အခန်း ၁၅၂
Vol. 15 Ch. 152
Chapter 152
~
အခန်း ၁၅၂ : အိမ်ပြုပြင်ခြင်း...
~
" ဒါရိုက်တာဝမ်ရဲ့ အသံကို ကြားလိုက်ရတယ် ထင်တယ် .. "
" အလုပ်များ ရှိလို့လား.. အဘိုးကြီး မြန်မြန်သွားကြည့်စမ်းပါအုံး .. "
ဒါရိုက်တာဝမ် အော်ခေါ်လိုက်သည်နှင့် အထဲမှ အသံနှစ်သံ ထွက်လာပြီး အမျိုးသမီး၏ အသံမှာ အနည်းငယ် စိတ်လှုပ်ရှားနေပုံ ရသည် ။
မျက်စိတစ်မှိတ်အတွင်းမှာပင် အသက်လေးဆယ် နီးပါး အသက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက အဝတ်အစားများ အနည်းငယ် ဖရိုဖရဲဖြင့် ထွက်လာ၏ ။
ဤသည်က နေ့ခင်းကြောင်တောင်ကြီး ဇနီးဖြစ်သူနှင့် အတူရှိနေ၍ မဟုတ် ။ အလျင်စလို ထွက်လာရသဖြင့် အဝတ်အစားများကို ကမန်းကတန်း ဝတ်လာရခြင်းသာ ဖြစ်သည် ။
သူ့မျက်နှာက ဖြူဖျော့နေပြီး သူ၏ မိသားစု အခြေအနေမှာ သိပ်မကောင်းကြောင်းကို ဖော်ပြနေသည် ။ ခန္ဓာကိုယ်မှ စွမ်းအင်များ မကုန်ဆုံးစေရန် အိပ်ရာထဲတွင် လှဲနေခဲ့ပုံ ရလေသည် ။
အချိန်တွေက ပိုပိုပြီး ခက်ခဲလာသဖြင့် အလုပ်မရှိပါက အိပ်ရာထဲတွင်သာ လှဲနေရန် ရွေးချယ်လေ့ ရှိကြသည် ။ တစ်နေ့လျှင် တစ်နပ်သာ စားရပြီး အသက်ရှင်နေရန်သာ ကြိုးစားနေရ၏ ။
" ဒါရိုက်တာဝမ်.. နောက်ဆုံးတော့ ရောက်လာပြီပေါ့ .. "
ထိုအသက်လတ်ပိုင်းအရွယ် အမျိုးသား၏ မျက်နှာ အမူအရာက အနည်းငယ် စိတ်လှုပ်ရှားနေပုံ ရသည် ။ သူက ဒါရိုက်တာဝမ်တို့ လမ်းရုံးမှ တာဝန်ပေးအပ်ထားသော လက်သမားဆရာလဲ့ ဖြစ်သည် ။
ယခုခေတ်က ခက်ခဲသော အချိန်ကာလ ရောက်နေသည် ။ လူတိုင်းက စားဝတ်နေရေးကိုပင် အခက်အခဲ ဖြစ်နေကြရာ အိမ်ပြုပြင်ရန် ငွေကို မည်သည့်နေရာမှ ရနိုင်မည်နည်း ။ အလုပ်မရှိလျှင် ဝင်ငွေမရှိ ။ ဝင်ငွေမရှိလျှင် စားစရာ မရှိ ။
ဒါရိုက်တာဝမ် ရောက်လာပြီး လူငယ်ရဲဘော် တစ်ယောက်ကိုပါ ခေါ်ဆောင်လာသဖြင့် အလုပ်ရတော့မည်မှာ သေချာနေသည် ။ ထို့ကြောင့် ဆရာလဲ့ အရမ်းကို စိတ်လှုပ်ရှားနေခဲ့ခြင်းပင် ။
" ဆရာလဲ့.. ဒီရဲဘော်က ယန်ကျီဝမ်ပါ.. သူက အိမ်တစ်လုံး ချထားပေးခံရလို့ ပြန်ပြင်ဖို့ စီစဥ်ထားတာ.. အဲဒါကြောင့် သူ့ကို ရှင်နဲ့ လာမိတ်ဆက်ပေးတာ .. "
ဒါရိုက်တာဝမ်က ဆရာလဲ့နှင့် မိတ်ဆက်ပေးရင်း သူမ၏ ရည်ရွယ်ချက်ကို ရှင်းပြလိုက်သည် ။
ထို့နောက် သူမက ယန်ကျီဝမ်ကိုလည်း မိတ်ဆက်ပေးလိုက်၏ ။
" ယန်လေး.. ဒါက ဆရာလဲ့.. လဲ့စတိုင် အကြောင်းကို မင်း ကြားဖူးတယ် မဟုတ်လား .. "
ယန်ကျီဝမ် ခေါင်းအသာ ညိတ်ပြလိုက်သည် ။ သူ၏ ယခင်ဘဝတွင် လဲ့စတိုင်ဆိုသည်မှာ မျိုးရိုးအမွေဆက်ခံထားသော ဗိသုကာ ကျွမ်းကျင်မှု တစ်ခုဖြစ်ပြီး အိမ်ပြုပြင် မွမ်းမံရေး လုပ်ငန်းတွင် အလွန် အထင်ကြီးစရာ ကောင်းကြောင်း လူကြီးများ ပြောသည်ကို ကြားခဲ့ဖူး၏ ။
" မင်္ဂလာပါ... အခုပဲ အိမ်ကို သွားကြည့်ကြရအောင် .. "
ဆရာလဲ့က အနည်းငယ် စိတ်အားထက်သန် နေပုံရသည် ။
ဒါရိုက်တာဝမ်က...
" အခုအချိန်မှာ အတော်လေး ခက်ခဲနေတဲ့အတွက် ဆရာလဲ့ နှစ်လကျော်လောက် ဘာအလုပ်မှ မလုပ်ရသေးဘူး .. "
" နားလည်ပါပြီ .. "
ယန်ကျီဝမ်က ကန့်ကွက်စရာ မရှိကြောင်း ပြသလိုက်သည် ။
ဆရာလဲ့က သူ၏ ကိရိယာ တန်ဆာပလာများကို ယူရန် အိမ်ထဲသို့ ပြန်ဝင်သွားပြီးနောက် ဒါရိုက်တာဝမ်နှင့် ယန်ကျီဝမ်တို့ နောက်မှလိုက်ကာ ခြံဝင်းထဲသို့ ဝင်လာခဲ့ကြသည် ။
" ဒါက အဲဒီအိမ်ပဲ .. "
ခြံဝင်းထဲသို့ ဝင်လိုက်သည်နှင့် ထောင့်တစ်နေရာတွင် နောက်ပြန်လှည့်အိမ် တစ်လုံး ရှိနေပြီး ညွှန်မှူးဝမ်က သော့တံဖြင့် ဖွင့်လိုက်သည် ။
ဆရာလဲ့သည် အလုပ်မရှိသည်မှာ ကြာပြီဖြစ်၍ ဤအလုပ်ကို လုပ်ရန် စိတ်အားထက်သန် နေသောကြောင့် စကားတစ်ခွန်းမှ မပြောတော့ဘဲ အိမ်ထဲသို့ ဝင်ကာ လေ့လာ ကြည့်လိုက်သည် ။
သစ်ပင်အောက်တွင် အခြား အသက်ကြီးကြီး အမျိုးသမီးများနှင့် အတင်းတုပ်နေသော ရန်ရွေ့ဟွားသည် သူမ၏ ဒုတိယသားက ဒါရိုက်တာဝမ်နှင့်အတူ ပြန်လာသည်ကို မြင်လိုက်ရသဖြင့် အလျင်အမြန် လျှောက်သွားလိုက်သည် ။
" ဒါရိုက်တာဝမ်.. ဘာကိစ္စများ ရှိလို့လဲ .. "
ဒါရိုက်တာဝမ်က ပြုံးလိုက်ပြီး...
" သတင်းကောင်းပဲလေ.. ရှင်တို့သားက တရားဝင်ဝန်ထမ်း ဖြစ်သွားလို့ အိမ်တစ်လုံး ချထားပေးလိုက်ပြီ.. ပြီးတော့ အခု သူက အိမ်ပြန်ပြင်ဖို့ လူလာရှာတာပါ .. "
ရန်ရွေ့ဟွားက ယန်ကျီဝမ်ကို စိတ်လှုပ်ရှားစွာ ကြည့်လိုက်ပြီး...
" ဒုတိယသား.. ဒါရိုက်တာဝမ် ပြောတာ တကယ်လား.. နင် တကယ်ပဲ အိမ်တစ်လုံး ရလာတာလား.. ဒီ နောက်ပြန်လှည့်အိမ်ကိုလား .. "
" ဒီနေ့ပဲ တရားဝင် ဝန်ထမ်း ဖြစ်သွားတာပါ .. "
ယန်ကျီဝမ်က ပြုံးကာ ခေါင်းညိတ်ပြလိုက်သည် ။
" အရမ်း ကောင်းတာပေါ့ .. "
ရန်ရွေ့ဟွား၏ မျက်နှာမှာ စိတ်လှုပ်ရှားမှုကြောင့် နီရဲသွားသည် ။
သူမ၏ ဒုတိယသားက တကယ်ကို အရည်အချင်း ရှိပေသည် ။ ယာယီ အလုပ်သမားအဖြစ် လုပ်ကိုင်နေသည်မှာ မကြာသေး ။ တစ်ပတ်ခန့်သာ ရှိသေးသည် ။
ဤမျှ မြန်မြန်ဆန်ဆန်ဖြင့် တရားဝင် ဝန်ထမ်း ဖြစ်လာလိမ့်မည်ဟု သူမ မျှော်လင့်မထားခဲ့ပေ ။
အခုဆိုလျှင် အိမ်တစ်လုံးပါ ခွဲဝေပေးခံရပြီ ဖြစ်သည် ။
အိမ်ကို ပြန်ပြင်ပြီးသည်နှင့် ယွီလီနှင့် လက်ထပ်လို့ရချေပြီ ။
' မဖြစ်သေးဘူး.. ဒီညတော့ အဘိုးကြီးကို သေချာပြောရမယ်.. လက်ထပ်ခွင့် တောင်းဖို့ အချိန်ရောက်နေပြီ.. '
ယွီလီက အရမ်းကောင်းသော မိန်းကလေး ဖြစ်သည် ။ သူမကို အချိန်အကြာကြီး စောင့်ခိုင်းထား၍ မဖြစ် ။ တစ်ယောက်ယောက်ကများ ကြားဖြတ် လုသွားလျှင် သူမ ရင်ကျိုး ရချေမည် ။
ခဏအကြာတွင် ဆရာလဲ့ ထွက်လာသည် ။
" ရဲဘော်လေး.. ယေဘုယျအားဖြင့်တော့ ပြဿနာ မရှိပါဘူး.. နေလို့ရအောင် နည်းနည်းလောက် ပြင်လိုက်ဖို့ပဲ လိုတာ.. တခြား လိုအပ်ချက်တွေများ ရှိသေးလား .. "
ယန်ကျီဝမ်က အိမ်ထဲသို့ ဝင်သွားပြီး ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ဆရာလဲ့ကလည်း သူ့နောက်မှ လိုက်ဝင်လာခဲ့သည် ။
အခန်းထဲတွင် မီးဖိုတစ်ခု ရှိပြီး အိပ်ခန်းကို သစ်သား ပျဥ်ပြားများဖြင့် ကာရံထားသည် ။ ဧရိယာက စတုရန်းမီတာ ၂၀ ခန့် ရှိမည်ဟု ခန့်မှန်းရပြီး အတော်လေး ကောင်းမွန်ပေသည် ။
( ၁၀ ပေ.. ပေ ၂၀ လောက် ရှိမယ်ထင်တယ်)
သေချာကြည့်ပြီးနောက် ယန်ကျီဝမ်က...
" ကြီးကြီးမားမား ပြဿနာတော့ မရှိပါဘူး.. ဒါပေမဲ့ ဟိုထောင့်မှာ အိမ်သာတစ်လုံး ဆောက်ချင်တယ် .. "
အခြား ပြဿနာများကို လျစ်လျူရှုထား၍ ရသော်လည်း အိမ်သာ ပြဿနာကိုတော့ မဖြစ်မနေ ဖြေရှင်းရမည် ။
ဆရာလဲ့က ခေါင်းညိတ်လိုက်ပြီး...
" ရနိုင်ပါတယ်.. ဒါပေမဲ့ အိမ်သာဆောက်ဖို့ ပိုက်တွေ လိုတယ်.. လမ်းရုံးရဲ့ ခွင့်ပြုချက်လည်း လိုတယ် .. "
ယန်ကျီဝမ်က ခေါင်းညိတ်ကာ အပြင်သို့ ထွက်လာပြီး ဒါရိုက်တာဝမ်ကို သူ၏ အကြံအစည်အား ပြောပြလိုက်သည် ။
ဒါရိုက်တာဝမ်ကလည်း ချက်ချင်းပင် သဘောတူလိုက်သည် ။
အဓိက အကြောင်းရင်းမှာ ဤနောက်ပြန်လှည့်အိမ်၏ တည်နေရာက အတော်လေး သင့်တော်ပြီး အိမ်အနောက်ဘက်က လမ်းမဘက်သို့ မျက်နှာမူနေသဖြင့် ခြံဝင်းထဲမှ လူများကို အနှောင့်အယှက် မဖြစ်စေသောကြောင့်ပင် ။
အကယ်၍ နောက်ဘက် ခြံဝင်းထဲတွင်သာ ဆိုပါက ဤစီမံကိန်းက အများကြီး ပိုကြီးသွားပေလိမ့်မည် ။
ပထမဦးစွာ ပိုက်လိုင်းကို အပြင်မှ အတွင်းဘက်အထိ ချိတ်ဆက်ရမည် ဖြစ်ပြီး ပိုက်ဖိုးကပင် ငွေအများကြီး ကုန်ကျသွားနိုင်သည် ။
ထို့အပြင် ခြံဝင်းအတွင်းရှိ လူများကလည်း ကန့်ကွက်လာနိုင်ဖွယ် ရှိသည် ။
ဒါရိုက်တာဝမ်၏ သဘောတူညီချက် ရပြီးနောက် ယန်ကျီဝမ်က ဆရာလဲ့ကို မေးလိုက်သည် ။
" ဆရာလဲ့.. ဒါတွေအားလုံး ဆိုရင် ဘယ်လောက်လောက် ကုန်နိုင်မလဲ .. "
ဆရာလဲ့က ခဏ တွက်ချက် ခန့်မှန်းကြည့်ပြီးနောက်...
" ယွမ်သုံးဆယ်လောက်တော့ ကုန်လိမ့်မယ် .. "
ယန်ကျီဝမ်က ဈေးကြီးသည်ဟု ထင်သွားမည်ကို စိုးရိမ်သဖြင့် ဆရာလဲ့က အမြန် ရှင်းပြလိုက်သည် ။
" အဓိကကတော့ အိမ်သာဆောက်ဖို့ ပိုက်တွေ လိုလို့ပါ.. အဲဒါတွေ အားလုံးက ပစ္စည်းဖိုးတွေချည်းပဲ .. "
ရန်ရွေ့ဟွားသည် ယွမ်သုံးဆယ် ကုန်ကျမည်ဟု ကြားလိုက်ရသောအခါ ရင်နာသွား၏ ။
သူမက ယန်ကျီဝမ်ကို...
" ဒုတိယသား.. အိမ်သာ ဆောက်တာကို ထားလိုက်ပါတော့.. လူတိုင်းက အများသုံး အိမ်သာကိုပဲ သွားကြတာပဲဟာ.. သွားရတာက ခြေလှမ်း နည်းနည်းပဲ ဝေးတာကို .. "
ထိုစကားကို ကြားသောအခါ ဆရာလဲ့ အနည်းငယ် စိတ်ပျက်သွား၏ ။
အကယ်၍ အိမ်သာသာ မဆောက်ပါက သူ ငွေအများကြီး ရမည်မဟုတ်ပေ ။
သို့သော် ယခုအချိန်တွင် မည်သည့် မိသားစုမှ ချမ်းသာနေခြင်း မရှိ ။
သို့သော် ယန်ကျီဝမ်က...
" အမေ.. ဒီကိစ္စကို စိတ်မပူပါနဲ့.. အိမ်သာကတော့ ဆောက်ရမှာပဲ .. "
" နင့်သဘောပဲလေ.. ကောင်းပြီ.. အမေ ဝင်မပါတော့ဘူး .. "
ရန်ရွေ့ဟွားက ခေါင်းခါကာ သက်ပြင်းချလိုက်ပြီးနောက် မမြင်လျှင် မပူရဟူသော သဘောဖြင့် အခြား အဒေါ်ကြီးများနှင့် အတင်းဆက်တုပ်ရန် လှည့်ထွက်သွားသည် ။
ဆရာလဲ့က စိတ်လှုပ်ရှားစွာဖြင့်...
" ရဲဘော်လေး.. တကယ် ဆောက်မှာလား .. "
ယန်ကျီဝမ်က ခေါင်းညိတ်လိုက်ပြီး ဆယ်ယွမ်တန် ငွေစက္ကူ သုံးရွက်ကို ထုတ်ယူကာ...
" ဒီမှာ ပိုက်ဆံ အရင်ယူထားလိုက်.. လိုတာ ပိုတာကို နောက်မှ ရှင်းကြတာပေါ့ .. "
" ဒါက....... "
ဆရာလဲ့က ပိုက်ဆံကို ချက်ချင်း မယူဘဲ အနည်းငယ် ရှက်ရွံ့နေပုံ ရသည် ။
ထို့ကြောင့် ယန်ကျီဝမ်မှာ အနည်းငယ် ရှုပ်ထွေးသွား၏ ။
ဆရာလဲ့က ထစ်ထစ်ငေါ့ငေါ့ဖြင့်...
" ရဲဘော်လေး.. လုပ်အားခရဲ့ တစ်စိတ်တစ်ပိုင်းကို ကောက်ပဲသီးနှံနဲ့ ပေးလို့ရမလား.. တခြား ဟာတွေ မဟုတ်ပါဘူး.. ပြောင်းဖူးမှုန့်ဆိုရင်ပဲ လုံလောက်ပါတယ် .. "
ဒါရိုက်တာဝမ်က...
" အခုအချိန်မှာ ကောက်ပဲသီးနှံတွေက အတော်လေး အဖိုးတန်နေတယ်လေ.. ပိုက်ဆံရှိရင်တောင် ဝယ်လို့ မရဘူး.. ဆရာလဲ့ကလည်း နှစ်လလောက် အလုပ်မရှိဘဲ ဖြစ်နေတာဆိုတော့ .. "
" သြော်.. ဒီလိုကိုး .. "
ယန်ကျီဝမ်က ပြုံးလိုက်ပြီး...
" အိမ်မှာ နည်းနည်း ရှိပါသေးတယ်.. လုပ်အားခရဲ့ တစ်ဝက်ကို ပြောင်းဖူးမှုန့်နဲ့ ပေးရင် အဆင်ပြေမလား .. "
" ရပါတယ်.. ရပါတယ်.. ကျေးဇူးတင်ပါတယ် ရဲဘော်လေး.. ငါ အကောင်းဆုံး ပြန်ပြင်ပေးပါ့မယ် .. "
ဆရာလဲ့သည် ယန်ကျီဝမ် စိတ်ပြောင်းသွားမည်ကို စိုးရိမ်သဖြင့် အထပ်ထပ် ခေါင်းညိတ်ပြလိုက်သည် ။
ယန်ကျီဝမ်က နောက်ပြောင်သည့်အနေဖြင့်...
" ကျွန်တော်က ဦးလေးကို စားစရာ မပေးရင် ကောင်းကောင်း မပြင်ပေးဘူးလို့ ပြောချင်တာလား .. "
ဆရာလဲ့က လက်ကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်ပြီး...
" ငါ အဲဒီလို ဆိုလိုတာ မဟုတ်ပါဘူး.. ငါ....... "
" ကောင်းပါပြီ.. ယန်လေးက မင်းကို စနေတာပါ .. "
ဒါရိုက်တာဝမ်က ဝင်၍ စကားဖြတ်လိုက်ပြီး ယန်ကျီဝမ်ကို...
" ယန်လေး.. ဆရာလဲ့ကို မစနဲ့တော့ .. "
ယန်ကျီဝမ်သည် အလုပ်လုပ်ရာတွင် အမြဲတမ်း သွက်လက် မြန်ဆန်သူ ဖြစ်သဖြင့် နောက်ထပ် စကားတစ်ခွန်းမှ မပြောတော့ဘဲ ယန်မိသားစုအိမ်သို့ ပြန်ကာ ကောက်ပဲသီးနှံများ သွားယူလိုက်သည် ။
ပြန်ရောက်လာသောအခါ သူက ကောက်ပဲသီးနှံများကို ဆရာလဲ့ထံသို့ ကမ်းပေးလိုက်ပြီး...
" ဆရာလဲ့.. ဒါက ပြောင်းဖူးမှုန့် ၅၀ ကျင်း ပါ.. ပြောင်းဖူးမှုန့်ရဲ့ ဈေးကွက် ပေါက်ဈေးက တစ်ကျင်းကို ၁၅ ဖန့်ဆိုတော့ ကျွန်တော် ထပ်ပြီး ယွမ် ၂၀ ပေးလိုက်မယ်.. နောက်ထပ် လိုတဲ့ ငွေကိုတော့ နောက်မှပဲ ရှင်းကြတာပေါ့.. အဆင်ပြေတယ် မဟုတ်လား .. "
" ပြေတာပေါ့.. ပြေတယ်.. ကျေးဇူးတင်ပါတယ် .. "
ဆရာလဲ့က အထပ်ထပ်အခါခါ ခေါင်းညိတ်ပြလိုက်သည် ။
သူက ပြောင်းဖူးမှုန့် အိတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားမိသည် ။ ဤသည်က အသက်ကယ်မည့် စားစရာများပင် ။
" မနက်ဖြန် စလို့ ရမလား .. "
ယန်ကျီဝမ်က...
" ကျွန်တော် နည်းနည်း အလျင်လိုနေလို့ပါ .. "
" ရပါတယ်.. မနက်ဖြန် မနက်စောစော အလုပ်စလုပ်ဖို့ လာခဲ့ပါ့မယ် .. "
" ကောင်းပြီ.. ဒါဆို အိမ်ကို ဆရာလဲ့ဆီ အပ်ခဲ့ပြီနော် .. "
" ငါ့ တာဝန်သာ ထားလိုက်တော့ .. "