အခန်း ၁၄၉
Vol. 15 Ch. 149
Chapter 149
~
အခန်း ၁၄၉ : တရားဝင် ဝန်ထမ်း ဖြစ်လာမည့် အခွင့်အရေး
~
"ဌာနမှူး.. စုစုပေါင်း ၈၉ ကျင်းနဲ့ ၂ လျန် ရှိပါတယ်.. ကျွန်တော် နှစ်ခါတောင် သေချာ ချိန်ကြည့်ပြီးပါပြီ.."
( ဒါရိုက်တာ ဝမ်က ..ကန်တင်းတွေရဲ့ တာဝန်ခံပဲဆိုတော့ ဌာနမှူး လို့ပဲ ပြင်ရေးပါတယ်ဗျ.. အကုန် ဒါရိုက်တာတွေပဲ ရေးထားတော့ အိုင်းတွေလည်နေရော 🤣 )
ခဏအကြာတွင် မာဟွာ ထွက်လာပြီး သတင်းပို့လိုက်သည်။
"အင်း... ၉၀ ကျင်းလို့ပဲ အတိအကျ စာရင်းသွင်းလိုက်မယ်.."
ဒါရိုက်တာဝမ် ခေါင်းညိတ်လိုက်ပြီး ယန်ကျီဝမ်ကို လှမ်းပြောသည်။
" ယန်လေး... ငါ့ရုံးခန်းကို လာခဲ့ဦး.. မင်းအတွက် ငွေထုတ်ဖို့ ပြေစာလေး လုပ်ပေးလိုက်မယ်.."
ယန်ကျီဝမ်က ပြုံး၍ ခေါင်းညိတ်လိုက်၏။ သူတို့နှစ်ယောက်သည် အနာဂတ်တွင် လုပ်ငန်းသဘောအရ အချင်းချင်း ဆက်ဆံရဦးမည်ဖြစ်ရာ ဒါရိုက်တာဝမ်အား မျက်နှာသာပေးရပေမည် ။
ရုံးခန်းအတွင်းသို့ ရောက်သောအခါ ဒါရိုက်တာဝမ်က ယန်ကျီဝမ်အတွက် ပြေစာကို ရေးပေးရင်း ပြောလိုက်သည်။
"ယန်လေး... ရှာကျူးကို ဒေါသထွက်မနေနဲ့..အဲ့ကောင်က အဲ့လိုပဲ... သူ့ရဲ့ ကျွမ်းကျင်မှုကို အားကိုးပြီး လူတိုင်းကို အထင်သေးတတ်တဲ့ လူယုတ်မာမျိုးကွ.."
"ကန်တင်းအတွက် သူ့ကို လိုအပ်နေသေးလို့သာပေါ့ကွာ.. မဟုတ်ရင် ခေါင်းဆောင်တွေက သူ့ကို အိမ်သာဆေး..တံမြက်စည်းလှည်းဖို့ အကြာကြီးကတည်းက ပို့ပစ်ပြီးလောက်ပြီ.."
"ရပါတယ် ဒါရိုက်တာ.. ကျွန်တော်လည်း အရူးတစ်ယောက်အတွက်နဲ့ ဒေါသထွက်နေမှာ မဟုတ်ပါဘူး.. စိတ်ချပါ.."
ယန်ကျီဝမ်က အပြုံးဖြင့် ပြန်ဖြေလိုက်သည်။
တကယ်တော့ ရှာကျူး၏ ဟင်းချက်စွမ်းရည်က အလွန်ကောင်းမွန်လှပေသည်။ ယုတ္တိဗေဒအရ တွေးကြည့်မည်ဆိုလျှင် သူသည် အစောကြီးကတည်းက ရာထူးတိုးသင့်နေပြီဖြစ်သော်လည်း ယခုအချိန်အထိ အဆင့်ရှစ် စားဖိုမှူးအဖြစ်မှ မတက်နိုင်သေးပေ။
သူ၏ အကြီးမားဆုံး အားနည်းချက်မှာ သူ၏ ပါးစပ်ပင် ဖြစ်သည်။
အစောပိုင်းကကဲ့သို့ပင် ရှာကျူးသည် သူ၏ အထက်လူကြီးဖြစ်သော ဌာနမှူးဝမ်ကိုပင် လုံးဝ မလေးစား ။ အထက်လူကြီးကို ဤကဲ့သို့ ဆက်ဆံနေခြင်းက အရူးတစ်ယောက်သာလျှင် လုပ်ပေမည် ။
ယန်ကျီဝမ်၏ စကားကြောင့် ဒါရိုက်တာဝမ် အံ့အားသင့်သွားပြီး လက်ခုပ်တီးကာ ထောက်ခံလိုက်သည်။
"ဟုတ်တယ်... အဲ့ကောင်က တကယ့် အရူး.. အရူးနဲ့ ရန်ဖြစ်စရာ မလိုဘူး.."
"ဒါပေမဲ့ ယန်လေး စိတ်မပူပါနဲ့.. နောက်ဆိုရင် တခြားသူတွေကို ငါ သေချာ ညွှန်ကြားထားပေးမယ်.. အခုကစပြီး သူတို့က မင်းရဲ့အလုပ်တွေမှာ ကောင်းကောင်း ပူးပေါင်းဆောင်ရွက်ကြလိမ့်မယ်.."
"ဒါဆိုရင်လည်း ဒါရိုက်တာကို ကြိုပြီး ကျေးဇူးတင်ထားရမှာပေါ့.."
"ရပါတယ်ကွာ... အားလုံးက စက်ရုံကြီးအတွက် ပံ့ပိုးကူညီနေကြတာပဲဟာ.."
ဒါရိုက်တာဝမ်အား နှုတ်ဆက်ပြီးနောက် ယန်ကျီဝမ်က ငွေထုတ်ရန် ဘဏ္ဍာရေးဌာနသို့ အရင်သွားခဲ့ပြီးမှ ဌာနမှူးလျောင်၏ ရုံးခန်းဆီသို့ ဦးတည်သွားလိုက်သည်။
သူ တံခါးကို ခေါက်ပြီးနောက် အထဲသို့ ဝင်သွား၏။
ဌာနမှူးလျောင်က ယန်ကျီဝမ်ကို မြင်သောအခါ မျက်မှောင်ကြုတ်သွားသည်။
"ယန်လေး...မင်း အပြင်မထွက်ဘူးလား.."
ဤကဲ့သို့ သဘောထားမျိုးက လက်ခံနိုင်စရာ မရှိပေ။ အလုပ်စဝင်သည့် ပထမဆုံးနေ့မှာပင် ပျင်းရိနေသည်လော။ အကယ်၍ တရားဝင်ဝန်ထမ်းတစ်ယောက်သာ ဖြစ်လာခဲ့လျှင် မည်သို့ လုပ်မည်နည်း။
ယန်ကျီဝမ်က တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်။
"ကျွန်တော် အပြင်ထွက်ပြီး ငါးတွေ ဝယ်လာခဲ့ပါတယ်.. အခုလေးတင် စားသောက်ဆောင်ကို သွားပို့ပြီးလို့ ပြန်လာတာပါ.."
"အိုး..."
ဌာနမှူးလျောင် အံ့အားသင့်သွားပြီး စပ်စုချင်စိတ်ဖြင့် မေးလိုက်သည်။
"မင်း ဘယ်လောက်ရခဲ့လို့လဲ.."
"၉၀ ကျင်းပါ.."
ယန်ကျီဝမ်က အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
"ဘယ်လောက်..."
ဌာနမှူးလျောင် အံ့သြလွန်းသဖြင့် ထိုင်ခုံမှပင် မတ်တတ်ထရပ်မိသွားသည်။
"မင်း တစ်ရက်တည်းနဲ့ ငါး ၉၀ ကျင်း ရလာတယ်လို့ ပြောလိုက်တာလား.."
ယန်ကျီဝမ်က ခေါင်းညိတ်ပြလိုက်သောအခါ ဌာနမှူးလျောင်မှာ ဆွံ့အသွားတော့သည်။
ဤပမာဏသည် တစ်လစာ အလုပ်တာဝန်အတွက်ပင် ကျော်လွန်နေပြီး နှစ်လစာအတွက်ပင် လောက်ငှပေသည်။ သို့သော် ဤကလေးက တစ်ရက်တည်းနှင့်ပင် အားလုံးကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။
တကယ့်ကို ရှားပါးလှသည့် အရည်အချင်းပင် ။
'ဒီတစ်ခါတော့ လီရှန်းလီက ဝယ်ယူရေးဌာနဆီ တကယ့်ပါရမီရှင်တစ်ယောက်ကို ခေါ်လာပေးနိုင်ခဲ့တာပဲ...'
ဌာနမှူးလျောင်က စိတ်ထဲမှ ကြိတ်၍ ချီးကျူးလိုက်မိသည်။
ခဏအကြာမှ ဌာနမှူးလျောင် စိတ်ပြန်ငြိမ်သွားခဲ့သည်။ သူက စီးကရက်တစ်လိပ်ကို မီးညှိလိုက်ရင်း မေးလိုက်သည်။
"ယန်လေး... ဒီငါးတွေကို မင်း ဘယ်ကနေ ရလာခဲ့တာလဲ"
ယန်ကျီဝမ်က ခေါင်းယမ်းလိုက်ပြီး...
"ကျွန်တော်ကိုယ်တိုင် ဟောက်ဟိုင်ရေကန်မှာ သွားမျှားလာခဲ့တာပါ.."
"ဘာ..."
ဌာနမှူးလျောင် ထပ်မံ၍ အံ့အားသင့်သွားရပြန်သည်။
"ရွှီတာမော့က ငါ့ကို လာပြီး ကြွားနေတယ်လို့ပဲ ငါက ထင်နေခဲ့တာ..."
ယန်ကျီဝမ်က ပြုံးရုံသာ ပြုံးနေလိုက်သည်။
ဌာနမှူးလျောင်က သူ၏စီးကရက်ကို ပြင်းပြင်းတစ်ချက် ရှိုက်လိုက်ပြီး လေးနက်သောအသံဖြင့်...
"ယန်လေး... ရိုးရိုးသားသား ပြောစမ်းကွာ.. မင်း တစ်နေ့ကို ငါးဘယ်လောက်လောက် ဖမ်းနိုင်လဲ.."
"အာမ မခံရဲပေမယ့် တစ်နေ့ကို ၂၀ ကနေ ၃၀ ကျင်းလောက်အထိတော့ ဖမ်းနိုင်ပါတယ်.. ဒီနေ့ကတော့ ကံကောင်းသွားလို့ပါ.."
ယန်ကျီဝမ်က သူ၏စွမ်းရည်ကို အပြည့်အဝ ထုတ်ဖော်မပြောပေ။ လက်ရှိအချိန်တွင် အခြေအနေများက ခက်ခဲကျပ်တည်းနေပြီး သူ၏ အရည်အချင်းမျိုးက ဈေးကွက်တွင် ရောင်းအားအကောင်းဆုံး ကုန်ပစ္စည်းတစ်ခု ဖြစ်လာခဲ့ပြီဖြစ်သည်။
အကယ်၍ ဌာနမှူးလျောင်ကသာ သူ့အား နေ့တိုင်း များပြားသော ငါးပမာဏကို ဝယ်ယူခိုင်းနေလျှင် မည်သို့လုပ်မည်နည်း။ ဟောက်ဟိုင်ရေကန်က ကြီးမားသော်လည်း ငါးများက အကန့်အသတ်ရှိသည်။ အချိန်မည်မျှကြာလျှင် ငါးအထွက်နှုန်း ကျဆင်းသွားမည်ကို မည်သူမှ မသိနိုင်ချေ။
သို့သော် ဤမျှလောက် ပမာဏကပင် ဌာနမှူးလျောင်ကို အံ့အားသင့်သွားစေရန် လုံလောက်နေလေပြီ။ တစ်နေ့လျှင် ၃၀ ကျင်းဆိုသည်က အဝယ်တော် တစ်ယောက်၏ လစဉ်ပမာဏပင် ဖြစ်သည် ။
"အရမ်းကောင်းတယ်... ယန်လေး... ငါ မင်းကို တာဝန်တစ်ခုပေးမယ်.. ဒီကာလအတွင်းမှာ မင်း စက်ရုံကို နေ့တိုင်း ငါး ၃၀ ကျင်း ပို့ပေးရမယ်.. စိတ်မပူပါနဲ့... ငါ မင်းကို အလကား အလုပ်လုပ်ခိုင်းမှာ မဟုတ်ပါဘူး.. မင်းအတွက် ထိုက်တန်တဲ့ ဆုလာဘ်တစ်ခု ရှိစေရမယ်.."
ဌာနမှူးလျောင်က လေးနက်စွာ ပြောလိုက်သည်။
သူ တကယ်ကို အခက်တွေ့နေခဲ့ခြင်း ဖြစ်သည်။
ရက်အနည်းငယ်အတွင်းမှာပင် သူ့အား ဒါရိုက်တာလီက အကြိမ်ပေါင်းများစွာ ခေါ်ယူကာ ဆူပူကြိမ်းမောင်းခဲ့သည်။
ဝယ်ယူရေးဌာနရှိ လူတိုင်းသည် ကုန်ပစ္စည်းများကို ဟိုမှသည်မှ သယ်ယူပို့ဆောင်နေကြပြီး အလုပ်ကို သေချာမလုပ်ကြကြောင်း၊ ညီအစ်ကိုတပ်ဖွဲ့များမှ ရဲဘော်ရဲဘက်များကို ဧည့်ခံရန်အတွက်ပင် ထောက်ပံ့ရေးပစ္စည်းများ ရှာဖွေမရနိုင်ကြောင်း ပြောဆိုကာ သူ့အား အပြစ်တင်ခဲ့၏။
ခဏခဏ အဆူခံရလွန်းသဖြင့် ခေါင်းမွှေးများပင် ပြောင်ချင်လာသည် ။
သို့သော် သူ ဘာတက်နိုင်မည်နည်း။ သူ အလုပ်မလုပ်ချင်သည်လော ။ လုံးဝ မဟုတ် ။ ယခုအချိန်တွင် နေရာတိုင်း၌ ကုန်စည်ရှားပါးကာ ခက်ခဲနေကြသည်။ ထောက်ပံ့ရေးပစ္စည်းများကို သူ မည်သို့ ရှာရမည်ပါနည်း။
ယခုမူ အခြေအနေက တိုးတက်လာခဲ့သည် ။ ဤမျှ အရည်အချင်းရှိသော လူတစ်ယောက် ရောက်ရှိလာပြီဖြစ်ရာ အနည်းဆုံးတော့ သူ့အနေဖြင့် နောက်ထပ် အဆူခံရတော့မည် မဟုတ်ပေ။
ထိုစကားကို ကြားသောအခါ ယန်ကျီဝမ်၏ မျက်လုံးများ တောက်ပသွားပြီး အပြစ်ကင်းစင်သော အမူအရာဖြင့် မေးလိုက်သည်။
"ဌာနမှူး... ဘယ်လို ဆုလာဘ်မျိုးများလဲခင်ဗျ.."
ဌာနမှူးလျောင် အံ့အားသင့်သွား၏။ ယန်ကျီဝမ်က ဤမျှ တဲ့တိုး မေးလိမ့်မည်ဟု သူ ထင်မထားပေ။ သူက ယန်ကျီဝမ်အား လက်ညှိုးထိုးကာ ရယ်ရင်း ဆူငေါက်လိုက်သည်။
"မင်းကတော့လေ.. တော်တော်ပွင့်လင်းတဲ့ကောင်.."
"ခေါင်းဆောင်ရဲ့ ချီးကျူးမှုအတွက် ကျေးဇူးတင်ပါတယ်ခင်ဗျ.."
"ငါ မင်းကို ချီးကျူးနေတာ မဟုတ်ဘူးကွ.."
ဌာနမှူးလျောင်က မျက်နှာကို တည်ထားလိုက်ပြီး...
"ငါ မင်းနဲ့ စကားတွေ အများကြီး မပြောတော့ဘူး.. မင်းသာ နေ့တိုင်း ငါး ၃၀ ကျင်း သေချာ ရှာလာနိုင်မယ်ဆိုရင် နောက်လမှာ မင်းကို တရားဝင် ဝန်ထမ်းအဖြစ် ချက်ချင်း ခန့်ပေးမယ်.."
ယန်ကျီဝမ် တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်။ ဤသည်က သူ ကြိုတင်ခန့်မှန်းထားသည့်အတိုင်းပင် ဖြစ်သည်။ ထို့ကြောင့်လည်း ပထမဆုံး အလုပ်ဆင်းသည့်နေ့မှာပင် ငါးများကို အများအပြား သယ်ယူလာခဲ့ခြင်းပင်။
မဟုတ်လျှင် သူသည် လစဉ်သတ်မှတ်ထားသည့် တာဝန်ပမာဏကိုသာ ပြီးမြောက်အောင် လုပ်ဆောင်မည်ဆိုပါက တရားဝင်ဝန်ထမ်းတစ်ယောက် ဖြစ်လာရန် အချိန်အတော်ကြာ စောင့်ဆိုင်းနေရလိမ့်မည်။
သူ ထိုမျှလောက် စိတ်မရှည် ။ သူ တရားဝင်ဝန်ထမ်း ဖြစ်လာပြီးနောက် အိမ်တစ်လုံးရသည်နှင့် ယွီလီနဲ့ လက်ထပ်ချင်ပေပြီ ။
သို့သော်လည်း ယန်ကျီဝမ်က ချက်ချင်း သဘောမတူလိုက်ပေ။ ယင်းအစား သူက သတိထားသည့်ဟန်ဖြင့် မေးလိုက်သည်။
"ဌာနမှူး... အချိန်ကန့်သတ်ချက်ကရော ဘယ်လိုရှိလဲ.. ကျွန်တော်က နေ့တိုင်းတော့ ငါးမိမယ်လို့ အာမ မခံနိုင်ဘူးလေ.. ငါးဖမ်းတာက ကံကိုလည်း အများကြီး အားကိုးရတဲ့ အလုပ်မျိုးဆိုတော့..."
ကံကောင်းခြင်း...
ဌာနမှူးလျောင် ထိုစကားကို မယုံကြည်ပေ။ တစ်ရက်တည်းနှင့် ငါး ကျင်းတစ်ရာနီးပါး ဖမ်းမိနိုင်လောက်အောင် မည်သူက ကံကောင်းနိုင်မည်နည်း။
ဌာနမှူးလျောင်က ခဏ စဉ်းစားပြီးနောက်...
"ဆယ်ရက်... မင်း လုပ်နိုင်မလား.."
ဆယ်ရက်ဆိုလျှင် တစ်နေ့ကို ၃၀ ကျင်းဖြင့် စုစုပေါင်း ငါး ၃၀၀ ကျင်း ဖြစ်ပေမည်။
ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီး ...
"ကျွန်တော် လုပ်နိုင်ပါတယ်..."
"ဒါဆိုရင်လည်း အဆင်ပြေသွားပြီ.. သွား... သွားလုပ်တော့.."
ဌာနမှူးလျောင်က သူ့အား လက်ကာပြကာ မောင်းထုတ်လိုက်သည်။
သို့သော် ယန်ကျီဝမ်က နေရာမှ မရွေ့သေးဘဲ ထပ်မံ၍ မေးလိုက်ပြန်သည်။
"ဌာနမှူး... ကျွန်တော် စက်ဘီးတစ်စီးလောက် လျှောက်ချင်ပါတယ်.."
"ဟမ်..."
ဌာနမှူးလျောင် ရှုပ်ထွေးဝွားပြီး....
"မင်းမှာ စက်ဘီးတစ်စီး ရှိတယ် မဟုတ်ဘူးလား.."
"တကယ်တော့ ကျွန်တော် သုံးဘီးစက်ဘီး (ကုန်တင်ရန်ပြုပြင်ထားသော စက်ဘီး) ကို လိုချင်လို့ပါ..ငါးတွေ အများကြီး သယ်လာတဲ့အခါ ရိုးရိုးစက်ဘီးနဲ့ဆိုရင် အဆင်မပြေဘူးဆိုတာ ဌာနမှူးလည်း သိပါတယ်..."
ယန်ကျီဝမ်က ရှင်းပြလိုက်သည်။
ဌာနမှူးလျောင် ရုတ်တရက် သဘောပေါက်သွားပြီး...
"ကောင်းပြီလေ... ဌာနမှာ အပိုတစ်ခု ရှိတယ်.. ငါ မင်းအတွက် ခွင့်ပြုမိန့် ရေးပေးလိုက်မယ်.."
"ကျေးဇူးတင်ပါတယ် ဌာနမှူး..."
ယန်ကျီဝမ်က ဝမ်းသာအားရ ကျေးဇူးတင်စကား ပြောလိုက်၏။
သုံးဘီးစက်ဘီးသာ ရှိမည်ဆိုပါက အနာဂတ်တွင် ငါးများ သယ်ယူရန်အတွက် အများကြီး ပို၍ အဆင်ပြေချောမွေ့သွားမည်ဖြစ်သည်။
"ကျေးဇူးတင်နေစရာ မလိုပါဘူး.. နောင်တစ်ချိန်မှာ အလုပ်ကိုသာ ပိုပြီး ကြိုးစားလုပ်ပေးပါ.."
ဌာနမှူးလျောင်က ခွင့်ပြုမိန့်စာရွက်ကို ရေးပြီးနောက် ယန်ကျီဝမ်ထံ ကမ်းပေးကာ လက်ပြနှုတ်ဆက်လိုက်သည်။
"သွားသွား..မြန်မြန် သွားတော့..ဒီမှာလာပြီး မျက်စိနောက်အောင် လာလုပ်မနေနဲ့ .."
သူ့ရှေ့မှ ကလေးကို ကြည့်ပြီး ဌာနမှူးလျောင် အနည်းငယ်တော့ စိတ်တိုချင်သွားသည်။ ပထမဆုံး အလုပ်ဆင်းသည့်နေ့မှာပင် အထက်လူကြီးကို ပြန်လည်၍ ဈေးဆစ်ရဲနေသည် မဟုတ်ပါလော။
သို့သော် သူက ယန်ကျီဝမ်ကို တကယ်ကြီး မနှစ်မြို့ခြင်းတော့ မဟုတ်ပေ။ အရည်အချင်းရှိသူများကို မည်သည့်နေရာတွင်မဆို နှစ်သက်သဘောကျကြစမြဲပင် ။
"နားလည်ပါပြီခင်ဗျ.."
ယန်ကျီဝမ်က ဌာနမှူးလျောင်၏ စိတ်မရှည်သည့် အမူအရာကို ဂရုမစိုက်ဘဲ ပြုံးရွှင်စွာဖြင့် စာရွက်ကိုယူကာ ထွက်လာခဲ့သည်။
ထို့နောက် ထိုခွင့်ပြုမိန့်စာရွက်ကို အသုံးပြု၍ သုံးဘီးစက်ဘီးတစ်စီးကို ထုတ်ယူလိုက်သည်။ မှန်ပေသည်။ သုံးဘီးစက်ဘီးဆိုသည်မှာ ရိုးရိုးစက်ဘီးကို နောက်တွင် ကုန်တင်ရန်အတွက် ပြုပြင်မွမ်းမံထားသော စက်ဘီးမျိုးသာ ဖြစ်သည်။ မော်တော်ဆိုင်ကယ်ကဲ့သို့သော အင်ဂျင်တပ် သုံးဘီးယာဉ်မျိုးကို လိုချင်နေပါက အိမ်မက်ထဲတွင်သာ ရပေမည် ။
သို့သော်လည်း ယခုလို သုံးဘီးစက်ဘီးတစ်စီး ရရှိလိုက်ခြင်းအတွက်ပင် ယန်ကျီဝမ် ကျေနပ်နေလေပြီ။
သူ၏ ကိုယ်ပိုင်စက်ဘီးကို သုံးဘီးစက်ဘီးပေါ်သို့ တင်လိုက်ပြီးနောက် အလုပ်ဆင်းချိန်ရောက်သည်နှင့် သုံးဘီးကို နင်းကာ အိမ်သို့ ပြန်လာခဲ့သည်။
ဤသည်ကပင် ဝယ်ယူရေးကိုယ်စားလှယ်တစ်ယောက် ဖြစ်ရခြင်း၏ အဆင်ပြေဆုံးသော အချက်ပင်။ သူ စက်ရုံအတွင်း၌ အချိန်ကုန်ခံပြီး ထိုင်နေစရာ မလို ။ သူ ကြိုက်နှစ်သက်သည့် အချိန်တိုင်း အလုပ်သွား၊ အလုပ်ပြန် လုပ်နိုင်ခွင့် ရှိသည်။
အကယ်၍ တစ်ယောက်ယောက်ကများ သူ့ကို အမြင်မကြည်ဖြစ်ပြီး ထင်ကြေး ပေးချင်နေသလော။
'ကျွန်တော်က ပစ္စည်းတွေဝယ်ဖို့နဲ့ စက်ရုံကြီးအတွက် ပံ့ပိုးကူညီပေးဖို့ အပြင်ထွက်နေရတာလေ.. ဒါက ကျွန်တော့်ရဲ့ အလုပ်ပဲဟာ...'
ဟူ၍ ခပ်တည်တည်ဖြင့် အကြောင်းပြလိုက်ရုံသာ။
'ဟီးဟီး... တွေးကြည့်ရုံနဲ့တင်ကို ကျေနပ်စရာ ကောင်းလိုက်တာ ...'