အခန်း ၁၅၀
Vol. 15 Ch. 150
Chapter 150
~
အခန်း ၁၅၀ : လီဟွိုက်တဲ
~
ယန်ဖူကွေ့သည် ကလေးနှစ်ယောက်နှင့်အတူ အိမ်ပြန်ရောက်ချိန်၌ ခြံဝင်းအပေါက်ဝတွင် ရပ်ထားသော သုံးဘီးစက်ဘီး တစ်စီးကို တွေ့လိုက်ရသည် ။
" ဒီ သုံးဘီးစက်ဘီးက ဘယ်သူ့ဟာလဲ .. "
အပူပေးထားသော အုတ်ခုတင်( ကန်း .. ဧည့်ခန်းထဲမှာ စားပွဲပဲ ရှိရမှာကို သူက အဲ့တာပဲ ထည့်ရေးနေလို့ ထည့်ရေးပါမယ်ဗျ ..)ဘေးတွင် လက်ဖက်ရည်သောက်ရင်း ညစာစားရန် စောင့်နေသည့် ယန်ကျီဝမ်က...
" ကျွန်တော့်ဟာပါ.. စက်ရုံကနေ လျှောက်လိုက်တာ.. ပစ္စည်းတွေ သယ်ဖို့ အဆင်ပြေအောင်လို့ .. "
ယန်ဖူကွေ့၏ မျက်လုံးများ တောက်ပသွားသည် ။ သူက အနားသို့ အမြန်ပြေး လာကာ အုတ်ခုတင်၏ တစ်ဖက်တွင် ထိုင်လိုက်ပြီး...
" ဒုတိယသား.. ဒါဆိုရင် မင်းရဲ့ စက်ဘီးက....... "
" အဖေ သုံးချင်ရင် သုံးလိုက်လေ .. "
ယန်ကျီဝမ်က သူဆိုလိုသည့် အဓိပ္ပါယ်ကို နားလည်သဖြင့် ပြုံးကာ ပြောလိုက်သည် ။
" ဟားဟား.. အရမ်းကောင်းတာပဲ.. အခုဆိုရင် ငါ ယန်ကျီခွမ်းနဲ့ ယန်ကျီတိကို ကျောင်းအတူတူ ခေါ်သွားပေးလို့ ရပြီ .. "
ယန်ဖူကွေ့ ပါးစပ်နားရွက်တိတ်မတတ် ပျော်သွားသည် ။
ယန်ကျီတိက တံခါးဝမှ ခေါင်းပြူထွက်လာပြီး ယန်ကျီဝမ်အား..
" အစ်ကိုနှစ်.. ညီမလေး သုံးဘီးစက်ဘီး စီးချင်တယ် .. "
ယန်ကျီခွမ်းကလည်း အပြေးအလွှား လိုက်လာပြီး...
" အစ်ကိုနှစ်.. ကျွန်တော်လည်း စီးချင်တယ် .. "
ညစာ အဆင်သင့် မဖြစ်သေးသဖြင့် ယန်ကျီဝမ် ခေါင်းညိတ် သဘောတူလိုက်သည် ။
" ကောင်းပြီလေ.. မင်းတို့နှစ်ယောက်ကို နှစ်ပတ်လောက် လိုက်ပို့ပေးမယ် .. "
ထို့နောက် ယန်ကျီဝမ်က သုံးဘီးစက်ဘီးကို နင်းကာ ခြံဝင်းထဲတွင် ပတ်မောင်းပေးနေလေသည် ။
ခဏအကြာတွင် ရှာကျူး ၊ ယီကျုံးဟိုင်နှင့် ကျားဒုံရွှီတို့လည်း ခြံဝင်းထဲသို့ ပြန်ရောက်လာကြသည် ။
သူတို့သည် ယန်ကျီဝမ် သုံးဘီးစက်ဘီးဖြင့် ညီနှင့် ညီမငယ်တို့ကို တင်ကာ ဆော့ကစားပေးနေသည်ကို တွေ့လိုက်ရ၏ ။
ပန့်ကန့် အနီးနားတွင် ရပ်ကာ မနာလိုစွာ ကြည့်နေသော်လည်း ယန်ကျီဝမ်ကို ကြောက်သဖြင့် အနားသို့ သွားကာ ပြဿနာမရှာရဲချေ ။
ရှာကျူးအား ယန်ကျီဝမ်က လက်သီးဖြင့် ထိုး၍ မေ့လဲသွားစေခဲ့သည့် မြင်ကွင်းကို ပန့်ကန့် မှတ်မိနေသေးသည် ။ သူ အကြောက်ဆုံးဖြစ်သည့် သူ၏ အဘွားပင်လျှင် ယန်ကျီဝမ်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရ၏ ။ ထို့ကြောင့် ယန်ကျီဝမ်က သူအကြောက်ရဆုံးသူ ဖြစ်နေချေပြီ ။
" ယန်လောင်အာက ဒီစက်ဘီးကို ဘယ်ကရတာလဲ .. "
ကျားဒုံရွှီက မနာလိုဟန်ဖြင့် မေးလိုက်သည် ။
သူ့တွင် စက်ဘီးတစ်စီးပင် မရှိသေးသော်လည်း တခြားလူက သုံးဘီးစက်ဘီးကိုပင် စီးနေလေပြီ ။
ဘီးတစ်လုံး အပိုပါသဖြင့် ပို၍ အဆင့်မြင့်သည်ဟု ခံစားရပြီး စက်ဘီးထက်စာလျှင် ပစ္စည်းများ သယ်ဆောင်ရာတွင် အများကြီး ပို၍ အဆင်ပြေသည် ။
ယီကျုံးဟိုင်က တိုးတိုးလေး ပြောလိုက်သည် ။
" စက်ရုံက ဖြစ်လိမ့်မယ်.. သူက ဒါကို ကစားဖို့အတွက် သုံးနေတာ..အများပြည်သူပိုင် ပစ္စည်းကို ကိုယ်ကျိုးအတွက် အလွဲသုံးစားလုပ်တာပဲ .. "
ကျားဒုံရွှီ၏ မျက်လုံးများ တောက်ပသွားသည် ။
" ဆရာ.. ဒါဆို ကျွန်တော်တို့ သူ့ကို သတင်းသွားပို့လို့ ရမလား .. "
ယီကျုံးဟိုင်က ခေါင်းခါလိုက်ပြီး...
" ဒါကို မေ့လိုက်ရအောင် .. "
ဤသည်က ရွှီတာမော့ စီးနေသော စက်ဘီးနှင့် အတူတူပင် စက်ရုံမှ ပေးထားခြင်း ဖြစ်၏ ။
သို့သော် သူက ရုံးပိတ်ရက်များတွင် ပေါ့ပေါ့ပါးပါး စီးနေခဲ့သည် မဟုတ်ပါလော ။ သူ၏ ကိုယ်ပိုင်စက်ဘီး ကဲ့သို့ပင် ဖြစ်နေသည် ။
အမှန်တကယ်တော့ သူ ယန်ကျီဝမ်ကို ကြည့်မရသဖြင့် မကျေမနပ်ဖြစ်ကာ စကားအနည်းငယ်ကို မစဥ်းစားဘဲ ပြောလိုက်မိခြင်း ဖြစ်သည် ။
" သြော် .. "
ကျားဒုံရွှီ အနည်းငယ် မကျေမနပ် ဖြစ်သွားသော်လည်း ထပ်၍ မပြောတော့ပေ ။
ယီကျုံးဟိုင် ခေါင်းလှည့်ကာ ရှာကျူးကို လှမ်းကြည့်လိုက်သည် ။ ရှာကျူး ဒီနေ့ အလွန် တိတ်ဆိတ်နေသည်ဟု သူ ခံစားနေမိသည် ။
ပုံမှန်အားဖြင့် လမ်းတစ်လျှောက်လုံး ရယ်မောကာ စကားပြောလာလေ့ရှိသော်လည်း ဒီနေ့တွင်မူ အသံတိတ်နေလေ၏ ။
ယီကျုံးဟိုင်က စိုးရိမ်ဟန်ဖြင့်..
" ရှာကျူး.. ဘာဖြစ်နေတာလဲ.. နေမကောင်းဘူးလား .. "
" မဟုတ်ပါဘူး .. "
ရှာကျူးက ခေါင်းခါပြီး တိုးတိုးလေး ပြောလိုက်သည် ။
" ဦးလေး. ယန်လောင်အာက ကျွန်တော်တို့ရဲ့ သံမဏိစက်ရုံမှာ အလုပ်ဝင်နေတာ ဦးလေးတို့ အားလုံး သိကြသလား .. "
ယီကျုံးဟိုင် ဇဝေဇဝါ ဖြစ်သွားသော်လည်း ခေါင်းညိတ်ပြလိုက်သည် ။
" ဟုတ်တယ်.. မနေ့က မွန်းလွဲပိုင်းမှာ သူ့အမေ လိုက့ကြွားနေလို့ ခြံထဲက လူတိုင်း သိနေလောက်ပြီ.. မင်း မသိဘူးလား .. "
ဤသည်က တကယ်ကို ထိုးနှက်ချက်တစ်ခု ဖြစ်သွားသည် ။
" ဦးလေးယီ.. ဒီနေ့ ကျွန်တော် ပင်ပန်းနေလို့ အရင် ပြန်နားတော့မယ် .. "
ရှာကျူးသည် ထိုစကားကို ချန်ထားခဲ့ပြီး စိတ်ဓာတ်ကျကာ ပြန်သွားလေသည် ။
ခြံဝင်းတစ်ခုလုံးတွင် သူတစ်ယောက်တည်းသာ မသိခဲ့ခြင်း ဖြစ်ကြောင်း သိလိုက်ရသဖြင့် ဒီနေ့တွင် ယန်ကျီဝမ်အား အခက်အခဲဖြစ်စေရန် ကြံစည်ခဲ့မိသည်ကို တွေးကာ အတော်လေး စိတ်ပျက်သွားမိသည် ။
တကယ်ပဲ........
...
နောက်ရက်အနည်းငယ် အတွင်း ယန်ကျီဝမ်သည် ငါးဖမ်းခြင်းကိုသာ အာရုံစိုက်နေခဲ့သည် ။
ဌာနမှူးလျောင် ပေးအပ်ထားသော တာဝန်ကို ပြီးမြောက်ရန် တစ်ပတ်ခန့် အချိန်ယူခဲ့သည် ။
သူ ပို၍ မြန်မြန် ပြီးအောင် လုပ်နိုင်သည် ။ သူ၏ တစ်နေ့လျှင် ငါး ကျင်းတစ်ရာခန့် ပုံမှန် ဖမ်းနိုင်စွမ်းနှင့် တွက်လျှင် သုံးရက်ဆိုလျှင် လုံလောက်ပေသည် ။
သို့သော် ဌာနမှူးလျောင်က သူ့ကို တာဝန်များ ဆက်လက်ပေးအပ်မည်ကို စိုးရိမ်သောကြောင့် ခုနစ်ရက်အထိ အချိန်ဆွဲထားခဲ့ခြင်း ဖြစ်သည် ။
ငါးများကို ထမင်းစားဆောင်သို့ ပို့ပြီးနောက် ငွေထုတ်ရန် ဘဏ္ဍာရေးဌာနသို့ သွားခဲ့သည် ။
တာဝန်တစ်ခု ဖြစ်သော်လည်း ရရှိမည့် ငွေကြေးများ ရှိနေသေးသည် ။
ငါးတစ်ကျင်းလျှင် သုံးမော့ဖြင့် ငါးကျင်းသုံးရာအတွက် ယွမ်ကိုးဆယ် ရရှိခဲ့သည် ။
ငွေရပြီးနောက် ယန်ကျီဝမ်က ဌာနမှူးလျောင်ကို ချက်ချင်း သွားရှာလေတော့သည် ။
" ဌာနမှူး.. ခေါင်းဆောင် ပေးအပ်ထားတဲ့ တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ပြီးပါပြီ .. "
စကားပြောပြီးနောက် ယန်ကျီဝမ်က ဌာနမှူးလျောင်အား မျက်လုံးများ တောက်ပစွာဖြင့် စိုက်ကြည့်နေသည် ။
ဌာနမှူးလျောင်၏ မျက်လုံးများ တွန့်ကွေးသွား၏ ။ ဤကောင်လေးက သူ့ကတိကို ဖြည့်ဆည်းပေးရန် စောင့်နေခြင်း ဖြစ်ပေသည် ။
" ခဏစောင့်အုံး.. အခု ဒါရိုက်တာလီဆီ ဖုန်းဆက်လိုက်မယ် .. "
ဌာနမှူးလျောင်က သူ့ကို စိတ်တိုဟန်ဖြင့် စိုက်ကြည့်ပြီးနောက် ဖုန်းကို ကောက်ကိုင်လိုက်သည် ။
မကြာခင်မှာပင် ဖုန်းဝင်သွားသည် ။
" ဟယ်လို.. ဒါရိုက်တာလီလား.. ကျွန်တော် လျောင်ပင်းပါ ....... "
ခဏအကြာတွင် ဖုန်းချသွားသည် ။
ဌာနမှူးလျောင်က ယန်ကျီဝမ်ကို ကြည့်ကာ...
" မင်းကံကောင်းတယ် ကလေး.. နောက်လကျမှ မင်းကို တရားဝင် ဝန်ထမ်းအဖြစ် ခန့်ဖို့ စီစဥ်ထားပေမဲ့ ဒါရိုက်တာလီက မင်းကို အခုချက်ချင်း ခန့်ပေးဖို့ ပြောလိုက်တယ် .. "
ယန်ကျီဝမ် အလွန် ပျော်သွားသည် ။
" ဌာနမှူး.. အဲဒါ တကယ်လား .. "
" မင်း ဘယ်လိုထင်လို့လဲ .. "
ဌာနမှူးလျောင်က သူ့ကို မျက်လုံးလှန်ကြည့်လိုက်ပြီး...
" ဒါပေမဲ့ အရမ်းလည်း ပျော်မနေနဲ့အုံး.. မင်း တရားဝင်ဝန်ထမ်းအဖြစ် စောစောစီးစီး ရာထူးတိုးပေမဲ့ နောက်လအထိ လစာက တိုးလာမှာ မဟုတ်ဘူး .. "
" နားလည်ပါပြီ .. "
ယန်ကျီဝမ်က ထိုလစာ အနည်းငယ်ကို ဂရုမစိုက်ပေ ။
တရားဝင် ဝန်ထမ်းတစ်ယောက် ဖြစ်လာလျှင် တစ်လကို ၂၃ ယွမ်သာ ရမည်ဖြစ်ပြီး ယခုထက် အများကြီး ပိုမလာပေ ။ အဓိကကတော့ ငါးရောင်းချခွင့် ရရှိရန်သာ ဖြစ်သည် ။
ထို့နောက် ယန်ကျီဝမ်က သူ၏လက်ကို ဌာနမှူးလျောင်ထံသို့ ဆန့်ထုတ်လိုက်သည် ။
ဌာနမှူးလျောင်က ဇဝေဇဝါ ဖြစ်သွားပြီး...
" ဘာလုပ်ဖို့လဲ .. "
ယန်ကျီဝမ်က...
" ထောက်ခံစာလေ.. ထောက်ခံစာ မပါဘဲ လူ့စွမ်းအား အရင်းအမြစ်ဌာနကို သွားပြီး တရားဝင် ဝန်ထမ်းအဖြစ် ဘယ်လိုလုပ် စာရင်းသွင်းလို့ ရမှာလဲ .. "
ဌာနမှူးလျောင်က ကြားသည်နှင့် ချက်ချင်း ရယ်လိုက်သည် ။
" ဟားဟားဟားး.. မင်းက တော့်လေ..တော်တော့် စိတ်မရှည်တဲ့ ကောင်ပဲ .. "
" ကျွန်တော် ဘယ်လိုလုပ် စိတ်ရှည်နိုင်မှာလဲ .. "
ယန်ကျီဝမ်က ရယ်ရင်း ပြန်ပြောသည် ။
" အိမ်တစ်လုံးဝယ်ပြီး ကျွန်တော့်ရည်းစားနဲ့ လက်ထပ်စာချုပ် သွားလုပ်နိုင်ဖို့ တရားဝင် ဝန်ထမ်းဖြစ်လာမယ့် အချိန်ကို စောင့်နေရတာလေ .. "
" သြော်.. မင်းက ဒီအရွယ်နဲ့ ချစ်သူတောင် ရှိနေပြီလား .. "
ဌာနမှူးလျောင်က စနောက်လိုက်ပြီး...
" ဒီထောက်ခံစာကို ငါ ထုတ်ပေးလို့ မရဘူး.. မင်း ဒါရိုက်တာလီကို သွားရှာရမယ်.. ဒါရိုက်တာလီကလည်း မင်းကို အခုချက်ချင်း တွေ့ချင်တယ်လို့ ပြောထားတယ် .. "
" ကျွန်တော့်ကို တွေ့ချင်တာလား.. ဘာလို့ ကျွန်တော့်ကို တွေ့ချင်ရတာလဲ .. "
ယန်ကျီဝမ် အလွန် အံ့သြသွားသည် ။
" ငါတို့ရဲ့ ဝယ်ယူရေးဌာနမှာ အရည်အချင်းရှိတဲ့သူ တစ်ယောက် ရောက်နေလို့လေ.. ဒါရိုက်တာလီက တွေ့ချင်နေမှာပေါ့.. မင်း ဘယ်လိုထင်လဲ .. "
ဌာနမှူးလျောင်က ဂရုမစိုက်ဟန်ဖြင့် ပြန်ပြောလိုက်သည် ။
' သူက ငါ့ကို တာဝန်တွေ ပိုပေးလိမ့်မယ်လို့ ထင်နေတာပဲ .. '
ယန်ကျီဝမ်က စိတ်ထဲမှ မှတ်ချက်ချလိုက်သည် ။
ဤသည်က တော်တော်လေး ဖြစ်နိုင်ချေ ရှိ၏ ။ ယခုခေတ်က အခြေအနေ မကောင်းတော့သလို ဝယ်ယူရေးဌာန၏ စွမ်းဆောင်ရည်ကလည်း အလွန် ညံ့ဖျင်းနေသည် ။
သို့သော် တာဝန်ပေးလာလျှင်ပင် အဆင်ပြေသည် ။ သူ လုံးဝ လက်ခံမည် မဟုတ် ။ သူစွမ်းဆောင်နိုင်မည် မဟုတ်ကြောင်းနှင့် ဖမ်းမိသလောက်သာ ငါး ရနိုင်မည်ဖြစ်ကြောင်း ဆင်ခြေပေးလိုက်ရုံသာ ဖြစ်သည် ။
ချက်ချင်းပင် ဌာနမှူးလျောင်က ယန်ကျီဝမ်အား လီဟွိုက်တဲ၏ ရုံးခန်းသို့ ကိုယ်တိုင်ကိုယ်ကျ ခေါ်ဆောင်သွားခဲ့သည် ။
" ဒါရိုက်တာလီ.. ကျွန်တော် လူကို ခေါ်လာပါပြီ .. "
" လောင်လျောင် ရောက်လာပြီကိုး .. "
လီဟွိုက်တဲ( လီဟွာအိဒ် ...နာမည်မကြိုက်လို့ ပြောင်းလိုက်တယ် ..) က အသက်လေးဆယ်ခန့် ရှိမည်ဟု ခန့်မှန်းရပြီး ဆီလိမ်းထားသော ဆံပင်များက နောက်သို့ သပ်တင်ထား၍ သပ်ရပ်နေသည် ။
သူ့အကြည့်က ယန်ကျီဝမ်ထံသို့ ရောက်သွားသည် ။ သူက ပြုံးကာ...
" ဒီရဲဘော်လေးက ယန်လေးပဲ ဖြစ်ရမယ်.. မင်းက တကယ်ကို အရည်အချင်းရှိတဲ့ လူငယ်တစ်ယောက်ပဲ .. "
" မင်္ဂလာပါ ဒါရိုက်တာလီ .. "
ယန်ကျီဝမ်က ယဥ်ကျေးစွာ နှုတ်ဆက်လိုက်သည် ။
" မင်္ဂလာပါ .. "
လီဟွိုက်တဲက ပြုံးလိုက်ပြီး...
" ငါတို့ရဲ့ ထောက်ပံ့ပို့ဆောင်ရေး ဌာနက မင်းလို အရည်အချင်းရှိတဲ့ လူငယ်တွေ လိုအပ်နေတာ ယန်လေး.. အနာဂတ်မှာလည်း မင်း ဆက်ပြီး ကြိုးစားပေးရမယ် .. "
" တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ပေးပါ့မယ်လို့ အာမခံပါတယ် .. "
ယန်ကျီဝမ်က ရယ်စရာကောင်းသော အမူအရာဖြင့် ပြန်ဖြေလိုက်သည် ။
" ဖြန်း........"
ဌာနမှူးလျောင်က သူ့ကျောကို ခပ်နာနာ ရိုက်လိုက်ပြီး မျက်နှာကို တင်းထားကာ...
" မင်း ဘယ်လိုလုပ်ရမှန်း မသိရင် ငြိမ်ငြိမ်နေ.. ကြောင်တောင်တောင် မလုပ်နဲ့ .. "
ယန်ကျီဝမ်က ရှက်ရွံ့ဟန်ဖြင့် ရယ်လိုက်ပြီး...
" ကျွန်တော် နည်းနည်း စိတ်လှုပ်ရှားနေလို့ ပတ်ဝန်းကျင်ကို ပိုပြီး အသက်ဝင်လာအောင် လုပ်လိုက်တာပါ .. "
လီဟွိုက်တဲက လက်ဝှေ့ယမ်းကာ ရယ်လိုက်ပြီး...
" အဆင်ပြေပါတယ်.. ယန်လေးရဲ့ စရိုက်ကို ကျွန်တော် တော်တော် သဘောကျတယ် .. "
လက်တွေ့ဘဝဆိုသည်က ဤသို့ပင် ဖြစ်သည် ။ မိမိတွင် စွမ်းရည်ရှိလျှင် ခေါင်းဆောင်က သဘောကျပြီး သည်းခံပေးလိမ့်မည် ။
သို့သော် မိမိတွင်သာ စွမ်းရည်မရှိခဲ့လျှင် ခေါင်းဆောင်က မိမိနှင့် ပတ်သက်သမျှ အရာအားလုံးကို မျက်မုန်းကျိုးနေပေလိမ့်မည် ။