အခန်း ၄၇၀
Vol. 47 Ch. 470
အခန်း (၄၇၀)
"အရှင်မင်းမြတ်ကို အလုပ်အကျွေးပြုရမယ်... ဟုတ်လားရှင်"
စစ်လီ၏လက်ချောင်းလေးများက သူမ၏ဝတ်ရုံစွန်းကို ညင်သာစွာ ဖိဆုပ်ထားလိုက်ပြီး သူမ၏ မျက်နှာအမူအရာတွင် မျှော်လင့်တောင့်တမှု သုံးပုံ ထိတ်လန့်တုန်လှုပ်မှု လေးပုံနှင့် ဝမ်းမြောက်ကြည်နူးမှု သုံးပုံတို့ ရောယှက်ထင်ဟပ်နေလေ၏။
ဤခဏတွင် စစ်လီသည် မျက်နှာသာပေးခံရတော့မည့် အခြေအနေသို့ ရောက်ရှိနေသော်လည်း ၎င်းကို အပြင်သို့ ထုတ်မပြဝံ့သော မိန်းမငယ်လေးတစ်ဦးနှင့် အကြွင်းမဲ့ တူညီနေတော့သည်။
မယ်တော်ကြီးယန်သည် စစ်လီ၏ ထိုဟန်ပန်သွင်ပြင်ကို ကြည့်ရှုရင်း အလွန်အမင်း ကျေနပ်နှစ်သိမ့်သွားခဲ့ပေ၏။
မယ်တော်ကြီးယန်သည် စစ်လီတွင် ရည်မှန်းချက်ကြီးမားနေမည်ကို မကြောက်ရွံ့ခဲ့ဘဲ သူမ ရှေ့ဆက်မတက်လှမ်းလိုဘဲ ရောင့်ရဲနေမည်ကိုသာ စိုးရိမ်ခဲ့ခြင်း ဖြစ်ပေသည်။
"မှန်တာပေါ့ ညည်းကို အရှင်မင်းမြတ်ထံ သွားပြီး အလုပ်အကျွေးပြုစေချင်တာ။"
မယ်တော်ကြီးယန်က ခေါင်းညိတ်လိုက်ပြီး စစ်လီ၏ပခုံးထက်သို့ သူမ၏လက်ကို တင်ထားလိုက်လေ၏။
"ညည်းလည်း သိတဲ့အတိုင်းပဲ လူတိုင်းက အရှင်မင်းမြတ်ကို အလုပ်အကျွေးပြုဖို့ အရည်အချင်း မမီကြဘူး။ နန်းတွင်းအစေခံမလေး အများစုဆိုရင် နန်းတော်ထဲမှာ ဆယ်နှစ်လောက် နေသွားရတာတောင်မှ အရှင်မင်းမြတ်ရဲ့ အရိပ်အယောင်ကို တစ်ချက်လေးတောင် မမြင်ဖူးလိုက်ကြဘူးလေ။
တကယ်လို့ တစ်နေ့နေ့ကျရင် ညည်းက အရှင်မင်းမြတ်ရဲ့ မျက်နှာသာပေးမှုကို ရရှိပြီး ကိုယ်လုပ်တော်တစ်ပါး ဖြစ်လာနိုင်ခြေတောင် ရှိသေးတာပေါ့။"
"ဒီအစေခံက အဲ့ဒီလို အတွေးမျိုးကို ဘယ်လိုလုပ်ပြီး ရင်ထဲမှာ ပိုက်ထွေးထားဝံ့မှာလဲ မယ်တော်ကြီးဘုရား။"
မယ်တော်ကြီးယန်၏ စကားဆုံးဆုံးချင်းမှာပင် စစ်လီသည် ကြမ်းပြင်ပေါ်သို့ ရုတ်ခြည်း ဒူးထောက်ချလိုက်ပြီး အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေပုံ ရလေတော့သည်။
"ဘာကို ကြောက်နေရတာလဲ။ ဒီလိုအတွေးမျိုး ရှိနေတာက သဘာဝပဲ မဟုတ်ဘူးလား" မယ်တော်ကြီးယန်က သိမ်မွေ့စွာ ပြုံးလိုက်လေ၏။ "ဒါပေမဲ့ ညည်းကို အရှင်မင်းမြတ်ထံ အလုပ်အကျွေးပြုဖို့ စေလွှတ်လိုက်ပြီဆိုမှတော့ နောင်တစ်ချိန် ညည်း အမှားမလုပ်မိစေဖို့ စည်းမျဉ်းအချို့တော့ ချမှတ်ပေးရလိမ့်မယ်။"
"ဒီအစေခံက မယ်တော်ကြီး၏ အမိန့်တော်အတိုင်း နာခံပါ့မယ်ရှင်" ဟု စစ်လီက ခပ်သွက်သွက် ပြန်ဖြေလိုက်၏။
"ပထမဆုံးနဲ့ အရေးအကြီးဆုံးအချက်က ညည်း စိတ်ဝိညာဉ်ပြုစုပျိုးထောင်ရေး ခန်းမဆောင်ဆီ သွားပြီး အရှင်မင်းမြတ်ကို အလုပ်အကျွေးပြုတဲ့အခါ အရှင်မင်းမြတ် ဘာတွေပြောလဲ ဘာတွေလုပ်လဲဆိုတာနဲ့ နောင်အနာဂတ်မှာ ဘယ်သခင်မလေးရဲ့ အိပ်ဆောင်တော်ဆီ ကြွချီတော်မူသလဲဆိုတဲ့ အရာအားလုံးကို ငါ့ဆီ ပြန်ပြီး အစီရင်ခံရမယ်။ နားလည်လား။"
စစ်လီသည် သူမ၏ မျက်လုံးများကို နှစ်ချက်ခန့် ဝေ့ဝဲကြည့်လိုက်ပြီးနောက် "ဟုတ်ကဲ့ပါ မယ်တော်ကြီးရှင် ဒီအစေခံ နားလည်ပါပြီ" ဟု ကပျာကယာ သဘောတူလိုက်လေသည်။
"ဒုတိယကိစ္စနဲ့ ပတ်သက်လို့ကတော့..."
မယ်တော်ကြီးယန်သည် စစ်လီကို တစ်ချက် လှမ်းကြည့်ကာ သူမ၏ ခန္ဓာကိုယ် အချိုးအစားကို အကဲဖြတ်လိုက်လေ၏။
"ညည်းပုံစံက ကြည့်ကောင်းပြီး ခန္ဓာကိုယ်အချိုးအစားကလည်း မဆိုးပါဘူး။ အရှင်မင်းမြတ်က လောလောဆယ်မှာ ကာမဂုဏ်ကို ရှောင်ကြဉ်ပြီး တာအိုကို ကျင့်ကြံနေတယ် ဆိုပေမဲ့လည်း နောက်ဆုံးတော့ သူက သွေးသားဆူဖြိုးတဲ့ လူငယ်တစ်ယောက်ပဲလေ။ မြေခွေးမတစ်ကောင်ကများ သူ့အနားကပ်ပြီး မြူဆွယ်ဖြားယောင်းလာမလားဆိုတာ ဘယ်သူမှ တပ်အပ်မပြောနိုင်ဘူး။"
စကားပြောဆိုနေစဉ်မှာပင် မယ်တော်ကြီးယန်၏ လေသံမှာ တဖြည်းဖြည်း အေးစက်မာထန်လာခဲ့ပြီး သူမ၏ မျက်လုံးများထဲတွင် သတ်ဖြတ်လိုသည့် အရိပ်အယောင်တစ်ခု ရီဝေဝေ ဖြတ်သန်းသွားခဲ့ပေသည်။
"မိဖုရားငယ် ကိုယ်ဝန်မဆောင်ရသေးခင်မှာ အဲ့ဒီမြေခွေးမကများ အရင်ဆုံး မျက်နှာသာပေးခံလိုက်ရမယ်ဆိုရင် သူမကို အရွတ်တွေဆွဲထုတ်ပြီး အရေခွံခွာပစ်လိုက်တာက လွန်ကဲလွန်းတဲ့ လုပ်ရပ်တော့ မဟုတ်လောက်ဘူး... ညည်းကော ဘယ်လိုထင်လဲ။"
"ဒီအစေခံက ဘယ်လိုလုပ်ပြီး ဝံ့ရဲမှာလဲရှင်" စစ်လီသည် သူမ၏ ဦးခေါင်းကို ပို၍ပင် နှိမ့်ချထားလိုက်လေ၏။ "ဒီအစေခံက သာမန် ပြည်သူတစ်ဦးမျှသာပါ။ နန်းတော်ထဲ ဝင်ခွင့်ရတာနဲ့ အရှင်မင်းမြတ်ကိုတောင် အလုပ်အကျွေးပြုခွင့် ရရှိတာတွေ အားလုံးက မယ်တော်ကြီးရဲ့ ကျေးဇူးတော်တွေကြောင့်ချည်းပါပဲရှင်။ ဒီအစေခံက အသက်ရှင်နေသရွေ့ မယ်တော်ကြီးရဲ့လူဖြစ်ပြီး သေသွားရင်လည်း မယ်တော်ကြီးရဲ့ တစ္ဆေပါပဲ။ မယ်တော်ကြီး ပေးသမျှကိုပဲ ဒီအစေခံက ယူဝံ့တာပါ။ အကယ်၍ မယ်တော်ကြီးက မပေးသနားခဲ့ဘူးဆိုရင် ဒီအစေခံက ဘယ်လိုလုပ်ပြီး တရားလွန် မက်မောဝံ့မှာလဲရှင်။"
"ထင်တဲ့အတိုင်းပဲ ရွှမ်အာ ပြောတာ မှန်တယ်။ ညည်းက တကယ့်ကို ဉာဏ်ကောင်းတဲ့ ကောင်မလေးပဲ" စစ်လီ၏ အဖြေကို မယ်တော်ကြီးယန်က တစ်နေ့တခြား ပိုမို သဘောကျနှစ်သက်လာခဲ့လေသည်။ "ထစမ်းပါ... ဒီနေ့ ညည်းပြောခဲ့တဲ့ စကားတွေကို မမေ့စေနဲ့။"
"ဟုတ်ကဲ့ပါရှင်။" စစ်လီသည် နဖူးပြင်မှ ချွေးအေးတို့ကို သုတ်ဖယ်လိုက်ပြီး ကြမ်းပြင်ပေါ်မှ နှေးကွေးစွာ မတ်တတ်ရပ်လိုက်ပေ၏။
မယ်တော်ကြီးယန်သည် နံဘေးရှိ နန်းတွင်းအစေခံမလေး တစ်ဦးကို လှမ်းကြည့်လိုက်လေ၏ "ရွှမ်ကျိ စစ်လီကို အရှင်မင်းမြတ်၏ အိပ်ဆောင်တော်ဆီ ခေါ်သွားချေ။"
"မှန်လှပါ မယ်တော်ကြီးဘုရား။" ရွှမ်ကျိက ကျော့ရှင်းစွာ ဦးညွှတ်လိုက်လေသည်။
မယ်တော်ကြီးယန်က သိမ်မွေ့စွာ ပြုံးလိုက်ပြီး စစ်လီ၏ ဆံနွယ်လေးများကို နားရွက်နောက်သို့ သပ်တင်ပေးလိုက်လေသည်
"အရှင်မင်းမြတ်ကို ဖူးတွေ့ရတဲ့အခါ သူ့ကို အလုပ်အကျွေးပြုဖို့ ငါက အထူးတလည် စေလွှတ်လိုက်တာလို့ လျှောက်တင်လိုက်။ မှတ်မိရဲ့လား။"
"မယ်တော်ကြီးကို အစီရင်ခံပါရစေရှင် ဒီအစေခံ မှတ်မိပါပြီ"
စစ်လီက စိုးရိမ်တုန်လှုပ်စွာဖြင့် ပြန်ဖြေလိုက်၏။
"သွားချေတော့။"
မယ်တော်ကြီးယန်က လက်ကို တစ်ချက် ဝေ့ယမ်းလိုက်လေသည်။
"ဒီအစေခံကို သွားခွင့်ပြုပါဦးရှင်။"
စစ်လီသည် သိမ်မွေ့စွာ ဦးညွှတ်လိုက်ပြီးနောက် ရွှမ်ကျိ၏နောက်မှ လိုက်ပါလျက် လင်ရှင်းနန်းဆောင်ထဲမှ ထွက်ခွာသွားတော့သည်။
"မယ်တော်ကြီးဘုရား... နန်းရင်းဝန်ယန်ရှန်းအောက်က အရှင်မင်းမြတ်ရဲ့အနီးနားမှာ သူလျှိုတွေ အများကြီး ထားပြီးသား မဟုတ်ဘူးလား။ ဘာဖြစ်လို့ မယ်တော်ကြီးက ထပ်ပြီးတော့..."
အားလုံး ထွက်ခွာသွားကြသောအခါ အမတ်ကတော်ဟွမ်သည် ရှေ့သို့ တိုးထွက်လာပြီး ညင်သာသော လေသံဖြင့် လျှောက်တင်လိုက်လေ၏။
"အဲ့ဒါတွေ အားလုံးက ငါ့မောင်ရဲ့ သူလျှိုတွေချည်းပဲလေ ငါ့လူတွေမှ မဟုတ်တာ။ အဲ့ဒီလူတွေက ငါ့မောင်ရဲ့ အမိန့်ကိုပဲ နာခံကြတာ။"
မယ်တော်ကြီးယန်က ခေါင်းခါပြလိုက်ပြီး သက်ပြင်းတစ်ချက်ကို မှုတ်ထုတ်လိုက်ပေသည်။
"ငါ့မောင်ကို ငါ မယုံကြည်လို့တော့ မဟုတ်ပါဘူး ဒါပေမဲ့ အခု ချင်တိုင်းပြည်က ငါတို့ရဲ့ မဟာကျိုးကို ဝင်ရောက်စွက်ဖက်နေပြီလေ ပြီးတော့ ဓားတစ်သောင်းဂိုဏ်းနဲ့ ယန်ရှန်းအောက် ကြားက ဆက်ဆံရေးကလည်း တင်းမာနေတယ်။
ကျိုးတိုင်းပြည်ရဲ့ လက်ရှိအခြေအနေတွေက အရမ်းကို ရှုပ်ထွေးလွန်းနေပြီ။
ငါ့မောင်ကတော့ အာဏာကို အရမ်း တန်ဖိုးထားလွန်းတယ်။ တစ်နေ့နေ့ကျရင် သူက အာဏာမက်ပြီး ပြန်ပြင်ဆင်လို့မရနိုင်တဲ့ အမှားကြီးတစ်ခုကို ကျူးလွန်မိသွားမလားဆိုတာကို ငါ တကယ်ပဲ စိုးရိမ်မိတယ်။
အခြားတစ်ယောက်ယောက်ကို စောင့်ကြည့်ခိုင်းထားမှပဲ ငါ နည်းနည်းလောက် စိတ်အေးရတော့မယ်။"
တစ်နာရီပင် မပြည့်မီ အချိန်လေးအတွင်းမှာ နန်းတွင်းအစေခံမလေး ရွှမ်ကျိသည် စစ်လီကို စိတ်ဝိညာဉ်ပြုစုပျိုးထောင်ရေး ခန်းမဆောင်ဆီသို့ ခေါ်ဆောင်လာခဲ့ချေပြီ။
"ဒီနေရာတွေက အရှင်မင်းမြတ်၏ အိပ်ဆောင်တော်တွေပဲ။ အရှင်မင်းမြတ်က အခုချိန်လောက်ဆိုရင် တာအိုမေးမြန်းခြင်း ယဇ်ပလ္လင်မှာ တရားကျင့်ကြံနေတုန်း ဖြစ်လောက်တယ်။ ညည်းက သူ ပြန်လာမယ့်အချိန်ကို ဒီမှာပဲ စောင့်နေလိုက်"
ရွှမ်ကျိက သူမကို ပြောလိုက်လေ၏။
"လမ်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်မရွှမ်ကျိ"
စစ်လီက ယဉ်ကျေးပျူငှာစွာ ဆိုလိုက်သည်။
ရွှမ်ကျိသည် စစ်လီကို မနာလိုမှုနှင့် မရှုဆိတ်ဖြစ်မှုတို့ ရောယှက်နေသော အကြည့်များဖြင့် စူးစိုက်ကြည့်လိုက်လေသည်
"ညည်းက အရှင်မင်းမြတ်ကို အလုပ်အကျွေးပြုရုံနဲ့ မောက်မာဝင့်ကြွားလို့ ရပြီလို့ မထင်လိုက်နဲ့နော်။ မှတ်ထားပါ... ညည်းက အမြဲတမ်း မယ်တော်ကြီးရဲ့လူပဲ ဖြစ်နေရမယ် နားလည်လား။"
"နားလည်ပါပြီ အစ်မရွှမ်ကျိ။" စစ်လီသည် သူမ၏ ဦးခေါင်းကို ငုံ့ထားဆဲဖြစ်ပြီး လုံးဝကို နူးညံ့သိမ်မွေ့ပုံ ရနေခဲ့ပေ၏။
"အလုပ်ကို သေချာလုပ်ပါ မယ်တော်ကြီးကို စိတ်ပျက်အောင် မလုပ်နဲ့။"
ရွှမ်ကျိက နောက်ဆုံးစကားတစ်ခွန်းကို ပြောဆိုလိုက်ပြီးနောက် ထွက်ခွာရန် လှည့်ထွက်သွားလေတော့သည်။
တဖြည်းဖြည်း ဝေးကွာသွားသော ရွှမ်ကျိ၏ ကျောပြင်ကို ကြည့်ရင်း ထိုမဟာကျိုး၏ မယ်တော်ကြီး ပြောဆိုခဲ့သော စကားများကို ပြန်လည် သတိရမိလိုက်သောအခါ စစ်လီမှာ ပြုံးယောင်မသန်းဘဲ မနေနိုင်ခဲ့ချေ။
ဤသာမန် လူသားမင်းဆက်၏ ဧကရာဇ်နန်းတော်ကြီးမှာ တကယ့်ကို စိတ်ဝင်စားဖွယ် ကောင်းလှပေသည်။ ဤနေရာရှိ လူတိုင်းသည် ရာနှင့်ချီသော အကောက်ကြံမှု အစီအစဉ်များကို ရင်ထဲ၌ အသီးသီး ပိုက်ထွေးထားကြပုံ ရပေ၏
စစ်လီသည် ထိုကျိုးတိုင်းပြည်၏ မယ်တော်ကြီးနှင့် အခြားသူများကို သဘာဝကျကျပင် အလေးအနက် မထားခဲ့သော်ငြားလည်း စစ်လီကို အံ့သြသွားစေခဲ့သည့်အရာမှာ မမျှော်လင့်ဘဲ ယခုအခါ သူမသည် ကျိုးတိုင်းပြည်ရဲ့ဘုရင်၏ အနီးသို့ ချဉ်းကပ်နိုင်မည့် အခွင့်အရေးတစ်ရပ်ကို ရရှိသွားခဲ့ခြင်းပင် ဖြစ်လေတော့၏။
စိတ်ဝိညာဉ်ပြုစုပျိုးထောင်ရေး ခန်းမဆောင်၏ ပင်မခြံဝင်းကြီးထဲတွင် စစ်လီသည် ကျိုးတိုင်းပြည်ရဲ့ဘုရင် ပြန်လည်ရောက်ရှိလာမည့်အချိန်ကို စောင့်ဆိုင်းရင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေခဲ့၏။
နာရီအတော်ကြာ ကုန်ဆုံးသွားခဲ့ပြီး ကောင်းကင်ပြင်မှာ တဖြည်းဖြည်း မှောင်မိုက်လာခဲ့ချေပြီ ကျိုးတိုင်းပြည်ရဲ့ဘုရင်မှာ ပြန်မလာခဲ့ချေ ယင်းအစား နန်းတွင်းအစေခံမလေး အနည်းငယ်သည် ရယ်မောပြောဆိုလျက် အိပ်ဆောင်တော်ဆီသို့ ရောက်ရှိလာကြလေသည်။
မျက်နှာသစ်ဖြစ်သော စစ်လီကို မြင်တွေ့လိုက်ရသောအခါ ၎င်းတို့မှာ လွန်စွာမှ စူးစမ်းလိုစိတ်ပြင်းပြကာ ဖော်ရွေပျူငှာနေခဲ့ကြပေ၏
အစေခံမလေးများသည် စိတ်ဝိညာဉ်ပြုစုပျိုးထောင်ရေး ခန်းမဆောင်၏ အရှေ့တွင် စစ်လီနှင့်အတူ ခပ်သွက်သွက် စကားစမြည် စတင်ပြောဆိုကြတော့သည်။
‘စစ်လီ’ အမည်ရှိသော ဤအစေခံမလေးကို မယ်တော်ကြီးက ကိုယ်တိုင် စေလွှတ်လိုက်ခြင်းဖြစ်ကြောင်းကို သိရှိသွားကြပြီးနောက် ၎င်းတို့သည် စစ်လီအပေါ် ဖော်ရွေပျူငှာရုံသာမက ပိုမို လေးစားသမှု ပြသလာကြလေ၏
သူမသည် အရှင်မင်းမြတ်၏ ကိုယ်ပိုင်အပါးတော်မြဲ အစေခံမလေးဖြစ်ကြောင်းကို သိရှိသောကြောင့် ၎င်းတို့၏ စိတ်ထဲတွင် မနာလိုအားကျမှုအချို့ကိုပါ ထပ်မံ ပေါင်းထည့်လိုက်မိကြတော့၏။
သို့ရာတွင် စစ်လီမှာမူ များစွာ အံ့သြနေမိလေ၏ ယုတ္တိတန်တန် စဉ်းစားကြည့်မည်ဆိုလျှင် ရှင်ဘုရင်တစ်ပါးကို အလုပ်အကျွေးပြုရခြင်းဟူသည် ကျားတစ်ကောင်နှင့်အတူ အဖော်ပြုနေထိုင်ရခြင်းနှင့် တူပေသည်။ ထိုကျိုးတိုင်းပြည်ရဲ့ဘုရင်သည် ရုပ်သေးရုပ်ဧကရာဇ်တစ်ပါး ဖြစ်နေလျှင်တောင်မှ သူက ဧကရာဇ်ဖြစ်နေဆဲပင် မဟုတ်ပါလော စိတ်ဝိညာဉ်ပြုစုပျိုးထောင်ရေး ခန်းမဆောင်ရှိ နန်းတွင်းအစေခံမလေးများကြားမှ လေထုအခြေအနေမှာ အကျပ်တည်းဆုံးနှင့် အတင်းကျပ်ဆုံး ဖြစ်နေသင့်သည် မဟုတ်ပါလော။
သို့သော်လည်း အဘယ်ကြောင့် ဤအစေခံမလေးများက ဤမျှလောက် သက်တောင့်သက်သာနှင့် ပေါ့ပါးလွတ်လပ်နေပုံ ရနေကြပါသနည်း
"အစ်မတို့က ညီမလေးကို အရှင်မင်းမြတ်အကြောင်း နည်းနည်းလောက် ပြောပြပေးနိုင်မလားရှင်" စစ်လီက ညင်သာစွာ မေးလိုက်လေသည်။
"ညီမလေးက ဒီကို အသစ်ရောက်လာတာဆိုတော့ အမှားတစ်ခုခု လုပ်မိမှာကို စိုးရိမ်လို့ပါ။"
"စိတ်အေးအေးသာ ထားပါ ညီမလေးစစ်လီရယ်"
လျှိုမီ အမည်ရှိသော အစေခံမလေးက ပြုံးလျက် ပြောလိုက်၏ "ဒီစိတ်ဝိညာဉ်ပြုစုပျိုးထောင်ရေး ခန်းမဆောင်မှာတော့ ညည်းက ခွင့်လွှတ်လို့မရနိုင်တဲ့ အမှားကြီးတစ်ခုကို မကျူးလွန်မိသရွေ့တော့ အရှင်မင်းမြတ်က ညည်းကို အပြစ်ပေးမှာ မဟုတ်ဘူး။"
"အင်း... အရှင်မင်းမြတ်က အရမ်းကို သဘောမနောကောင်းတာ ပြီးတော့ ငါတို့ကို စားစရာမုန့်တွေ မကြာခဏ ပေးတတ်သေးတယ်"
သိုးငယ်လေး အမည်ရှိသော အခြား အစေခံမလေးတစ်ဦးကလည်း ဝင်ပြောလေသည်။
"ဟုတ်တာပေါ့ ဟုတ်တာပေါ့။ အရှင်မင်းမြတ်က ငါတို့လို အစေခံတွေကို တစ်ခါမှ ရိုက်နှက်ဆဲဆိုတာမျိုး မရှိဘူး ပြီးတော့ ရုပ်ရည်ကလည်း ချောမောခန့်ညားသေးတယ်" ယန်အာ အမည်ရှိသော အစေခံမလေးကလည်း ထောက်ခံသည့်ဟန်ဖြင့် ခေါင်းညိတ်လိုက်၏ သို့သော်လည်း မကြာမီမှာပင် ယန်အာသည် သူမ၏ ဦးခေါင်းကို ငုံ့သွားခဲ့ပြီး သူမ၏ မျက်လုံးများထဲတွင် လွမ်းဆွတ်နာကျင်သွားသော အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားလေသည်။
"နှမြောစရာကောင်းတာက..."
မီမီ အမည်ရှိသော မိန်းကလေးက ယန်အာ၏ လက်ကို ကပျာကယာ လှမ်းဆွဲလိုက်လေ၏ တစ်စုံတစ်ရာ စကားလွန်သွားမည်ကို စိုးသောကြောင့် ဖြစ်ပေသည်။
ဤစစ်လီသည် မယ်တော်ကြီး၏လူဖြစ်နေသော်ငြားလည်း ၎င်းတို့သည် နန်းရင်းဝန်ယန်ရှန်းအောက်အတွက် အရှင်မင်းမြတ်ကို သူလျှိုလုပ် စောင့်ကြည့်နေကြရသည်ဟူသော အချက်မှာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆို၍ ရနိုင်သော အရာတစ်ခု ဖြစ်နေပါသလော။
"အတိုချုပ်ပြောရရင်တော့ ညီမလေးစစ်လီ... အရှင်မင်းမြတ်ကိုသာ ဘာမှ ပူပန်ကြောင့်ကြမနေဘဲ သေချာ ဂရုစိုက် အလုပ်အကျွေးပြုပါ။ ငါတို့အားလုံးက ညည်းကို အတော်လေး အားကျနေကြတာ"
မီမီက စကားကို လွှဲယူလိုက်လေ၏
"ဟုတ်တယ် ဟုတ်တယ်။ စကားပုံတစ်ခုက ဘယ်လိုဆိုထားလဲ... အရှင်မင်းမြတ်က ကျောက်စိမ်းတစ်တုံးလိုပဲ အလွန်ကို သိမ်မွေ့ပြီး ယဉ်ကျေးသိမ်မွေ့တယ်တဲ့။"
၎င်းတို့ ပြောဆိုနေသော စကားလုံးတိုင်းကို နားထောင်ရင်း စစ်လီက ပြုံးလျက် ခေါင်းညိတ်ပြနေခဲ့ပေ၏
ထိုလူစုမှာ စိတ်ပါလက်ပါ စကားပြောဆိုနေကြဆဲ အချိန်လေးမှာပင် သြရှရှ အသံကြီးတစ်ခုသည် စိတ်ဝိညာဉ်ပြုစုပျိုးထောင်ရေး ခန်းမဆောင်အတွင်းသို့
ထွက်ပေါ်လာလေ၏
"အရှင်မင်းမြတ် ကြွချီတော်မူလာပါပြီ"
"အရှင်မင်းမြတ် ပြန်ရောက်လာပြီ မြန်မြန် သေချာ တန်းစီကြ။"
အားလုံးမှာ ချက်ချင်းပင် တိတ်ဆိတ်ငြိမ်သက်သွားကြတော့သည်။ အစေခံမလေး သိုးငယ်လေးက စစ်လီကို လှမ်းဆွဲလိုက်ပြီး ၎င်းတို့သည် စိတ်ဝိညာဉ်ပြုစုပျိုးထောင်ရေး ခန်းမဆောင်၏ အဝင်ဝတွင် နှစ်တန်းခွဲ၍ သပ်ရပ်စွာ မတ်တတ်ရပ်လိုက်ကြလေ၏
မကြာမီမှာပင် တာအိုဝတ်ရုံကို ဆင်မြန်းထားသော အမျိုးသားတစ်ဦးသည် ပင်မတံခါးပေါက်ကြီးမှတစ်ဆင့် လျှောက်ဝင်လာခဲ့ချေပြီ။
မိန်းကလေးများက တစ်ခဲနက် အော်ဟစ်လိုက်ကြသည်
"အရှင်မင်းမြတ် နန်းတော်သို့ ပြန်လည်ကြွချီတော်မူလာခြင်းကို ကြိုဆိုပါတယ်ဘုရား။"
"အင်း။"
ရှောင်မိုက ခေါင်းညိတ်လိုက်ပြီး ရှေ့သို့ တည့်တည့်မတ်မတ် လျှောက်လှမ်းသွားလေတော့၏
ထိုအမျိုးသား၏ တည်ငြိမ်သော အသံဝိညာဉ်က စစ်လီ၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့ပြီး ရင်းနှီးကျွမ်းဝင်နေသည့် ခံစားချက်တစ်ရပ်က စစ်လီ၏ နှလုံးသားတစ်ခုလုံးဆီသို့ တဖြည်းဖြည်း ပျံ့နှံ့စီးဆင်းသွားခဲ့ပေသည်။
စစ်လီသည် သူမ၏ ဦးခေါင်းကို ရုတ်တရက် မော့ကြည့်လိုက်ပြီး ထိုအမျိုးသား၏ ဘေးတိုက် မျက်နှာပြင်သွင်ပြင်ကို စူးစိုက်ကြည့်လိုက်လေတော့၏။