အခန်း ၁၅၃
Vol. 15 Ch. 153
Chapter 153
~
အခန်း ၁၅၃ : ဒီကိစ္စ ငါ မင်းကို မကူညီနိုင်ဘူး...
~
ရန်ရွေ့ဟွား ဟူသည်က အကြွားစကေးတွင် အဆင့်တစ်ခုရှိသူဖြစ်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ခြံဝင်းထဲရှိ လူတိုင်းနီးပါးက ယန်ကျီဝမ်၏ အခြေအနေအသစ်နှင့် အိမ်ခွဲဝေချထားပေးမှုအကြောင်းကို သိရှိသွားကြ၏ ။
အလုပ်ဆင်းပြီးနောက် တစ်ယောက်ပြီးတစ်ယောက် အိမ်ပြန်ရောက်လာကြသည်။ ထို့နောက် ဤသတင်းကို မိသားစုဝင်များထံမှ တစ်ဆင့်သိလိုက်ရ၏။ တခြားသူများမှာမူ ကိစ္စမရှိ။
မနာလိုမှုများ ရှိသော်လည်း အိမ်တွင်း၌သာ ပြောနေကြသည်။ သို့သော် တချို့လူများမှာမူ ငြိမ်ငြိမ်မနေနိုင်ကြပေ။
ဥပမာအားဖြင့် ကျားမိသားစု...
ကျားကျန်းရှီက...
" ခွေးသတောင်းစားလေး ယန်ကျီဝမ်က ဘာလို့ အိမ်တစ်လုံး ရခဲ့တာလဲ.. ငါတို့က ဘာလို့ မရတာလဲ.. ငါတို့မိသားစုက အိမ်တစ်လုံးတည်းမှာ လူအများကြီး နေ နေရပြီး နေရာမရှိတော့ဘူးဆိုတာ သူတို့ မသိကြဘူးလား.. အဲဒီခေါင်းဆောင်တွေက မျက်စိကန်းနေကြတာလား .. "
ကျားဒုံရွှီနှင့် ချင်ဟွိုင်ရုတို့ စုံတွဲ အကူအညီမဲ့သလို ခံစားနေရသည်။ အိမ်တစ်လုံး မလိုချင်သည့်သူ မည်သူရှိမည်နည်း ။
ကျားမိသားစုသည် အိမ်တစ်လုံးတည်းသာ ရှိပြီး သစ်သားပျဥ်ပြားများဖြင့်သာ ခြားထားရသည်။ သို့သော် ညဘက်ရောက်လျှင် စုံတွဲက တစ်ခုခုလုပ်ချင်သည့်အခါ ကျားကျန်းရှီ ကြားသွားမည်ကို စိုးရိမ်သဖြင့် အသံကျယ်ကျယ်ဖြင့်ပင် မပြောရဲကြပေ။
( အိမ်ဆိုပေမယ့် ခြံဝင်း အိမ်ဆိုတော့ အခန်းဗျ... ၁၀ ပေ.. ပေ ၂၀ တို့ ၁၅ ပေ ပတ်လည်တို့ အခန်းမျိုးတွေ ..အဓိက အိမ်ကတော့ ပိုကျယ်မယ်.. )
ထို့အပြင် ကျားပန့်ကန့်ကလည်း ပိုပိုကြီးလာနေပြီ။ သူတို့ကန်း( အပူပေး အုတ်ကုတင်) တစ်ခုတည်းကို တိုးအိပ်၍ မရတော့ပေ ။
( တကယ်က ဖတ်ဖူးသလောက် အပူပေး အုတ်ကုတင်တွေ ခြံဝင်းအိမ်မှာ ရှိမယ် မထင်ဘူးဗျ... မူရင်းက ထည့်ရေးပင်မယ့် အရင်က စားပွဲလို့ပဲ ပြင်ရေးထားတာ.. အိမ်ကကျဥ်းတာရော အရင်က ဒီလို အခန်းမျိုးက အစေခံတွေ နေရာမျိုး ဆိုတော့ သစ်သားကုတင်ပဲ သုံးကြတာ.. အပူပေးဖို့ အတွက်က ကျောက်မီးသွေး ကို မီးဖိုထဲ ထည့်သုံးတာ.. ခုက အပါများလာလို့ အုတ်ကုတင်ကိုပဲ သုံးလိုက်တော့မယ် 😁)
" အမေ.. ကျေးဇူးပြုပြီး စကားမပြောပါနဲ့တော့.. ဒီစကားတွေ ပေါက်ကြားသွားရင် ဘယ်လိုလုပ်မလဲ.. လူတွေကို ကျွန်တော် ဘယ်လိုမျက်နှာနဲ့ ရင်ဆိုင်ရမလဲ .. "
ကျားဒုံရွှီက...
" ပြီးတော့ ယန်ကျီဝမ်က တရားဝင် ဝန်ထမ်း ဖြစ်သွားပြီလေ သူ့အတွက် အိမ်တစ်လုံး ရတာ ပုံမှန်ပါပဲ .. "
" ငါ့ခြေထောက်ကို ပုံမှန်.. "
ကျားကျန်းရှီက နှာခေါင်းရှုံ့ကာ...
" နင်ဆိုတရားဝင် ဖြစ်အောင် ၂ နှစ်တောင် လုပ်ခဲ့ရတာ.. ဘာလို့ နင် အိမ်ရတာကို ငါ မမြင်ခဲ့တာလဲ.. ငါ့ကို မေးရင် အဲဒီအိမ်ကို ငါတို့မိသားစုကို ပေးသင့်တယ်.. ကျားပန့်ကန့် အနာဂတ်မှာ ဇနီးတစ်ယောက်နဲ့ လက်ထပ်ဖို့လေ .. "
ကျားဒုံရွှီက အကူအညီမဲ့စွာ...
" အမေ.. ကျွန်တော်က အဖေ့ရဲ့အလုပ်ကို လွှဲပြောင်းယူလိုက်တာကြောင့် အိမ်ပြန်ခွဲပေးမှာ မဟုတ်ဘူးလေ.. ဒါက စည်းကမ်းပဲ .. "
သူမပြောသလို တကယ်ဖြစ်ခဲ့လျှင် သူတို့ လက်ရှိနေထိုင်နေသည့် အိမ်ကို ပြန်ပေးရမည်ပင်။ အိမ်တစ်လုံးကို ပြန်ခွဲဝေပေးလျှင်ပင် လက်ရှိအိမ်လောက် ကောင်းမည်မဟုတ်ချေ။
ကျားမိသားစုသည် ခြံဝင်းထဲသို့ စောစီးစွာ ပြောင်းရွှေ့လာသော်လည်း အိမ်ငှားများသာ ဖြစ်သည်။ ဖြစ်နိုင်သည်မှာ ထိုအချိန်က သူတို့ ပိုက်ဆံသုံးဖို့ တွန့်ဆုတ်ခဲ့ကြပုံ ရ၏။
" .. အဲဒီ သေချင်းဆိုး ခေါင်းဆောင်တွေက မိဘမဲ့ကလေးတွေနဲ့ မုဆိုးမတွေကို အနိုင်ကျင့်နေကြတာ .. "
ကျားကျန်းရှီက ပြန်မငြင်းနိုင်သဖြင့် အတော်ကြာအောင် တိတ်ဆိတ်ပြီးနောက် ဤစကားတစ်ခွန်းကိုသာ ပြောနိုင်ခဲ့သည်။ ကျားဒုံရွှီက ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး...
" အမေ.. အိမ်တစ်လုံး တကယ်လိုချင်ရင် ချင်ဟွိုင်ရုအတွက် အလုပ်တစ်ခု ဝယ်ပေးလေ.. သူ တရားဝင် ဝန်ထမ်းဖြစ်သွားရင် အိမ်တစ်လုံး ရနိုင်လိမ့်မယ် .. "
ထိုစကားများ ထွက်ပေါ်လာသည်နှင့် ချင်ဟွိုင်ရု၏ မျက်လုံးများ တောက်ပသွားသည်။ သူမ အလုပ်တစ်ခုအကြောင်း အဆက်မပြတ် စဥ်းစားနေခဲ့သော်လည်း မိသားစုအခြေအနေမှာ အိပ်မက်ပင် မမက်နိုင်လောက်အောင် ဆိုးရွားနေ၏။ ယခု ကျားဒုံရွှီ ပြောသည်က အခွင့်အရေး နည်းသော်လည်း တကယ် ဖြစ်လာခဲ့ပါမူ ။ သူမက ကျားကျန်းရှီကို မျှော်လင့်တကြီး ကြည့်လိုက်သည်။
ကျားကျန်းရှီက မျက်လုံးလှန်ပြီး နှာခေါင်းရှုံ့လိုက်ကာ...
" ဟမ့်..အလုပ်လိုချင်ရင် နင့်ရဲ့ဆရာ ယီကျုံးဟိုင်နဲ့ သွားပြောလေ... ငါလို အဘွားကြီးကို ဘာလို့ လာပြောနေတာလဲ... "
သူမက အရူးမဟုတ် ။ သူမသားက ပိုက်ဆံထုတ်ပေးစေချင်သည်ကို သူမ နားလည်၏။ သူမတွင် ပိုက်ဆံရှိသော်လည်း ထုတ်ပေးသွားရန်ကတော့ လုံးဝ မဖြစ်နိုင်။ ထို့အပြင် ချင်ဟွိုင်ရုအတွက် အလုပ်တစ်ခု ဝယ်ရန် ဖြစ်နေသဖြင့် သူမ ပို၍ပင် မလိုလားချေ။
ဤစကားကို ကြားသောအခါ ချင်ဟွိုင်ရု အလွန်စိတ်ပျက်သွားသည်။
ကျားဒုံရွှီက လက်မလျော့သေး...
" အမေ.. သားနဲ့ ချွေးမက အမေ့ဆီက ချေးလို့ရမလား.. လစဥ် နည်းနည်းချင်းစီ ပြန်ဆပ်ပါ့မယ် .. "
ထိုသည်ကိုကြားလျှင် ကျားကျန်းရှီ ချက်ချင်းပင် သွေးဆောင်ခံလိုက်ရသည်။ ကျားဒုံရွှီက လစဥ် နေထိုင်စရိတ်အတွက် ငါးယွမ် ပေးမည်။ သူတို့က တစ်လကို ဆယ်ယွမ် ပြန်ပေးလျှင် တစ်လကို ဆယ့်ငါးယွမ် ဖြစ်လိမ့်မည်။ တစ်နှစ်ကို နှစ်ရာလောက် ရှိ၏ ။ သူမ နှစ်အနည်းငယ်အတွင်း ငွေပြန်ရနိုင်သဖြင့် စဥ်းစားပြီး ကျားကျန်းရှီက ပြန်မေးလိုက်သည်။
" ဒုံရှီ.. နင် ပိုက်ဆံ ဘယ်လောက်ချေးဖို့ စီစဥ်ထားလဲ .. "
ကျားဒုံရွှီနှင့် သူ့ဇနီး၏ မျက်လုံးများ အရောင်တောက်သွားသည်။ အခွင့်အရေး တစ်ခု ရှိပေသည်။ ချင်ဟွိုင်ရုက သူမ၏ယောက်ျားကို လျင်မြန်စွာ တွန်းလိုက်ပြီး အခွင့်အရေးကို ဆုပ်ကိုင်ရန် အချက်ပြလိုက်သည်။ ကျားဒုံရွှီ နားလည်သွားပြီး...
" ဒီနေ့ခေတ်မှာ အလုပ်တစ်ခုအတွက် အနည်းဆုံး ခြောက်ရာ ကုန်တယ် .. "
" ခြောက်ရာလား.. "
ကျားကျန်းရှီ ၏ မျက်လုံးများ ပြူးကျယ်သွား၏။ ဤသည်က သူမ၏ စုဆောင်းငွေ အားလုံးနီးပါးပင်။ အားလုံး တစ်ပြိုင်နက်တည်း ပေးရမည်ဖြစ်၍ သူမ တွန့်ဆုတ်နေသည်။ ကျားဒုံရွှီက သူ့အမေ တွန့်ဆုတ်နေကြောင်း မြင်လိုက်ရသဖြင့် အကူအညီမဲ့စွာပင် သူ၏ ကမ်းလှမ်းချက်ကို တိုးမြှင့်လိုက်ရသည်။
" အမေ.. ကျွန်တော်တို့ကို ခြောက်ရာ ချေးရင် ခုနစ်ရာ ပြန်ဆပ်ရင် ကောင်းမလား .. "
" တကယ်လား.. "
စုံတွဲက ကြက် အစာကောက် သကဲ့သို့ အထပ်ထပ်အခါခါ ခေါင်းညိတ်လိုက်သည်။ ရှည်လျားသော ရုန်းကန်မှုတစ်ခုပြီးနောက် ကျားကျန်းရှီသည် နောက်ဆုံးတွင် သဘောတူလိုက်၏ ။ ရုတ်တရက် ကိုယ့်ကိုယ်ကိုယ် သိစိတ်ဝင်လာခြင်း မဟုတ်ဘဲ ထိုယွမ်တစ်ရာ အတိုးကို လိုချင်သောကြောင့်ပင် ။
" ငွေကို ငါ ထုတ်ပေးနိုင်ပါတယ်.. ဒါပေမဲ့ သဘောတူထားတဲ့ အတိုး ယွမ်တစ်ရာက လုံးဝ နည်းလို့ မရဘူး.. ပြီးတော့ လစဥ် နေထိုင်စရိတ် ငါးယွမ်ကလည်း ဆက်ပေးရမယ်... သဘောတူလား .. "
" တူပါတယ်.... ငါးယွမ်က သား အမေ့ကို လုပ်ကြွေးတဲ့ ငွေပဲလေ ..လျော့စရာ အကြောင်းမရှိဘူး .. "
ကျားဒုံရွှီက လျင်မြန်စွာ သဘောတူလိုက်သည်။
" ကောင်းပြီ.. ဒါဆို နင် လိုအပ်တဲ့အခါ ငါ နင့်ကို ပေးလိုက်မယ် .. "
" ကျေးဇူးတင်ပါတယ် အမေ.. "
ထိုလင်မယားက သူမကို လျင်မြန်စွာ ကျေးဇူးတင်ကြောင်း ပြောလိုက်သည်။ ကျားဒုံရွှီ မစောင့်နိုင်တော့ဘဲ ယီကျုံးဟိုင်ကို ထွက်သွား၏ ။
သူ့မှာ ပိုက်ဆံရှိသော်လည်း အလုပ်ဝယ်သည့်ကိစ္စကို ယီကျုံးဟိုင်အား အကူအညီ တောင်းရပေဦးမည်။ ယီကျုံးဟိုင်က အဆင့် ၇ အလုပ်သမား ဖြစ်၍ လူအများကြီးကို သိသည်။
ယီမိသားစုသို့ ရောက်သောအခါ ကျားဒုံရွှီက ထိုကိစ္စကို ယီကျုံးဟိုင်အား စိတ်လှုပ်ရှားစွာ ပြောပြသည်။ သူ အရမ်းစိတ်လှုပ်ရှားနေသောကြောင့် ယီကျုံးဟိုင်၏ မျက်နှာ ပိုမိုမည်းမှောင်လာသည်ကို သတိမထားမိပေ။ ကျားဒုံရွှီက...
" ဆရာ.. ကျွန်တော့်ကို ကူညီပေးနိုင်မလား.. စိတ်မပူပါနဲ့.. ချင်ဟွိုင်ရုနဲ့ ကျွန်တော် ဆရာ့ကို ချစ်ခင်လေးစားပြီး အသက်ကြီးလာတဲ့အခါ ဂရုစိုက်ပါ့မယ် .. "
ယီကျုံးဟိုင် ထိုအခါမှ သတိပြန်ဝင်လာပြီး အတင်းပြုံးလိုက်ကာ...
" ငါက မင်းရဲ့ဆရာ.. ငါ မင်းကို ဘယ်လိုလုပ် မကူညီဘဲ နေမှာလဲ.. ဒါပေမဲ့ ဒီကိစ္စကို အလျင်စလို လုပ်လို့မရဘူး.. ငါ သေချာ စဥ်းစားရမယ်.. မင်း အရင် ပြန်သွား.. သတင်းရရင် ငါ အကြောင်းကြားမယ် .. "
" ကောင်းပြီ.. ဒါဆို ကျွန်တော် ဒုက္ခပေးမိပြီ ဆရာ.. ကျေးဇူးတင်ပါတယ်.. "
ကျားဒုံရွှီက သူ့ကို အလွန်ကျေးဇူးတင်ပြီး ပြန်သွားသည်။ အဒေါ်ကြီးက စားစရာများ ယူလာပြီး ပျော်ရွှင်စွာ...
" ချင်ဟွိုင်ရု အလုပ်ရရင် သူတို့မိသားစုရဲ့ဘဝ ပိုကောင်းလာတော့မယ်.. သူတို့ကို ကျွန်မတို့ ကူညီစရာ မလိုတော့ဘူး .. "
သူမလည်း ကျားဒုံရွှီ၏ စကားများကို ကြားလိုက်ရသဖြင့် ကျားမိသားစု၏ ဘဝ တိုးတက်ကောင်းမွန်လာနိုင်သည်ကို အရမ်းပျော်နေ၏ ။ အနည်းဆုံးတော့ သူတို့မိသားစု၏ အကူအညီကို မလိုအပ်တော့ပေ ။ ဒီလထဲမှာ သူတို့ အကြိမ်ပေါင်းများစွာ ကူညီပေးခဲ့ရသည်။ ကျားမိသားစုမှာ အောက်ခြေမဲ့ တွင်းနက်ကြီး ဖြစ်နေသောကြောင့် ချမ်းသာသည့် မိသားစုပင် တောင့်ခံနိုင်မည်မဟုတ်ပေ။
ယီကျုံးဟိုင်က ခေါင်းခါပြီး လေးနက်သောအသံဖြင့်...
" ဒီအကူအညီကို မပေးနိုင်ဘူး.. "
အဒေါ်ကြီး အံ့သြသွားသည်။ ဤသည်က ကောင်းသည့်အရာ မဟုတ်ပါလော ။ မည်သို့ကြောင့် မကူညီနိုင်ရသနည်း။
သို့သော် ယီကျုံးဟိုင်က ရှင်းပြဖို့ ရည်ရွယ်ချက် မရှိ ။ ကျားမိသားစု၏ ဘဝ တိုးတက်ကောင်းမွန်လာလျှင် သူ့အကူအညီ မလိုတော့မည်ကို သူ ပွင့်ပွင့်လင်းလင်း မပြောနိုင်ပေ။ သို့မဟုတ်လျှင် အနာဂတ်တွင် သူ မည်သို့ ကျေးဇူးများ ရနိုင်တော့မည်နည်း ။
သူ့စကားများ ပြဿနာဖြစ်စေသည်ကို သဘောပေါက်လိုက်သည့်အခါ ယီကျုံးဟိုင်က သူ၏ လေသံကို လျင်မြန်စွာ ပြောင်းလိုက်သည်။
" ငါ ဆိုလိုတာက အခု အလုပ်အကိုင် အခွင့်အလမ်းတွေက ကျပ်တည်းနေပြီး အလုပ်တစ်ခု ဝယ်ဖို့က အရမ်း ခက်ခဲလိမ့်မယ် .. "
ဤသည်ကလည်း မမှား ။ ယခုချိန်တွင် ခေါင်းဆောင်များက အလုပ်ပင် ဖြုတ်ချင်နေကြသည် ။ ထို့အပြင် ဤအလုပ်ရှိလျှင် ငတ်သေမည် မဟုတ်၍ မည်သူက အလုပ်နေရာ ပြန်ရောင်းချင်ပါမည်နည်း ။
ယီကျုံးဟိုင်၏ အရည်အချင်းနှင့်ဆိုရင် အလုပ်ဝယ်ဖို့ ကူညီပေးမည့်သူ တစ်ယောက်ကို ရှာရန် မခက်ခဲပေ ။ သို့သော် သူ လုံးဝ ကူညီ၍ မဖြစ်ချေ ။
ကျားမိသားစု အခြေအနေ တိုးတက်ကောင်းမွန်လာခဲ့ပါက ကျားကျန်းရှီ၏ စရိုက်ဖြင့် အနာဂတ်တွင် ခက်ခဲသွားနိုင်သည် ။ သူမက ကျားဒုံရွှီအား အသက်ကြီးချိန် ဂရုစိုက်ခွင့် ပေးမည်လော ။ လုံးဝ မဖြစ်နိုင် ။