အခန်း ၂၉၇
Vol. 30 Ch. 297
အခန်း (၂၉၇) တာဝါပေါ်တက်ခြင်း - ၄
လေးဦးသား စက္ကန့်အနည်းငယ်မျှ အကြည့်ချင်း ဖလှယ်လိုက်ကြပြီးနောက် နောက်ဆုံးတွင် ချိုးဖုန်းစီကပင် အစပျိုးကာ ပြောဆိုလိုက်သည်။
“ငါပဲ ဖွင့်လိုက်မယ်”
သူ ရှေ့သို့ တစ်လှမ်းတိုးကာ တံခါးလက်ကိုင်ကို ဆုပ်ကိုင်လိုက်၏။
“ခဏနေဦး…”
ဖုန်းပုကြွယ်က သူ့ကို တားလိုက်သည်။
“မင်း တံခါးဖွင့်ဖွင့်ချင်း သေစေမယ့် ထောင်ချောက်မျိုးကို မကြောက်ဘူးလား”
“ဒီတံခါးကို ဘယ်သူမဆို တစ်ယောက်ယောက်ကတော့ ဖွင့်ရမှာပဲလေ…”
ချိုးဖုန်းစီက ပြန်လည်တုံ့ပြန်လိုက်သည်။
“ဘာသတိပေးချက်မှမရှိဘဲ စနစ်က တစ်ခုတည်းသော ထွက်ပေါက်နောက်မှာ ချက်ချင်းသေစေနိုင်တဲ့ ထောင်ချောက်မျိုးကို ပြင်ဆင်ထားတယ်ဆိုရင် ဒါက ကစားသမားတွေကို အတင်းသေခိုင်းတာပဲ ဖြစ်လိမ့်မယ်၊ ဒါက လုံးဝ ယုတ္တိမရှိဘူး”
“အိုး…”
ဖုန်းပုကြွယ်က ခေါင်းညိတ်လိုက်ပြီး အရှက်မရှိဘဲ နောက်သို့ ချက်ချင်းဆုတ်ခွာသွားတော့သည်။
“ဒါဆိုရင် ငါအနောက်ကို နည်းနည်းလောက်ဆုတ်ပြီး ခပ်လှမ်းလှမ်းကပဲ စောင့်နေမယ်နော်၊ မင်း စိတ်မရှိဘူးမလား”
“အာ… ရပါတယ်…”
ချိုးဖုန်းစီက ပြန်ဖြေလိုက်သည်။ သူ စကားပြောပြီးနောက် ဟုန်ဟူ၊ ကျိချန်တို့နှင့် အပြန်အလှန် လှမ်းကြည့်လိုက်ကြပြီး သုံးယောက်စလုံးမှာ ဘာပြန်ပြောရမှန်းမသိသည့် အမူအရာမျိုးဖြင့် ပုခုံးတွန့်ပြလိုက်မိကြသည်။
ထိုအခိုက်အတန့်တွင် သူတို့သုံးဦးလုံး၏ စိတ်ထဲ၌ ‘ဖုန်းပုကြွယ်’ ဟုခေါ်သော ဤလူမှာ တကယ့်ကို စိတ်ရောဂါသည်တစ်ဦးသာ ဖြစ်သည်ဟု တွေးတောနေမိကြ၏။ အစောပိုင်းတုန်းကမူ သူသည် အဆင်ခြင်မဲ့သော လုပ်ရပ်မျိုးစုံကို ပြုလုပ်ခဲ့ပြီး ယခုအခါတွင်မူ အလွန်အမင်း ကြောက်လန့်တကြားဖြင့် အကာအကွယ် လွန်ကဲနေပြန်သည်။
လက်တွေ့တွင်မူ သူတို့သည် ဖုန်းပုကြွယ်ကို နားမလည်ကြခြင်းသာ ဖြစ်၏…။
အစ်ကိုကြွယ်က ဘယ်လိုလူမျိုးလဲ။ သူ တစ်ယောက်တည်း ကစားသည့်ပွဲစဉ်များတွင် တံခါးတစ်ချပ်ကို ဖွင့်တော့မည်ဆိုပါက ထောင်ချောက်များ ရှိ၊ မရှိကို သံတုတ်ဖြင့် သေချာစွာစမ်းသပ်ပြီးမှသာ ဝင်ရောက်လေ့ရှိသည့် အလွန်အမင်း ဂရုတစိုက်ရှိလှသူ ဖြစ်သည်။ ယခုကဲ့သို့သော အခြေအနေမျိုးတွင် သူက သင်တို့ တံခါးဖွင့်သည်ကို အနားမှာ ကပ်ကြည့်နေလိမ့်မည်ဟု မျှော်လင့်နေပါသလော။ အကယ်၍ ဖုန်းပုကြွယ်သာ စကားထုတ်ပြောမည်ဆိုပါက “မင်းတို့ သေရင်သေ၊ ငါ့အပေါ် သွေးတွေ လာမစင်ဖို့ အဓိကပဲ” ဟု ဆိုပေလိမ့်မည်။
သူ့မျက်လုံးထဲတွင်မူ တံခါးတိုင်း တံခါးတိုင်း၏ အနောက်တွင် စနက်တံဖြုတ်ထားသည့် လက်ပစ်ဗုံးတစ်လုံးစီ ရှိနေသကဲ့သို့ ဖြစ်ပြီး မြက်တောတိုင်းတွင်လည်း ဂါရန်တစ်ကောင် ပုန်းအောင်းနေသကဲ့သို့ ခံစားနေရခြင်း ဖြစ်သည်။ ထို့ကြောင့်… လုံးဝ မလွှဲမရှောင်သာသည့် အခြေအနေမျိုးမှလွဲ၍ သူသည် မည်သည့်အခါမျှ အငိုက်မိစေမည့် စွန့်စားမှုမျိုးကို ပြုလုပ်မည် မဟုတ်ပါချေ။
ချိုးဖုန်းစီသည် သိပ်ပြီး တွေဝေမနေတော့ဘဲ မီတာနှစ်ဆယ်ခန့်အကွာသို့ ဆုတ်ခွာသွားသော ဖုန်းပုကြွယ်ကို လျစ်လျူရှုလိုက်တော့သည်။ သူသည် အသက်ဝဝရှူလိုက်ပြီး တံခါးလက်ကိုင်ကို လှည့်ကာ တံခါးကို တွန်းဖွင့်လိုက်လေသည်။
တံခါးနောက်ဘက်တွင်မူ အတော်အတန် ကျယ်ဝန်းသော အခန်းတစ်ခန်း ရှိနေပြီး စတုရန်းပုံသဏ္ဌာန် ရှိကာ အနားတစ်ဖက်စီမှာ မီတာနှစ်ဆယ်ခန့် ရှိမည်ဟု ခန့်မှန်းရသည်။ ၎င်း၏ တစ်ခုတည်းသော ထွက်ပေါက်မှာလည်း ဤအဖြူရောင်တံခါးသာ ဖြစ်၏။
ဤစတုရန်းပုံစံအခန်းသည် အပြင်ဘက်ရှိ ပင်မခန်းမကြီးလောက် မကျယ်ဝန်းသော်လည်း မျက်နှာကျက်မှာမူ အပြင်ဘက်ထက် သိသိသာသာ ပိုမို မြင့်မားလှသည် (ပင်မခန်းမကြီး၏ မျက်နှာကျက်မှာ ငါးမီတာပင်မပြည့်ချေ)။
အခန်းတစ်ခုလုံးမှာ လုံးဝ ဗလာကျင်းနေပြီး အလယ်ကြမ်းပြင်ပေါ်တွင်မူ ထူးဆန်းသော အရာဝတ္ထုတစ်ခုကို ချထားလေသည်။ ၎င်း၏ ပုံသဏ္ဌာန်ကို ဖော်ပြရန် ခက်ခဲပြီး ဘတ်စကက်ဘောလုံးထက် အနည်းငယ် ပိုကြီးသော ဗဟုမျက်နှာပြင်ရှိသည့် လုံးဝန်းသော ပုံသဏ္ဌာန်မျိုး ဖြစ်သည်။
တံခါးပွင့်သွားပြီးနောက်တွင်မူ တံခါးရှေ့တွင် ရှိနေသော လူများထဲမှ မည်သူမျှ အထဲသို့ဝင်မည့် အရိပ်အယောင် မပြကြသေးချေ။ သူတို့အားလုံးသည် မျောက်များကဲ့သို့ ပါးနပ်လှသူများဖြစ်ရာ ယခုကဲ့သို့ ထူးဆန်းသော အပြင်အဆင်ကို မြင်တွေ့ရသည့်အခါတွင်မူ အရင်ဆုံး အကဲခတ် စောင့်ကြည့်ကြမည်သာ ဖြစ်သည်။
“ငါကတော့ တံခါးနောက်မှာ လှေကားတွေ ဒါမှမဟုတ် ဓာတ်လှေကား ရှိနေမယ်လို့ ထင်ထားတာ…”
ကျိချန်က ဆိုသည်။
“ငါလည်း ထူးဆန်းတယ်လို့ ခံစားရတယ်”
ဟုန်ဟူကလည်း ဇဝေဇဝါဖြစ်နေသည့် အမူအရာဖြင့် ပြောဆိုလိုက်သည်။
“ငါတို့ စစ်ဆေးခဲ့သလောက်တော့ ဒီတစ်ထပ်လုံးမှာရှိတဲ့ တစ်ခုတည်းသော လမ်းကြောင်းက ဒီတံခါးပဲ၊ ဒါပေမဲ့ အခုတော့ အထဲမှာ ဘာလမ်းမှ မရှိတော့ဘဲ တခြားအလုံပိတ်နယ်မြေတစ်ခု ဖြစ်နေပြန်ပြီ”
ချိုးဖုန်းစီက ထပ်လောင်းပြောဆိုလိုက်သည်။
“အင်း… ဒါဆိုရင် ဖြစ်နိုင်ခြေနှစ်ခုပဲ ရှိတော့တယ်၊ ပထမတစ်ခုကတော့ ဒီစတုရန်းအခန်းက ‘စုံထောက်ကလပ်’ ဆိုတာပဲ ဖြစ်ရမယ်၊ ငါတို့ ခြေတစ်လှမ်း လှမ်းဝင်လိုက်တာနဲ့ တာဝန် ပြီးဆုံးသွားလိမ့်မယ်”
သူက စကားကို ခဏရပ်လိုက်ပြီး အခန်းထဲရှိ အရာဝတ္ထုကို လက်ညှိုးထိုးပြလိုက်သည်။
“ဒုတိယတစ်ခုကတော့ အထဲက အဲဒီအရာပဲ၊ အဲဒါက ငါတို့ကို ဒီနေရာကနေ ထွက်ခွာနိုင်အောင် ကူညီပေးနိုင်လိမ့်မယ်”
“အဲဒါက ယန္တရားတစ်ခုခုကို အသက်သွင်းဖို့ ကိရိယာတစ်ခုလား… ဒါမှမဟုတ် တယ်လီပို့လုပ်မယ့် စွမ်းအင်သုံး ကိရိယာမျိုးလား…”
ကျိချန်က သူ့အတွေးအတိုင်း လိုက်ပါတွေးတောရင်း မေးမြန်းလိုက်သည်။
ချိုးဖုန်းစီက ပြန်လည်မေးခွန်းထုတ်လိုက်သည်။
“အော်… မင်းက ဒုတိယ ဖြစ်နိုင်ခြေပဲ သေချာပေါက် ဖြစ်လိမ့်မယ်လို့ ထင်နေတာလား”
ကျိချန် စက္ကန့်အနည်းငယ် စဉ်းစားလိုက်ပြီးမှ “အနည်းဆုံးတော့ ဒီအခန်းက ကလပ်တစ်ခုနဲ့ မတူဘူးလေ၊ ပြတင်းပေါက်တောင် မရှိဘူး၊ တံခါးပိတ်လိုက်တာနဲ့ အထဲမှာ လုံးဝ မှောင်မည်းသွားမှာပဲ၊ လေဝင်လေထွက် ကောင်း၊ မကောင်းဆိုတာကလည်း မေးခွန်းထုတ်စရာပဲ”
“ဒါကတော့ ပြောရခက်တယ်၊ ‘စုံထောက်ကလပ်’ ဆိုတာက သာမန်သဘောအရ ကလပ်တစ်ခု ဖြစ်ချင်မှ ဖြစ်မှာပါ၊ စနစ်ကသာ အလိုရှိမယ်ဆိုရင် အများသုံး အိမ်သာတစ်ခုကိုတောင် ဒီလိုနာမည်မျိုး ပေးနိုင်တာပဲ…”
ချိုးဖုန်းစီက ဆိုသည်။
“ပြီးတော့ ‘အသက်ရှင်ကျန်ရစ်တဲ့ ကစားသမားအားလုံး “စုံထောက်ကလပ်” ထဲသို့ ဝင်ရောက်ရန်’ ဆိုတဲ့ တာဝန်က ဆက်တိုက်ထွက်ပေါ်လာမယ့် တာဝန်တွေရဲ့ ပထမဆုံးခြေလှမ်းဖြစ်ဖို့ များတယ်၊ စနစ်က… ဒီခြေလှမ်းကို ပြီးမြောက်တာနဲ့ ဂိမ်းပြီးဆုံးသွားမယ်လို့ မပြောထားဘူးမလား၊ ဒီတာဝန်ရဲ့ ဆိုလိုရင်းက အသက်ရှင်ကျန်ရစ်တဲ့ ကစားသမားအားလုံးကို ဒီအခန်းထဲ ရောက်ရှိသွားစေဖို့ပဲ ဖြစ်နိုင်တယ်”
“အင်း… ဒါလည်း ဟုတ်တာပဲ၊ ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ သဘာဝလွန် အပြင်အဆင်မျိုးတွေ ရှိနေပြီးသားပဲလေ”
ကျိချန်က တံခါးနားရှိ အလင်းအကာအကွယ်ကို လှမ်းကြည့်ရင်း ပြောဆိုလိုက်သည်။
“ငါတို့ အထဲဝင်သွားပြီးရင် အခန်းထဲက နေရာလွတ်က ပြောင်းလဲသွားနိုင်တာပဲ”
“ဘေးကင်းစေဖို့အတွက် အရင်ဆုံး လူတစ်ယောက်ကို အထဲလွှတ်ပြီး အဲဒီအရာက ဘာလဲဆိုတာကို စမ်းကြည့်သင့်တယ်လို့ ငါထင်တယ်”
ဟုန်ဟူက အကြံပြုလိုက်သည်။ ထို့နောက် သူက ချက်ချင်းပင် ထပ်လောင်းပြောဆိုလိုက်၏။
“ဒီလိုဆိုမှတော့ တခြားလူကိုသွားခိုင်းရင် မတရားသလို ဖြစ်နေမှာမို့လို့… ငါပဲ အရင်…”
“အား”
ထိုအခိုက်အတန့်တွင် ဖုန်းပုကြွယ်က ရုတ်တရက် အော်ဟစ်လိုက်သဖြင့် ဟုန်ဟူ၏ စကားမှာ ပြတ်တောက်သွားရတော့သည်။
ချိုးဖုန်းစီ၊ ကျိချန်နှင့် ဟုန်ဟူတို့ သုံးဦးလုံးမှာ ထိုရုတ်တရက်အော်ဟစ်သံကြောင့် ထိတ်လန့် တုန်လှုပ်သွားကြပြီး သူတို့၏ ကြောက်ရွံ့မှုအမှတ်များလည်း အနည်းငယ် မြင့်တက်သွားရသည်။
တံခါးပွင့်သွားသည့် အချိန်မှစ၍ ဖုန်းပုကြွယ်သည် စကားတစ်ခွန်းမှ မပြောဘဲ အခန်းထဲရှိ အရာဝတ္ထုကိုသာ ထူးဆန်းသော အကြည့်များဖြင့် စိုက်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ယခုအခါတွင်မူ သူသည် ဘာကြောင့်မှန်းမသိ ရုတ်တရက် အော်ဟစ်ကာ နောက်သို့ အလောတကြီး ဆုတ်ခွာသွားခြင်းဖြစ်သည်။
“အထဲမဝင်နဲ့ဦး၊ အဲဒီအရာနဲ့ ဝေးဝေးနေကြ”
ဖုန်းပုကြွယ်က အော်ပြောလိုက်သည်။
“ဒီဘက်ကို အမြန်လာခဲ့ကြ”
ဖုန်းပုကြွယ်၏ တည်ကြည်လေးနက်နေသော မျက်နှာအမူအရာကို မြင်တွေ့လိုက်ရသောအခါ သူနောက်ပြောင်နေခြင်း မဟုတ်ကြောင်း သိသွားကြသဖြင့် သုံးဦးလုံး ဘာမှထပ်တွေးမနေတော့ဘဲ သူ့ဘေးနားသို့ အလျင်အမြန် ပြေးဝင်သွားကြသည်။
စက္ကန့်အနည်းငယ်အကြာတွင်မူ သူတို့လေးဦးလုံးသည် တံခါးဝနှင့် မီတာနှစ်ဆယ်ကျော် အကွာအဝေးသို့ ဆုတ်ခွာသွားခဲ့ကြပြီ ဖြစ်သည်။
ဟုန်ဟူက လှမ်းမေးလိုက်သည်။
“မင်း ဒီတစ်ခါရော ဘာဖြစ်ပြန်တာလဲ”
ဖုန်းပုကြွယ်က ဆိုသည်။
“ငါ မင်းတို့ရဲ့ အသက်ကို ကယ်တင်လိုက်တာပဲ”
“ဟမ်”
ဟုန်ဟူ၏ လေသံထဲတွင် ဇဝေဇဝါဖြစ်မှု ခုနစ်ပုံနှင့် စိတ်အနှောင့်အယှက်ဖြစ်မှု သုံးပုံခန့် ရောပြွမ်းနေလေသည်။
“မင်းက… ‘ဒါက ဘာကို ဆိုလိုတာလဲ’ လို့ မေးသင့်တာလေ…”
ဖုန်းပုကြွယ်က ဆို၏။
ဟုန်ဟူက ရယ်ချင်ပတ်ကျိ ဖြစ်သွားရသည်။ သူက နှာခေါင်းရှုံ့လိုက်ပြီး မချိပြုံးဖြင့် ပြန်လည်တုံ့ပြန်လိုက်သည်။
“ကဲပါ… ဒါက ဘာကို ဆိုလိုတာလဲ…”
“မင်းတို့ မသိတာက ပိုဘေးကင်းလိမ့်မယ်လို့ ငါထင်တယ်”
ဖုန်းပုကြွယ်က ပြန်ဖြေလိုက်၏။
“ငါပြောမယ်၊ ညီအစ်ကိုဖုန်း…”
သူက တည်ငြိမ်စွာ ဆို၏။
“တကယ်ပါ… မင်း နောက်ပြောင်နေတာတွေကို ရပ်လိုက်လို့ ရမလား…”
“ငါ နောက်နေတာ မဟုတ်ဘူး”
ဖုန်းပုကြွယ်က အလွန်တရာ တည်ကြည်လေးနက်စွာ ပြန်လည်တုံ့ပြန်လိုက်သည်။
“ငါ အခန်းထဲက အဲဒီအရာကို မှတ်မိတယ်၊ အဲဒါ ဘာလဲဆိုတာကိုလည်း ငါသိတယ်၊ ဒါပေမဲ့ ငါသာ မင်းတို့ကို အဲဒီအကြောင်း ပြောပြလိုက်ရင် မင်းတို့ အဲဒီအရာနားကို ထပ်ချဉ်းကပ်ဖို့က အရမ်းအန္တရာယ်များသွားလိမ့်မယ်”
သူသည် လျင်မြန်စွာ ပြောဆိုနေသော်လည်း သူ့လေသံထဲတွင်မူ ယုံကြည်မှုနှင့် စိတ်ချရမှုတို့ အပြည့်အဝ ပါဝင်နေလေသည်။
“ငါတို့ ဒီဂိမ်းကို ဆက်ပြီး ကစားချင်တယ်ဆိုရင် အဲဒီအရာရဲ့ စွမ်းအားကို အသုံးချရမှာဖြစ်ပြီး ဒါကို လုပ်ဖို့အတွက် ငါတို့ ပူးပေါင်းဆောင်ရွက်ရမယ်”
သူ့အကြည့်များက သံသယများနှင့် မရေရာမှုများ ပြည့်နှက်နေသော မျက်နှာသုံးခုပေါ်သို့ ဖြတ်သန်းကြည့်ရှုလိုက်ပြီးနောက် ဆက်လက်ပြောဆိုလိုက်သည်။
“ဒီအရာရဲ့ အထူးလက္ခဏာကတော့… တကယ်လို့ မင်းက အဲ့ဒါရဲ့ အထူးလက္ခဏာကို မသိထားဘူးဆိုရင်…”
“လူသားတွေဟာ အဲ့ဒီအရာနဲ့ ထိတွေ့မိရင်တောင် အတော်အတန် ဘေးကင်းနိုင်တယ်၊ ဒါပေမဲ့ အဲ့ဒါရဲ့ အထူးလက္ခဏာကို သိထားတဲ့သူတစ်ယောက်သာ သတ်မှတ်ထားတဲ့ အကွာအဝေးအတွင်းမှာ ရှိနေမယ်ဆိုရင်… အဲ့ဒါရဲ့ နိယာမတွေကို ချိုးဖောက်မိတဲ့ မည်သည့်ရုပ်ဝတ္ထုမဆို လုံးဝဖျက်ဆီး ခံရလိမ့်မယ်”
ဖုန်းပုကြွယ်သည် စက္ကန့်အနည်းငယ်မျှ စကားရပ်လိုက်ပြီး အသင်းဖော်များအား ဤအချက်အလက်ကို အချိန်ပေးကာ တွေးတောစေလိုက်သည်။
“ငါကတော့ အဲ့ဒါရဲ့ အထူးလက္ခဏာကို သိထားတဲ့သူပဲ”
သူက ဟုန်ဟူဘက်သို့ လှည့်ကြည့်လိုက်သည်။
“ပြီးတော့ ငါ့ထံမှာရှိတဲ့ လက်ရှိအချက်အလက်တွေအရတော့… ဟုန်ဟူ၊ မင်းက အဲဒီအရာရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်မိထားပြီးပြီ”
သူသည် စကားပြောနှုန်းကို အနည်းငယ် နှေးကွေးလိုက်သည်။
“ကံကောင်းတာက… မင်း တံခါးဖွင့်လိုက်တဲ့အချိန်တုန်းက ငါက အဲဒီအရာနဲ့ အတော်လေး ဝေးတဲ့နေရာမှာ ရှိနေခဲ့လို့ပဲ၊ မဟုတ်ရင်တော့… ငါ အဲဒီအရာကို မှတ်မိသွားတဲ့ အခိုက်အတန့်မှာတင် ဟုန်ဟူ… မင်းက သေဆုံးပြီးသား ဖြစ်သွားလိမ့်မယ်”