← Chapters

အခန်း ၄၆၉

Vol. 47 Ch. 469

အခန်း ၄၆၉

Vol. 47 Ch. 469

အခန်း (၄၆၉)

ကျိုးတိုင်းပြည်၏ ဧကရာဇ်နန်းတော်ကြီးအတွင်း

စစ်လီနှင့် အသစ်ရောက်လာကြသော အခြားနန်းတွင်းအစေခံမလေးများသည် ဓလေ့ထုံးတမ်းဌာနတွင် အတူတကွ လေ့ကျင့်သင်ကြားနေကြပေ၏။

စစ်လီသည် ဒူးကိုကွေးကာ ကျော့ရှင်းစွာ ဂါရဝပြုလိုက်ပြီး ထိုကိုယ်နေဟန်ထားကို မလှုပ်မယှက်ဘဲ ထိန်းထားလိုက်လေသည်။

၎င်းတို့ တစ်ဦးချင်းစီ၏ ဦးခေါင်းထက်၌ ရေတစ်ဖလားစီကို ဟန်ချက်ညီညီ တင်ထားကြရပေ၏။

အကယ်၍ တစ်ဦးတစ်ယောက်ကများ ရေဖလားကို မှောက်ကျသွားစေခဲ့ပါက ပြင်းထန်သော ပြစ်ဒဏ်ကို ခံကြရမည် ဖြစ်လေ၏။

နာရီယံတစ်စိတ်၏ ထက်ဝက်ခန့် ကုန်ဆုံးသွားသောအခါ များစွာသော အစေခံမလေးများ၏ ခြေထောက်တို့မှာ တုန်ယင်နေကြပြီဖြစ်ပြီး ၎င်းတို့၏ ဦးခေါင်းပေါ်ရှိ ရေဖလားများမှာလည်း ပြုတ်ကျတော့မည့်အလား ယိမ်းယိုင်နေကြချေပြီ။

သို့သော်လည်း စစ်လီမှာမူ ကျောက်ဆင်းတုတစ်ရုပ်အလား ခိုင်မာတည်ငြိမ်နေပြီး သူမ၏ တစ်ကိုယ်လုံးမှာ လုံးဝကို ငြိမ်သက်နေခဲ့ပေသည်။

အခြားသော နန်းတွင်းအစေခံမလေးများကို ဆိုဖွယ်ရာမရှိတော့ဘဲ လေ့ကျင့်ရေးကို တာဝန်ယူရသော နန်းတွင်းအရာရှိမပင်လျှင် စစ်လီ အမည်ရှိသော ဤမိန်းကလေးမှာ အမှန်တကယ်ကို ထူးကဲပြောင်မြောက်လှပေသည်ဟု ရင်ထဲ၌ တိတ်တဆိတ် အံ့သြချီးကျူးနေမိတော့သတည်း။

သူမ၏ လုပ်ဖော်ကိုင်ဖက်များ၏ အကြည့်များနှင့် ပတ်သက်၍မူ စစ်လီက ၎င်းတို့အားလုံးကို လုံးဝ လျစ်လျူရှုထားလိုက်လေ၏။

ဤခဏတွင် စစ်လီသည် မနေ့ညက ဖြစ်ပျက်ခဲ့သောအရာများကို စဉ်းစားတွေးတောနေဆဲပင် ဖြစ်ပေသည်။

ကောင်းကင်ချိုခြင် သေဆုံးသွားခြင်းမှာ သေးငယ်သော ကိစ္စတစ်ရပ်သာဖြစ်၏ ၎င်းက အဖိုးတန်လှသော ဝိညာဉ်သားရဲတစ်ကောင် မဟုတ်ခဲ့ချေ။

အပြင်းထန်ဆုံး ဒုက္ခပေးနိုင်သည့်အရာမှာ ထိုအရူးမပင် ဖြစ်လေတော့သည်။

ရိုးသားစွာ ဝန်ခံရလျှင် သူမသည် ထိုအရူးမကို မည်သို့လုပ်၍ သွားရောက်ဆွမိမှန်းကိုပင် စစ်လီ မသိခဲ့ချေ။ လုံးဝ အကြောင်းပြချက်မရှိဘဲ သူမကို တစ်ခါမျှ မသိကျွမ်းခဲ့ဖူးပါလျက်နှင့် သူမနှင့် ဝမ်ရှင်းတို့ထံသို့ ပြဿနာလာရှာခဲ့ခြင်း ဖြစ်ပေသည်။

ဖြစ်ချင်တော့ ဤအရူးမသည် နန်းတော်အတွင်း၌ ရှိနေရုံသာမက ကျိုးတိုင်းပြည်ရဲ့ဘုရင်၏ အိပ်ဆောင်တော်ထဲတွင်ပင် ပေါ်ထွက်လာခဲ့ချေပြီ။

သူမနှင့် ကျိုးတိုင်းပြည်ရဲ့ဘုရင်တို့၏ ပတ်သက်ဆက်နွယ်မှုက မည်သို့ရှိနေသနည်း။ သူမက အဘယ်ကြောင့် ကျိုးတိုင်းပြည်ရဲ့ဘုရင်၏ အိပ်ဆောင်တော်ထဲ၌ ပေါ်လာရပါသနည်း။

တစ်ဦးက အနည်းဆုံးတော့ မသေမျိုးအဆင့်၏ အထွတ်အထိပ်၌ ရှိနေသော မဟာကျင့်ကြံသူကြီးတစ်ဦးဖြစ်ပြီး အခြားတစ်ဦးကမူ သာမန် သေးငယ်သော လူသားမင်းဆက်တစ်ခု၏ ဧကရာဇ်တစ်ပါးမျှသာ ဖြစ်ပေ၏။

ယုတ္တိတန်တန် စဉ်းစားကြည့်မည်ဆိုလျှင်၊ သူတို့နှစ်ဦးကြားတွင် မည်သည့် ဆက်စပ်မှုမျိုးမှ ရှိမနေသင့်ပေ...

"ထားလိုက်ပါတော့လေ အခုချိန်မှာ ဒီအကြောင်းတွေကို တွေးနေလည်း ဘာမှ အကျိုးမရှိတော့ပါဘူး"

စစ်လီသည် ရင်ထဲ၌ သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ပြီး သူမ၏ အတွေးများကို ပြန်လည် ထိန်းချုပ်ထားလိုက်လေ၏။

ထိုအရူးမနှင့် ကျိုးတိုင်းပြည်ရဲ့ဘုရင်တို့ကြားတွင် မည်သည့် ဆက်စပ်မှုမျိုးရှိနေပါစေ...

တစ်ဖက်လူက ကောင်းကင်ချိုခြင်ကို ရှာဖွေတွေ့ရှိသွားခဲ့ပြီဖြစ်ရာ ၎င်းတို့ သေချာပေါက် သံသယဝင်သွားလောက်ပေပြီ။

ဖြစ်နိုင်သည်မှာ ယခုအခိုက်အတန့်တွင် ကျိုးနန်းတော်ကြီးက တိတ်တဆိတ် စုံစမ်းထောက်လှမ်းမှုများကို ပြုလုပ်နေလောက်ပေသည်။

ဤကာလအတွင်း သူမအနေဖြင့် တည်တည်ငြိမ်ငြိမ်နှင့် သတိကြီးကြီးထား၍ ပြုမူနေထိုင်ခြင်းက အကောင်းဆုံး ဖြစ်ပေလိမ့်မည်။

ကျိုးတိုင်းပြည်ရဲ့ဘုရင်၏ သွေးကို မည်သို့ရယူရမည်ဆိုသောအချက်နှင့် ပတ်သက်၍မူ အခြေအနေများ အေးအေးဆေးဆေး ဖြစ်သွားချိန်မှသာ အခြားနည်းလမ်းတစ်ခုကို ရှာဖွေရတော့မည် ဖြစ်သတည်း။

သူမ၏ အတွေးများကို သပ်ရပ်စွာ စုစည်းပြီးနောက်

စစ်လီသည် လောလောဆယ်တွင် နန်းတွင်းအစေခံမလေးတစ်ဦးအဖြစ်သာ အေးချမ်းစွာ နေထိုင်ရန်နှင့် မည်သည့်နေရာသို့မျှ လျှောက်မသွားတော့ရန် ဆုံးဖြတ်လိုက်လေတော့သည်။

မသိလိုက်မသိဘာနှင့်ပင် ဆယ်ရက်တိတိ ကုန်ဆုံးသွားခဲ့ချေပြီ။

ကျိုးတိုင်းပြည်ရဲ့ဘုရင်နှင့် သူ၏ အနာဂတ် မိဖုရားငယ်နှစ်ပါးတို့၏ မင်္ဂလာပွဲတော်ကြီးမှာ တဖြည်းဖြည်း နီးကပ်လာပြီဖြစ်သောကြောင့် နန်းတော်တစ်ခုလုံးမှာ တစ်နေ့တခြား ပိုမို စည်ကားသိုက်မြိုက်လာခဲ့လေ၏။

သို့သော်လည်း စစ်လီက ဤအရာများအပေါ် စိတ်ဝင်စားမှု မရှိခဲ့ပေ။

ယှဉ်ကြည့်လိုက်မည်ဆိုပါက ဤလူသားမင်းဆက်တွင် နန်းတွင်းအစေခံမလေးတစ်ဦး လုပ်ရခြင်းမှာ အမှန်တကယ်ပင် သိပ်မလွယ်ကူလှကြောင်း စစ်လီ ခံစားမိလေသည်။

အစောပိုင်းကာလများတွင် စစ်လီသည် ကျင့်ဝတ်အချို့ကို သင်ယူခြင်းနှင့် အမူအကျင့်အချို့ကို လေ့ကျင့်ခြင်းမျှသာ ပြုလုပ်ခဲ့ရပေ၏။

သို့ရာတွင် တဖြည်းဖြည်းနှင့် ဓလေ့ထုံးတမ်းဌာနမှ နန်းတွင်းအရာရှိမက စစ်လီနှင့် အခြားသူများကို အဝတ်အစားများ မည်သို့ ခေါက်ရမည် အဝတ်များ မည်သို့ လျှော်ရမည် လက်ဖက်ရည် မည်သို့ ဖျော်ရမည်စသည်တို့ကို သင်ကြားပြသပေးလာခဲ့လေသည်...

ဓလေ့ထုံးတမ်းဌာနမှ နန်းတွင်းအရာရှိမသည် ၎င်းတို့အား အိပ်ဆောင်တော်ရေးရာ ကိစ္စရပ်များကို ရှင်းပြနိုင်ရန်အတွက် ကာမရာဂကို နှိုးဆွစေသော ပန်းချီကားများစွာကိုပင် ယူဆောင်လာခဲ့သေး၏။

ထိုကာမရာဂပန်းချီကားများကို ကြည့်ရှုရင်း ၎င်းတို့ တစ်ခါမျှ မကြားဖူးခဲ့ကြသော ‘ယောက်ျားနှင့် မိန်းမကြားရှိ ကိစ္စရပ်များ’ အကြောင်းကို နားထောင်လိုက်ရသောအခါ များစွာသော အစေခံမလေးများ၏ မျက်နှာများမှာ နီရဲသွားကြတော့သည်။

၎င်းတို့မှာ စိတ်လှုပ်ရှားကာ မျှော်လင့်တောင့်တနေကြသည့်အပြင် တစ်ချိန်တည်းမှာပင် ရှက်ရွံ့တုံ့ဆုတ်နေခဲ့ကြပေ၏။

နောင်တစ်ချိန် အရှင်မင်းမြတ်၏ မျက်နှာသာပေးမှုကို ရရှိလာသောအခါ အရှင်မင်းမြတ်အား ပိုမိုကောင်းမွန်စွာ အလုပ်အကျွေးပြုနိုင်ရန်အတွက် ဤအရာများကို သင်ယူနေရခြင်းဖြစ်ကြောင်းကိုလည်း ၎င်းတို့ ကောင်းကောင်း သိရှိထားကြလေသည်။

သို့သော်လည်း ပြဿနာမှာ အစေခံမလေး ဘယ်လောက်များများကများ အရှင်မင်းမြတ်၏ မျက်နှာသာပေးမှုကို အမှန်တကယ် ရရှိနိုင်ပါမည်နည်း။

အစေခံမလေး ဘယ်လောက်များများကများ သတ်မှတ်ထားသော အသက်အရွယ်တစ်ခုသို့ ရောက်ရှိကာ နန်းတော်ပြင်ပသို့ ပြန်လည်ပို့ဆောင်ခြင်း မခံရမချင်း နန်းတော်ကြီးထဲတွင် အထီးကျန်ဆန်မှုကို မြိုသိပ်ခံစားသွားကြရပါမည်နည်း။

နန်းတွင်းအရာရှိမတစ်ဦး ဖြစ်လာခြင်းကသာလျှင် လူအများစု၏ စိတ်နှလုံးထဲတွင် အကောင်းဆုံးသော ပန်းတိုင်တစ်ခု ဖြစ်နေခဲ့ပေတော့သတည်း။

နောက်ထပ် ငါးရက်တိတိ ကုန်ဆုံးသွားခဲ့ပြန်၏။

စစ်လီ နန်းတော်ထဲသို့ ဝင်ရောက်လာခဲ့သည်မှာ ယခုဆိုလျှင် နှစ်ဆယ့်တစ်ရက်တိုင်တိုင် ရှိနေခဲ့ပြီ ဖြစ်လေသည်။

ထို့အပြင် စစ်လီနှင့် အခြားသော အစေခံမလေးသစ်များ၏ လေ့ကျင့်သင်ကြားမှုမှာ ယနေ့တွင် ပြီးဆုံးတော့မည် ဖြစ်ပေသည်။

ဤနေ့ရက်သို့ ရောက်ရှိလာသောအခါ။

အစေခံမလေးအချို့မှာ တော်ဝင်အဝတ်လျှော်ဌာနသို့ အချို့မှာ တော်ဝင်မီးဖိုဆောင်သို့နှင့် အခြားသူများမှာမူ လက်မှုပညာဌာနဆီသို့ အသီးသီး ပြောင်းရွှေ့ခံခဲ့ကြရလေ၏။

နေ့စဉ်လေ့ကျင့်မှုများတွင် ထူးချွန်ပြောင်မြောက်စွာ စွမ်းဆောင်နိုင်ခဲ့ကြသူအချို့မှာမူ အနာဂတ် မိဖုရားငယ်နှစ်ပါး၏ အိပ်ဆောင်တော်များဆီသို့ ခန့်အပ်ခြင်း ခံခဲ့ကြရပေသည်။

ထိုအစေခံမလေးများမှာ အပျော်ရွှင်ဆုံးပင် ဖြစ်ကြတော့၏။

အဘယ်ကြောင့်ဆိုသော် နောင်အနာဂတ်တွင် အရှင်မင်းမြတ်သည် မိဖုရားငယ်များကို သေချာပေါက် မျက်နှာသာပေးတော်မူမည်ဖြစ်ပြီး ထိုအနာဂတ် မိဖုရားငယ်နှစ်ပါး၏ အိပ်ဆောင်တော်များဆီသို့ မကြာခဏ ကြွချီတော်မူမည် ဖြစ်သောကြောင့်ပေတည်း။

ဤသည်မှာ ၎င်းတို့အနေဖြင့် အရှင်မင်းမြတ်ကို မကြာခဏ ဖူးတွေ့နိုင်မည်ဟု အဓိပ္ပာယ်ရပေသည်။

အကယ်၍ တစ်နေ့နေ့တွင် အရှင်မင်းမြတ်က စိတ်ဝင်တစားရှိလာပြီး ၎င်းတို့ကို မျက်နှာသာပေးခဲ့မည်ဆိုပါကကော ဘယ်လိုလုပ်မည်နည်း။

၎င်းမှာ လုံးဝ မဖြစ်နိုင်သောအရာမျိုး မဟုတ်ခဲ့ချေ။

အရှင်မင်းမြတ်က ၎င်းတို့အပေါ် စိတ်ဝင်စားမှုမရှိခဲ့လျှင်တောင်မှ မိဖုရားငယ်နှစ်ပါးကို အလုပ်အကျွေးပြုရခြင်းက နေ့စဉ်နေ့တိုင်း အဝတ်လျှော် ထမင်းချက်နေရခြင်းထက် များစွာ ပို၍ ကောင်းမွန်နေသေးသည် မဟုတ်ပါလော။

မကြာမီမှာပင် တာဝန်အသီးသီး ခွဲဝေချထားခြင်းခံရသော နန်းတွင်းအစေခံမလေးများသည် တစ်ဦးပြီးတစ်ဦး ခေါ်ဆောင်သွားခြင်း ခံလိုက်ကြရလေ၏။

စစ်လီ တစ်ယောက်တည်းသာလျှင် ထိုနေရာ၌ မတ်တတ်ရပ် ကျန်ရစ်ခဲ့တော့သည်။

တာဝန်ခွဲဝေပေးသော နန်းတွင်းအရာရှိမသည် အလှမ်းဝေးသောနေရာရှိ အခြား အရာရှိမတစ်ဦးနှင့် စကားစမြည် ပြောဆိုနေခဲ့၏။

၎င်းတို့၏ အကြည့်များက စစ်လီရှိရာဘက်သို့ တစ်ခါတစ်ရံ လှမ်းကြည့်လာတတ်ကြပေသည်။

စစ်လီ၏ နှလုံးခုန်နှုန်းမှာ တဖြည်းဖြည်း ပိုမို မြန်ဆန်လာခဲ့ချေပြီ။

သူမ၏ အစစ်အမှန် မည်သူမည်ဝါဖြစ်ကြောင်းမှာ ပေါက်ကြားသွားပြီဟု သူမ သံသယဝင်နေမိ၏။

စစ်လီသည် သူမကိုယ်သူမ ကြိုတင်ပြင်ဆင်မှုများပင် ပြုလုပ်ထားပြီး ဖြစ်လေသည်။

အကယ်၍ သူမ၏ လျှို့ဝှက်ချက်သာ ပေါက်ကြားသွားခဲ့ပါက သူမသည် ဆက်လက် ဟန်ဆောင်နေခြင်းကို ရပ်တန့်လိုက်ပြီး နန်းတော်ထဲမှ အသေအကြေ တိုက်ခိုက်ဖောက်ထွက်သွားတော့မည် ဖြစ်ပေသတည်း။

ပြိုင်ဘက်က ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့်ရှိ ဓားကျင့်ကြံသူတစ်ဦး ဖြစ်နေလျှင်ကော ဘာဖြစ်သေးသနည်း။

အကယ်၍ သူမကသာ ထွက်သွားလိုခဲ့လျှင် ကောင်းကင်ဘုံတက်လှမ်းခြင်းအဆင့် ဓားကျင့်ကြံသူတစ်ဦးပင်လျှင် သူမကို ဤမျှ လွယ်လွယ်ကူကူနှင့် တားဆီးထားနိုင်လိမ့်မည် မဟုတ်ချေ

"ညည်းနာမည်က စစ်လီဆို ဟုတ်လား"

နံ့သာတိုင်တစ်ဝက် လောင်ကျွမ်းချိန် ကုန်ဆုံးသွားပြီးနောက် ထိုစိမ်းသက်နေသော နန်းတွင်းအရာရှိမသည် စစ်လီ၏အနီးသို့ လျှောက်လာခဲ့လေ၏။

"ဟုတ်ကဲ့ပါ အစ်မ"

စစ်လီက ကျော့ရှင်းစွာ ဂါရဝပြုလိုက်သည်။

"အင်း" ထိုစိမ်းသက်နေသော အရာရှိမက ခေါင်းညိတ်လိုက်ပြီး စစ်လီကို အထက်အောက် စေ့စေ့စပ်စပ် ကြည့်ရှုလိုက်လေ၏။ "ငါက လျှိုရှီလို့ ခေါ်တယ် မယ်တော်ကြီး၏ နန်းဆောင်မှ နန်းတွင်းအရာရှိမပဲ။ ဒီတစ်သုတ် နန်းတော်ထဲ ဝင်လာတဲ့ မိန်းကလေးတွေထဲမှာ ညည်းက အထက်မြက်ဆုံးပဲလို့ ရွှမ်အာဆီကနေ ကြားခဲ့တယ်။ လာ... ငါ့နောက်ကို လိုက်ခဲ့ မယ်တော်ကြီးရဲ့ အိပ်ဆောင်တော်ဆီ သွားကြမယ်"

"မယ်တော်ကြီးရဲ့ အိပ်ဆောင်တော်ဆီ ဟုတ်လားရှင်" ဟု စစ်လီက အံ့သြတကြီး မေးလိုက်လေ၏။

နန်းတွင်းအရာရှိမ လျှိုရှီက ပြုံးလိုက်သည်။ "ဘာလဲ... ညည်းက ဆန္ဒမရှိလို့လား"

"ဘယ်လိုလုပ်ပြီး ရှိရမှာလဲရှင်" ဟု စစ်လီက ကပျာကယာ ပြန်ဖြေလိုက်၏။ "မယ်တော်ကြီးကို အလုပ်အကျွေးပြုခွင့်ရတာက ညီမလေးရဲ့ ဘိုးဘေးတွေ စုဆောင်းခဲ့တဲ့ ကောင်းချီးမင်္ဂလာတွေကြောင့်ဖြစ်ပြီး အဲ့ဒီကောင်းချီးတွေ အားလုံးက ကျွန်မအပေါ်မှာ သက်ရောက်သွားခဲ့တာပါ။ ကျွန်မက ဘယ်လိုလုပ်ပြီး ဆန္ဒမရှိဘဲ နေဝံ့မှာလဲရှင်"

"ညည်း သိထားတာ ကောင်းပါတယ်။ ဒါပေမဲ့ ညည်းက မယ်တော်ကြီးရဲ့ အပါးတော်မှာ သေချာပေါက် နေရလိမ့်မယ်လို့တော့ မဆိုလိုဘူးလေ။ ထားလိုက်ပါတော့ ညည်းကို ပိုပြောပြနေလည်း အလဟဿပါပဲ။ ငါ့နောက်ကိုသာ လိုက်ခဲ့တော့"

လျှိုရှီသည် လှည့်ကာ ခြံဝင်းထဲမှ လမ်းလျှောက်ထွက်သွားလေတော့၏။

"ဟုတ်ကဲ့ပါ အစ်မ"

စစ်လီက ကြောက်ရွံ့နေသည့်ဟန် ဆောင်လိုက်ပြီး ခပ်သွက်သွက် လိုက်ပါသွားတော့သည်။

နာရီယံသုံးစိတ်ခန့် ကြာမြင့်ပြီးနောက်...

လင်ရှင်းနန်းဆောင်... "ဒီအစေခံ စစ်လီက မယ်တော်ကြီးကို အရိုအသေပေးပါတယ်ရှင်"

မယ်တော်ကြီးယန်၏ အရှေ့တွင် ရပ်နေရင်း စစ်လီသည် ကျော့ရှင်းစွာ ဂါရဝပြုလိုက်ရာ သူမ၏ မျက်နှာအမူအရာတွင် အနည်းငယ် ထိတ်လန့်တုန်လှုပ်နေမှုနှင့်တကွ မျက်နှာသာပေးခံရမှုကြောင့် ကြည်နူးဂုဏ်ယူနေသည့် အရိပ်အယောင်တစ်ခုကို သယ်ဆောင်ထားလေ၏။

"အင်း" မယ်တော်ကြီးယန်က ခေါင်းညိတ်လိုက်သည်။ "ခေါင်းကို မော့ထားစမ်းပါ ငုံ့ချည်းမထားနဲ့"

"ဟုတ်ကဲ့ပါ မယ်တော်ကြီးရှင်" စစ်လီသည် သူမ၏ လှပလှသော ဦးခေါင်းလေးကို နှေးကွေးစွာ မော့တင်လိုက်ပေသည်။

မယ်တော်ကြီးယန်က စစ်လီကို အကဲဖြတ်စစ်ဆေးနေစဉ်မှာပင် စစ်လီကလည်း တစ်ဖက်လူကို တိတ်တဆိတ် အကဲဖြတ်နေခဲ့၏။

စစ်လီ၏အမြင်တွင် ဤမယ်တော်ကြီးယန်မှာ အသက်လေးဆယ်ကျော် အရွယ်၌ ရှိနေပြီဖြစ်သော်ငြားလည်း သူမသည် အလွန်တရာ နုပျိုကျန်းမာနေပြီး အိုမင်းမစွမ်းဖြစ်နေသည့် အရိပ်အယောင် တစ်စက်ကလေးကိုမျှ မတွေ့ရချေ သူမသည် သာမန်အမျိုးသမီးများနှင့် ယှဉ်လိုက်ပါက ရင့်ကျက်သော ဆွဲဆောင်မှုတစ်ရပ်ကိုပင် ပိုင်ဆိုင်ထားသေး၏။

"ညည်းပုံစံက ကြည့်ကောင်းသားပဲ ခန္ဓာကိုယ်အချိုးအစားကလည်း လက်ခံပေးနိုင်လောက်ပြီး ညည်းရဲ့ လှုပ်ရှားမှုတိုင်းက ကျော့ရှင်းနေတာပဲ"

မယ်တော်ကြီးယန်သည် စစ်လီကို စေ့စေ့စပ်စပ် ကြည့်ရှုလိုက်ပြီးနောက် ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လိုက်လေသည်။

"ညည်းက ကဗျာလင်္ကာတွေနဲ့ စာပေတွေကိုလည်း နားလည်တယ်လို့ ကြားမိသားပဲ"

"ဒီအစေခံက နားလည်တယ်လို့ ဘယ်လိုလုပ်ပြီး ပြောဝံ့မှာလဲရှင် ကျွန်မက အပေါ်ယံ အနည်းအကျဉ်းလောက်ကိုသာ သင်ယူဖူးတာပါ" ဟု စစ်လီက ကပျာကယာ ပြန်ဖြေလိုက်၏။

"အင်း... ညည်းက နှိမ့်နှိမ့်ချချ နေတတ်သားပဲ။ မဆိုးဘူး မဆိုးဘူး"

မယ်တော်ကြီးယန်သည် သူမ၏ အကြည့်များကို ရုပ်သိမ်းလိုက်ပြီး စစ်လီကို ပြုံးလျက် ကြည့်လိုက်လေသည်။

"ရိုးရိုးသားသား ပြောရရင် အခု ညည်းကို လင်ရှင်းနန်းဆောင်ထဲ ခေါ်ထားချင်နေမိတယ်။ ဒါပေမဲ့ ပိုပြီး ကောင်းမွန်တဲ့ နေရာတစ်ခု ရှိသေးတယ်။ ညည်း သွားချင်လား"

"မယ်တော်ကြီးကို အလုပ်အကျွေးပြုရတာထက် ပိုကောင်းမွန်တဲ့ နေရာဆိုတာ မရှိနိုင်ပါဘူးရှင်" ဟု စစ်လီက ပြန်လည် ဖြေကြားလိုက်ပေသည်။

"ဟီး... ဟီး... ဟီး... ဟီး..."

မယ်တော်ကြီးယန်ထံမှ သဘောကျလှသော ရယ်မောသံတစ်ချက် ထွက်ပေါ်လာတော့၏။

"ညည်းက တကယ့်ကို ဉာဏ်ကောင်းပြီး ထက်မြက်တဲ့ ကောင်မလေးပဲ"

"ဒါပေမဲ့ ညည်းက ဒီလောက်လှပတဲ့ စကားတွေကို စောလွန်းစွာ ပြောလိုက်မိတာပဲ"

"အကယ်၍ ငါကများ... ဒီလိုပြောလိုက်မယ်ဆိုရင်ကော..."

"...ညည်းကို အရှင်မင်းမြတ်ဆီ သွားရောက် အလုပ်အကျွေး ပြုစေချင်တယ်လို့။"

All Chapters