အခန်း ၈၉၅
Vol. 85 Ch. 895
အခန်း (၈၉၅) - တိုက်ရိုက်သေဆုံးခြင်း နှလုံးသားမျက်လုံး၊ သေခြင်းတရား ဥပဒေသကို ရှုမြင်ခြင်းနှင့် ဥပဒေသ၏ တန်ပြန်သက်ရောက်မှု (၂)
အရာဝတ္ထုများကို ခွဲခြားသိမြင်နိုင်သော နှလုံးသားမျက်လုံးက လောကရှိ အရာအားလုံးကို အကဲဖြတ်ပေးနိုင်ပြီး တစ်ခါမှ မမြင်ဖူးလျှင်ပင် ၎င်းတို့ထဲရှိ သတင်းအချက်အလက်များကို သိရှိနိုင်သည်။
ထိုးထွင်းသိမြင်နိုင်သော နှလုံးသားမျက်လုံးက အရာအားလုံးကို အာရုံခံနိုင်ပြီး နတ်ဘုရားအာရုံစွမ်းအားများဖြင့်ပင် မသိရှိနိုင်သောကြောင့် ပိုမိုမြင့်မားသည့် အတိုင်းအတာတစ်ခု၏ အမြင်အာရုံကဲ့သို့ပင် ဖြစ်လေသည်။
ဘာသာစကားများကို နားလည်နိုင်သော နှလုံးသားမျက်လုံးက အရာအားလုံး၏ ဘာသာစကားများကို ဘာသာပြန်ပေးနိုင်ပြီး စွယ်စုံသုံး ဘာသာပြန်စက်တစ်ခုဟုပင် ဆိုနိုင်၏။
စိတ်နှလုံးကို ကြည့်ရှုနိုင်သော နှလုံးသားမျက်လုံးက အကောင်းနှင့်အဆိုးကို ရှင်းလင်းစွာ ခွဲခြားနိုင်ပြီး လူတို့၏ စိတ်နှလုံးကို ထိုးထွင်းသိမြင်နိုင်ပေသည်။
တိုက်ရိုက်သေဆုံးခြင်း နှလုံးသားမျက်လုံးကမူ သေဆုံးခြင်းမျဉ်းကြောင်းများကို မြင်တွေ့နိုင်ပြီး ရန်သူ၏ သေစေနိုင်သော အားနည်းချက်များကို မြင်တွေ့နိုင်လေသည်။
မှန်ပေသည်၊ မည်သည့်နှလုံးသားမျက်လုံးပင် ဖြစ်စေ မယုံကြည်နိုင်ဖွယ်ကောင်းသော စွမ်းအားများ ပါဝင်နေပြီး ဥပဒေသများနှင့် ညီမျှနေပြီ ဖြစ်၏။
ထို့အပြင် ဤကျင့်စဉ်၏ ကျင့်ကြံရခက်ခဲမှုကလည်း မယုံကြည်နိုင်လောက်အောင် မြင့်မားလွန်းလှပေသည်။
အကယ်၍ သူ့တွင် ‘စာအုပ်ကူ’၏ အကူအညီသာ မရှိပါက ဤကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ရန်မှာ လုံးဝ မဖြစ်နိုင်ပေ။
အမှန်အတိုင်းပြောရလျှင် မိမိကိုယ်ကို အားကိုးရမည်ဆိုပါက မည်သည့်ကျင့်ကြံသူက ဤကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်မည်ကိုပင် သူ မသိတော့ချေ။
ဤသည်က လူသားများ ကျင့်ကြံနိုင်မည့် ကျင့်စဉ်မျိုး လုံးဝ မဟုတ်သည်လည်း ဖြစ်နိုင်၏။
အင်မော်တယ်များ၏ စွမ်းရည်က အဆုံးသတ်တွင် မည်သည့်အတိုင်းအတာအထိ ရောက်ရှိနိုင်မည်ကို သူ မသိသော်လည်း ချန်ချွန်းတာအိုအရှင်က ဤကျင့်စဉ်ကို အလွန်အလေးထားပုံထောက်လျှင် အင်မော်တယ်များပင် ဤကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံနိုင်ရန် ခက်ခဲလိမ့်မည်ဟု သူ ခံစားနေရသည်။
'အရင်ဆုံး စမ်းကြည့်တာပေါ့...'
'တိုက်ရိုက်သေဆုံးခြင်း နှလုံးသားမျက်လုံးက တကယ်ရော အဲဒီလောက်စွမ်းလားဆိုတာ ကြည့်ရသေးတာပေါ့...'
ထိုသို့တွေးလိုက်ပြီးနောက် ကျိုးစွေ့က ကိုယ်ကိုတစ်ချက်လှုပ်ရှားလိုက်ရာ မျက်စိတစ်မှိတ်အတွင်း ဂူစံအိမ်မှ ထွက်ခွာသွားပြီး ဖုန်းရှီးကျွန်းအပြင်ဘက်ရှိ ပင်လယ်ပြင်တစ်နေရာသို့ ရောက်ရှိသွားခဲ့လေသည်။
ချက်ချင်းပင် ပင်လယ်နက်ထဲတွင် ကူးခတ်နေသော လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲ တစ်ကောင်ပြီးတစ်ကောင်ကို သူ အာရုံခံမိလိုက်သည်။
ဝုန်း... ဝုန်း... ဝုန်း...
မျက်စိတစ်မှိတ်အတွင်းမှာပင် လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲ သုံးကောင်က ကျိုးစွေ့၏ အငွေ့အသက်ကို အာရုံခံမိသွားပြီးနောက် ချက်ချင်း စိတ်လှုပ်ရှားသွားကြကာ အရသာရှိသော အစားအစာတစ်ခုကို ရှာတွေ့သွားသကဲ့သို့ တုံ့ဆိုင်းခြင်းမရှိ ပြေးဝင်လာကြလေသည်။
၎င်းတို့က မျက်စိတစ်မှိတ်အတွင်း ကျိုးစွေ့ကို ပစ်မှတ်ထားလိုက်ပြီး ကျိုးစွေ့အား ရှောင်လွှဲစရာမရှိသလို ထွက်ပြေးစရာလမ်းလည်း မရှိအောင် ပြုလုပ်လိုက်ကြ၏။
ဝုန်း...
ဤအချိန်တွင် ကျိုးစွေ့သည် အမူအရာကင်းမဲ့စွာဖြင့် နှလုံးသားမျက်လုံးမှ တိုက်ရိုက်သေဆုံးခြင်းစွမ်းအားကို သက်ဝင်လှုပ်ရှားစေလိုက်သည်။
မူလဝိညာဉ်သည် ဤနှလုံးသားမျက်လုံးအတွင်းသို့ ပေါင်းစည်းဝင်ရောက်သွားကြောင်းကို သူ ခံစားလိုက်ရပြီး မူလဝိညာဉ်က သေမင်းအဖြစ် ပြောင်းလဲသွားသည့်အလား အဆုံးမဲ့လေဟာနယ်ထဲမှ သေခြင်းတရားမျဉ်းကြောင်းများကို တွေ့မြင်နိုင်လာပေသည်။ တစ်ချိန်တည်းမှာပင် လေဟာနယ်သန့်စင်ခြင်းအဆင့်ရှိ ကန္တာရသားရဲကြီးသုံးကောင်၏ သေခြင်းတရားမျဉ်းကြောင်းများကိုလည်း မြင်တွေ့လိုက်ရ၏။
ဝုန်း...
နောက်တစ်စက္ကန့်တွင် သူက လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ ခန္ဓာကိုယ်တွင်းရှိ ကြီးမားလှသော လေဟာနယ်သန့်စင်ခြင်း မှော်စွမ်းအင်များ သက်ဝင်လှုပ်ရှားလာပြီး နှလုံးသားမျက်လုံး တိုက်ရိုက်သေဆုံးခြင်းစွမ်းအားနှင့် ပေါင်းစည်းသွားစေတော့သည်။
ဤအချိန်လေးအတွင်း လေဟာနယ်၏ အနက်ရှိုင်းဆုံးနေရာမှ သေခြင်းတရားနိယာမကို လှုပ်ခတ်သွားစေသည့်အလားပင်။
ပုံသဏ္ဌာန်မဲ့ သေခြင်းတရားလှိုင်းလုံးတစ်ခုက ဖြတ်သန်းတိုက်ခတ်လာတော့သည်။
ဝုန်း...
လေဟာနယ်သန့်စင်ခြင်းအဆင့် ကန္တာရသားရဲကြီးသုံးကောင်မှာ ကြက်သီးမွေးညင်းများပင် ထလာခဲ့ပြီး သေရေးရှင်ရေး အန္တရာယ်ကြီး ကျရောက်လာသည်ကို ခံစားလိုက်ရပုံရသော်လည်း ၎င်းတို့တွင် မည်သည့်နည်းလမ်းမှ မရှိချေ။
ချက်ချင်းပင် ထိုသေခြင်းတရားလှိုင်းလုံးက ဖြတ်သန်းတိုက်ခတ်သွားခဲ့၏။
၎င်းတို့သည် နေရာတွင်ပင် အသက်ပျောက်သွားကြပြီး ခန္ဓာကိုယ်နှင့် ဝိညာဉ်ပါ ပြာကျပျက်စီးသွားခဲ့လေသည်။
ဧရာမခန္ဓာကိုယ်ကြီးများမှာ သမုဒ္ဒရာမျက်နှာပြင်ပေါ်သို့ ထိုအတိုင်း ပေါလောပေါ်နေခဲ့ပြီး သက်စောင့်အငွေ့အသက်များအားလုံး ပျောက်ကွယ်သွားခဲ့ချေပြီ။
"သောက်ပြဿနာပဲ၊ ဒါက နိယာမရဲ့ တန်ပြန်သက်ရောက်မှုပဲ..."
ကျိုးစွေ့၏ မျက်နှာသွေးရောင် ပြောင်းလဲသွားလေသည်။
သူသည် သေခြင်းတရားနိယာမ၏ စွမ်းအားအနည်းငယ်ကို သက်ဝင်လှုပ်ရှားစေပြီးနောက် သူ၏ခန္ဓာကိုယ်က သေခြင်းတရားနိယာမစွမ်းအား၏ တန်ပြန်သက်ရောက်မှုကို အံ့ဩဖွယ်ရာ ခံစားလိုက်ရပြီး ကြောက်မက်ဖွယ်ကောင်းသော သေခြင်းတရားလှိုင်းလုံးတစ်ခု ရိုက်ခတ်လာကြောင်းကို တွေ့လိုက်ရ၏။
"ဖူး..."
သူသည် သွေးတစ်ပွက် အန်ချလိုက်ရပြီး မူလဝိညာဉ်မှာ အလွန်အားနည်းသွားကြောင်း ခံစားလိုက်ရသည်။
တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်ပေါ်၌ သိပ်သည်းလှသော ဒဏ်ရာဒဏ်ချက်များ ထွက်ပေါ်လာကာ သွေးအမြောက်အမြား စီးကျလာလေသည်။
"မဖြစ်ဘူး၊ ဒီစွမ်းအားက အရမ်းကို အန္တရာယ်များလွန်းတယ်..."
"လက်ရှိငါ အသုံးပြုနိုင်တဲ့အရာမျိုး လုံးဝမဟုတ်ဘူး..."
"ပုံမှန်အားဖြင့်ဆိုရင် မဟာယာနအဆင့် ကျင့်ကြံသူတွေပဲ ကောင်းကင်နဲ့ မြေကြီးနိယာမစွမ်းအား အနည်းငယ်ကို အသုံးပြုနိုင်တာမျိုး..."
"ဒါပေမဲ့ နှလုံးသားမျက်လုံး တိုက်ရိုက်သေဆုံးခြင်းစွမ်းအားကို အားကိုးပြီး ငါက လေဟာနယ်သန့်စင်ခြင်းအဆင့်မှာတင် သေခြင်းတရားနိယာမရဲ့ လျှို့ဝှက်ချက်အနည်းငယ်ကို ချောင်းကြည့်နိုင်ခဲ့သလို သေခြင်းတရားနိယာမစွမ်းအားကိုလည်း အနည်းငယ် အသုံးချနိုင်ခဲ့တယ်..."
"ဒါပေမဲ့လည်း လက်ရှိခန္ဓာကိုယ်စွမ်းရည်နဲ့ဆိုရင် နိယာမရဲ့ စွမ်းအားကို ခံနိုင်ရည်မရှိသေးဘူး..."
"နိယာမရဲ့ တန်ပြန်သက်ရောက်မှု အနည်းငယ်လေးကတင် ငါ့ကို ပြင်းထန်တဲ့ဒဏ်ရာ ရသွားစေဖို့ လုံလောက်နေပြီပဲ..."
ကျိုးစွေ့က လေပူတစ်ချက် မှုတ်ထုတ်လိုက်၏။
ဤစွမ်းအား၏ အန္တရာယ်များမှုကို သူ ချက်ချင်း သဘောပေါက်လိုက်ပြီး ကန့်သတ်ချက်ထက် လုံးဝကို ကျော်လွန်နေပြီ ဖြစ်သည်။
အကယ်၍ မဟာယာနအဆင့် ကျင့်ကြံသူတစ်ယောက်သာ ဖြစ်လာခဲ့ပါက မူလဝိညာဉ်ရော၊ ခန္ဓာကိုယ်စွမ်းရည်ပါ အဆပေါင်းများစွာ တိုးတက်လာမည်ဖြစ်ရာ နိယာမစွမ်းအားမှ ယူဆောင်လာသော ဖိအားကို သဘာဝကျကျ ခံနိုင်ရည်ရှိပေလိမ့်မည်။
ပြဿနာမှာ ယခုအချိန်တွင် သူက လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူမျှသာ ဖြစ်နေခြင်းပင်။
ဤသည်က သုံးနှစ်အရွယ် ကလေးငယ်တစ်ယောက် ဓားမကြီးတစ်လက်ကို ဝှေ့ယမ်းနေခြင်းနှင့် တူညီနေပြီး အမှန်တကယ်ပင် အန္တရာယ်များလွန်းလှပေသည်။
သို့ရာတွင် ထုတ်ဖော်နိုင်ခဲ့သော စွမ်းအားမှာလည်း အတော်လေး အံ့မခန်းဖြစ်ကြောင်းကိုမူ ဝန်ခံရမည် ဖြစ်၏။
ဤသေခြင်းတရားနိယာမစွမ်းအား အနည်းငယ်လေးမှ ဖန်တီးလိုက်သော လှိုင်းလုံးက ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူများကိုပင် သတ်ဖြတ်နိုင်စွမ်း ရှိလေသည်။
သို့သော်ငြား ဤတိုက်ခိုက်မှုကို အသုံးပြုပြီးနောက်တွင် သူကိုယ်တိုင်လည်း ပြင်းထန်သော ဒဏ်ရာများကို ရရှိမည်ဖြစ်ရာ အကျိုးထက် အပြစ်က ပိုများနေပေသည်။
"ဒါပေမဲ့ ဒီစွမ်းအားက တကယ်ကို ကြောက်စရာကောင်းတယ်၊ လေဟာနယ်သန့်စင်ခြင်းအဆင့်ပဲ ရှိသေးတဲ့ ငါ ထိန်းချုပ်နိုင်တဲ့အရာ မဟုတ်ဘူး..."
"ဒါပေမဲ့ ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို တက်လှမ်းနိုင်ခဲ့မယ်ဆိုရင်တော့ လုံးဝကွဲပြားသွားနိုင်တယ်..."
"အကြိမ်ရေ အများကြီး ခံနိုင်ရည်မရှိဘူးဆိုရင်တောင် တစ်ကြိမ်၊ နှစ်ကြိမ်လောက် တိုက်ခိုက်နိုင်မယ်ဆိုရင်… အဲဒါက ဝှက်ဖဲတစ်ခုအနေနဲ့ လုံးဝ အသုံးဝင်လာပြီး ရန်သူကို ပြန်သတ်နိုင်သလို အဆင့်ကျော်ပြီးလည်း စိန်ခေါ်နိုင်မှာပဲ..."
ကျိုးစွေ့က လက်သီးဆုပ်လိုက်ကာ အလွန်စိတ်လှုပ်ရှားနေမိ၏။
ပဉ္စမမြောက် နှလုံးသားမျက်လုံး တိုက်ရိုက်သေဆုံးခြင်း ထွက်ပေါ်လာမှုက သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို ကြီးမားစွာ တိုးတက်သွားစေခဲ့သည်မှာ ထင်ရှားလှသည်။
ဤသည်က သူ့အတွက် ဝှက်ဖဲတစ်ခု ထပ်တိုးလာခြင်းနှင့်လည်း ညီမျှလေသည်။
ခန္ဓာပေါင်းစည်းခြင်းအဆင့်ရှိ ပညာရှင်များနှင့် ကြုံတွေ့ရလျှင်ပင် သူ့အနေဖြင့် ပြန်လည်သတ်ဖြတ်နိုင်စွမ်း ရှိသွားခဲ့ချေပြီ။
"အရင်ပြန်တာ ကောင်းမယ်..."
ဤအခိုက်တွင် ကျိုးစွေ့က သမုဒ္ဒရာပတ်ပတ်လည်၌ သားရဲကြီးများ ပိုမိုစုရုံးလာသည်ကို ခံစားလိုက်ရသည်။
ယခု ဤနေရာတွင် ဆက်နေရန် မသင့်တော်တော့ချေ။
သူက လက်ဝှေ့ယမ်းလိုက်ကာ လေဟာနယ်သန့်စင်ခြင်းအဆင့် သားရဲကြီးသုံးကောင်၏ အလောင်းများကို ရှန်းဟိုင်ပုလဲ နေရာလွတ်ထဲသို့ ချက်ချင်း သိမ်းဆည်းလိုက်၏။
ရွှစ်...
သူ၏ ကိုယ်ဟန်က တစ်ချက်လက်ကနဲ ဖြစ်သွားပြီး 'တည်နေရာပြောင်းကူ' ၏ စွမ်းအားကို အသုံးပြုကာ သူ၏ ဂူဗိမာန်အတွင်းသို့ ချက်ချင်း ပြန်ရောက်သွားလေသည်။
တစ်ချိန်တည်းမှာပင် သူသည် မြေပြင်ပေါ်၌ တင်ပျဉ်ခွေထိုင်လိုက်ပြီး ကူနတ်ဘုရားကျမ်းကို လည်ပတ်စေကာ ဒဏ်ရာကုသရေး ဆေးလုံးများကို သောက်သုံးလိုက်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများမှာလည်း တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီး အငွေ့အသက်များက တစ်စတစ်စ ပိုမိုအားကောင်းလာခဲ့၏။
သူသည် ဒဏ်ရာရရှိခဲ့သည်မှာ မှန်သော်လည်း အသက်အန္တရာယ်ရှိသော ဒဏ်ရာမျိုး မဟုတ်ပေ။
ရက်အနည်းငယ်အတွင်း အပြည့်အဝ ပြန်လည်ကောင်းမွန်လာနိုင်မည်ဟု သူ ခန့်မှန်းမိသည်။
"'အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်ကျမ်း' ရဲ့ စွမ်းအားက တကယ်ကို စိတ်ကူးထက် ကျော်လွန်နေတာပဲ..."
"အကယ်လို့ အားလုံးကို အောင်မြင်အောင် ကျင့်ကြံနိုင်ခဲ့မယ်ဆိုရင် အင်မော်တယ်ပညာရပ်တစ်ခုနဲ့ ညီမျှသွားလောက်တယ်..."
"ကိုယ်ပိုင်စွမ်းအား တိုးတက်မှုအတွက်ဆိုရင် အဲဒါက အတိုင်းအဆမရှိ ကြီးမားလွန်းတယ်..."
"ဒါပေမဲ့ ဆဋ္ဌမမြောက် နှလုံးသားမျက်လုံး ကြိုတင်သိမြင်ခြင်းကို အောင်မြင်အောင် ကျင့်ကြံချင်တယ်ဆိုရင် ခက်ခဲမှုက အဆတစ်ရာမက တက်သွားခဲ့ပြီ..."
ကျိုးစွေ့က လေပူတစ်ချက် မှုတ်ထုတ်လိုက်လေသည်။
ဆဋ္ဌမမြောက် နှလုံးသားမျက်လုံးကို စုစည်းရမည့် နည်းလမ်းကို သူ ကြည့်လိုက်ရာ အမှန်တကယ်ပင် လေအေးတစ်ချက် ရှိုက်သွင်းလိုက်မိသည်။ ဤနှလုံးသားမျက်လုံး ကြိုတင်သိမြင်ခြင်း၏ ဖွဲ့စည်းပုံမှာ ဆံပင်များပင် ထောင်ထသွားလောက်အောင် ရှုပ်ထွေးလွန်းလှပေသည်။
ထိုအပေါ်ရှိ နှလုံးသားမျက်လုံး မျဉ်းကြောင်းပုံစံအမျိုးမျိုးကို မြင်လိုက်ရုံဖြင့်ပင် လူကို ဦးရေပြား ထုံကျင်သွားစေရန် လုံလောက်နေပြီ ဖြစ်၏။
ထို့အပြင် တစ်ကြိမ်တစ်ခါ မှားယွင်းသွားလျှင်ပင် ယခင်က ကြိုးစားထားသမျှ အားလုံး သဲရေကျသွားမည်ဖြစ်ပြီး အလုံးစုံ ရှုံးနိမ့်သွားစေမည် ဖြစ်သည်။
လူအနည်းငယ်သာ ကျင့်ကြံအောင်မြင်နိုင်သည်မှာ အံ့ဩစရာ မဟုတ်တော့ပေ၊ ၎င်း၏ ကျင့်ကြံမှုခက်ခဲမှုအဆင့်မှာ အမှန်တကယ်ပင် လွန်ကဲလွန်းလှသည်။
ကံကောင်းထောက်မစွာဖြင့် သူ၏ထံတွင် ‘စာအုပ်ကူ’ ၏ အကူအညီရှိနေသဖြင့် ကြိုတင်၍ တွက်ချက်ခန့်မှန်းနိုင်ပေသည်။
စဉ်ဆက်မပြတ် တွက်ချက်ခန့်မှန်းနိုင်သရွေ့ ကြိုတင်ရင်းနှီးနိုင်ပေမည်။ ဤသို့ဆိုလျှင် အမှန်တကယ် စတင်ဖွဲ့စည်းချိန်တွင် ကျရှုံးတော့မည် မဟုတ်ပေ။
သို့သော်ငြား ဆဋ္ဌမမြောက် နှလုံးသားမျက်လုံး ကြိုတင်သိမြင်ခြင်းကို အောင်မြင်စွာ စုစည်းနိုင်ခဲ့ပါက ရရှိလာမည့် စွမ်းရည်မှာလည်း အတော်လေးကို အံ့မခန်းဖြစ်ပေလိမ့်မည်။
၎င်းက အနာဂတ်ကို ခဏတာ ကြိုတင်သိမြင်နိုင်ရန် သူ့ကို ကူညီပေးနိုင်လေသည်။
တစ်နည်းအားဖြင့် ဆိုရသော် ဤနှလုံးသားမျက်လုံးကို အောင်မြင်စွာ စုစည်းနိုင်ပြီး တိုက်ပွဲတွင် အသုံးချနိုင်ခဲ့ပါက ရန်သူ၏ လှုပ်ရှားမှုအားလုံးကို ကြိုတင်သိမြင်နိုင်မည်ဖြစ်ကာ နည်းလမ်းအမျိုးမျိုးကို ကြိုတင်စဉ်းစားထားနိုင်မည် ဖြစ်၏။
ဤသို့ဆိုလျှင် သူသည် မည်သည့်တိုက်ပွဲတွင်မဆို ရှုံးနိမ့်မည့်အခြေအနေမှ ကင်းဝေးသွားမည်ဖြစ်ပြီး မည်သူမှ ယှဉ်ပြိုင်နိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။
"ကြည့်ရတာ ချန်ချွန်းတာအိုအရှင်တောင် ဆဋ္ဌမမြောက် နှလုံးသားမျက်လုံးကို စုစည်းနိုင်ခဲ့ပုံမပေါ်ဘူး..."
"အကယ်လို့ နှလုံးသားမျက်လုံး ကြိုတင်သိမြင်ခြင်းကိုသာ တကယ် စုစည်းနိုင်ခဲ့မယ်ဆိုရင် ရန်သူ့လက်ထဲမှာ အဲဒီလောက်အထိ ဆော်ပလော်အတီးခံရဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ..."
"ဒီလိုအခြေအနေမျိုးအထိ ကျဆင်းမသွားဘဲ စောစောစီးစီးတည်းက ပြန်သတ်နိုင်လောက်တယ်..."
ကျိုးစွေ့က မေးစေ့ကို ပွတ်သပ်လိုက်လေသည်။
သူသည်လည်း ဆဋ္ဌမမြောက် နှလုံးသားမျက်လုံး ကြိုတင်သိမြင်ခြင်းကို စုစည်းရမည့် ခက်ခဲမှုကို သဘောပေါက်သွားခဲ့သည်မှာ ထင်ရှားလှ၏။
သို့သော်လည်း ဤသည်က ကိစ္စမရှိပေ။
ယခု သူ့ထံတွင် အချိန်များစွာ ရှိနေပြီး နှစ်ရာချီ၊ သို့မဟုတ် နှစ်ထောင်ချီ အချိန်ယူရလျှင်ပင် အမှန်တကယ်တမ်း လုံးဝ ကိစ္စမရှိချေ။
အောင်မြင်အောင် ကျင့်ကြံနိုင်သရွေ့ အမြတ်ကြီး ထွက်မည်ဖြစ်ရာ လောလောဆယ်တွင် လုံးဝ အလျင်စလိုလုပ်ရန် မလိုအပ်ပေ။
…