အခန်း ၂၉၉
Vol. 30 Ch. 299
အခန်း (၂၉၉) တာဝါပေါ်တက်ခြင်း - ၆
ဖုန်းပုကြွယ်က ခဏရပ်ပြီး ဆက်ပြောလိုက်သည်။
“အဲဒီအရာရဲ့ ဘေးဘက်နှစ်ဖက်မှာရှိတဲ့ တိုင်နှစ်ခုကြားက အကွာအဝေးက ၉ မီတာ တိတိပဲ”
ဖုန်းပုကြွယ် “မီတာ” ဆိုသည့် စကားလုံးကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် “ပြေး” ဟု ထပ်မံအော်ဟစ်လိုက်သည်။
ချိုးဖုန်းစီ ခြေတစ်လှမ်း လှမ်းလိုက်သည့်အချိန်တွင် သူ့အနောက်ဘက်မှ အဆောက်အအုံ ပြိုကျသံများ ထွက်ပေါ်လာတော့သည်။ ယင်းက ထိုအချိန်တွင် ချိုးဖုန်းစီ၏ “သိမြင်နားလည်မှု” ကြောင့် SCP-233 စတင် အလုပ်လုပ်သွားပြီဖြစ်ကြောင်း သက်သေပြနေခြင်းဖြစ်သည်။
သူ့နောက်ဘက်မှ ကျယ်လောင်သော အသံဗလံများက ချိုးဖုန်းစီ၏ လုပ်ဆောင်ချက်ကို မနှောင့်ယှက်နိုင်ခဲ့ချေ။ သူသည် အသင်းဖော်သုံးဦးထံသို့ အရောက်ပြေးသွားပြီးမှ ရပ်တန့်လိုက်ကာ အခြေအနေပြောင်းလဲမှုကို လှည့်ကြည့်လိုက်မိသည်။
SCP-233 သည် ရုပ်ဝတ္ထုများကို ၀.၂၃ စက္ကန့်အတွင်း ချေမှုန်းပစ်နိုင်ပြီး ထိုဖြစ်စဉ်မှာ လုံးဝ တိတ်ဆိတ်ပေသည်။ ထို့ကြောင့် ပြိုကျသံ ထွက်ပေါ်လာချိန်တွင် ဖျက်ဆီးခြင်းမှာ ပြီးဆုံးနေခဲ့ပြီ ဖြစ်သည်။ ချိုးဖုန်းစီ ကြားလိုက်ရသည့်အသံမှာ အဆောက်အအုံပစ္စည်းများ မျက်နှာကျက်မှ ပြုတ်ကျလာသည့် နောက်ဆက်တွဲအသံများသာ ဖြစ်သည်။
ဖုန်းပုကြွယ်၊ ကျိချန်နှင့် ဟုန်ဟူတို့၏ မြင်ကွင်းတွင်မူ ဖုန်းပုကြွယ်၏ “ပြေး” ဟု အော်လိုက်သည့်အချိန်နှင့် တစ်ပြိုင်နက်နီးပါး ထိုတိုင်နှစ်ခုနှင့် ၎င်းတို့ကြားရှိနံရံတို့မှာ တစ်စစီ ပျက်စီးသွားပြီး နံရံနှင့်အပြိုင်ရှိသော မျက်နှာကျက်နှင့် ကြမ်းပြင်အချို့မှာလည်း ရုတ်တရက် ပျောက်ကွယ်သွားသည်ကို မြင်တွေ့လိုက်ရသည်။ ဒုတိယထပ်မှ ပြုတ်ကျလာသော ကွန်ကရစ်တုံးအချို့သည် SCP-233 ကို တိုက်မိသွားပြီး ၎င်းနှင့်အတူ မြေကြီးထဲရှိ အက်ကြောင်းထဲသို့ ထိုးကျသွားတော့သည်။
ဤကဲ့သို့ စတုရန်းမီတာ ထောင်ပေါင်းများစွာ ကျယ်ဝန်းသော အဆောက်အအုံမျိုးမှာ ထောင့်စွန်းတစ်နေရာရှိ နံရံနှင့် တိုင်နှစ်ခု ပျက်စီးသွားရုံဖြင့် တစ်ခုလုံး ပြိုကျသွားမည် မဟုတ်ပေ။
အနည်းငယ်မျှ ပြိုကျပြီးနောက် ဖုန်မှုန့်များ ငြိမ်ကျသွား၏။ ထိုနံရံ၏ အနောက်ဘက်တွင် မှောင်မည်းနေသော နေရာလွတ်တစ်ခု ပေါ်လာလေသည်။ မျက်နှာကျက်နှင့် ကြမ်းပြင်ပေါ်ရှိ စတုဂံပုံစံ အက်ကြောင်းမှာ လမ်းကြောင်းနှစ်ခု ဖြစ်လာခဲ့သည်။
“ဘာဖြစ်နေတာလဲ၊ ကိုးဂဏန်းနဲ့ ပတ်သက်တာမှန်သမျှ အကုန်ပျက်စီးသွားတာလား”
ချိုးဖုန်းစီက မေးသည်။
ဟုန်ဟူက ပြန်ဖြေလိုက်သည်။
“အဲဒီလိုပဲ ဖြစ်မယ်”
သူသည် ဖုန်းပုကြွယ်က အစကတည်းက သူ့ကို လုပ်ဆောင်သူအဖြစ် အသုံးမပြုလိုခဲ့သည့် အကြောင်းရင်းကို ချက်ချင်း နားလည်သွားရသည်။
ကျိချန်ကလည်း ဝင်ပြောလိုက်သည်။
“ဒါဆို မင်းက သင်္ချာသိပ်မတော်တဲ့ ချိုးဖုန်းစီကို လွှတ်လိုက်တာပေါ့…”
ထိုသို့ဆိုပြီးနောက် တစ်စုံတစ်ခုကို ရိပ်မိသွားပုံဖြင့် “အိုး… ငါ သဘောပေါက်ပြီ၊ ငါတို့ထဲက သုံးယောက်မှာ ‘ကိုး’ ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဆက်စပ်နေတဲ့ နာမည်ပြောင်တွေ ရှိကြပြီး၊ ကျန်တဲ့တစ်ယောက်ဖြစ်တဲ့ ဟုန်ဟူကလည်း အဆင့် ၂၉ မှာ ရှိနေတယ်၊ အဲဒါကြောင့်မို့လား”
“အင်း၊ ငါဆိုလိုတာ အဲဒါပဲ”
ဖုန်းပုကြွယ်က ပြန်ဖြေသည်။
ချိုးဖုန်းစီက ပြောလိုက်သည်။
“ဒါပေမဲ့ မင်း စဉ်းစားမိရဲ့လား… မင်းအမြင်အရတော့ ငါနဲ့ ၉ ဆက်စပ်မှုက ‘ချိုး’ (Qiu) စာလုံးတစ်လုံးတည်း ဖြစ်ပေမဲ့ ငါ့အမြင်အရဆိုရင် ၉ နဲ့ ဆက်စပ်တဲ့ အရာပေါင်းစုံကို ငါ တွေးမိနိုင်တာပဲလေ”
“ဒါက ရှောင်လွှဲလို့ မရဘူး”
ဖုန်းပုကြွယ် ပြန်ပြောလိုက်သည်။
“မလုပ်ခင်မှာ မင်းကို ဒီအရာရဲ့ အထူးလက္ခဏာတွေကို ငါပြောပြလို့ မရသလို ၉ ဂဏန်းနဲ့ ပတ်သက်တာတွေကိုလည်း အတည်ပြုလို့ မရဘူး၊ ဘာလို့လဲဆိုတော့ အဲဒီလိုပြောမိရင် မင်းက အချက်အလက်ရပြီးတာနဲ့ ချက်ချင်း တွေးမိသွားမှာကိုး”
သူ ပုခုံးတွန့်လိုက်သည်။
“ဘယ်လိုပဲဖြစ်ဖြစ်… မင်း အသက်ရှင်နေသေးတာကပဲ ငါ့ဗျူဟာ အောင်မြင်တယ်ဆိုတာ သက်သေပြနေတာပါပဲ”
“ငါ ဒီအစီအစဉ်ပေါ်မှာ အတော်လေး ယုံကြည်မှု ရှိပါတယ်၊ ငါအော်လိုက်တဲ့အချိန်မှာ မင်းက အဲဒီအရာနဲ့ မီတာ ၂၀ လောက် ဝေးနေပြီလေ၊ ပြီးတော့ သူ့သက်ရောက်မှု နယ်ပယ်က ၂၃ မီတာပဲ ရှိတာ၊ လက်တွေ့ဘဝက သာမန်လူတစ်ယောက်အတွက်တောင် ဘေးကင်းတဲ့နေရာကို ရောက်ဖို့ ၂ စက္ကန့်ကနေ ၃ စက္ကန့်ပဲ ကြာမှာပါ”
“မင်း အဲဒီစကားကို ကြားရတဲ့အချိန် ၉ ဂဏန်းရဲ့ အဓိပ္ပာယ်ကို သဘောပေါက်သွားတဲ့အချိန်နဲ့ ၉ နဲ့ ပထမဆုံး ဆက်စပ်မိတဲ့အချိန်ကြားမှာ မင်းဘေးကင်းတဲ့ နယ်ပယ်ထဲကို ရောက်ဖို့ အချိန်လုံလောက်ပါတယ်”
“တကယ်လို့ မင်းအမြင်အရ မင်းက ဒီဂဏန်းနဲ့ သိပ်ရင်းနှီးနေပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ မင်းနဲ့ ဆက်စပ်မိသွားရင်တော့… မင်း ကံမကောင်းတာပဲပေါ့”
ဖုန်းပုကြွယ်၏ စကားနှင့် သဘောထားအပေါ် ချိုးဖုန်းစီတွင် ကန့်ကွက်စရာ မရှိချေ။ တစ်ဖက်လူ၏ စကားများမှာ ယုတ္တိရှိသည်ဟု သူ ခံစားရသည်။ အစီအစဉ်၏ အောင်မြင်နှုန်းမှာ အမှန်တကယ်ပင် မြင့်မားပြီး တစ်ဖက်လူ၏ စီစဉ်မှုမှာလည်း သူတို့၏ ဘေးကင်းမှုကို အမြင့်ဆုံးအထိ အာမခံနိုင်အောင် သေချာစွာ စီမံထားခြင်းဖြစ်သည်။
သို့သော် ချိုးဖုန်းစီက နောက်ထပ်မေးခွန်းတစ်ခု ထပ်မေးလိုက်သည်။
“နေပါဦး… မင်းပြောတာက အဲဒီအရာရဲ့ သက်ရောက်မှု နယ်ပယ်က ၂၃ မီတာလား”
“ဟုတ်တယ်”
ဖုန်းပုကြွယ်က ပြောသည်။
ကျန်သုံးယောက် အပြန်အလှန် ကြည့်လိုက်ကြသည်။ ဟုန်ဟူက ထပြော၏။
“ဒါဆိုရင် ပြဿနာက… အဲဒီအရာက မြေအောက်ထဲကို ကျသွားပြီလေ၊ တကယ်လို့ သူက ၂၃ မီတာ အပြည့် မကျသွားဘူးဆိုရင်…”
“ဒါဆိုရင် ဟိုဘက်ကလမ်းကြောင်းက သူ့ရဲ့ သက်ရောက်မှု နယ်ပယ်ထဲမှာ ရှိနေဦးမှာပဲ၊ အခု စည်းကမ်းတွေကို သိသွားပြီဖြစ်တဲ့အတွက် အဲဒီထောင့်ကို ချဉ်းကပ်လိုက်တာနဲ့ ငါတို့အကုန်လုံး ပျက်စီးသွားလိမ့်မယ်”
ကျိချန်က ထပ်ပြောသည်။
“အဲဒါကို စိတ်ပူစရာ မလိုပါဘူး”
ရုတ်တရက် အမျိုးသမီးတစ်ဦး၏ အသံ ထွက်ပေါ်လာလေသည်။
ကစားသမားလေးဦးလုံး အံ့အားသင့်သွားကြသည်။ အသံလာရာနေရာမှာ ထိုနံရံအနောက်ဘက်ရှိ မှောင်မည်းနေသော နေရာလွတ်ထဲမှ ဖြစ်သည်။
ဖိနပ်သံ တဒေါက်ဒေါက်မြည်သံနှင့်အတူ သွယ်လျသောအရိပ်တစ်ခုက အမှောင်ထုထဲမှ ထွက်ပေါ်လာခဲ့သည်။
အရင်တစ်ခေါက် တွေ့ခဲ့စဉ်ကအတိုင်းပင် X-23 ၏ မျက်နှာမှာ စင်ကြယ်လှပနေဆဲဖြစ်ပြီး အသားအရေမှာလည်း နုနယ်ဖြူဖွေးနေဆဲ ဖြစ်သည်။ သူမ၏ အနက်ရောင်ဆံပင်ရှည်များမှာ လေထဲတွင် ယိမ်းနွဲ့နေလေသည်။ ကွာခြားချက်မှာ သူမသည် အနက်ရောင်သားရေဝတ်စုံကို ဝတ်ဆင်ထားသဖြင့် သူမ၏ ခန္ဓာကိုယ်အလှကို ပိုမို ထင်ရှားပေါ်လွင်နေစေခြင်းဖြစ်သည်။
အဝတ်အစားမှလွဲ၍ သူမတွင် အပြောင်းအလဲ မရှိသလောက်ပင်။ ဖုန်းပုကြွယ်အနေနှင့် သူမကို မမှတ်မိစရာ အကြောင်းမရှိချေ။
“မင်းဒီမှာ ဘာလုပ်နေတာလဲ၊ ဒါက လူလေးယောက် ကစားရမယ့် ဇာတ်လမ်းလေ…”
ဖုန်းပုကြွယ်က ပြောသည်။
“ရှင့်သူငယ်ချင်းတွေကို နှုတ်ဆက်ဖို့ တခြားစကားလုံးတွေ မစဉ်းစားတတ်တော့ဘူးလား”
X-23 က ချစ်စရာကောင်းသော အပြုံးဖြင့် ပြုံးပြလိုက်ရာ သူမ၏ ချွန်ထက်သော သွားများကြောင့် ဟုန်ဟူနှင့် တခြားသူများမှာ အနည်းငယ် ကြောက်လန့်သွားကြသည်။
X-23 နှင့် သူတို့ကြားတွင် မီတာ ၃၀ ခန့် အကွာအဝေး ရှိသော်လည်း သူမအသံကို ရှင်းလင်းစွာ ကြားနေရသည်။
“ဟားဟား… ဆောရီးပါ၊ မကြာသေးခင်က အခြေအနေဘယ်လိုနေလဲ”
ဖုန်းပုကြွယ်က ကိုးရိုးကားရား ရယ်မောရင်း မေးလိုက်သည်။ X-23 အတွက် သူနှင့် နောက်ဆုံးတွေ့ခဲ့သည်မှာ တစ်နှစ် သို့မဟုတ် နှစ်နှစ်လောက် ရှိနေပြီ ဖြစ်ကြောင်း သူသိသည်။
X-23 က ပြန်ဖြေသည်။
“ရှင် မြင်တဲ့အတိုင်းပဲ၊ ကျွန်မ အခုဆိုရင် အဆင့် ၄ နဲ့ အဆင့် ၃ ရဲ့ စည်းကမ်းတွေအောက်မှာ မရှိတော့ဘူး”
ဖုန်းပုကြွယ်သည် X-23 မှာ အနည်းဆုံး အဆင့် ၂ ရှိသော မူမမှန်မှုတစ်ဦး ဖြစ်ကြောင်း ချက်ချင်း နားလည်လိုက်သည်။
“ဒါ ကောင်းတာပေါ့… မင်း အသက်ရှင်ဖို့အတွက် ခက်ခဲတဲ့ဘဝမျိုးကို ဆက်မနေရတော့ဘူးပေါ့”
“ဟုတ်တယ်၊ အမှန်ပဲ”
X-23 က ပြန်ဖြေသည်။ ယင်းပြီးနောက် ယဉ်ကျေးမှုအရ သူမသည် ဖုန်းပုကြွယ်ကို ပြန်မေးသင့်သော်လည်း သူမ မမေးခဲ့ချေ။ ထို့ပြင် သူမ၏ အကြည့်များတွင် ဖုန်းပုကြွယ်ကို သနားကရုဏာသက်သည့် အရိပ်အယောင်များ ပါနေလေသည်။
“အင်း… မင်း ဒီကို ရုတ်တရက်ရောက်လာတာ နှုတ်ဆက်ဖို့ သီးသန့်လာတာလား”
“ကျွန်မက အခုပစ္စည်းပြန်သိမ်းတဲ့အလုပ် လုပ်နေတာလေ”
X-23 က ပေါ့ပေါ့ပါးပါးပြောလိုက်ပြီးချက်ချင်း အကြောင်းအရာပြောင်းလိုက်သည်။
“စကကားမစပ် ကျွန်မ ဒီမှာ ကြာကြာမနေနိုင်ဘူး၊ ဒါကြောင့် အဓိကအချက်ပဲ ပြောတော့မယ်”
သူမသည် ကစားသမားလေးဦး၏ အခြေအနေများကို တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြော၏။
“ရှင်တို့ရဲ့ အဓိကတာဝန်က စုံထောက်ကလပ်ထဲကို ဝင်ဖို့ မဟုတ်လား”
သူမသည် အဖြေကိုပြန်မစောင့်ဘဲ ဆက်ပြောသည်။
“အဲဒီကလပ်ရဲ့ တာဝန်ခံက အရမ်းထူးဆန်းတဲ့သူပဲ၊ သူ့ရဲ့ စွမ်းအားက နတ်ဘုရားမဏ္ဏိုင်လေးပါးပြီးရင် ဒုတိယလိုက်တယ်”
သူမသည် အနောက်ဘက်ရှိ မှောင်မည်းနေသော နေရာကို လှမ်းကြည့်လိုက်သည်။
“သူက ကျွန်မ ဒီဇာတ်လမ်းထဲကို ဝင်ပြီး SCP-233 ကို ပြန်ယူလို့ မရအောင် ကာကွယ်ထားတဲ့ နယ်ပယ်တစ်ခုကို ဖန်တီးထားတာ၊ ဒါပေမဲ့ ရှင်တို့ ပဟေဠိကို ဖြေရှင်းလိုက်တော့ အဲဒီအတားအဆီးက သူ့အလိုလို ပျောက်သွားတာပဲ”
“ဒါဆို… အဲဒီတာဝန်ခံက မင်းကို ဇာတ်လမ်းရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ထည့်တွက်ထားတာပေါ့”
ဖုန်းပုကြွယ်က ဝင်ပြောသည်။
“ဟုတ်တယ်၊ ကျွန်မ ဒီ SCP ကို ခေါ်ပြီး အမြန်ဆုံး ထွက်သွားရမယ်၊ ဒါကြောင့်… ကျွန်မ ထွက်သွားပြီးရင် ရှင်တို့ ဆက်လုပ်လို့ရပြီ”
X-23 က ပြောလိုက်ပြီး သူမ၏ညာလက်ကို မြှောက်ကာ လက်ချောင်းများကို အနည်းငယ် လှုပ်ရှားလိုက်သည်။
နောက်တစ်စက္ကန့်တွင် SCP-233 သည် ကွဲအက်နေသော မြေကြီးထဲမှ တက်လာပြီး X-23 ၏ ဘေးတွင် ဝဲပျံနေတော့သည်။
“သူက အပေါ်ထပ်မှာ…”
X-23 က အပေါ်သို့ မော့ကြည့်လိုက်သည်။
“လမ်းမှာ သတိထား၊ ရူးမသွားစေနဲ့”
ဖုန်းပုကြွယ် ပြန်ဖြေလိုက်သည်။
“အာ ငါ သတိထားပါ့မယ်၊ မင်းလည်း ကိုယ့်ကိုကိုယ် ဂရုစိုက်ပါ၊ ဘာပဲဖြစ်ဖြစ် မင်းက…”
“ကျွန်မ သွားရတော့မယ်”
X-23 က ဖုန်းပုကြွယ်စကားကို ဖြတ်ပြောလိုက်ပြီး လက်ညိုးကို ကွေးလိုက်သည်။ ထို့နောက် သူမဘေးရှိ SCP-233 သည် နံရံနောက်ကွယ်ရှိ မှောင်မည်းနေသော နေရာထဲသို့ ပျံဝင်သွားလေသည်။
“ငါတို့ ထပ်တွေ့ဦးမှာလား”
ဖုန်းပုကြွယ်က မေးသည်။
နောက်ဆုံးအကြိမ်ခွဲခွာစဉ်က X-23 က “ထာဝရနူတ်ဆက်ပါတယ်” ဟုပြောခဲ့ခြင်းဖြစ်သည်။ သို့သော် သူမမျှော်လင့်ထားသလို သူမမသေဆုံးခဲ့ဘဲ ပြန်ပေါ်လာသဖြင့် ဖုန်းပုကြွယ်က ထိုမေးခွန်းကို မေးလိုက်ခြင်းဖြစ်သည်။
“တွေ့မှာပါ…”
X-23 က ပြန်ဖြေပြီးနောက် နောက်လှည့်ကာ အမှောင်ထုထဲသို့ ခြေချလိုက်လေသည်။
သူမ၏ ပုံရိပ် ပျောက်ကွယ်သွားသည့်အချိန်တွင် သူမသည် အလွန်တိုးညင်းစွာဖြင့် ရေရွက်လိုက်လေသည်။
“…သေချာပေါက် ပြန်တွေ့မှာပါ”
X-23 ထိုနေရာထဲသို့ ဝင်သွားပြီးနောက် ပျက်စီးသွားသောနံရံမှာ အံ့ဩစရာကောင်းစွာဖြင့် ပြန်လည် ပြည့်စုံသွား၏။ တောက်ပနေသော ဒေတာစီးကြောင်းများမှာ ရေတံခွန်ကဲ့သို့ ကျဆင်းလာပြီး နံရံကို ပြန်လည် ပုံဖော်ပေးလိုက်သည်။ သို့သော် ဒုတိယထပ်ထိ ပေါက်နေသော အပေါက်နှင့် ကြမ်းပြင်ပေါ်ရှိ အပေါက်မှာမူ ရှိနေဆဲ ဖြစ်သည်။
“အာ…ညီအစ်ကိုကြွယ်…”
တစ်မိနစ်ခန့် ကြာပြီးနောက် ချိုးဖုန်းစီက စတင် ပြောဆိုလာသည်။
“ဒီမှာ ဘာတွေ ဖြစ်နေတာလဲဆိုတာ ရှင်းပြပေးလို့ ရမလား…”
“အဲဒီ အလှလေးက NPC ဖြစ်ရမယ်”
ကျိချန်က ဆိုသည်။
“ဘာလို့ NPC တစ်ယောက်က ‘ဇာတ်လမ်း’ ဆိုတဲ့ စကားလုံးကို သုံးတာလဲ”
ဟုန်ဟူကလည်း ဝင်ပြောလသည်။
“ဒါတင်မကဘူး၊ ဇာတ်လမ်းတွေက ကျပန်းစနစ်နဲ့ ထွက်လာတာလေ၊ မင်းက ဘာလို့ အဲဒီ NPC ကို အရင်ကတည်းက သိနေသလိုမျိုး လုပ်နေတာလဲ…”
ဖုန်းပုကြွယ်သည် သူတို့ကို မည်သို့ပြန်ဖြေရမှန်း မသိတော့ချေ။ ဂိမ်းကုမ္ပဏီက သူ့ကို အသိပေးထားပြီးသား ဖြစ်သလို GM နှစ်ဦးဖြစ်သော ပန်ဖုန်းနှင့် ဟွာရှုံတို့ကလည်း မူမမှန်မှုကိစ္စကို လျှို့ဝှက်ထားရန် ပြောထားသေးသည်။
“တကယ်တော့… သူက ဂိမ်းထဲက လူပုံစံရှိတဲ့ အထူးပရိုဂရမ်တစ်ခုပါ၊ Recycling bin တစ်ခုလိုမျိုးပေါ့”
ဖုန်းပုကြွယ်သည် သူ၏ စာရေးဆရာစွမ်းရည်ကို ထုတ်သုံးတော့သည်။
“မင်းတို့ မြင်တဲ့အတိုင်းပဲ၊ သူမက SCP-233 ရဲ့ သက်ရောက်မှုကို မခံရဘူး၊ ပြီးတော့ သူမ ‘recycling အလုပ်’ လုပ်နေတယ်လို့ ပြောတာလည်း ကြားလိုက်တယ်မလား”
သူက တည်ငြိမ်စွာဖြင့် “ငါ သူ့ကို တခြားဇာတ်လမ်းတစ်ခုမှာ တစ်ခါတွေ့ဖူးတယ်၊ ဒါကြောင့် သူ ငါ့ကို သိနေတာ၊ ဒါကို ဘယ်သူ့ကိုမှ မပြောပြနဲ့နော်၊ အိပ်မက်ကုမ္ပဏီက မင်းတို့အကောင့်တွေကို ပိတ်လိုက်ရင် ငါတာဝန်မယူဘူး”
သူတို့သုံးယောက်မှာ သံသယဖြစ်နေကြသော်လည်း ဖုန်းပုကြွယ်၏ စကားကို ငြင်းပယ်စရာ အချက်အလက်များ မရှိကြချေ။
“အင်း… အိပ်မက်ကုမ္ပဏီရဲ့ ထူးဆန်းတဲ့ဆက်တင်တွေကို တွေးကြည့်ရင်တော့ သူတို့ဝန်ထမ်းတွေက လှပတဲ့အမျိုးသမီးပုံစံမျိုးနဲ့ ဇာတ်လမ်းတွေကြားမှာ လျှောက်သွားနေတဲ့ ပရိုဂရမ်တွေကို ဒီဇိုင်းဆွဲထားတာ ဖြစ်နိုင်တာပဲ…”
ကျိချန်က ဆိုသည်။
ချိုးဖုန်းစီက သူ့သံသယကို ရင်ထဲတွင် မြှုပ်ထားလိုက်ပြီး နောက်ပြောင်ဟန်ဖြင့် ဆိုလိုက်သည်။
“ညီအစ်ကိုဖုန်းရေ၊ တစ်ဖက်က လူပုံစံ ပရိုဂရမ်တစ်ခုနော်၊ မင်းတို့နှစ်ယောက် စကားပြောနေကြတာက တခြားလူတွေကို လုံးဝမေ့ထားသလိုမျိုးပဲ၊ ဒိုင်မန်းရှင်းတွေ ကျော်လွန်ပြီး ချစ်မိနေကြတာလား”
ဖုန်းပုကြွယ်သည် စနောက်ခံရပြီးနောက် တိတ်ဆိတ်မနေတတ်သူ ဖြစ်သည်။
“ဟွန်း… မင်းက မိုးကြိုးကျောက်တုံးမသုံးဘဲ ပီကာချူးဖြစ်လာလိမ့်မယ်လို့ မထင်ထားဘူး”
“ပိုကီမွန်ဟာသက ပြီးသေးဘူးလား”
ဟုန်ဟူသည် သူတို့နှစ်ယောက်၏ ပေါက်ကရဟာသများကို ဘာတုံ့ပြန်မှု မရှိဘဲ ဘေးမှ တိတ်တဆိတ် ကြည့်နေလေသည်။
ဤအချိန်တွင် ဟုန်ဟူသည် အချက်အလက်များကို စဉ်းစားနေခြင်းဖြစ်သည်။ သူသည် ဖုန်းပုကြွယ်၏ ရှင်းပြချက်ကို မယုံကြည်ပေ။ သို့သော် ချိုးဖုန်းစီနှင့် ကျိချန်တို့နှင့်မတူဘဲ ဖိုရမ်တစ်ခုတွင် ဖတ်ခဲ့ရသည့် အသုံးအနှုန်းတစ်ခုကို ချက်ချင်း သတိရလိုက်သည်။ ထိုအသုံးအနှုန်းသည်ကား မူမမှန်မှုဆိုသည့် စကားလုံးပင် ဖြစ်သည်။