အခန်း ၂၉၈
Vol. 30 Ch. 298
အခန်း (၂၉၈) တာဝါပေါ်တက်ခြင်း - ၅
“တကယ်တော့ အခု ငါတို့စကားပြောနေတဲ့ အချိန်မှာတင် ငါက မသိစိတ်ကနေ တွေးမိသွားပြီ… ငါတို့ထဲက လူတိုင်း အဲ့ဒါရဲ့ နိယာမတွေကို ချိုးဖောက်မိနေတဲ့ အထူးလက္ခဏာတွေ ရှိနေကြတယ်၊ ဆိုလိုတာက…”
ဖုန်းပုကြွယ် သက်ပြင်းတစ်ချက်ချလိုက်သည်။
“အခု ငါသာ အဲဒီအရာရဲ့ ‘သက်ရောက်မှု နယ်ပယ်’ ထဲကို ဝင်သွားရင် ငါ့ရဲ့ ကိုယ်ပိုင် အထူးလက္ခဏာတစ်ခုခုကြောင့် ငါက လုံးဝဖျက်ဆီးခံရလိမ့်မယ်”
သူ့အကြည့်များက ရှေ့ရှိ လူသုံးဦးပေါ်သို့ ဖြတ်သန်းကြည့်ရှုလိုက်သည်။
“ဒါပေမဲ့ မင်းတို့ သုံးယောက်ကတော့ အဲဒီအရာရဲ့ နိယာမတွေကို ‘မသိ’ ကြသေးဘူး၊ မင်းတို့ ဒီအခြေအနေကို ဆက်ထိန်းထားနိုင်သရွေ့တော့ အနားကပ်လို့ရသလို ထိတွေ့လို့လည်း ရတယ်၊ ဒါကြောင့်…”
“ခဏနေဦး…”
ဟုန်ဟူသည် ဖုန်းပုကြွယ်၏ အတွေးနောက်သို့ အနီးကပ် လိုက်ပါတွေးတောနေခဲ့ခြင်းဖြစ်ရာ ဤစကားကို ကြားလိုက်ရချိန်တွင် “မင်းပြောပုံအရဆိုရင် ဒီအရာက ‘အလုပ်လုပ်ဖို့’ အတွက်ဆိုရင် အဲ့ဒါရဲ့ အထူးလက္ခဏာတွေကို သိတဲ့သူတစ်ယောက်က သက်ရောက်မှုနယ်ပယ်အတွင်းမှာ ရှိနေဖို့ လိုအပ်တာပေါ့”
သူက စကားကို ခဏရပ်လိုက်သည်။
“ဒါပေမဲ့ လက်ရှိမှာ အဲ့ဒါရဲ့ အထူးလက္ခဏာတွေကိုသိတဲ့ တစ်ဦးတည်းသောလူက… မင်း ဖြစ်နေတယ်၊ ပြီးတော့ မင်းက အဲဒီနယ်ပယ်ထဲ ဝင်တာနဲ့ ချက်ချင်း သေရမှာလေ”
ချိုးဖုန်းစီကလည်း ကြားဖြတ် ဆိုလိုက်သည်။
“ဒါဆိုရင်… အဲဒါကို အသက်သွင်းဖို့အတွက် မင်းက မင်းကိုယ်မင်း စတေးရမယ်လို့ ဆိုလိုတာလား”
ကျိချန်ကလည်း ထပ်လောင်းပြောဆို၏။
“ဒါတင်မကသေးဘူး၊ ငါတို့ထဲက လူတိုင်းမှာ ဒီအရာရဲ့ နိယာမတွေကို ချိုးဖောက်မိနေတဲ့အရာတစ်ခုစီ ရှိနေတယ်လို့ မင်းပြောခဲ့တယ်မလား၊ ဆိုလိုတာက… ဘယ်သူမှ အသက်ရှင်လျက်နဲ့ ဒီအရာကို အသက်မသွင်းနိုင်ဘူးပေါ့၊ ဘာလို့လဲဆိုတော့ ငါတို့ အဲ့ဒါရဲ့ အထူးလက္ခဏာတွေကို မသိတဲ့အချိန်မှာ သက်ရောက်မှုကို အသက်မသွင်းနိုင်သလို၊ သိသွားပြန်ရင်လည်း မင်းနဲ့ တူညီတဲ့ အခြေအနေမျိုး ကြုံတွေ့ရမှာမို့လို့ပဲ”
“မှန်တယ်၊ အဲဒါက အဓိကအချက်ပဲ၊ ဒါပေမဲ့ လူတိုင်း အသက်ရှင်လျက်နဲ့ ဒီအရာကို အလုပ်လုပ်စေမယ့် နည်းလမ်းတစ်ခု ငါ့မှာ ရှိတယ်”
ဖုန်းပုကြွယ်က ပြန်လည်ဖြေကြားလိုက်၏။
အသင်းဖော်သုံးဦး၏ မျက်နှာပေါ်တွင် အံ့ဩခြင်း သို့မဟုတ် သံသယဖြစ်ခြင်း အရိပ်အယောင်များ သိပ်ပေါ်မလာဘဲ အလွန်အမင်း အာရုံစိုက်ထားသည့် အမူအရာမျိုးသာ ရှိနေကြသည်။
ဖုန်းပုကြွယ်သည် သူတို့၏ တုံ့ပြန်မှုကို စိတ်ကျေနပ်သွားရသည်။ ဉာဏ်ကောင်းသည့်လူများနှင့် စကားပြောရသည်မှာ လွယ်ကူလှသည်။ သူသည် အများကြီး ရှင်းပြနေစရာမလိုဘဲ သူတို့က သူ့ကို ယုံကြည်ပြီး နားလည်ပေးနေကြသည်။
“ပထမဆုံးအနေနဲ့ ငါမင်းတို့ထဲက တစ်ယောက်ယောက်ကို အဲဒီအရာဝတ္ထုကို သွားကောက်ပြီး သတ်မှတ်ထားတဲ့ နေရာတစ်ခုမှာ သွားထားခိုင်းမယ်၊ ဒီလုပ်ငန်းစဉ်အတွင်းမှာ မင်းတို့ရဲ့ စိတ်ကို တတ်နိုင်သမျှ ဗလာကျင်းထားပါ၊ အတွေးတွေ အများကြီး မတွေးပါနဲ့”
ဖုန်းပုကြွယ်က သူ့ဗျူဟာကို တိုက်ရိုက် ရှင်းပြတော့သည်။
“အဲဒီအရာကို နေရာချပြီးတာနဲ့ လုပ်ဆောင်တဲ့သူက ငါ့ရဲ့ ညွှန်ကြားချက်အတိုင်း အဲဒီအရာရဲ့ သက်ရောက်မှု နယ်ပယ်အစွန်းနားအထိ လမ်းလျှောက်လာရမယ်၊ အဲဒီအခိုက်အတန့်မှာ ငါက သူ့ကို စကားတစ်ခွန်း လှမ်းပြောလိမ့်မယ်၊ အဲဒီစကားရဲ့ အကြောင်းအရာကတော့ ပကတိ အရှိတရားတစ်ခုကို ဖော်ပြတဲ့အရာ ဖြစ်လိမ့်မယ်”
သူ ခဏရပ်လိုက်သည်။
“ဘာ မမျှော်လင့်ထားတာမှ ဖြစ်မလာရင် အဲဒီစကားလုံးတွေကို ပြောလိုက်တဲ့ အခိုက်အတန့်မှာပဲ အဲဒီအရာက ချက်ချင်း သက်ရောက်လာလိမ့်မယ်၊ အဲဒီ စက္ကန့်ပိုင်းလေးအတွင်းမှာ လုပ်ဆောင်တဲ့သူအနေနဲ့ ဘယ်လို အထူးလက္ခဏာကြောင့် သူ့ကိုယ်သူ ချေမှုန်းခံရတော့မလဲဆိုတာကို သတိပြုမိဖို့ အချိန်ရမှာ မဟုတ်ဘူး”
“နားလည်ပြီ”
ဟုန်ဟူက ပြန်ဖြေလိုက်သည်။
“လုပ်ဆောင်တဲ့သူက အဲဒီစကားကို ကြားပြီးတာနဲ့ အဲ့ဒါရဲ့ သက်ရောက်မှုနယ်ပယ်ထဲကနေ ချက်ချင်း ထွက်ပြေးနိုင်သရွေ့တော့ အဲဒီအရာရဲ့ သက်ရောက်မှုက မင်းဖော်ပြလိုက်တဲ့ အချက်အလက်အပေါ်မှာပဲ သက်ရောက်မှုရှိမှာဖြစ်ပြီး လုပ်ဆောင်တဲ့သူကို ချေမှုန်းမှာ မဟုတ်ဘူးပေါ့”
“လုပ်ဆောင်တဲ့သူက သူ့ကိုယ်သူနဲ့ အဲဒီအရာကြားက ကွဲလွဲမှုကို သတိပြုမိသွားတဲ့အချိန်မှာ သူက အဲ့ဒီအရာရဲ့ သက်ရောက်မှုနယ်ပယ်ထဲကနေ ထွက်ခွာသွားပြီဖြစ်လို့ ဒါက အဆင်ပြေသွားတာပဲ”
ချိုးဖုန်းစီက တွေးတောရင်း ဆိုသည်။
“အင်း… ဒါဆို ဒီအရာက သတ်မှတ်ထားတဲ့ နယ်ပယ်အတွင်းမှာရှိတဲ့ စောင့်ကြည့်သူတွေရဲ့ ‘သိမြင်နားလည်မှု’ ကြောင့် အလုပ်လုပ်တာပေါ့…”
ကျိချန်ကမူ သူ့ထင်မြင်ချက်ကို ထုတ်မပြောခဲ့ချေ။ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက်တွင်မူ သူက တခြားအရာတစ်ခုကို ဆိုလာသည်။
“ညီအစ်ကိုဖုန်း… မင်းက ဒီလိုတိုတောင်းတဲ့ အချိန်လေးအတွင်းမှာ ဒီလိုဗျူဟာမျိုးကို တွေးတောနိုင်ပြီးတော့မှ မင်းကိုယ်မင်း ‘ဘာမှမသိတဲ့ ပဟေဠိဖြေရှင်းသူ’ လို့ ပြောနေသေးတယ်ပေါ့ ဟုတ်လား”
“ငါက မင်းတို့ကို အားနာလို့ အလိုက်သင့်ပြောနေတာပါ…”
ဖုန်းပုကြွယ်လည်း သူ ဆက်ပြီးတုံးအသလို ဟန်ဆောင်နေ၍ မရတော့မှန်း သိလိုက်သည်။
“မင်းက အရမ်းနှိမ့်ချတတ်တာပဲ…”
ဟုန်ဟူက သူ့မျက်မှန်ကို ပင့်တင်လိုက်သည်။
“ငါတို့ လေးယောက်ထဲမှာ မင်းတစ်ယောက်ပဲ အဲဒီအရာရဲ့ အထူးလက္ခဏာတွေကို သိတာလေ၊ ပြီးတော့ အဲဒီအထူးလက္ခဏာတွေကိုလည်း တခြားလူတွေကို အလွယ်တကူ ပြောပြလို့ မရဘူး၊ ဆိုလိုတာက… ဘာအထိအခိုက်မှမရှိဘဲ ဒီပဟေဠိအဆင့်ကို ဘယ်လိုဖြေရှင်းရမလဲဆိုတာကို မင်းတစ်ယောက်တည်းပဲ ကြံဆနိုင်တာ။
သည်းထိတ်ရင်ဖိုသုခဘုံရဲ့ ဇာတ်လမ်းက အဖွဲ့ထဲမှာရှိတဲ့ ကစားသမားအားလုံးရဲ့ အချက်အလက်တွေအပေါ် မူတည်ပြီး ကျပန်းစနစ်နဲ့ ထုတ်ပေးတာလေ၊ ငါတို့ လေးယောက်ရဲ့ ဗဟုသုတ၊ အင်အား၊ စကေး၊ ပစ္စည်းကိရိယာ စတာတွေ အားလုံးကို ထည့်သွင်းစဉ်းစားထားတာ၊ မင်းရဲ့ ဗျူဟာမြောက်စွမ်းရည်ကို စနစ်က အသိအမှတ်ပြုထားတာကတော့ ရှင်းနေတာပဲ၊ အနည်းဆုံးတော့ AI က မင်းမှာ ဒီပဟေဠိကို တစ်ယောက်တည်း ဖြေရှင်းနိုင်မယ့် အခွင့်အရေး ၅၀ ရာခိုင်နှုန်းကျော် ရှိတယ်လို့ ယုံကြည်နေတာပေါ့”
“ဟွန်း… ငါထင်တာတော့ ညီအစ်ကိုဖုန်းက အစက တုံးအသလိုဟန်ဆောင်ပြီး ငါတို့လို ‘နာမည်ကြီးကစားသမားတွေ’ ရဲ့ အနောက်ကနေပဲ လိုက်ချင်ခဲ့တာ ဖြစ်လိမ့်မယ်”
ချိုးဖုန်းစီက အစ်ကိုကြွယ်၏ အတွေးကို စူးရှစွာဖြင့် ရိပ်မိသွားလေသည်။
“ဒါပေမဲ့ သူ အဲဒီအရာကို မြင်လိုက်ရပြီးတဲ့နောက်မှာတော့ ပဟေဠိဖြေရှင်းရာမှာ ပါဝင်ပတ်သက်ဖို့ကလွဲလို့ တခြားရွေးချယ်စရာ မရှိတော့တာပဲ”
“အာ… အဲ့လိုထင်တာပဲ”
ဖုန်းပုကြွယ်လည်း ရိုးရိုးသားသား ဝန်ခံလိုက်ရတော့သည်။
“ဟဟဟ… နောက်ဆုံးတော့ ဒါက တကယ်တော့ ငါတို့ရဲ့ ပြဿနာဖြစ်နေတာပဲ”
ကျိချန်က သူ၏ ကတုံးဆံပင်ကို ကုတ်ရင်း ရယ်မောလိုက်သည်။
“အစကတည်းက ငါတို့ သုံးယောက်စလုံးက ‘ဖုန်းပုကြွယ်’ ဆိုတဲ့ အိုင်ဒီက နာမည်မကြီးတာကြောင့် ညီအစ်ကိုဖုန်းကို အထင်သေးမိခဲ့ကြတာလေ”
သူက ဟုန်ဟူနှင့် ချိုးဖုန်းစီကို လှမ်းကြည့်လိုက်သည်။
“ညီအစ်ကိုဖုန်းရဲ့ နေရာမှာသာ မင်းတို့ဆိုရင်လည်း ဒီလိုပဲ တုံ့ပြန်မိမှာပဲ၊ သူစိမ်းသုံးယောက်ရှေ့မှာ မင်းက ဘယ်လောက်တောင် တော်ကြောင်းတတ်ကြောင်း သွားပြီး ကြွားလုံးထုတ်နေလို့ မရဘူးမလား”
ဟုန်ဟူက သဘောတူလိုက်သည်။
“ဒါတော့ အမှန်ပဲ”
ချိုးဖုန်းစီက ဆိုသည်။
“ဒါဆိုရင် ဒီကိစ္စကို စိတ်ပူမနေတော့ဘဲ ဘယ်သူက ပစ္စည်းသွားရွှေ့မလဲဆိုတာကိုပဲ ဆွေးနွေးကြရအောင်”
ထို့နောက် ဖုန်းပုကြွယ်က လှမ်းမေးလိုက်သည်။
“ကျိချန်၊ ချိုးဖုန်းစီ… မင်းတို့ထဲက ဘယ်သူက သင်္ချာပိုတော်လဲ”
ကျိချန်က ပြန်ဖြေသည်။
“သင်္ချာ… ငါတော့ မဆိုးပါဘူး”
ချိုးဖုန်းစီက ထပ်လောင်းပြောသည်။
“ဒီလိုပါပဲ၊ အထက်တန်းကျောင်းတုန်းက သင်ခဲ့ရတာတွေကို မေ့ကုန်ပြီ၊ အခုတော့ အလယ်တန်းအဆင့်လောက်ပဲ ရှိတော့မှာပါ”
“ဒါဆိုရင် မင်းပဲ သွားတော့”
ဖုန်းပုကြွယ်က ပြောလိုက်သည်။
“ဟမ်”
ချိုးဖုန်းစီ တခဏမျှ ကြောင်အသွားရသည်။
“ဘာဖြစ်လို့လဲ”
“ဘာဖြစ်လို့လဲ ဟုတ်လား၊ ငါမင်းကို အစောကြီးကတည်းက ရှင်းမပြနိုင်ဘူးလို့ ပြောထားတာပဲကို၊ မေးနေလို့ ဘာထူးမှာလဲ”
ဖုန်းပုကြွယ်သည် အခန်းဆီသို့ လက်ညှိုးထိုးပြ၍ ကလေးသံကို အတုယူကာ စိတ်အားထက်သန်စွာဖြင့် အော်ဟစ်လိုက်လေသည်။
“မင်းပဲ ဖြစ်ရမယ် သွားစမ်း ပီကာချူး”
ချိုးဖုန်းစီ ကိုယ်တိုင်သာမက ကျိချန်နှင့် ဟုန်ဟူတို့ပါ ဖုန်းပုကြွယ်၏ အလွန်အမင်း ကြောင်တောင်တောင်နိုင်လှသော ဟာသကို ကြားလိုက်ရသောအခါ အနည်းငယ် ရှက်ရွံ့သွားကြသည်။
“မယုံနိုင်စရာပဲ၊ ငါက လူကြီးတစ်ယောက်နဲ့ စကားပြောနေတာကော ဟုတ်ရဲ့လား…”
ချိုးဖုန်းစီသည် အလွန်အမင်း မကျေမနပ်ဖြစ်နေသော မျက်နှာထားဖြင့် ညည်းညူလိုက်လေသည်။
“ကျင့်ဝတ်သားရဲ အဆင့်မြင့်ဆင့်ကဲပြောင်းလဲခြင်း - အရှက်မရှိ သားရဲ”
ဖုန်းပုကြွယ်က လေသံရှည်ကြီးဖြင့် ထပ်မံအော်ဟစ်ပြန်သည်။
“မင်း ပြီးပြီလား”
ချိုးဖုန်းစီသည် ရှက်လည်းရှက်၊ ဒေါသလည်းထွက်လျက်ဖြင့် စိတ်ဆိုးမာန်ဆိုး အော်ဟစ်လိုက်တော့သည်။
“ငါက မင်းရဲ့ အာရုံကို လွှဲပေးနေတာပါ”
ဖုန်းပုကြွယ်က တည်ငြိမ်စွာ ဆိုသည်။
“ဒါက မင်းပစ္စည်းကို အပြင်ထုတ်လာတဲ့အခါ မင်းရဲ့ ဘေးကင်းမှုကို ထိထိရောက်ရောက် မြှင့်တင်ပေးလိမ့်မယ်”
“ပစ္စည်းကို အပြင်ထုတ်လာပြီးရင် ဘယ်နေရာမှာ ထားရမလဲဆိုတာကိုပဲ ပြောတော့၊ တခြား အပိုစကားတွေကို ဆက်မပြောနဲ့တော့”
“အိုကေ”
ဖုန်းပုကြွယ်၏ လုပ်ရပ်မှာ အလွန်အမင်း အရှက်မဲ့လှသော်လည်း ၎င်းက အမှန်တကယ်ပင် ထိရောက်မှု ရှိခဲ့သည်။ ဤကဲ့သို့သော အိုးနင်းခွက်နင်း စကားပြောဆိုမှုအပြီးတွင်မူ ချိုးဖုန်းစီစိတ်ထဲ၌ လုံးဝ ဗလာကျင်းသွားပြီ ဖြစ်သည်…။
အိုင်တမ်အမှတ်စဉ် - SCP-233
အိုင်တမ်ဘေးကင်းမှုအဆင့် - ကီတာ (Keter)
အထူးထိန်းသိမ်းမှု လုပ်ထုံးလုပ်နည်းများ - SCP-233 ကို ကွန်ကရစ်ဖြင့် စီတန်းထားသော ၂၃x၂၃x၂၃ ကုဗပုံစံ ထိန်းသိမ်းရေးနယ်မြေအတွင်း ထိန်းသိမ်းထားရမည် (မည်သည့် ယူနစ်အလျား ၂၃x၂၃x၂၃ မဆို လက်ခံနိုင်သည်)။
အရာဝတ္ထု၏ ပတ်ပတ်လည်တွင် ၂၃ မီတာရှိသော ဘေးကင်းရေးနယ်မြေတစ်ခုကို သတ်မှတ်ထားပြီး အသက် ၂၃ နှစ် မပြည့်သေးသော မည်သည့် D-အဆင့် ဝန်ထမ်းကိုမျှ ဤနယ်မြေကို ဖြတ်သန်းခွင့် မပြုပါ။ သုတေသနပြုလုပ်ရန် အဆင်ပြေစေရေးအတွက် x လ၏ ၂၃ ရက်နေ့တွင် မွေးနေ့ကျရောက်သော D-အဆင့် ဝန်ထမ်းများကို အသုံးပြုရန် အကြံပြုထားသည်။
.၂၃၂၃ ကာလီဘာ အထူးကျည်ဆန်များကို အသုံးပြုခြင်းမှလွဲ၍ မည်သည့်သေနတ်ကိုမျှ ဤနယ်မြေအတွင်း ယူဆောင်ခွင့် မပြုပါ။
ဝန်ထမ်းများ၏ အလှည့်ကျတာဝန်ချိန်များကို ၂၃:၂၃ အချိန်တိတိတွင် သတ်မှတ်ရမည်ဖြစ်ပြီး နောက်ဆုံးတာဝန်ချိန်မှာ ဂရင်းနစ်စံတော်ချိန် ၂၃:၂၃ အချိန် တိကျမှု ရှိရမည်။
အရာဝတ္ထု၏ အနီးနားတွင် [ချန်လှပ်ထားသည်] မီလီမီတာကျည်ဆန်များကို အသုံးပြုခြင်းအား ပြတ်သားစွာ တားမြစ်ထားသည်။
[ချန်လှပ်ထားသည်] လတွင် မွေးဖွားသူများ၊ သို့မဟုတ် လတစ်လ၏ [ချန်လှပ်ထားသည်] ရက်၊ ၁၀ ရက်၊ သို့မဟုတ် ၂၀ ရက်နေ့တွင် မွေးဖွားသူဝန်ထမ်းများကို ဤပရောဂျက်နှင့် ထိတွေ့ခွင့် တားမြစ်ထားသည်။
ထိန်းသိမ်းရေး အဆောက်အအုံတွင် အလုပ်လုပ်နေသော ဝန်ထမ်းများကို နာရီတိုင်း၏ [ချန်လှပ်ထားသည်] မိနစ် အချိန်တိုင်းတွင်၊ အထူးသဖြင့် [ချန်လှပ်ထားသည်] မိနစ် အချိန်တိတိတွင် ပို၍ ဂရုစိုက်စောင့်ကြည့်ရန် အထူးသတိပေးချက်များ ထုတ်ပြန်ထားရမည်။ အကြောင်းမှာ ဤအချိန်သည် SCP အသက်ဝင်လှုပ်ရှားဆုံးအချိန် ဖြစ်သောကြောင့် ဖြစ်သည်။ အကောင်းဆုံး ထိရောက်မှု ရှိစေရန်အတွက် ဝန်ထမ်းအားလုံးကို ဤအချိန်အတောအတွင်း အနည်းဆုံး ၂၃ မီတာ အကွာအဝေးသို့ ဖယ်ရှားပေးရမည်။
ဖော်ပြချက် - SCP-233 သည် ၂၃ မျက်နှာရှိသော ဗဟုမျက်နှာပြင် အရာဝတ္ထုတစ်ခုဖြစ်ပြီး မျက်နှာပြင်တစ်ခုစီမှာ မျဉ်းဖြောင့်တစ်ခု ပါဝင်သော အနားညီ စတုဂံပုံသဏ္ဌာန် ဖြစ်သည်။ ၎င်း၏ ထူးဆန်းသော ဟင်းလင်းပြင် အထူးလက္ခဏာများကြောင့် ၎င်းကို 3D သို့မဟုတ် 2D ပုံစံဖြင့် တိကျစွာ ပုံဖော်ခြင်း သို့မဟုတ် ပုံတူကူးယူခြင်း ပြုလုပ်၍ မရနိုင်ပါချေ။
SCP-233 သည် ၎င်း၏ အနီးပတ်ဝန်းကျင်ရှိ သင်္ချာနိယာမများကို ပြောင်းလဲပစ်နိုင်သော စွမ်းရည်ရှိပြီး အကယ်၍ ၂၃ အခြေစနစ် (base-23) ကို မသုံးစွဲပါက ပတ်ဝန်းကျင် နယ်မြေအတွင်းရှိ ရေတွက်မှုများတွင် လုံးဝမှားယွင်းမှုများကို ဖြစ်ပေါ်စေသည်။ ၂၃ အခြေစနစ်ကို အသုံးပြုထားသော တွက်ချက်စက်များသည် ဤ SCP ထံမှ အကျိုးကျေးဇူး ရရှိမည်ဖြစ်ပြီး ပုံမှန်ထက် ၂၃ ဆ ပိုမိုမြန်ဆန်သောနှုန်းဖြင့် တွက်ချက်မှုများကို လုပ်ဆောင်ပေးနိုင်သည်။
ဤ SCP ကို ဖျက်ဆီးပစ်ရန် အဆိုပြုချက်ကိုမူ ၎င်းအား [ချန်လှပ်ထားသည်] လုပ်ငန်းစဉ်များတွင် ပေါင်းစပ်အသုံးပြုနိုင်သည့် ဖြစ်နိုင်ခြေကြောင့် ရွှေ့ဆိုင်းထားခဲ့သည်။ ဘိုင်နရီ (binary) စနစ် မှ ၂၃ အခြေစနစ်သို့ ပြောင်းလဲရန် ခက်ခဲမှုကို ခဏဖယ်ထားပါက ဤကိရိယာသည် အဖွဲ့အစည်းအတွက် ၎င်း၏ တန်ဖိုးကို သက်သေပြပြီးသား ဖြစ်သည်။
ကံမကောင်းသည်မှာ SCP-233 ၏ သက်ရောက်မှုနယ်မြေအတွင်း၌ ‘ဖျက်ပစ်ထားသော’ ကိန်းဂဏန်း ရှိနေခြင်းက ၎င်းအား အလွန်အမင်း ပြင်းထန်သော သက်ရောက်မှုမျိုးကို ထုတ်ဖော်စေသည်။ ဤသက်ရောက်မှု၏ လွှမ်းမိုးခြင်းကို ခံရသော အရာအားလုံးသည် လျင်မြန်စွာပင် ဓာတုဗေဒဆိုင်ရာ ကွဲအက်မှုကို ကြုံတွေ့ရလိမ့်မည်။ အကြောင်းမှာ ထိုရုပ်ဝတ္ထုကို ဖွဲ့စည်းထားသော အက်တမ်များသည် ၀.၂၃ စက္ကန့်အတွင်း၌ ချက်ချင်းပြိုကွဲပျက်စီးသွားသောကြောင့် ဖြစ်သည်။ သတိပြုရမည့်အချက်မှာ အတိတ်ကအတွေ့အကြုံများအရ SCP-233 သည် အနီးနားရှိ ရုပ်ဝတ္ထုများ၏ ရုပ်ပိုင်းဆိုင်ရာ အထူးလက္ခဏာများကြောင့် အသက်ဝင်လာခြင်းမဟုတ်ဘဲ ပတ်ဝန်းကျင်ရှိ စောင့်ကြည့်သူများ၏ သိမြင်နားလည်မှုကြောင့်သာ အသက်ဝင်လာခြင်း ဖြစ်ပုံရသည်။ ဥပမာအားဖြင့် SCP-233 ကို ၂.၇၄ မီတာအရှည်ရှိသော တုတ်တစ်ချောင်းပေါ်တွင် ချိတ်ဆွဲထားခြင်းက ဘေးကင်းပါသည်။ အန္တရာယ်ရှိသော နယ်မြေအတွင်းရှိ မည်သည့်စောင့်ကြည့်သူမျှ ထိုတုတ်သည် အမှန်တကယ်တွင် ‘ဖျက်ပစ်ထားသော’ ပေ အရှည် ရှိနေသည်ကို မသိရှိသရွေ့ဖြစ်သည်။ ဤသက်ရောက်မှုကို ဖြစ်ပေါ်စေသည့် အကြောင်းရင်းကို မသိရသေးသော်လည်း ၎င်းသည် ဂန္ထဝင်ကွမ်တမ်ရူပဗေဒရှိ “စောင့်ကြည့်သူသက်ရောက်မှု” နှင့် ဆက်စပ်နေနိုင်ပါသည်။
…
ဖုန်းပုကြွယ်သည် SCP စီးရီးများနှင့် ပတ်သက်၍ သူ၏ ဗဟုသုတများကြောင့် ဤ “၂၃ မျက်နှာရှိသော ဗဟုမျက်နှာပြင် အရာဝတ္ထု” ကို မှတ်မိသွားခြင်း ဖြစ်သည်။ ၂.၇၄ မီတာသည် အကြမ်းဖျင်းအားဖြင့် ၉ ပေနှင့် ညီမျှသည်ကိုလည်း သူ သိရှိထားသည်။ ဆိုလိုသည်မှာ ဤ SCP သည် ကိန်းဂဏန်း “၉” ကို ပစ်မှတ်ထားခြင်း ဖြစ်၏။
အကယ်၍ ၎င်း၏ အထူးလက္ခဏာများကို သိရှိထားသူ တစ်ယောက်ယောက်သာ SCP-233 ၏ ပတ်ပတ်လည် ၂၃ မီတာအချင်းဝက်အတွင်းသို့ ဝင်ရောက်သွားပါက ထိုသူသည် ကိန်းဂဏန်း ၉ နှင့် ဆက်စပ်နေသည်ဟု သိမြင်နားလည်လိုက်သည့် ထိုနယ်မြေအတွင်းရှိ အရာအားလုံးသည် လုံးဝ ချေမှုန်းဖျက်ဆီးခံရပေလိမ့်မည်။
ဖုန်းပုကြွယ်သည် အော်ဟစ်၍နောက်ဆုတ်နေစဉ်ကပင် ပြဿနာတစ်ခုကို သတိပြုမိခဲ့ပြီးသား ဖြစ်သည်။ “ဖုန်း” (Feng) နှင့် “ဖုန်း” (Feng) နှစ်ခုစလုံးသည် စာလုံးစုတ်ချက် ၉ ချက်ရှိသော စာလုံးများ ဖြစ်ကြသဖြင့် ဒါကို ခဏဖယ်ထားလိုက်ပါဦး။ ကျန်သုံးယောက်… “ချိုးဖုန်းစီ” (Qiu Feng Se) ထဲက “ချိုး” (Qiu) စာလုံးနှင့်၊ “ယွီကျန့်ကျိချန်” (Yu Zhong Ji Chang) ထဲက “ယွီ” (Yu) စာလုံးတို့သည်လည်း စာလုံးစုတ်ချက် ၉ချက်ရှိသော စာလုံးများ ဖြစ်ကြပြီး ဟုန်ဟူ၏ ၉ နှင့် ပတ်သက်သော ဆက်စပ်မှုမှာ ပို၍ပင် ထင်ရှားလှသည်။သူသည် အဆင့် ၂၉ ဖြစ်နေခြင်း ဖြစ်သည်။
ဤအသင်းဖော်သုံးဦးထဲမှ ဘယ်သူပဲ ပစ္စည်းသွားရွှေ့သည်ဖြစ်စေ သူ့စကားကို ကြားလိုက်ရသည်နှင့်တစ်ပြိုင်နက် သူတို့သည် SCP-233 ၏ အထူးလက္ခဏာများကို မသိထားကြသော်လည်း ပြဿနာမှာ ကိန်းဂဏန်း ၉ တွင် ရှိနေသည်ကို လျင်မြန်စွာ ရိပ်မိသွားကြလိမ့်မည်။ ထို့ကြောင့် လုပ်ဆောင်သူသည် သူ့ကိုယ်သူ ၉ နှင့် ဆက်စပ်သော အကြောင်းရင်းများကို ပို၍ လျင်မြန်စွာ တွေးတောမိလေ ပို၍ လျင်မြန်စွာ ချေမှုန်းခံရလေလေ ဖြစ်ပေလိမ့်မည်…။
အကယ်၍ ယင်းသည် ညံ့ဖျင်းလှသော အဖွဲ့တစ်ဖွဲ့သာ ဖြစ်ပါက သူတို့သည် တွေးတောမှု နှေးကွေးသော လူတစ်ယောက်ကို ရွေးချယ်ကာ လုပ်ဆောင်ခိုင်းလိုက်ရုံသာ ဖြစ်သည်။ သို့သော်လည်း ဤလေးယောက်လုံးမှာ အလွန်အမင်း ဉာဏ်ပြေးလှသူများ ဖြစ်ကြရာ အချက်အလက်များ သူတို့ဦးနှောက်ထဲ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် မသိစိတ်မှ ဗီဇအရ စတင်တွေးတော ဆင်ခြင်ကြမည် ဖြစ်သည်။
ထို့ကြောင့် ဖုန်းပုကြွယ်သည် သင်္ချာပိုင်းတွင် အတော်အတန် အားနည်းသော ချိုးဖုန်းစီကို စေလွှတ်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ပြီး ချိုးဖုန်းစီ၏ အတွေးများကို စကားလုံးများဖြင့် တတ်နိုင်သမျှ အနှောင့်အယှက်ပေးရန် ကြံစည်ခဲ့ခြင်း ဖြစ်သည်။ သူအသုံးပြုခဲ့သော နည်းလမ်းမှာလည်း သူ့အသင်းဖော်၏ တွေးတောချိန်နှင့် လိုအပ်သော အချက်အလက်ပမာဏကို တတ်နိုင်သမျှ အနည်းဆုံး ဖြစ်အောင် လျှော့ချရန် ဖြစ်သည်။
ဤပဟေဠိဖြေရှင်းရေးဗျူဟာက ရိုးရှင်းလှသည်ဟု ထင်ရသော်လည်း လက်တွေ့တွင်မူ ဖုန်းပုကြွယ်၏ စွမ်းရည်ကို အပြည့်အဝ ဖော်ပြနေခြင်း ဖြစ်ပေသည်။ သူ၏ အဓိပ္ပာယ်မရှိသော လုပ်ရပ်များကပင် အဓိပ္ပာယ် ရှိနေခဲ့ခြင်း ဖြစ်သည်။ အသေးစိတ် အချက်အလက်တိုင်းကို ဂရုတစိုက်စီမံထားခြင်း ဖြစ်သည်။
“ဘယ်နေရာမှာ ထားရမလဲ”
ချိုးဖုန်းစီသည် အဖြူရောင်တံခါးထဲမှ ထွက်လာရင်း ကျယ်လောင်စွာ လှမ်းမေးလိုက်သည်။
ဖုန်းပုကြွယ်သည် အတော်အတန် အလှမ်းဝေးသောနေရာသို့ ဆုတ်ခွာသွားပြီးဖြစ်ရာ အရာဝတ္ထုကို ရွှေ့ပြောင်းလိုက်လျှင်ပင် သူသည် ၂၃ မီတာ အကွာအဝေးတွင်သာ ရှိနေဦးမည် ဖြစ်သည်။
“ဟိုဘက်”
ဖုန်းပုကြွယ်က စကားပြောရင်း လမ်းကြောင်းတစ်ခုဆီသို့ လက်ညှိုးထိုးပြလိုက်သည်။
“နံရံနားက အဲဒီတိုင်နှစ်ခုကြားထဲမှာပဲ ချထားလိုက်”
ချိုးဖုန်းစီ ပြန်တုန့်ပြန်လိုက်ပြီး ၂၃ မျက်နှာရှိသော ကုဗတုံးကို ထိုနေရာဆီသို့ သယ်ဆောင်သွားတော့သည်။ ဤ SCP သည် သိပ်မလေးချေ။ ခန္ဓာကိုယ်စွမ်းရည် မြှင့်တင်ထားသော ကစားသမားများအတွက် ၎င်းကို ရွှေ့ပြောင်းရန်မှာ အလွန်လွယ်ကူလှသည်။
စက္ကန့်အနည်းငယ် ကြာပြီးနောက်တွင်မူ ချိုးဖုန်းစီက ထိုအရာကို ၎င်းနေရာတွင် ချလိုက်သည်။
“ဒီနေရာမှာထားရင် အဆင်ပြေလား”
“ရတယ်”
ဖုန်းပုကြွယ်က ပြန်ဖြေလိုက်သည်။
“အခု ငါ့ဆီကို လမ်းလျှောက်လာခဲ့၊ သိပ်မြန်မြန်မလျှောက်နဲ့၊ ငါက ‘ရပ်’ လို့ ပြောရင် ရပ်လိုက်”
ချိုးဖုန်းစီက သူ့ညွှန်ကြားချက်အတိုင်း လုပ်ဆောင်လိုက်သည်။
ဖုန်းပုကြွယ်သည် တစ်ဖက်လူက မီတာနှစ်ဆယ်ခန့် လမ်းလျှောက်လာခဲ့ပြီဟု ခန့်မှန်းလိုက်မိချိန်တွင် “ရပ်” ဟု အော်ပြောလိုက်ပြီးနောက်
“ကောင်းပြီ… အခု ငါ အဲဒီအချက်အလက်ကို ပြောတော့မယ်၊ ငါ အတော်လေး မြန်မြန်ပြောမှာနော်၊ ငါ ပြောပြီးတာနဲ့ ‘ပြေး’ လို့ အော်လိမ့်မယ်၊ အဲဒီအခါကျရင် မင်း ငါတို့ဆီကို တတ်နိုင်သမျှ အမြန်ဆုံး ပြေးလာခဲ့၊ ငါအခုလေးတင် ပြောလိုက်တဲ့ အကြောင်းအရာကိုပဲ ဆက်တိုက်တွေးနေပါ”