အခန်း ၄၆၈
Vol. 47 Ch. 468
အခန်း (၄၆၈)
"မိန်းမ... ဒီသခင်မလေးနှစ်ဦးက ဘယ်သူတွေလဲ"
ကျင်းယွမ်က မေးလိုက်၏။
"ခင်ပွန်း... သူက မြို့ထဲက ချင်အမည်ရှိတဲ့ အရာရှိမင်းရဲ့ သမီးတော်လေ။ သခင်ကြီးချင်က ခင်ပွန်းရဲ့ လက်ရေးလက်သားကို တစ်ခေါက်မြင်ဖူးပြီး အတော်လေး ကောင်းမွန်တယ်လို့ ထင်မိတာကြောင့်၊ စာလိပ်တစ်လိပ်လောက် လာရောက်တောင်းဆိုပေးဖို့ သခင်မလေးချင်ကို အထူးတလည် စေလွှတ်လိုက်တာပါ" ဟု ကျီယွဲ့က ရှင်းပြလိုက်လေသည်။
"သြော်... ဒီလိုကိုး" အကျိုးအကြောင်းကို နားလည်သွားသောအခါ ကျင်းယွမ်သည် ရှေ့သို့ ကပျာကယာ တိုးထွက်လာပြီး ဦးညွှတ်အရိုအသေပေးလိုက်လေ၏။ "ကျွန်တော်က ကျင်းယွမ်ပါ။ သခင်မလေးတို့နှစ်ဦးစလုံးကို ဂါရဝပြုပါတယ်ခင်ဗျာ။"
"မင်္ဂလာပါ သခင်လေးကျင်း" ဟု ချင်စီယောင်နှင့် မင်ယွဲ့တို့က ပြန်လည်ဦးညွှတ် ဂါရဝပြုလိုက်ကြပေသည်။
"သခင်မလေးတို့ကို ဒီလောက်အကြာကြီး စောင့်ဆိုင်းစေမိတဲ့အတွက် တောင်းပန်ပါတယ်။ ကျွန်တော် အခုချက်ချင်းပဲ စုတ်တံ မှင် စက္ကူနဲ့ မှင်သွေးကျောက်တို့ကို သွားယူလိုက်ပါ့မယ်" ဟု ကျင်းယွမ်က ဆို၏။
"ကျွန်မ သွားယူပေးပါ့မယ် ခင်ပွန်း"
ခင်ပွန်းဖြစ်သူ အပင်ပန်းခံရမည်ကို စိုးသဖြင့် ကျီယွဲ့သည် အခန်းထဲသို့ ခပ်သွက်သွက် ဝင်သွားကာ စာရေးကိရိယာများကို ယူဆောင်လာခဲ့လေတော့သည်။
ခြံဝင်းငယ်လေးထဲတွင် ကျီယွဲ့က သူမ၏ခင်ပွန်းအတွက် မှင်ရည်ကို ဂရုတစိုက် သွေးပေးနေတော့၏။
မှင်သွေးပြီးစီးသွားသောအခါ ကျင်းယွမ်သည် စုတ်တံကို ကောက်ကိုင်လိုက်ပြီး ချင်စီယောင်ကို မေးလိုက်လေသည် "သခင်မလေးရဲ့ဖခင်က ဘယ်လိုစာသားမျိုးကိုများ ရေးသားစေချင်တာလဲခင်ဗျာ။"
"ဒီအတိုင်းလေးပဲ ရေးပေးပါ..."
ချင်စီယောင်သည် တစ်ခဏမျှ စဉ်းစားကြည့်လိုက်ပြီးနောက် ကျင်းယွမ်နှင့် ကျီယွဲ့တို့ ဇနီးခင်ပွန်းနှံနှစ်ဦးကို လှမ်းကြည့်လိုက်လေ၏။ သူမ၏ နှုတ်ခမ်းဖူးဖူးလေးများထက်၌ အပြုံးတစ်ခု ပွင့်အာလာလျက် ဆိုလေသည်၊
" ငြိမ်းချမ်းပျော်ရွှင်ခြင်း နဲ့ နှစ်တစ်ရာတိုင် သာယာချမ်းမြေ့စွာ ပေါင်းဖက်ခြင်း ဟူတဲ့ စာလုံးရှစ်လုံးကိုပဲ ရေးပေးပါရှင်။"
"ကောင်းပါပြီ... ခဏလောက် စောင့်ဆိုင်းပေးပါ သခင်မလေး။"
ကျင်းယွမ်သည် သူ၏ဝတ်ရုံလက်အိတ်များကို ခေါက်တင်လိုက်ပြီး စုတ်တံကို မှင်ရည်ထဲသို့ နှစ်ကာ စက္ကူဖြူထက်၌ စာလုံးတစ်လုံးချင်းစီ၏ ဆွဲချက်များကို ဂရုတစိုက် သက်ဝင်လှုပ်ရှားစေတော့၏။
စာလုံးရှစ်လုံးကို ရေးသားပြီးစီးသွားသောအခါ ကျင်းယွမ်သည် စုတ်တံကို အောက်သို့ ညင်သာစွာ ချထားလိုက်လေသည်။
သူ ရေးသားထားခဲ့သော စာလုံးများကို ပြန်လည်ငေးကြည့်ရင်း ကျင်းယွမ်၏ ရင်ထဲ၌ အတော်လေး နှစ်သိမ့်ကျေနပ်မှု ဖြစ်ပေါ်နေခဲ့ပေ၏။
"သခင်မလေး ဘယ်လိုမြင်မိလဲခင်ဗျာ။ အကယ်၍ သိပ်မကောင်းဘူးဆိုရင်လည်း ကျွန်တော် နောက်တစ်ခေါက် ပြန်ရေးပေးလို့ ရပါတယ်"
ကျင်းယွမ်က ဘေးဘက်ရှိ မိန်းကလေးကို မေးလိုက်လေသည်။
ကိုယ်တိုင် ကျေနပ်နေရုံဖြင့် အချည်းနှီးသာဖြစ်ပြီး ဝယ်ယူသူ ဖောက်သည်က ကောင်းမွန်လှသည်ဟု မှတ်ယူလက်ခံမှသာလျှင် အရာရောက်ပေမည် မဟုတ်ပါလော။
ထိုစာလုံးရှစ်လုံးကို ကြည့်ရှုပြီးနောက် ချင်စီယောင်က ခေါင်းညိတ်ကာ ကျေနပ်အားရစွာဖြင့် ဆိုလေ၏ "ပင်ပန်းသွားရပါပြီ သခင်လေးကျင်း။ ဒီစာလုံးရှစ်လုံးက အလွန်ကို ပြောင်မြောက်လှပစွာ ရေးသားထားပြီး ဘာပြဿနာမှ မရှိပါဘူး။ သခင်လေးရဲ့ ပါရမီက တကယ်ကို အံ့မခန်းပါပဲရှင်။"
ထိုသို့ပြောဆိုပြီးသည်နှင့် ချင်စီယောင်သည် သူမ၏ ဝတ်ရုံလက်အိတ်ထဲမှ သေတ္တာငယ်တစ်လုံးကို ထုတ်ယူကာ ကျီယွဲ့၏လက်ထဲသို့ ထည့်ပေးလိုက်လေသည်။
"ဒါက လက်ရေးစာလိပ်အတွက် ဉာဏ်ပူဇော်ခပါရှင်။ ကျေးဇူးပြုပြီး လက်ခံပေးပါ။"
ကျီယွဲ့က သေတ္တာငယ်ကို လှမ်းယူ၍ ဖွင့်ကြည့်လိုက်သောအခါ အတွင်း၌ ရွှေတုံးငယ်ရှစ်တုံး သပ်ရပ်စွာ ပါဝင်နေသည်ကို မြင်တွေ့လိုက်ရတော့၏။
"ဒါက..."
ကျီယွဲ့မှာ အလွန်အမင်း ထိတ်လန့်အံ့သြသွားခဲ့ပေသည်။ သူမက သေတ္တာငယ်ကို ကပျာကယာ ပြန်ပိတ်လိုက်ပြီး အောက်သို့ ပြန်လည်ကမ်းပေးရန် ကြိုးပမ်းလိုက်လေ၏။
"သခင်မလေးချင်... ဒါက အရမ်းကို များပြားလွန်းနေပါတယ်။ ကျွန်မတို့ လက်ခံလို့ မဖြစ်နိုင်ပါဘူးရှင်။"
"ဟုတ်ပါတယ် သခင်မလေးချင်။ ကျွန်တော်က လက်ရေးပညာရပ်မှာ ကြီးမြတ်လှတဲ့ ဆရာသခင်တစ်ဦး မဟုတ်ရပါဘူး။ ကျွန်တော့်ရဲ့ လက်ရာကို သခင်မလေးရဲ့ဖခင်က တန်ဖိုးထားပေးတာကိုကပဲ ကြီးမားလှတဲ့ ဂုဏ်ယူဝမ်းမြောက်စရာတစ်ခု ဖြစ်နေပါပြီ။ ဒီလောက်များပြားလှတဲ့ ဉာဏ်ပူဇော်ခကို ကျွန်တော် ဘယ်လိုလုပ်ပြီး လက်ခံဝံ့မှာလဲခင်ဗျာ"
ကျင်းယွမ်ကလည်း အလျင်အမြန် ဝင်ပြောလိုက်လေသည်။
"ကြေးပြားနှစ်ဆယ်လောက်ဆိုရင်ကိုပဲ လုံလောက်နေပါပြီ။"
ချင်စီယောင်က ခေါင်းခါပြလိုက်ပြီး အခိုင်အမာ ပြောဆိုလေသည်
တန်ဖိုးဆိုတာ ဖြစ်သင့်ဖြစ်ထိုက်တဲ့အတိုင်း ရှိနေတာပါ။ သခင်လေးကျင်းရဲ့ လက်ရေးလက်သားက ဒီလောက်တန်ဖိုးရှိတယ်လို့ ကျွန်မ ယုံကြည်ထားမှတော့ ဒီလောက်တန်ဖိုး ရှိနေတာပါပဲရှင်။
အကယ်၍ သခင်လေးကျင်းရဲ့ စိတ်နှလုံးထဲမှာ မသက်မသာ ခံစားနေရဆဲဖြစ်နေရင် နွေဦးစာမေးပွဲကြီးအတွက် အစွမ်းကုန် ကြိုးစားပမ်းစား ပြင်ဆင်ပေးပါ။
နောင်တစ်ချိန် သခင်လေးက ထိပ်တန်းအဆင့်တွေနဲ့ အောင်မြင်သွားတဲ့အခါ သခင်လေး ရေးသားလိုက်တဲ့ စာတစ်လုံးစီတိုင်းက ရွှေစင်တစ်ထောင် တန်ဖိုးရှိလာပါလိမ့်မယ်။ ဒါကြောင့် ဒီနေ့ စာတစ်လုံးကို ရွှေတစ်တုံးဆိုတာက ဘာများ ပြောလောက်စရာ ရှိနေလို့လဲရှင်။"
"ဒါက..."
ကျင်းယွမ်မှာ မသင့်တော်လျောက်ပတ်ဟု ခံစားနေရဆဲ ဖြစ်ပေ၏။
၎င်းမှာ အမှန်တကယ်ပင် လွန်ကဲများပြားလွန်းနေပေသည်။
"သခင်လေးကျင်းက ဒီလောက်အထိ အားနာယဉ်ကျေးနေဆဲဆိုရင် ကြည့်ရတာ အဆင်မပြေဖြစ်လာလိမ့်မယ်နော်"
ချင်စီယောင်က ပြုံးလျက် ဆိုလေ၏။
ကျင်းယွမ်သည် သူမကို တစ်ချက်ကြည့်လိုက်ပြီး ၎င်းနောက် သူ၏လက်ထဲရှိ ရွှေတုံးများကို ငေးကြည့်ကာ နောက်ဆုံးတွင် သူ ရေးသားထားခဲ့သော စာလိပ်များကို စူးစိုက်ကြည့်လိုက်လေသည်။
သူ ဘယ်လိုလုပ်ပြီး သတိမပြုမိဘဲ နေနိုင်မည်နည်း။ သူမက လက်ရေးစာလိပ်များကို အမှန်တကယ် လိုချင်ခဲ့သည်ဆိုသော်ငြားလည်း တစ်ပြိုင်နက်တည်းမှာပင် သူ၏ စာမေးပွဲများအတွက် ထောက်ပံ့ကူညီပေးရန် ရည်ရွယ်နေခဲ့ခြင်းပေတည်း။
သူမသည် သူ၏ နေ့စဉ်ဘဝစားဝတ်နေရေးနှင့် ပညာသင်ကြားမှုတို့အတွက် ငွေကြေးထောက်ပံ့ပေးနိုင်ရန် ဤလက်ရေးဉာဏ်ပူဇော်ခကို အကြောင်းပြချက် ဆင်ခြေတစ်ခုအဖြစ် အသုံးပြုနေခြင်း ဖြစ်လောက်ပေသည်။
အတန်ကြာ တုံ့ဆုတ်နေပြီးနောက် ကျင်းယွမ်သည် လွန်ကဲစွာ နှိမ့်ချနေခြင်းကို ရပ်တန့်လိုက်လေ၏။ သူက ရိုသေလေးနက်စွာ ဦးညွှတ်လိုက်ပြီး ဆိုလေသည်
"သခင်မလေးဖခင်ရဲ့ အိမ်တော်က ဘယ်အရပ်မှာ တည်ရှိနေသလဲဆိုတာကို သိခွင့်ပြုပါခင်ဗျာ။ အကယ်၍ ကျွန်တော်သာ နွေဦးစာမေးပွဲကြီးမှာ ထိပ်တန်းအဆင့်နဲ့ အောင်မြင်ခဲ့ရင် နောင်အနာဂတ်မှာ ဒီကျေးဇူးကို သေချာပေါက် ပြန်လည်ဆပ်ပါ့မယ်"
"ငွေကြေးနဲ့ လက်ရေးစာလိပ်ကို တရားမျှတစွာ ဖလှယ်ကြတာပါ ဒါက သခင်လေး ကိုယ်တိုင် ရပိုင်ခွင့်ရှိတဲ့အရာပဲလေ။ ဘာဖြစ်လို့ ကျေးဇူးဆပ်ဖို့အကြောင်း ပြောနေရတာလဲရှင်" ချင်စီယောင်က သိမ်မွေ့စွာ ပြုံးလိုက်ပြီး မှင်ရည်များ ခြောက်သွေ့သွားသောအခါ စာလိပ်များကို ကိုယ်တိုင်ကိုယ်ကျ ကောက်ယူလိုက်လေ၏။ "စာလိပ်တွေကိုလည်း ရရှိပြီးပြီဆိုတော့ ကျွန်မ ရှင်တို့နှစ်ဦးကို ထပ်ပြီး မနှောင့်ယှက်တော့ပါဘူးရှင်။ ပြန်ခွင့်ပြုပါဦး။"
"ဒါက..."
ကျီယွဲ့သည် သူမ၏ ခင်ပွန်းဖြစ်သူကို လှမ်းကြည့်လိုက်လေ၏။
သူမတွင်လည်း ခင်ပွန်းဖြစ်သူနှင့် တူညီသော အတွေးမျိုး ရှိနေခဲ့ပေသည်။
သူတို့နှစ်ဦးစလုံးက သူမ မည်သည့်နေရာတွင် နေထိုင်သနည်းဆိုသည်ကို သိချင်နေခဲ့ကြ၏။
၎င်းမှာ မျက်နှာလိုမျက်နှာရ ဖားယားလိုသောကြောင့် မဟုတ်ဘဲ နောင်အနာဂတ်တွင် အခွင့်အလမ်းတစ်ရပ် ပေါ်ပေါက်လာပါက သူမကို ကျေးဇူးတင်စကားဆိုကာ ကျေးဇူးဆပ်လိုသောကြောင့် အမှန်တကယ်ပင် ဖြစ်တော့၏။
"နားလည်ပါပြီ" သူမက ထုတ်ပြောမည်မဟုတ်ကြောင်းကို သိရှိသောကြောင့် ကျင်းယွမ်က ဆက်လက် အတင်းအကျပ် မမေးမြန်းတော့ချေ။
"ကျွန်တော်တို့ လိုက်လွှတ်ပေးပါ့မယ်။"
"အင်း" ချင်စီယောင်က ၎င်းကို ငြင်းဆန်ခြင်း မပြုခဲ့ပေ။
ဇနီးခင်ပွန်းနှံနှစ်ဦးသည် ချင်စီယောင်ကို ခြံဝင်းအပြင်ဘက်အထိ လိုက်လွှတ်နှုတ်ဆက်ကြလေ၏။
"ရှင်တို့နှစ်ဦးက တံခါးဝအထိ လိုက်လွှတ်ပေးရင်ပဲ လုံလောက်နေပါပြီ။ ကျွန်မတို့ သွားတော့မယ်နော်" ချင်စီယောင်နှင့် မင်ယွဲ့တို့သည် ဝေါယာဉ်ပေါ်သို့ တက်ရောက်သွားကြလေသည်။
"ဂရုစိုက်ပြီး သွားပါ သခင်မလေး"
ကျင်းယွမ်နှင့် ကျီယွဲ့တို့က ဦးညွှတ်နှုတ်ဆက်လိုက်ကြ၏။
ချင်စီယောင်က ခေါင်းညိတ်ပြလိုက်ပြီး ရထားယာဉ်၏ လိုက်ကာစကို ချလိုက်လေသည်။
"ဟီ့... ရှူး"
ကြိမ်ပွတ်သံနှင့်အတူ ရထားယာဉ်မှာ အဝေးဆီသို့ ခပ်သွက်သွက် ထွက်ခွာသွားပြီး မကြာမီမှာပင် လမ်းမ၏အဆုံးသတ်ဆီသို့ လုံးဝ ပျောက်ကွယ်သွားတော့သည်။
"ခင်ပွန်း... အဲ့ဒီသခင်မလေးက ဘယ်သူများလဲ။ မြို့တော်ထဲမှာ ချင်အမည်ရှိတဲ့ မိသားစုတစ်ခုခုကို ခင်ပွန်း တကယ်ပဲ မသိဘူးလား"
ခြံဝင်းတံခါးဝတွင် ရပ်နေရင်း ကျီယွဲ့က သူမ၏ခင်ပွန်းကို မေးလိုက်လေ၏။
"ကိုယ် တကယ်ကို မသိတာပါ" ကျင်းယွမ်က ခါးသီးစွာ ပြုံးလိုက်ပြီး ခေါင်းခါပြလေသည်။ "ငါတို့နှစ်ယောက် မြို့တော်ဆီ ရောက်နေတာက လတစ်ဝက်လောက်ပဲ ရှိသေးတာလေ။ ကိုယ်က တစ်နေ့တာလုံး ပုဂ္ဂလိကစာသင်ကျောင်းမှာ စာသင်ကြားပေးနေရပြီး အဲ့ဒီမှာလည်း ချင်အမည်ရှိတဲ့သူ တစ်ယောက်မှ မရှိဘူး။ ဘယ်သူဖြစ်နိုင်မလဲဆိုတာကို ကိုယ် တကယ်ကို စဉ်းစားလို့ မရဘူး။"
"ဒါပေမဲ့..." ဝေါယာဉ်ပျောက်ကွယ်သွားရာ အရပ်ဆီသို့ လှမ်းကြည့်ရင်း ကျင်းယွမ်၏ မျက်ခုံးများ ပင့်တွန့်သွားလေ၏။
"ဘာအကြောင်းကြောင့်မှန်း မသိပေမဲ့ အဲ့ဒီသခင်မလေးကို ကိုယ် တစ်နေရာရာမှာ မြင်ဖူးခဲ့သလို ခံစားနေရတယ်။ အရမ်းကို ထူးဆန်းတဲ့ ရင်းနှီးကျွမ်းဝင်မှု ခံစားချက်ကြီးတစ်ခု... ဘာနဲ့တူနေလဲဆိုတော့... အချိန်အကြာကြီး မတွေ့ရတဲ့ အစ်မတစ်ယောက်နဲ့ ဆုံလိုက်ရသလိုမျိုးပဲ။ တကယ့်ကို ထူးဆန်းလွန်းတယ်။"
"ခင်ပွန်းလည်း အဲ့ဒီလို ခံစားရတာလား" ကျီယွဲ့က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် လုပ်လိုက်လေသည်။
"ကျွန်မ သခင်မလေးချင်ကို မြင်လိုက်ရတဲ့အချိန် အရင်က ဆုံဖူးခဲ့သလိုမျိုး ခံစားလိုက်ရတယ်။ သူမက အရမ်းကို သဘောကောင်းပြီး ကျွန်မတို့ အချင်းချင်း အကြာကြီး သိကျွမ်းခဲ့ဖူးတဲ့အတိုင်းပဲ ခံစားရတယ်။ ဒါကြောင့်မို့လို့ ကျွန်မ သူမနဲ့ စကားတွေ အများကြီး ပြောဖြစ်ခဲ့ပြီး ကျွန်မတို့ ခိုးရာလိုက်ပြေးခဲ့တဲ့အကြောင်းကိုတောင် ထုတ်ပြောပြမိတာပေါ့။
ကျွန်မတို့ရဲ့ အခြေအနေတွေ ခက်ခဲကျပ်တည်းနေမှန်းကို သူမ သိနေလို့ လက်ရေးစာလိပ်အတွက် ပိုက်ဆံပိုပေးသွားတာများ ဖြစ်နေမလား"
ပြောဆိုနေစဉ် ကျီယွဲ့၏ မျက်လုံးများ အရောင်တောက်သွားတော့၏။
"ဖြစ်နိုင်တာကတော့ အဲ့ဒီလောက် ရိုးရှင်းနေတာလည်း ဖြစ်နိုင်ပါတယ်လေ" ကျင်းယွမ်သည် ဇနီးဖြစ်သူ၏ လက်ဖဝါးငယ်လေးကို ဆုပ်ကိုင်ထားလိုက်လေ၏။
"ထားလိုက်ပါတော့ ငါတို့ ဒါကို ဆက်ပြီး မတွေးကြတော့ဘူးနော်။
သူမက အဲ့ဒီလောက်တောင် သဘောမနော ရက်ရောနေမှတော့ မြို့တော်ထဲမှာဆိုရင်တောင် သာမန် သေးငယ်တဲ့ မိသားစုကတော့ မဖြစ်နိုင်ဘူး။
နည်းနည်းပါးပါး စုံစမ်းကြည့်လိုက်ရင်ပဲ ငါတို့ သိနိုင်လောက်ပါတယ်။
အကယ်၍ ကိုယ်သာ နွေဦးစာမေးပွဲကြီးကို ထိပ်တန်းအဆင့်နဲ့ အောင်မြင်ခဲ့ရင်၊ ဒီနေ့ သူမရဲ့ ကျေးဇူးတရားအတွက် သွားရောက်ကျေးဇူးတင်ကြတာပေါ့။
ပြီးတော့ ကိုယ်သာ ထိပ်တန်းအဆင့်နဲ့ အောင်မြင်ခဲ့ရင် နောင်အနာဂတ်မှာ ယွဲ့အာ... မင်း ကိုယ်နဲ့အတူ ပင်ပင်ပန်းပန်း ဆက်နေစရာ မလိုတော့ဘူးလေ။"
ကျီယွဲ့က ခေါင်းခါပြလိုက်ပြီး ညင်သာစွာ ဆိုလေ၏
"ခင်ပွန်းနဲ့အတူ ဖြတ်သန်းရတဲ့ဘဝကို ပင်ပန်းတယ်လို့ ကျွန်မ တစ်ခါလေးတောင် မခံစားခဲ့ရဖူးပါဘူး။ ခင်ပွန်းနဲ့အတူ ရှိနေရသရွေ့တော့ အရာအားလုံးက တန်ဖိုးရှိနေပြီးသားပါ။"
ဇနီးဖြစ်သူ၏ စကားများကို ကြားလိုက်ရသောအခါ ကျင်းယွမ်၏ ရင်ထဲ၌ အလွန်အမင်း လှိုက်လှဲထိရှသွားခဲ့တော့သည်။
သူက လက်လှမ်းကာ သူမကို ရင်ခွင်ထဲသို့ ဆွဲသွင်းဖိကပ်လိုက်ပြီး သူမ၏ ဆံကေသာကို ညင်သာစွာ ပွတ်သပ်ပေးလေ၏။
"ယွဲ့အာ... ကျေးဇူးတင်ပါတယ်။ စိတ်မပူပါနဲ့ ဒီတစ်ကြိမ်မှာတော့ မင့်အတွက် ကိုယ် သေချာပေါက် ပထမဆုကို ရယူပြီး မင်းကို ဂုဏ်သိက္ခာရှိရှိနဲ့ အိမ်ပြန်ခေါ်သွားပေးပါ့မယ်"
ချင်စီယောင်သည် လက်ရေးစာလိပ်ကို ဖြန့်ကျက်ကာ ၎င်းထက်၌ ရေးသားထားသော စာလုံးရှစ်လုံးကို ငေးကြည့်နေခဲ့လေ၏။
မင်ယွဲ့သည်လည်း သခင်မဖြစ်သူ၏နံဘေးတွင် ဝင်ထိုင်ရင်း လိုက်ကြည့်နေတော့သည်။
"မင်းသမီး... အဲ့ဒီစာပေပညာရှင်ရဲ့ လက်ရေးက တကယ်ပဲ အဲ့ဒီလောက်အထိ ကောင်းမွန်နေလို့လားရှင်"
ထိုစာပေပညာရှင်၏ လက်ရေးမှာ အမှန်တကယ်ပင် ကောင်းမွန်လှသော်ငြားလည်း မင်ယွဲ့က မည်သို့ပင် ကြည့်ရှုစေကာမူ စာတစ်လုံးလျှင် ရွှေတစ်တုံး ပေးရလောက်အောင် တန်ဖိုးရှိပုံမရခဲ့ချေ။
"သေချာပေါက် ကောင်းမွန်တာပေါ့။ နောင်အနာဂတ်ကျရင် ပိုပြီးတော့တောင် ကောင်းမွန်လာဦးမှာ"
ထိုသို့ပြောပြီးနောက် ချင်စီယောင်သည် စာလိပ်နှစ်လိပ်ကို ပြန်လိပ်လိုက်ပြီး ဝေါယာဉ်၏ ပြတင်းပေါက် အပြင်ဘက်ဆီသို့ ညင်သာစွာ ပစ်လွှတ်လိုက်လေတော့သည်။
စာလိပ်နှစ်လိပ်သည် ဆောင်းဦးသစ်ရွက်များအလား ထိုဟောင်းနွမ်းပျက်စီးနေသော ခြံဝင်းငယ်လေးဆီသို့ ပျံသန်းသွားကြလေ၏။
စာလိပ်များက ခြံဝင်း၏ အထက်ကောင်းကင်ယံတွင် လွင့်မျောနေစဉ် စာလုံးရှစ်လုံးသည် စက္ကူသားထက်မှနေ၍ ကွာကျလာခဲ့ပြီး ခြံဝင်းတံခါး၏ လက်ဝဲနှင့် လက်ယာဘက် နံရံပြင်များထက်သို့ တစ်လုံးချင်းစီ သက်ဝင်ထင်ဟပ် သွားကြတော့၏။
ဒုတိယအစ်ကိုနှင့် မရီးဖြစ်သူအား ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။
" ငြိမ်းချမ်းပျော်ရွှင်ခြင်း "
(မှန်ပါတယ်။ ထိုလင်မယားနှစ်ယောက်က ချင်စီယောင်ရဲ့ ဒုတိယအစ်ကိုနဲ့ ကျင်းတိုင်ပြည်က မင်းသမီး မရီးဖြစ်သူတို့ ပြန်ဝင်စားတာပါ)
" နှစ်တစ်ရာတိုင် သာယာချမ်းမြေ့စွာ ပေါင်းဖက်ခြင်း "