အခန်း ၈၉၉
Vol. 85 Ch. 899
အခန်း (၈၉၉) - အဆင့်မြင့်ဥပဒေသ၊ အစစ်အမှန်ဝိညာဉ်များ သန်မာရခြင်း၏ လျှို့ဝှက်ချက် (၂)
ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူ ဝမ်ခွန်ယန်ပင်လျှင် ထိုသို့ဖြစ်နေချေသည်။ သူသည် ပတ်ဝန်းကျင်ရှိ ကမောက်ကမဖြစ်နေသော လေဟာနယ်ကိုပင် ခံစားလိုက်ရ၏။
သူသည် လေဟာနယ်ဝင်္ကပါတစ်ခုအတွင်းသို့ ရောက်ရှိနေသကဲ့သို့ပင်။ မည်မျှပင် ပျံသန်းနေစေကာမူ မူလနေရာ၌သာ ရပ်တန့်နေပေလိမ့်မည်။
ဤခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများသာမက ထိုကန္တာရသားရဲအုပ်စုသည်လည်း အလားတူပင် ဖြစ်၏။ သူတို့သည်လည်း လေဟာနယ်နေရာအသီးသီးသို့ ခွဲခြားခံလိုက်ရလေသည်။
ဤအခိုက်အတန့်တွင် ထိုကန္တာရသားရဲများသည်လည်း လမ်းလွဲသွားကြပြီး ပင်လယ်နယ်မြေအတွင်း၌ ဦးခေါင်းမရှိသော ယင်ကောင်များကဲ့သို့ သွားလာနေရုံသာ တတ်နိုင်တော့သည်။ အချိန်တိုအတွင်းတွင် ထွက်ခွာရန် မည်သည့်နေရာကိုမျှ သူတို့ရှာတွေ့နိုင်မည် မဟုတ်ချေ။
ဤသည်မှာ သတ္တမအဆင့် အထွတ်အထိပ်အစီအရင်ဖြစ်သော ဓာတ်ငါးပါး ရွှီမီမြူခိုးအစီအရင်၏ အစွမ်းထက်လှသော အချက်ပင် ဖြစ်၏။ ၎င်းသည် ကာကွယ်ရေးအစီအရင်တစ်ခုမျှသာ မဟုတ်ဘဲ တစ်ချိန်တည်းမှာပင် ချုပ်နှောင်ခြင်းအစီအရင်လည်း ဖြစ်လေသည်။
အစီအရင်အတွင်းသို့ ဝင်ရောက်လာသည်နှင့်တစ်ပြိုင်နက် ဤနေရာမှ လွတ်မြောက်ရန် စဉ်းပင်မစဉ်းစားသင့်ချေ။
၎င်းကို အစီအရင်ဝိညာဉ်က ထိန်းချုပ်ထားသဖြင့် အစီအရင်၏စွမ်းဆောင်ရည်အား ရာခိုင်နှုန်းပြည့် အသုံးချနိုင်သည်ကိုမူ ဆိုဖွယ်ရာပင် မရှိတော့ချေ။
ထိုကဲ့သို့သောစွမ်းအားမှာ ခန္ဓာပေါင်းစည်းခြင်းအဆင့် ပြီးပြည့်စုံခြင်းရှိ ကျင့်ကြံသူတစ်ဦးနှင့်ပင် ယှဉ်နိုင်ပြီး အဆုံးမဲ့မှော်စွမ်းအင်များ ပါဝင်နေသော ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် တူညီပေသည်။
ရွှစ်...
ထိုအခိုက်အတန့်တွင် ကျိုးစွေ့သည်လည်း လေပေါ်၌ပေါ်လာပြီး အထက်စီးမှနေ၍ ထိုခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများကို ကြည့်ရှုနေလေသည်။
သူ့အတွက်မူ အစီအရင်အတွင်းရှိ အခြေအနေအားလုံးကို ရှင်းလင်းစွာ ခံစားသိရှိနိုင်သည်။ အခြားသောကျင့်ကြံသူများမှာ ဦးခေါင်းမရှိသော ယင်ကောင်များနှင့် တူနေသော်လည်း သူကမူ မီးရောင်ကို ကြည့်နေရသကဲ့သို့ အသေးစိတ်ကအစ ရှင်းလင်းစွာ မြင်တွေ့နေရ၏။
"ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူတွေပဲ... ဒါကတော့ တိုက်ဆိုင်တာပဲ..."
ကျိုးစွေ့က မျက်လုံးများကို မှေးကျဉ်းလိုက်၏။
ရိုးရိုးသားသားဆိုရလျှင် သူသည် ခြင်နက်မျိုးနွယ်စုအပေါ် များစွာသဘောမကျလှချေ။ အဘယ်ကြောင့်ဆိုသော် ဤမျိုးနွယ်စုမှကျင့်ကြံသူများ၏စရိုက်မှာ အလွန်ရက်စက်ပြီး ကိုယ်ကျိုးရှာကာ အငြိုးအတေးကြီးမားလှသောကြောင့်ပင်။
တစ်ဖက်လူကို ကူညီလိုက်သည့်တိုင် ကျေးဇူးတင်မည် မဟုတ်ပေ။ အကယ်၍ တစ်ဖက်လူကို ပြစ်မှားမိပါက နှစ်ဆတိုး၍ လက်စားချေခြင်းကိုပင် ခံရနိုင်သေးသည်။ အချုပ်အားဖြင့်ဆိုရသော် အလွန်တရာပြဿနာများသော မျိုးနွယ်စုတစ်ခုပင် ဖြစ်ပေသည်။
'ဟုတ်သား... အရင်ဆုံး 'ကံကြမ္မာကူ'ရဲ့ စွမ်းအားကို စမ်းသပ်ကြည့်ရမယ်... ဒီခြင်နက်မျိုးနွယ်စု ကျင့်ကြံသူတွေကို သတ်ဖြတ်လိုက်ရင် ဘယ်လိုအကျိုးဆက်တွေ ဖြစ်လာမလဲဆိုတာ ကြည့်ရတာပေါ့...'
ကျိုးစွေ့က စိတ်ထဲတွင် တွေးလိုက်ပြီး ဆဋ္ဌမအဆင့် အလယ်အလတ်ရှိ 'ကံကြမ္မာကူ'၏ စွမ်းအားကို ချက်ချင်းလှုံ့ဆော်လိုက်လေသည်။
ဆဋ္ဌမအဆင့် အလယ်အလတ်သို့ တက်လှမ်းသွားပြီးနောက် 'ကံကြမ္မာကူ'တွင် ထူးခြားသောစွမ်းရည်တစ်ခု ထပ်တိုးလာသည်မှာ ထင်ရှားလှသည်။ ၎င်းမှာ သခင်ဖြစ်သူအား မှန်ကန်သောရွေးချယ်မှုများ ပြုလုပ်နိုင်ရန် ကူညီပေးနိုင်ခြင်းပင်။
ဥပမာအားဖြင့်ဆိုရသော် မှားယွင်းသော ဆုံးဖြတ်ချက်ကို ချမိပါက ကံဆိုးမိုးမှောင်ကျခြင်းကို ဖြစ်ပေါ်စေနိုင်သည်။ အကယ်၍ မှန်ကန်သော ဆုံးဖြတ်ချက်ကို ချမိပါက ကံကောင်းခြင်းများ ကျရောက်လာပြီး ကံကြမ္မာက အဆင်ပြေချောမွေ့သွားမည် ဖြစ်၏။
ကံကြမ္မာ၏ ပြောင်းလဲမှုများမှတစ်ဆင့် သူ၏ရွေးချယ်မှုက မှန်ကန်သလား၊ မှားယွင်းသလားဆိုသည်ကို သူ သိရှိနိုင်သည်။ ဤသို့ဖြင့် အရာအားလုံးကို ကြိုတင်ကာကွယ်ထားနိုင်မည် ဖြစ်သည်။
'မဖြစ်နိုင်တာ... ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူတွေက တကယ်ကို ရက်စက်ယုတ်မာတဲ့ ကောင်တွေပဲ...'
'တကယ်လို့ ငါသာ ဒီခြင်နက်မျိုးနွယ်စု ကျင့်ကြံသူတွေကို ကန္တာရသားရဲတွေရဲ့ လက်ထဲကနေ အသက်ရှင်လျက် လွတ်မြောက်အောင် ကူညီပေးလိုက်ရင် ဘာအကျိုးကျေးဇူးမှ ရလာမှာ မဟုတ်ဘူး... အသက်အန္တရာယ်တောင် ကြုံတွေ့ရနိုင်ပြီး ဆုံးရှုံးမှု ကြီးမားသွားနိုင်တယ်... တကယ့်ကို ကျေးဇူးကန်းတဲ့ ကောင်တွေပဲ...'
'တကယ်လို့ ဒီခြင်နက်မျိုးနွယ်စု ကျင့်ကြံသူတွေကို သတ်ဖြတ်လိုက်မယ်ဆိုရင်တော့ အကျိုးကျေးဇူးတွေ အများကြီး ရနိုင်တယ်... ဘာဘေးအန္တရာယ်နဲ့ နောက်ဆက်တွဲ ပြဿနာတွေမှလည်း ရှိလာမှာ မဟုတ်ဘူး... ကိုယ့်ရဲ့ ကံကြမ္မာကိုလည်း တိုးပွားလာစေနိုင်သေးတယ်...'
ကျိုးစွေ့တစ်ယောက် ဆွံ့အသွားရလေသည်။
သူသည် ‘ကံကြမ္မာကူ’ ကို အနည်းငယ် လှုံ့ဆော်လိုက်ရုံမျှဖြင့် ဤကဲ့သို့သော ပြောင်းလဲမှုမျိုး ပေါ်ပေါက်လာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။
ဤကမ္ဘာလောကတွင် ကျေးဇူးကို အဆိပ်ဖြင့် တုံ့ပြန်တတ်သောသူများ တကယ်ပင် ရှိနေကြသည်။ သံသယဖြစ်ဖွယ်မရှိ ဤခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများက ဤကဲ့သို့သော သက်ရှိများပင် ဖြစ်ချေသည်။
၎င်းတို့ကို ကူညီလိုက်လျှင်ပင် မည်သည့်ကျေးဇူးတင်မှုမျှ ရှိလာမည်မဟုတ်ဘဲ ရထိုက်သော အခွင့်အရေးဟုသာ မှတ်ယူကြပေလိမ့်မည်။ ဤကဲ့သို့သော ကျေးဇူးကန်းသည့် ခွေးကောင်များကို စောစီးစွာ သတ်ဖြတ်ပစ်ခြင်းကသာ ပို၍ကောင်းမွန်ပေသည်။ သို့မှသာ အနာဂတ် ဘေးအန္တရာယ်များကို အမှန်တကယ် ရှင်းလင်းဖယ်ရှားနိုင်မည် ဖြစ်၏။
'’ကံကြမ္မာကူ’ ရဲ့ ကြိုတင်သိမြင်မှုအရဆိုရင် ခန္ဓာပေါင်းစည်းခြင်းအဆင့် ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူကို တစ်ချက်တည်းနဲ့ သတ်ပစ်လိုက်တာ အကောင်းဆုံးပဲ...'
'ဒါမှသာ အနာဂတ် ဘေးအန္တရာယ်တွေကို အများဆုံး ဖယ်ရှားနိုင်ပြီး ဘာအကျပ်အတည်းမှ မပေါ်လာအောင် ကာကွယ်နိုင်မှာ...'
'တိုက်ရိုက်သေဆုံးခြင်း နှလုံးသားမျက်လုံးကိုလည်း အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ပြီပဲ...'
'တိုက်ရိုက်သေဆုံးခြင်း နှလုံးသားမျက်လုံးရဲ့ စွမ်းအားကို စမ်းသပ်ကြည့်လို့ရပြီ။ ခန္ဓာပေါင်းစည်းခြင်း အစောပိုင်းအဆင့်က အစွမ်းထက်ကျင့်ကြံသူကို အဆင့်ကျော်ပြီး သတ်နိုင်မလားဆိုတာ ကြည့်ရမယ်...'
ကျိုးစွေ့၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားလေသည်။
သူသည် ယခုအခါ ပို၍ပင် စိတ်လှုပ်ရှားလာသည်ဟု ခံစားလိုက်ရ၏။ လေဟာနယ်သန့်စင်ခြင်းအဆင့်ဖြင့် ခန္ဓာပေါင်းစည်းခြင်းအဆင့်ကို သတ်ဖြတ်ခြင်းသည် မည်မျှကြီးမားသော သူရဲကောင်းဆန်သည့် လုပ်ရပ်ဖြစ်ပါသနည်း။
ဝိညာဉ်လောကတွင် ဤကဲ့သို့သော ကိစ္စမျိုး ဖြစ်ဖူး၊ မဖြစ်ဖူးဆိုသည်ကို မသိသော်ငြား အကယ်၍ တကယ်တမ်း ဖြစ်ခဲ့ဖူးပါကလည်း လက်ချိုးရေတွက်၍ ရနိုင်လောက်ပေသည်။
တစ်ကြိမ်တစ်ခါမျှသာ သတင်းပျံ့နှံ့သွားပါက ဝိညာဉ်လောကတစ်ခုလုံးကို တုန်လှုပ်သွားစေရန် လုံလောက်ပေလိမ့်မည်။
ဘန်း… ဘန်း… ဘန်း…
ချက်ချင်းပင် ကျိုးစွေ့သည် သူ၏ ပဉ္စမမြောက်ဖြစ်သော တိုက်ရိုက်သေဆုံးခြင်း နှလုံးသားမျက်လုံးကို အသက်သွင်းလိုက်သည်။ ချက်ချင်းဆိုသလိုပင် သူ၏ နှလုံးသားမျက်လုံးစွမ်းအားများသည် ပျံ့နှံ့သွားပြီး အရပ်လေးမျက်နှာကို လွှမ်းခြုံကာ ထိုခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများကို ရစ်ပတ်သွားချေပြီ။
ထိုပျံသန်းရေးသင်္ဘော ခုနစ်စင်းအတွင်း၌ ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူ ထောင်ပေါင်းများစွာ ရှိနေသည်။ ခန္ဓာပေါင်းစည်းခြင်း အစောပိုင်းအဆင့် တစ်ယောက်၊ လေဟာနယ်သန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ရာနှင့် ကျန်ရှိနေသူများမှာ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူများ ဖြစ်ကြ၏။
၎င်းတို့အားလုံးမှာ ခြင်နက်မျိုးနွယ်စု၏ ထိပ်တန်းပါရမီရှင်များပင် ဖြစ်လေသည်။ တစ်ယောက်ချင်းစီ၏ ခန္ဓာကိုယ်ပေါ်တွင် နက်ရှိုင်းသော သတ်ဖြတ်လိုစိတ်များ ဖုံးလွှမ်းနေပြီး မရေမတွက်နိုင်သော မတရားသေဆုံးသွားသည့် ဝိညာဉ်များနှင့် သွေးဆာနေသော အငွေ့အသက်များ ရစ်ပတ်နေပုံရသည်။ ထင်ရှားစွာပင် ၎င်းတို့သည်လည်း လူမဆန်စွာ သတ်ဖြတ်တတ်သူများပင် ဖြစ်ကြသည်။
'တိုက်ရိုက်သေဆုံးခြင်း နှလုံးသားမျက်လုံး။ သေဆုံးခြင်းမျဉ်းကြောင်းကို မြင်တွေ့နိုင်တဲ့ မျက်လုံးပဲ...'
'သေဆုံးခြင်းမျဉ်းကြောင်းကို မြင်နိုင်တယ်ဆိုရင် သေဆုံးခြင်းစွမ်းအားကို အသုံးပြုနိုင်ပြီး သေဆုံးခြင်း ဥပဒေသရဲ့ လှိုင်းဂယက်ကိုတောင် အသက်သွင်းနိုင်တယ်...'
'လှိုင်းဂယက် အနည်းငယ်လေး ဖြစ်နေရင်တောင် ပါဝင်တဲ့စွမ်းအားက သာမန်ကျင့်ကြံသူတွေ တုပြိုင်နိုင်တဲ့ အရာမျိုး မဟုတ်ဘူး...'
ဤအခိုက်အတန့်တွင် ကျိုးစွေ့သည် မူလဝိညာဉ်က ကောင်းကင်နှင့်မြေကြီးထဲသို့ ပေါင်းစပ်သွားပြီဖြစ်ကြောင်း ခံစားလိုက်ရသည်။ ဝမ်းသာခြင်း၊ ဝမ်းနည်းခြင်း အလျဉ်းမရှိတော့ဘဲ သူ၏ တစ်ကိုယ်လုံးသည် အမှောင်ထု သို့မဟုတ် သေခြင်းတရားထဲသို့ ပေါင်းစပ်သွားသကဲ့သို့ ရှိနေလေ၏။
ဘန်း...
ချက်ချင်းပင် သူသည် ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများထံသို့ လက်ညိုးတစ်ချောင်းဖြင့် ညွှန်ပြကာ တိုက်ခိုက်လိုက်လေသည်။
လေဟာနယ်ထဲတွင် အနက်ရောင် သေဆုံးခြင်းလှိုင်းဂယက်တစ်ခု ချက်ချင်း ပေါ်ထွက်လာပြီး မျက်မြင်မရသော လှိုင်းလုံးများလည်း ဖြစ်ပေါ်လာသည်။ ထိုအရာသည် ကြောက်မက်ဖွယ်ကောင်းသော သေဆုံးခြင်းလှိုင်းဂယက်များကို သယ်ဆောင်လာကာ ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူများအပေါ် လွှမ်းခြုံသွားချေပြီ။
“မကောင်းတော့ဘူး...”
ခန္ဓာပေါင်းစည်းခြင်း အစောပိုင်းအဆင့် ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူ ဝမ်ခွန်ယန်၏ မျက်နှာမှာ ချက်ချင်းပင် အကြီးအကျယ် ပျက်ယွင်းသွားသည်။
သူသည် ယခုအခါ၌ သေရေးရှင်ရေး ဘေးအန္တရာယ်ကြီး ဆိုက်ရောက်လာသည်ကို ခံစားလိုက်ရပြီး တစ်ကိုယ်လုံးမှာလည်း မရေမတွက်နိုင်သော အပ်များဖြင့် ထိုးဆွခံနေရသကဲ့သို့ စူးရှသော နာကျင်မှုကို ခံစားနေရကာ နှလုံးသားတစ်ခုလုံးပင် တုန်လှုပ်ချောက်ချားသွားတော့သည်။
ခန္ဓာပေါင်းစည်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်သည့်အားလျော်စွာ ဘေးအန္တရာယ်အပေါ် ကြိုတင်သိမြင်နိုင်စွမ်းမှာ သာမန်ကျင့်ကြံသူများနှင့် လုံးဝနှိုင်းယှဉ်၍ မရနိုင်ပေ။
"သွားပြီ... ဒါက ဥပဒေသလှိုင်းဂယက်ပဲ..."
"ဒီနေရာမှာ နေထိုင်တာက အားနည်းတဲ့ မျိုးနွယ်စုမဟုတ်ဘဲ အားကောင်းတဲ့ မျိုးနွယ်စု ဖြစ်နေတာလား..."
"ဒီနေရာမှာ မဟာယာနအဆင့် အင်မော်တယ်တစ်ပိုင်း ရှိနေတာလား..."
ခြင်နက်မျိုးနွယ်စု ကျင့်ကြံသူ ဝမ်ခွန်ယန်၏ မျက်နှာမှာ သွေးဆုတ်ဖြူလျော့သွားပြီး နောင်တရလွန်း၍ ရင်ထုမနာ ဖြစ်နေရတော့သည်။