဟ၊ မင်းတို့လည်း အဲလိုဖြစ်နေလား”

သူ၏သတိပေးမှုကြောင့် အခြားသုံးဦးလုံးသည်လည်း ဂိမ်းမီနူးကို ချက်ချင်းဖွင့်ကာ မိမိတို့၏ ပစ္စည်းသိုလှောင်အိတ်ကို စစ်ဆေးလိုက်ကြတော့သည်။

“ငါလည်း တူတူပဲ၊ အားလုံးက မီးခိုးရောင်ဖြစ်သွားပြီး မှေးမှိန်နေတာ၊ ပစ္စည်းတွေတစ်ခုမှ ထုတ်လို့မရဘူး”

ချိုးဖုန်းစီက ထပ်လောင်းပြောဆိုလိုက်၏။

“ငါလည်း အတူတူပါပဲ”

ဖုန်းပုကြွယ်ကလည်း ဝင်ရောက်ပြောဆိုလိုက်သည်။

ဟုန်ဟူက တိုက်ရိုက်ပင် ဆိုသည်။

“ဒါက ဂိမ်းက ငါတို့ကို ပေးထားတဲ့ ကန့်သတ်ချက်တစ်ခုပဲ ဖြစ်ရမယ်…”

သူ ခဏရပ်လိုက်သည်။

“ဒါပေမဲ့ အဲဒီအကြောင်းကို အရိပ်အမြွက်လေးတောင် မပြထားပါလား”

ကျိချန်သည် စာနာထောက်ထားတတ်ပြီး အမျှော်အမြင်ရှိသော ဗျူဟာမှူးတစ်ဦး ဖြစ်သည်။ သူ၏ စဉ်းစားတွေးခေါ်မှုမှာ အဖွဲ့ဝင်များလောက် မလျင်မြန်သော်လည်း အမှန်တကယ်ပင် စေ့စပ်သေချာပြီး မည်သည့်အရာကိုမဆို မလုပ်ဆောင်မီ သေချာစွာ စဉ်းစားလေ့ရှိသူ ဖြစ်၏။ ဟုန်ဟူ၏ စကားကို ကြားပြီးနောက် သူလည်း အခြားပြဿနာတစ်ခုကို သတိပြုမိသွားသည်။

“တကယ်လို့… တခြားကန့်သတ်ချက်တွေလည်း ရှိနေဦးမယ်ဆိုရင်ကော၊ ဥပမာအား…”

“အချိန်ပေါ့”

ချိုးဖုန်းစီက သူဖြတ်ပြောလိုက်သည့် စကားကို ဆက်စပ်ပေးလိုက်သည်။

“ဒီဇာတ်လမ်းက တာဝန်တွေကိုပဲ အဆင့်မြှင့်တင်ပေးပြီး တခြားစနစ်အကြောင်းကြားချက်တွေကို မပေးဘူးလို့ ယူဆရမယ်၊ ငါတို့ဘာသာပဲ အပြင်အဆင်တွေနဲ့ စည်းမျဉ်းတွေအားလုံးကို ရှာဖွေတွက်ချက်ရမှာ၊ ဒါဆို တစ်ဖွဲ့လုံးကို အပြတ်ရှင်းပစ်နိုင်ခြေ အရှိဆုံးအကြောင်းရင်းက အချိန်ပဲ ဖြစ်လိမ့်မယ်”

ဟုန်ဟူက ခေါင်းညိတ်လိုက်သည်။

“ဒါက သေချာပေါက် ဖြစ်နိုင်ခြေရှိတာပဲ… တကယ်လို့ ဒီဇာတ်လမ်းက အချိန်ကန့်သတ်ချက်တစ်ခုကို ဝှက်ထားပြီး ငါတို့က ဒီစည်းမျဉ်းကို လုံးဝမသိဘဲ နေရာအနှံ့ အေးအေးလူလူ လျှောက်ရှာနေမယ်ဆိုရင်…”

“အချိန်ကန့်သတ်ချက်နဲ့ ပတ်သက်တဲ့ သက်ဆိုင်ရာအရိပ်အမြွက်တွေကို မကြာခင် တွေ့နိုင်ရမှာ မဟုတ်ဘူးလား”

ဖုန်းပုကြွယ်က သဘာဝကျသော လေသံဖြင့် ကြားဖြတ်ပြောဆိုလိုက်၏။

“အင်း… ဟုတ်တာပဲ”

ဟုန်ဟူက စဉ်းစားရင်းဖြင့် ဆက်ပြောသည်။

“လုံးဝ ချိုးဖောက်လို့မရတဲ့ စည်းမျဉ်းဆိုတာ မရှိပါဘူး၊ တကယ်လို့ အချိန်ကန့်သတ်ချက် တကယ်ရှိတယ်ဆိုရင် ပုံစံတူဇာတ်ကွက်တွေ ဒါမှမဟုတ် အရိပ်အမြွက်တွေ သေချာပေါက် ရှိလိမ့်မယ်၊ ပြီးတော့ အဲဒါက ဇာတ်လမ်းအစောပိုင်းမှာ ပေါ်လာရမှာ၊ ငါတို့ အချိန်မရှိတော့တဲ့ အခါမှပဲ ထပ်ပေါ်လာတာမျိုး ဒါမှမဟုတ် လုံးဝပေါ်မလာတာမျိုးဆိုရင်တော့ ဒါက အရမ်းကို…”

သူ စကားကို လမ်းခုလတ်တွင် ရပ်လိုက်သည်။

ဟုန်ဟူ ခေါင်းလှည့်လိုက်ပြီး မျက်မှန်ကို ပင့်တင်ကာ သံသယအပြည့်ရှိသော အကြည့်ဖြင့် ဖုန်းပုကြွယ်ကို စိုက်ကြည့်လိုက်လေသည်။

ချိုးဖုန်းစီနှင့် ယွီကျန့်ကျိတို့လည်း ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ဘာဖြစ်နေသည်ကို သဘောပေါက်သွားကြသဖြင့် နှစ်ဦးစလုံးက ဖုန်းပုကြွယ်ထံသို့ အကြည့်များ ရွှေ့လိုက်ကြတော့သည်။

“ဘာလဲ”

ဖုန်းပုကြွယ်သည် ချက်ချင်း မသိနားမလည်ဟန် ဆောင်လိုက်သည်။

“ငါ စကားမှားသွားလို့လား၊ အမှန်တော့ ငါတွေးမိတာက… မင်းတို့လို ကျွမ်းကျင်သူတွေ ရှိနေတာပဲ၊ ဘယ်လို ကန့်သတ်ချက် ဒါမှမဟုတ် ပဟေဠိမျိုးမဆို မြန်မြန်ဆန်ဆန် ဖြေရှင်းနိုင်မှာပဲဆိုပြီးတော့ ပါးစပ်ထဲရှိရာ လျှောက်ပြောလိုက်တာပါ”

“အာ…”

ဟုန်ဟူက မချိပြုံး ပြုံးလိုက်သည်။

“မဟုတ်တာ၊ မဟုတ်တာ၊ မင်းပြောတာ တကယ့်ကို မှန်ပါတယ်၊ ပဟေဠိဖြေရှင်းတဲ့နေရာမှာ တော်တော်လေး အရည်အချင်းရှိတာပဲ ဟမ်…”

အမှန်တကယ်တွင် သူ့စိတ်ထဲ တွေးနေသည်မှာ ‘ကျစ်… ဒါကို ဆိုလိုတာကိုး၊ အကောင်းမြင်စိတ်နဲ့ ပေါ့ပေါ့ပါးပါး ပြောလိုက်တဲ့ စကားပဲကို၊ သူက တည်ငြိမ်ပြီး ယုံကြည်ချက်ရှိတဲ့ လေသံနဲ့ ပြောနေတော့ တကယ့်ကို ချက်ချင်းတွက်ချက်မိသွားတယ်လို့ ထင်လိုက်တာ၊ ငါ့ကို လန့်အောင်လုပ်နေတာပဲ’ ချိုးဖုန်းစီနှင့် ယွီကျန့်ကျိတို့လည်း ပုခုံးတွန့်လိုက်ကြပြီး သူတို့၏ အမူအရာများက ထူးမခြားနားလှပေ။

ဖုန်းပုကြွယ်မူကား တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။

“ငါ့ခေါင်းထဲ ပေါ်လာတဲ့ ကောက်ချက်ကို အမှတ်မထင် ဖွင့်ပြောလိုက်မိတာပဲ… ကံကောင်းလို့ စကားအများကြီး မပြောမိလိုက်လို့ အခြေအနေကို ထိန်းလိုက်နိုင်တာ၊ ဒီလိုလုပ်လို့မဖြစ်ဘူး၊ ဒါက ပေါ့ပေါ့ပါးပါး ဖြတ်သန်းမယ့်သူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား မဟုတ်ဘူး၊ အခုကစပြီး ငါစဉ်းစားတွေးခေါ်တာတွေကို ရပ်ပစ်ပြီး တခြားအရာတွေကိုပဲ တွေးနေတော့မယ်… ဟုတ်ပြီ၊ ရီရူလီရဲ့ ရောဂါကို ဘယ်လိုကုရမလဲဆိုတာကိုပဲ စဉ်းစားရအောင်၊ အင်း… နေမကောင်းဖြစ်နေတဲ့ အလှလေးတစ်ယောက်ပေါ့…

“ဟေး… ဒီကောင်က ဘာလို့ ရုတ်တရက်ကြီး ဒီလိုနှာထနေတဲ့ မျက်နှာပေးမျိုး ဖြစ်သွားတာလဲ…”

ချိုးဖုန်းစီက သူ့ဘေးနားရှိ ကျိချန်အား တိုးတိုးလေး ကပ်ပြောလိုက်သည်။

“ဟုန်ဟူက သူ့ကို ချီးမွမ်းလိုက်ရုံလေးကို ဒီလောက်အထိ တုံ့ပြန်ဖို့ လိုလို့လား…”

ကျိချန် တံတွေးမျိုချလိုက်မိသည်။

“သူက [ဘိ] ကောင် ဖြစ်နေတာလား…”

“အဲဒီစကားလုံးက နည်းနည်းရိုင်းတယ်၊ လိင်တူချစ်သူလို့ ပြောရမယ်”

ချိုးဖုန်းစီက အသံကို ပိုနှိမ့်လိုက်ပြန်သည်။

“ဟေး… စနစ်က ဆင်ဆာဖြတ်ပစ်တာတောင် မင်းက နားလည်နေသေးတယ်နော်…”

ကျိချန်က တိုးတိုးလေး ဆိုလိုက်၏။

ဟုန်ဟူသည် ဖုန်းပုကြွယ်၏ သွားရေတမြားမြားဖြင့် ပြုံးဖြီးနေသောမျက်နှာကို ကြည့်ရင်း ထိုအကောင်သည် သူတစ်ပါးကို မြှောက်ပင့်ပြီး ဖော်လံဖားတတ်သည့် ကစားသမားတစ်ဦးသာ ဖြစ်သည်ဟု ပို၍ ယုံကြည်သွားတော့သည်။ အမှောင်တပ်ဦးဟူသော ဘွဲ့အမည်မှာလည်း ယခင်ဇာတ်လမ်းများတွင် ဗီလိန်များနှင့် ခဏခဏ ပူးပေါင်းခဲ့ခြင်း သို့မဟုတ် ပုန်းကွယ်ခြင်းစကေးများကို အမြဲတမ်း အသုံးပြုလေ့ရှိခြင်းကြောင့်သာ ဖြစ်ရပေမည်။

“ဒါပေမဲ့… စဉ်းစားကြည့်ရင်”

ဟုန်ဟူ သူ့ဘာသာ ရေရွတ်လိုက်သည်။

“ချိုးဖုန်းစီနဲ့ ကျိချန်က အရင်ကတည်းက သိကြတာလား… သူတို့ စကားပြောပုံအရတော့ မဟုတ်လောက်ပါဘူး၊ ဒါဆို ဘာလို့ ဒီလောက်အမြန်ကြီး တိုးတိုးတိုးတိုးနဲ့ ကပ်ပြောနေကြတာလဲ…၊ ဟေး… စောစောက နှုတ်ခမ်းလှုပ်ရှားမှုက ‘ဂေး’ လို့ ပြောလိုက်တာ မဟုတ်လား…၊ ဒီနှစ်ယောက်က… အဲလိုကြီးလား…၊ ပြီးတော့ မြင်မြင်ချင်း ချစ်မိသွားကြတာလား”

မိနစ်အနည်းငယ်သာ ကုန်ဆုံးသွားသော်လည်း ကိုယ့်ကိုယ်ကိုယ် ဉာဏ်ကောင်းလှပါသည်ဆိုသော ဤလူများမှာမူ တစ်ဦးချင်းစီ၌ ကိုယ်ပိုင်အကြံအစည်များ ရှိနေကြသဖြင့် မရေမတွက်နိုင်သော နားလည်မှုလွဲခြင်းများကို ဖန်တီးမိနေကြပြီ ဖြစ်သည်။

“အင်း… ဘာပဲဖြစ်ဖြစ်၊ ငါတို့ လက်ရှိရထားတဲ့ တစ်ခုတည်းသော အရိပ်အမြွက်ဖြစ်တဲ့ အဖွင့်ဗီဒီယိုအရဆိုရင် ‘စုံထောက်ကလပ်’ ဆိုတဲ့ နေရာက ဒီအဆောက်အအုံထဲမှာရှိနေဖို့ ရာခိုင်နှုန်း တော်တော်များတယ်”

ဟုန်ဟူက အသံကို အနည်းငယ် မြှင့်လိုက်သည်။

ချိုးဖုန်းစီက ထပ်လောင်းပြောဆိုလိုက်သည်။

“တကယ်လို့ ‘စုံထောက်ကလပ်’ ဆိုတာက ဒီအဆောက်အအုံတစ်ခုလုံးကို ရည်ညွှန်းတာဆိုရင်တော့ ဒီဇာတ်လမ်းက အရမ်းကို ရိုးရှင်းလွန်းနေပြီ၊ တံခါးထဲ လှမ်းဝင်ရုံနဲ့ ဂိမ်းပြီးသွားဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး”

ကျိချန်က ဆက်ပြော၏။

“ဒါဆိုရင် အဲဒါက ဒီအဆောက်အအုံထဲက အခန်းတစ်ခန်းကို ရည်ညွှန်းတာ ဖြစ်ရမယ်”

“အင်း…”

သူတို့သုံးဦးလုံး စုံထောက်ကိုနန်၏ အမူအရာအတိုင်း အတုခိုးရင်း တစ်ပြိုင်နက်တည်း ‘အင်း’ဟု အသံရှည် ဆွဲလိုက်ကြသည်။

ထိုအခိုက်အတန့်တွင် ဖုန်းပုကြွယ်သည် ကုတ်အင်္ကျီအိတ်ထဲမှ မဂ္ဂဇင်းတစ်စောင်ကို ရုတ်တရက် ထုတ်ယူ၍ ပြောလိုက်သည်။

“ပစ္စည်းသိုလှောင်အိတ် အပြင်ဘက်က အိုင်တမ်တွေကတော့ သုံးလို့ရသေးတဲ့ပုံပဲ”

သူ့စကားကြောင့် ချိုးဖုန်းစီက တစ်ခုခုကို သဘောပေါက်သွားပုံရပြီး ကုတ်အင်္ကျီအိတ်ထဲမှ တစ်စုံတစ်ခုကို ထုတ်ယူလိုက်ရာ ၎င်းမှာ ချောကလက်အိတ်အသေးလေးတစ်ခု ဖြစ်နေလေသည်။ သူ အနည်းငယ် စမ်းသပ်ကြည့်ပြီးနောက် ဆိုသည်။

“ဒါပေမဲ့ ပစ္စည်းသိုလှောင်အိတ် အပြင်ဘက်က အိုင်တမ်တွေကိုတော့ အိတ်ထဲ ပြန်ထည့်လို့မရတော့ဘူး”

“ဒါဆိုရင် ပစ္စည်းသိုလှောင်အိတ်က အခြေခံအားဖြင့် ချိတ်ပိတ်ခံထားရတာပေါ့…”

ဟုန်ဟူက တီးတိုး ရေရွတ်လိုက်၏။

“ဒါဆို ငါတို့ ရှာတွေ့တဲ့ အိုင်တမ်တွေအားလုံးကို လက်ထဲမှာ ကိုင်ထားတာ ဒါမှမဟုတ် အိတ်ကပ်ထဲ ထည့်ထားတာပဲ လုပ်လို့ရတော့မှာပေါ့”

ကျိချန်က ထပ်လောင်းပြောဆိုလိုက်သည်။

“အခု စည်းမျဉ်းတွေကို နားလည်သွားပြီဆိုတော့ မေးစရာတစ်ခု ရှိလာပြီ… ငါတို့ အဆောက်အအုံထဲကို တန်းဝင်ကြမလား၊ ဒါမှမဟုတ် ပတ်ဝန်းကျင်က မြေပုံကို အရင်စူးစမ်းကြမလား”

ချိုးဖုန်းစီက ဆိုလာသည်။

“မသိရသေးတဲ့ အချိန်ကန့်သတ်ချက်ကို ခဏဖယ်ထားလိုက်ဦး၊ တကယ်လို့ ငါတို့က ပစ္စည်းကိရိယာတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေအတွက် မြို့ထဲကို လျှောက်ရှာဖို့ ရွေးချယ်မယ်ဆိုရင် တန်ဖိုးရှိတဲ့အရာတချို့ ရှာတွေ့ခဲ့ရင်တောင် ငါတို့ သယ်သွားနိုင်တဲ့ပမာဏက အကန့်အသတ် ရှိလိမ့်မယ်၊ အကြီးစား စံလက်နက်တွေ၊ ထိန်းချုပ်ထားတဲ့ ဓားမြှောင်တွေ အဲ့တာတွေကို လူအများရှေ့မှာ ပြောင်ပြောင်တင်းတင်း သယ်သွားဖို့က မသင့်တော်ဘူးလေ”

“ထပ်ပြီးတော့… ကန့်သတ်ထားတဲ့ ပစ္စည်းပမာဏကြောင့် တကယ်လို့ တိုက်ပွဲတစ်ခုခု ဖြစ်ပွားခဲ့ရင် ငါတို့က လက်ဗလာနဲ့ပဲ တိုက်ခိုက်ရလိမ့်မယ်”

ကျိချန်က ဖြည့်စွက်ပြောဆိုလိုက်သည်။

“ငါက တိုက်ခိုက်တာကို လုံးဝမလုပ်နိုင်တာ မဟုတ်ပေမယ့် ဒါက ငါ့ရဲ့ အားသာချက်တော့ မဟုတ်ဘူး…”

ဟုန်ဟူက ခေါင်းကို အနည်းငယ်ညိတ်လိုက်ပြီး ဆက်ပြောသည်။

“ဒါက အကျိုးအကြောင်း သင့်ပါတယ်၊ ဒါပေမဲ့ အနည်းဆုံးတော့ ပတ်ဝန်းကျင်ကို အရင် အကဲခတ်ကြည့်တာ ပိုကောင်းမယ်လို့ ငါထင်တယ်”

သူက ရှင်းပြလိုက်သည်။

“ပထမအချက်က ငါတို့ အဆောက်အအုံထဲဝင်ပြီးရင် အပြင်ပြန်ထွက်လို့ရမရ မသိဘူး၊ ဝင်ပေါက်တွေ အလိုအလျောက် ပိတ်သွားတာမျိုးက တော်တော်လေး အဖြစ်များတယ်၊ ဒုတိယအချက်က ငါတို့ ဝင်ပြီးတဲ့နောက် စတင်တဲ့ကိုဩဒိနိတ်နေရာက အဆောက်အအုံရဲ့ အပြင်ဘက်ဝင်ပေါက်မှာ ဖြစ်နေတယ်၊ အထဲမှာ မဟုတ်ဘူး၊ ဆိုလိုတာက အဆောက်အအုံ အပြင်ဘက်မှာ စူးစမ်းလေ့လာစရာ အရာတွေ ရှိနေလို့ပဲ၊ မဟုတ်ရင် စနစ်က ဒီလိုမျိုး အလုပ်ရှုပ်ခံမှာ မဟုတ်ဘူး”

“အင်း… ဒီ ‘စစ်ဗျူဟာမှူး’ က တကယ် အရည်အချင်းရှိတာပဲ”

ဖုန်းပုကြွယ် သူ့ဘာသာ တွေးလိုက်မိသည်။

“ဘာစနစ်အရိပ်အမြွက်မှ မရှိဘဲနဲ့တောင် သူက အရမ်းအကန့်အသတ်ရှိတဲ့ သိထားတဲ့ အချက်အလက်တွေအပေါ် အခြေခံပြီး ယုတ္တိတန်တဲ့ တွက်ချက်မှုတွေကို လုပ်နေနိုင်တုန်းပဲ”

ချိုးဖုန်းစီနှင့် ကျိချန်တို့သည် ဟုန်ဟူ၏ အကြံပြုချက်ကို သဘောတူလိုက်ကြပြီး ဖုန်းပုကြွယ်ကလည်း သဘာဝအတိုင်း လိုက်နာလိုက်လေသည်။ ထို့နောက် သူတို့လေးဦးသည် လူခွဲကာ အဆောက်အအုံ၏ အကွာအဝေး အချင်းဝက် ကီလိုမီတာဝက်အတွင်းရှိ နယ်မြေကို အမြန်ဆုံး စူးစမ်းရန် ဆုံးဖြတ်လိုက်ကြပြီး ဇာတ်လမ်း၏ အခြေအနေအကျဉ်းချုပ်ကို အကြမ်းဖျင်း သိရှိနိုင်ရန် ကြိုးပမ်းကြတော့သည်။

ဤ “အခြေအနေအကျဉ်းချုပ်” ထဲတွင် အရာများစွာ ပါဝင်ပေသည်။ ဥပမာအားဖြင့်… ဒါက ဘယ်ခေတ်ကာလလဲ၊ ဘယ်နိုင်ငံလဲ၊ ဘယ်မြို့လဲ၊ လုံးဝ စိတ်ကူးယဉ်နယ်မြေလား ဒါမှမဟုတ် လက်တွေ့ကမ္ဘာက ပုံစံတူကို အခြေခံထားတာလား၊ ဇာတ်ကွက်က အခြားလက်ရာတွေကနေ ဆီလျော်အောင် ပြုပြင်ထားတာလား ဒါမှမဟုတ် ဖြစ်သလို ဖန်တီးထားတာလား။ မြို့ထဲမှာ ဖုတ်ကောင်တွေ ရှိနေမလား။ ဂြိုဟ်သားတွေ ရှိနေမလား။ သရဲတစ္ဆေတွေ ရှိနေမလား။ စွမ်းအားရှင်တွေ ရှိနေမလား။

ဤအရာအားလုံးမှာ စုံစမ်းစစ်ဆေးနိုင်မည့်အရာများ ဖြစ်ကြသည်။ လမ်းမပေါ်က စုတ်ပြဲနေသော သတင်းစာတစ်စောင် သို့မဟုတ် အလုပ်လုပ်နေသည့် အများသုံးဖုန်းတစ်လုံးကို ကောက်ကိုင်လိုက်ရုံဖြင့် အရာများစွာကို အတည်ပြုနိုင်ပေသည်။ ဤပဟေဠိဖြေရှင်းသည့် ကစားသမားများအတွက် ဤကဲ့သို့ အခြေခံအကျဆုံး သတင်းအချက်အလက် စုဆောင်းခြင်းအဆင့်ကို ပြီးမြောက်အောင်မြင်ရန်မှာ သူတို့၏ ဗီဇလိုပင် ဖြစ်နေချေပြီ။

ကံဆိုးစွာဖြင့် သူတို့သည် ဤဇာတ်လမ်းတွင် မိမိတို့၏ အရည်အချင်းကို အသုံးပြုခွင့် မရခဲ့ကြချေ။

၁၀ မိနစ်ကြာပြီးနောက် သူတို့လေးဦးသည် မတူညီသော အရပ်လေးမျက်နှာမှ အဆောက်အအုံ ဝင်ပေါက်သို့ ပြန်လည်စုစည်းမိကြရာ သူတို့ထဲမှ သုံးဦး၏ အမူအရာမှာ တော်တော်လေး တင်းမာနေသည်ကို တွေ့လိုက်ရသည်။

“လမ်းဘေးက သတင်းစာတွေနဲ့ ဆိုင်ဆိုင်းဘုတ်တွေကို ကြည့်ရသလောက်တော့ ဒီမှာ ဂျာမန်စကားကို အသုံးပြုထားတာပဲ၊ ဒါပေမဲ့ စနစ်က ဘာဘာသာပြန်မှ မပံ့ပိုးပေးထားဘူး”

ချိုးဖုန်းစီက ဆိုသည်။

“လမ်းပေါ်မှာ လမ်းသွားလမ်းလာ သိပ်မရှိဘူး၊ ပြီးတော့ အားလုံးက လူဖြူတွေချည်းပဲ၊ ငါသူတို့ကို တရုတ်လို လှမ်းပြောကြည့်ပေမယ့် သူတို့က မကြားချင်ယောင်ဆောင်ပြီး ကျော်သွားကြတယ်”

ကျိချန်က ဆက်ပြောသည်။

“ငါ သူတို့ကို အတင်းတားဆီးဖို့တော့ မလုပ်ရဲဘူး၊ ဘာပဲဖြစ်ဖြစ် ရဲတွေကို ဆွဲဆောင်မိရင် ငါတို့အတွက် မကောင်းဘူးလေ”

“လမ်းသွားလမ်းလာတွေရဲ့ အဝတ်အစား၊ အများသုံးပစ္စည်းတွေရဲ့ ပုံစံနဲ့ လမ်းပေါ်က ကားတွေကို ကြည့်ရသလောက်တော့ ဒါက ၂၁ ရာစု အစောပိုင်း ဖြစ်ရမယ်၊ တိကျတဲ့ တည်နေရာကိုတော့ ပြောဖို့ခက်တယ်၊ ဂျာမန်စကားပြောတဲ့ နယ်မြေတွေက တော်တော်များတာကိုး”

ဟုန်ဟူက ဆိုသည်။

“ငါတို့က ဒေသခံဘာသာစကားနဲ့ စာလုံးတွေကို နားမလည်တဲ့အပြင်၊ ဒေသခံငွေကြေးလည်း မရှိတော့ ဥပဒေကို ချိုးဖောက်တာ ဒါမှမဟုတ် အကြမ်းဖက်တာမျိုး မလုပ်ဘဲနဲ့တော့ အများကြီးသိရဖို့ တကယ်ကို ခက်ခဲလိမ့်မယ်”

ဖုန်းပုကြွယ်က နောက်ဆုံးမှ စကားပြောသည်။

“ငါကတော့ အသက်နှစ်ဆယ်ကျော်အရွယ် လူငယ်တစ်ယောက်ဆီကနေ အကြွေစေ့အချို့နဲ့ သူ့ရဲ့လက်ကိုင်ဖုန်းကို ခဏချေးပြီး ၁၁၀၊ ၁၁၉၊ ၁၂၀၊ ၁၁၄ နဲ့ ၁၀၀၈၆ စတဲ့ နံပါတ်တော်တော်များများကို စမ်းခေါ်ကြည့်လိုက်တယ်၊ ဒါပေမဲ့ တစ်ခုမှ ဆက်သွယ်လို့မရဘူး”

သူ ခဏ ရပ်လိုက်သည်။

“ပြီးတော့ အဲဒီအကြွေစေ့တွေကို သုံးပြီး ကုန်စုံဆိုင်တစ်ခုမှာ မုန့်တချို့ သွားဝယ်လိုက်တယ်”

သူက ဖောင်းကားနေသော သူ့အိတ်ကပ်ကို ပုတ်ပြလိုက်လေသည်။

“မုန့်စားချင်တယ်ဆိုရင်တော့…”

“ဟေး၊ အဲဒါက အဓိကအချက် မဟုတ်ဘူးလေကွာ”

ချိုးဖုန်းစီက သူ့စကားကို ဖြတ်ပြောလိုက်သည်။

“မင်း ဂျာမန်လို နားလည်တယ်ဆိုမှတော့ သူ့ဆီကနေ အသုံးဝင်မယ့် အချက်အလက်တချို့ကို မေးမြန်းခဲ့ရမှာပေါ့၊ ဥပမာအားဖြင့် ဇာတ်လမ်းရဲ့ တိကျတဲ့အချိန်နဲ့ တည်နေရာ၊ ဒါမှမဟုတ် ‘စုံထောက်ကလပ်’ ဆိုတာကို ကြားဖူးသလား ဆိုတာမျိုးပေါ့”

“ငါ ဂျာမန်လို နားလည်တယ်လို့ ဘယ်သူပြောလဲ”

ဖုန်းပုကြွယ်က ဆိုသည်။

“ဟင်”

ကျိချန်က ပြောလိုက်သည်။

“ဒါဆို မင်းဘယ်လိုလုပ် ချေးလိုက်တာလဲ… နေပါဦး…”

သူ တစ်ခုခုကို သဘောပေါက်သွားပုံရသည်။

“မင်း… မဟုတ်မှလွဲရော…”

“ငါ အဲဒီလူငယ်ကိုတားပြီး တရုတ်လိုကော အင်္ဂလိပ်လိုပါ ဆက်သွယ်ဖို့ ကြိုးစားပေမယ့် မအောင်မြင်ခဲ့ဘူး”

ဖုန်းပုကြွယ်က တည်ငြိမ်စွာဖြင့် ပြန်ပြောင်းပြောပြသည်။

“ဒါကြောင့် ငါအုတ်ခဲတစ်ခဲကို ကောက်ကိုင်လိုက်တယ်၊ သူ့အင်္ကျီကော်လာကို ဆောင့်ဆွဲလိုက်ပြီး ‘ငါ အရမ်းဒေါသထွက်နေတယ်’ နဲ့ ‘ငါ့လမ်းကို ပိတ်တဲ့ကောင်တွေက အမှိုက်တွေချည်းပဲ’ ဆိုတဲ့ ဂျာမန်စကားနှစ်ခွန်းကို ပြောလိုက်တော့ သူက သူ့ဖုန်းနဲ့ ပိုက်ဆံအိတ်ကို ငါ့ဆီ ပေးလာတာပဲ”

“အိုးမိုင်ဂေါ့ဒ်…”

ဟုန်ဟူက သူ့မျက်နှာကို လက်တစ်ဖက်ဖြင့် အုပ်လိုက်ပြီး ခေါင်းသာ ခါယမ်းလိုက်တော့သည်။

ချိုးဖုန်းစီ၏ နှုတ်ခမ်းများ ရှုံ့မဲ့သွား၏။

“ဒါက လမ်းဓားပြတိုက်တာ မဟုတ်ဘူးလား…”

“ဟူး… အုတ်ခဲဆိုတာ နိုင်ငံတကာသုံး ဘာသာစကားပဲကိုး”

ကျိချန် သက်ပြင်းချလိုက်မိသည်။

ဟုန်ဟူက ထပ်လောင်းပြောဆိုလိုက်သည်။

“အဆောက်အအုံထဲကို အမြန်ဝင်ကြရအောင်… တကယ်လို့ ရဲတွေရောက်လာရင် ကိစ္စက ပိုကြီးသွားလိမ့်မယ်…”

ဖုန်းပုကြွယ်က မည်သည့်အမူအရာမှ မရှိဘဲ ပုခုံးတွန့်ပြလိုက်သည်။

“ကောင်းပါပြီ”

All Chapters