အခန်း ၁၅၁
Vol. 15 Ch. 151
Chapter 151
~
အခန်း ၁၅၁ : တရားဝင် ဝန်ထမ်းဖြစ်လာပြီး အိမ်တစ်လုံး ရရှိခြင်း...
~
" ကောင်းပြီ.. ဒီနေ့ မင်းကို ဒီခေါ်လိုက်ရတဲ့ အကြောင်းရင်းက ဝယ်ယူရေးဌာနမှာ အရည်အချင်းရှိတဲ့ လူငယ်လေးရောက်နေတယ်ဆိုလို့ တွေ့ချင်လို့ပဲ .. "
လီဟွိုက်တဲက ပြုံး၍ ပြောလိုက်သည် ။
" ဒီရက်ပိုင်းအတွင်းမှာ အဘိုးကြီးလျောင်က မင်းကို အများကြီး ချီးကျူးနေခဲ့တာ.. အခု မင်းကို လူကိုယ်တိုင် တွေ့လိုက်ရတော့ တကယ်ကို ထူးချွန်တာပဲ .. "
" ချီးကျူးပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ခေါင်းဆောင် .. "
" ကောင်းပြီ.. မင်းကို ဆက်ပြီး ဖမ်းမထားတော့ဘူး.. မင်းလည်း ငါနဲ့ ဒီမှာ အတူရှိနေရတာ သိပ်ပြီး အဆင်ပြေမယ့်ပုံ မပေါ်ဘူး.. ရော့.. ဒါလေး ယူသွားလိုက် .. "
ထိုသို့ပြောပြီးနောက် လီဟွိုက်တဲက စာရွက်စာတမ်းတစ်ခုကို ယန်ကျီဝမ်အား ကမ်းပေးလိုက်သည် ။
ယန်ကျီဝမ်က လှမ်းယူလိုက်ရာ တရားဝင် အမြဲတမ်းဝန်ထမ်း အသိအမှတ်ပြု လက်မှတ်ဖြစ်ကြောင်း တွေ့လိုက်ရ၏ ။ သူက စိတ်လှုပ်ရှားစွာဖြင့်...
" ခေါင်းဆောင်.. ပြုစုပျိုးထောင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် .. "
" ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး.. ရှေ့ဆက်ပြီး စက်ရုံအတွက် ကောင်းကောင်းသာ ကြိုးစားပေးပါ.. ငါ လီဟွိုက်တဲမှာ တခြား အားသာချက်တွေ မရှိပေမဲ့ ဆုပေးဒဏ်ပေးတဲ့ နေရာမှာတော့ အမျှတဆုံးပဲ .. "
လီဟွိုက်တဲက လက်ကိုဝှေ့ယမ်းကာ ပြောလိုက်သည် ။
ယန်ကျီဝမ်လည်း ဤအချက်ကို ယုံကြည်ပေသည် ။
လီဟွိုက်တဲတွင် စက်ရုံရှိ အမျိုးသမီး အလုပ်သမားများနှင့် ရှုပ်ရှုပ်ထွေးထွေး ရှိသည်ဟူသော ကောလာဟလများ အပါအဝင် အားနည်းချက်များစွာ ရှိသော်လည်း သူ၏ တိကျပြတ်သားသော ဆုပေးဒဏ်ပေး စနစ်ကြောင့်လည်း နာမည်ကြီးပေသည် ။ ကိုယ့်ထံတွင် အရည်အချင်းသာ ရှိနေမည်ဆိုလျှင် အကျိုးခံစားခွင့်များ ပေးရန် သူ လုံးဝ ဝန်လေးနေမည် မဟုတ်ချေ ။
ယန်ကျီဝမ်က ဤအချက်ကို အတော်လေး သဘောကျသည် ။ လေလုံးထွားပြီး လက်တွေ့မပါသော ခေါင်းဆောင်များထက်စာလျှင် အများကြီး ပိုကောင်းသည် မဟုတ်ပါလော ။
အဓိကကိစ္စ ပြီးသွားသော်လည်း ယန်ကျီဝမ်က ထွက်သွားမည့် အရိပ်အယောင် မပြပေ ။
ဌာနမှူးလျောင်က မကျေမနပ်ဖြင့်...
" ကလေး.. ဘာလို့ မထွက်သွားသေးတာလဲ .. "
' ဒီကောင်လေးက အကဲခတ်ညံ့လိုက်တာ.. ခေါင်းဆောင်နဲ့ ဆွေးနွေးစရာတွေ ရှိသေးတယ်ဆိုတာကို သူ မသိဘူးလား.. '
လီဟွိုက်တဲကလည်း ယန်ကျီဝမ်ကို ရှုပ်ထွေးဟန်ဖြင့် ကြည့်နေသည် ။
ယန်ကျီဝမ်က ခေါင်းကုတ်ကာ ရှက်ရွံ့စွာဖြင့်...
" ခေါင်းဆောင်.. ကျွန်တော့် ရည်းစားနဲ့ လက်ထပ်စာချုပ် သွားလုပ်တော့မလို့ပါ.. အဲဒါကြောင့် အိမ်ရာကိစ္စလေးများ စီစဥ်ပေးလို့ ရမလားလို့ မေးချင်လို့ပါ .. "
" ဒါလေးများကွာ.. ငါက အရေးကြီးကိစ္စ ထင်နေတာ.. မင်းအတွက် ထောက်ခံစာ တစ်စောင် ရေးပေးလိုက်မယ်.. အဲဒါကိုယူပြီး လမ်းရုံးကို သွားပြီး လျှောက်လိုက် .. "
လီဟွိုက်တဲက စာတစ်စောင်ကို လျင်မြန်စွာ ရေးသားပြီးနောက် ယန်ကျီဝမ်အား ကမ်းပေးလိုက်သည် ။
" ကလေး.. မင်းက အရမ်း အသက်ကြီးတဲ့ပုံ မပေါ်သေးပေမဲ့ လက်ထပ်တော့မှာလား.. မင်း လက်ထပ်ရင် ငါ့ကို အသိပေးအုံး.. အချိန်ရရင် မင်္ဂလာဆောင်ကို လာပြီး သောက်စရာလေး ဘာလေး လာသောက်ရင်း ပျော်ရွှင်မှုကို မျှဝေပေးမယ် .. "
" ကောင်းပါပြီ.. ကျွန်တော် မှတ်ထားပါ့မယ်.. ခေါင်းဆောင်.. ဒါဆိုရင် လက်ဖွဲ့ငွေ ပြင်ထားဖို့ မမေ့နဲ့အုံးနော် .. "
ယန်ကျီဝမ်က ရယ်ကျဲကျဲဖြင့် ပြန်ပြောလိုက်သည် ။
သို့သော် ထိုစကားကို သူက အလေးအနက် မထားခဲ့ပေ ။ ယဥ်ကျေးမှုအရ ပြောဆိုသော စကားများကို မည်သူက အတည်ယူပါမည်နည်း ။ နားထောင်ပြီးပါက မေ့ပစ်လိုက်ရန်သာ ဖြစ်သည် ။
ဤမျှ ရာထူးကြီးမားသော ခေါင်းဆောင်တစ်ယောက်က ယခုမှသာ တရားဝင် ဝန်ထမ်းဖြစ်သော အဝယ်တော်တစ်ယောက်၏ မင်္ဂလာဆောင်ကို မည်သို့ လာနိုင်မည်နည်း ။
" မင်းက တကယ်ကို အားနာတတ်တဲ့ ကောင်လေးပဲ.. တခြား ဘာကိစ္စများ ရှိသေးလို့လဲ .. "
လီဟွိုက်တဲက ယန်ကျီဝမ်ကို လက်ညှိုးထိုးကာ ရယ်ရင်း မေးလိုက်သည် ။
" ဘာမှ မရှိတော့ပါဘူး .. "
ယန်ကျီဝမ်က ခေါင်းခါပြလိုက်သည် ။
" ဒါဆိုလည်း သွားလို့ရပြီ .. "
" ဟုတ်ကဲ့ .. "
ယန်ကျီဝမ်သည် လီဟွိုက်တဲ၏ ရုံးခန်းထဲမှ ပျော်ရွှင်စွာ ထွက်လာခဲ့သည် ။
ထို့နောက် တရားဝင် ဝန်ထမ်းအဖြစ် စာရင်းသွင်းခြင်း ကိစ္စကို ဦးစွာ ဖြေရှင်းခဲ့ပြီး ပြီးစီးသွားသည်နှင့် သံမဏိစက်ရုံမှ ထွက်ခွာလာခဲ့၏ ။
လမ်းရုံးသို့ သွားရာလမ်းတွင် ယန်ကျီဝမ်၏ စိတ်ထဲ၌ အနည်းငယ် စိတ်လှုပ်ရှားနေမိသည် ။
အခြားသူများအနေဖြင့် တရားဝင် ဝန်ထမ်း ဖြစ်လာရန် အချိန်အတော်ကြာ စောင့်ဆိုင်းရသော်လည်း သူ့အတွက်မူ တစ်ပတ်သာ အချိန်ယူခဲ့ရသည် ။
ဤအမြန်နှုန်းက မကြုံစဖူး ထူးခြားလွန်းသည်ဟု ဆိုရပေမည် ။
ဤသည်က သူ၏ စနစ်ကြောင့် ပါဝင်သလို ဒုတိယအချက်အနေဖြင့် သူက အခွင့်အရေးကောင်း တစ်ခုကို ဖမ်းဆုပ်နိုင်ခဲ့သောကြောင့်လည်း ဖြစ်သည် ။
သူ ဤကမ္ဘာသို့ စတင်ရောက်ရှိလာချိန်ကသာ ဆိုလျှင် ဤကိစ္စကို ပြီးမြောက်ရန် မလွယ်ပေ ။
ယာယီအလုပ်သမားအဖြစ် ဝင်ရောက်ရန် လွယ်ကူသော်လည်း တရားဝင် ဝန်ထမ်းအဖြစ် ခန့်အပ်ခံရရန်မှာ လုံးဝ မဖြစ်နိုင်ပေ ။
ထို့ကြောင့်ပင် ယန်ကျီဝမ်သည် အခြေအနေပေးလာမည့် ယခုအချိန်အထိ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည် ။
မိနစ်နှစ်ဆယ်ခန့် အကြာတွင် ယန်ကျီဝမ် လမ်းရုံးသို့ ရောက်ရှိလာခဲ့သည် ။
သူက စက်ဘီးကို ရပ်ထားခဲ့ပြီး ကင်းစောင့်တဲသို့ လျှောက်သွားကာ အစောင့်အဘိုးကြီးကို စီးကရက်တစ်လိပ် ကမ်းပေးရင်း ယဥ်ကျေးစွာဖြင့်...
" အဘိုး.. မင်္ဂလာပါ.. စက်ဘီးကို ဒီမှာ ခဏထားခဲ့လို့ ရမလား .. "
" ထားခဲ့လေ.. ပျောက်မသွားပါဘူး .. "
အစောင့်အဘိုးကြီးက စီးကရက်ကို ယူလိုက်ပြီး အံ့သြသွားဟန်ဖြင့်...
" အိုး.. တာချန်မန်း တံဆိပ်ပဲ.. မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ကေဒါတစ်ယောက် ဖြစ်နေပြီလား .. "
" မဟုတ်ပါဘူးဗျာ.. အထာကျအောင်လို့ တမင် ဝယ်သောက်နေတာပါ .. "
ယန်ကျီဝမ်က ဆက်၍...
" ကျွန်တော် ဒီနေ့ပဲ တရားဝင် ဝန်ထမ်း ဖြစ်သွားလို့ အိမ်ရာလေးများ စီစဥ်ပေးနိုင်မလား ဆိုပြီး ဒါရိုက်တာဝမ်ကို လာရှာတာပါ .. "
" သတင်းကောင်းပဲ.. အိမ်တစ်လုံးရပြီဆိုတော့ အိမ်ထောင်ဖက် ရှာရတော့မယ်ပေါ့ .. "
အစောင့်အဘိုးကြီးက ရယ်မောကာ စနောက်လိုက်သည် ။
အသက်အရွယ် ရလာသည်နှင့်အမျှ လူငယ်များနှင့် စကားပြောဆိုရသည်ကို သူ သဘောကျနေဟန် ရသည် ။
အစောင့်အဘိုးကြီးနှင့် စကားအနည်းငယ် ပြောဆိုပြီးနောက် ယန်ကျီဝမ်သည် ဒါရိုက်တာဝမ်၏ ရုံးခန်းဆီသို့ ထွက်လာခဲ့၏ ။
မူလပိုင်ရှင်သည်လည်း ဤလမ်းရုံးသို့ အကြိမ်အနည်းငယ် ရောက်ဖူးသဖြင့် ဒါရိုက်တာဝမ်၏ ရုံးခန်းတည်နေရာကို သူ သိနေသည် ။
ဒါရိုက်တာဝမ်၏ ရုံးခန်းရှေ့သို့ ရောက်သောအခါ တံခါးက ပွင့်နေသည် ။
သို့သော် ယန်ကျီဝမ်က တံခါးကို ခေါက်လိုက်သေးသည် ။
" ဝင်ခဲ့ပါ .. "
စာရွက်စာတမ်းများကြားတွင် အလုပ်ရှုပ်နေသော ဒါရိုက်တာဝမ်က မော့ကြည့်လိုက်ရာ ယန်ကျီဝမ်ကို တွေ့လိုက်ရသည် ။ သူမ အနည်းငယ် အံ့အားသင့်သွားပြီးနောက်...
" မင်းက နန်လော့ကူးရှန့်လမ်းကြား အမှတ် ၉၅ ခြံဝင်းထဲက မလား.. ငါ မှတ်မိသလောက်တော့ ဟုတ်တယ်.. မင်းနာမည် ဘယ်လိုခေါ်လဲ .. "
" ဒါရိုက်တာက မှတ်ဉာဏ်ကောင်းတာပဲ.. ကျွန်တော့်နာမည်က ယန်ကျီဝမ်ပါ.. အမှတ် ၉၅ ခြံဝင်းကို တာဝန်ယူထားတဲ့ တတိယဦးလေး ယန်ဖူကွေ့က ကျွန်တော့်အဖေပါ .. "
ယန်ကျီဝမ်က ပြုံး၍ ခေါင်းညိတ်ပြလိုက်သည် ။
" အခုမှ ငါ သေချာ မှတ်မိတော့တယ်.. မင်း အထက်တန်းကျောင်း ပြီးသွားတာကိုတောင် ငါ မှတ်မိပါသေးတယ် .. "
ဒါရိုက်တာဝမ်က ဆက်၍...
" မင်းကို ယန်လေးလို့ပဲ ခေါ်မယ်နော်.. ယန်လေး.. ဒီနေ့ ဘာကိစ္စရှိလို့ ဒီကို ရောက်လာတာလဲ.. အလုပ်ကိစ္စ မေးချင်လို့ဆိုရင်တော့ ခဏလောက် စောင့်ရအုံးမယ်.. အခုလောလောဆယ် အလုပ်လက်မဲ့တွေ အတော်များနေလို့ .. "
ယန်ကျီဝမ်သည် အထက်တန်းကျောင်းမှ ဘွဲ့ရထားသဖြင့် ထူးချွန်သူတစ်ယောက်အဖြစ် သတ်မှတ်ခံရပေသည် ။
သို့သော် လမ်းရုံး၏ အလုပ်တာဝန် ခွဲဝေမှုများက မိသားစု အခြေအနေပေါ်တွင်လည်း မူတည်နေသည် ။ ယေဘုယျအားဖြင့် မိသားစု အခြေအနေ ပိုမို ခက်ခဲသူများနှင့် သတ်မှတ်ချက် ကိုက်ညီသူများကိုသာ ဦးစားပေးလေ့ ရှိသည် ။
တစ်နည်းဆိုရသော် ပုံမှန်အခြေအနေမျိုးတွင် သူ့အလှည့် ရောက်လာရန် နှစ်ပေါင်းများစွာပင် အချိန်ကြာမြင့်နိုင်သည် ။
ကံကောင်းသည်က သူသည် လမ်းရုံးမှ အလုပ်တစ်ခု ချပေးမည်ကို ထိုင်စောင့်နေခဲ့ခြင်း မဟုတ်ပေ ။
သူ ခေါင်းခါလိုက်ပြီး...
" ဒါရိုက်တာ.. ကျွန်တော် အလုပ်ကိစ္စ မေးဖို့ လာတာ မဟုတ်ပါဘူး.. ဟုန်ရှင်း သံမဏိစက်ရုံမှာ ဝယ်ယူရေးကိုယ်စားလှယ်အဖြစ် အလုပ်ရသွားပါပြီ.. ဒီနေ့ပဲ တရားဝင် ဝန်ထမ်းအဖြစ် အတည်ပြုပြီးသွားလို့ အိမ်ရာလေးများ ချထားပေးနိုင်မလား ဆိုပြီး လာမေးတာပါ .. "
" ဒါဆိုလည်း ဂုဏ်ယူပါတယ်.. အိမ်ရာ ခွဲဝေမှုအကြောင်း လာမေးတာပေါ့ ဟုတ်လား .. "
ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီး လီဟွိုက်တဲ ရေးပေးလိုက်သော ထောက်ခံစာကို ကမ်းပေးလိုက်သည် ။
ဒါရိုက်တာဝမ်က ယူကာ ခဏ ဖတ်ကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည် ။
" ထောက်ခံစာက အဆင်ပြေပါတယ်.. ခဏလေး စောင့်အုံး.. လွတ်နေတဲ့ အိမ်တွေ ဘယ်နားမှာ ရှိသေးလဲဆိုတာ ငါ ကြည့်လိုက်အုံးမယ် .. "
ထိုသို့ပြောပြီးနောက် ဒါရိုက်တာဝမ်က စာရင်းစာအုပ်ကို ထုတ်ယူကာ ကြည့်လိုက်သည် ။
ယန်ကျီဝမ်က...
" ဒါရိုက်တာဝမ်.. ကျွန်တော်တို့ ခြံဝင်းထဲမှာများ လွတ်နေတဲ့ အိမ် ရှိမရှိ ကြည့်ပေးလို့ ရမလား.. အိမ်နဲ့ နီးတဲ့နေရာမှာပဲ နေချင်လို့ပါ .. "
" ကြည့်ပေးပါ့မယ် .. "
ခဏအကြာတွင် ဒါရိုက်တာဝမ်က ခေါင်းညိတ်လိုက်ပြီး...
" မင်း ကံကောင်းတာပဲ.. မင်းတို့ ခြံဝင်းထဲမှာ လွတ်နေတဲ့ အိမ်တွေ ရှိသေးတယ်.. နောက်ဘက်ခြံဝင်းမှာ နားနေခန်း နှစ်ခန်းနဲ့ အရှေ့ခြံဝင်းမှာ နောက်ပြန်လှည့်အိမ် တစ်လုံး ရှိတယ်.. ဒါပေမဲ့ နောက်ပြန်လှည့်အိမ်က နှစ်ပေါင်းများစွာ ပစ်ထားခဲ့တော့ တော်တော်လေး ပျက်စီးနေပြီ.. လူနေလို့ရအောင် ပြန်ပြီး ပြုပြင်ဖို့တော့ လိုလိမ့်မယ်.. မင်း ဘယ်အိမ်ကို လိုချင်လဲ .. "
" နောက်ပြန်လှည့်အိမ်ကိုပဲ ယူပါ့မယ် .. "
ယန်ကျီဝမ်သည် ထိုအိမ်ကို အရင်ကတည်းက သတိထားမိပြီး ဖြစ်သည် ။ အခြေအနေက သိပ်မဆိုးရွားလှပေ ။ ရိုးရိုးရှင်းရှင်း ပြုပြင်လိုက်ရုံဖြင့် နေထိုင်၍ ရနိုင်ပြီး နေရာကလည်း အတော်လေး ကျယ်ဝန်းပေသည် ။
သို့သော် ယန်ကျီဝမ်သည် အချို့သော အစိတ်အပိုင်းများကို သိပ်မကျေနပ်သဖြင့် သေချာ ပြန်လည်ပြုပြင်ရန် လူတစ်ယောက်ကို ရှာဖွေရမည်ဟု တွေးထားသည် ။
ဥပမာအားဖြင့် အိမ်သာ ဆောက်ရန် ဖြစ်သည် ။
မနက်စောစောထကာ အများသုံး အိမ်သာတွင် အတင်းသွားလုနေရသည်ကို သူ မကြိုက်ပေ ။
အနံ့အသက် ဆိုးရွားသည်ကို ထည့်မပြောလျှင်ပင် နောက်ကျသွားပါက တန်းစီနေရသဖြင့် အတော်လေး ဒုက္ခရောက်၏ ။
နောက်ပြန်လှည့်အိမ်၏ တည်နေရာက အတော်လေး ကောင်းမွန်ပြီး အိမ်သာအတွက် ရေပိုက်များ တပ်ဆင်ရန်လည်း လွယ်ကူသည် ။
( ပုံမှန်အိမ်တွေက တောင်ဘက်လှည့်တာ...အဲ့အိမ်က မြောက်ဘက်လှည့်ထားလို့ နောက်ပြန်လှည့်အိမ်.. ပြောင်းပြန်အိမ်.. )
" ဆုံးဖြတ်ပြီးသွားပြီလား .. "
" ဟုတ်ကဲ့.. ကျေးဇူးတင်ပါတယ် .. "
" ကောင်းပြီ.. အခု မင်းအတွက် မှတ်ပုံတင်ပေးလိုက်မယ် .. "
ခဏအကြာတွင် မှတ်ပုံတင်ခြင်း ကိစ္စများ ပြီးစီးသွားသည် ။
ဒါရိုက်တာဝမ်က သတိပေးသည့်အနေဖြင့်...
" အဲဒီ နောက်ပြန်လှည့်အိမ်မှာ မင်း ပြောင်းနေလို့ ရအောင် ပြန်ပြင်ရလိမ့်မယ်.. အိမ်ပြုပြင်တဲ့သူ တစ်ယောက်ယောက်ကို မင်း သိလား.. တစ်ယောက်ယောက်နဲ့များ မိတ်ဆက်ပေးရမလား .. "
" အဲဒီလိုဆိုရင်တော့ ကောင်းတာပေါ့.. ကျေးဇူးတင်ပါတယ် ဒါရိုက်တာ .. "
ယန်ကျီဝမ်က ပြုံးပြီး ခေါင်းညိတ်လိုက်သည် ။
" ရပါတယ်.. ဘာပဲဖြစ်ဖြစ် ဒါက ငါ့ရဲ့ အလုပ်ပဲလေ .. "
ဒါရိုက်တာဝမ်က မတ်တပ်ရပ်လိုက်ပြီး...
" အချိန်က စောပါသေးတယ်.. အခု ငါ မင်းကို အဲဒီကို ခေါ်သွားပေးမယ် .. "
" ကျေးဇူးတင်ပါတယ် ဒါရိုက်တာ .. "
ထို့နောက် ဒါရိုက်တာဝမ်က စက်ဘီးစီးကာ ယန်ကျီဝမ်နှင့်အတူ ရပ်ကွက်ရုံးမှ ထွက်ခွာလာခဲ့သည် ။
" ဒီနေရာပဲ .. "
ဆယ်မိနစ်ခန့် အကြာတွင် သူတို့နှစ်ယောက်သည် ခြံဝန်းကျယ်ကြီး တစ်ခုရှေ့သို့ ရောက်ရှိလာခဲ့သည် ။ ခြံဝင်းထဲသို့ ဝင်လာပြီးနောက် ဒါရိုက်တာဝမ်က အိမ်တစ်လုံးဆီသို့ လျှောက်သွားကာ...
" ဆရာလဲ့.. အိမ်မှာ ရှိလား .. "