← Chapters

အခန်း ၁၅၄

Vol. 15 Ch. 154

အခန်း ၁၅၄

Vol. 15 Ch. 154

Chapter 154

~

အခန်း ၁၅၄ : မိန်းမလိုချင်နေသော ယန်ကျီချန်း

~

​ကျားဒုံရွှီ တံခါးဝသို့ ပြန်ရောက်လာသည်နှင့် မျှော်လင့်တကြီး စောင့်မျှော်နေသော ချင်ဟွိုင်ရုအား မြင်လိုက်ရ၏ ။

​ယောကျ်ားဖြစ်သူ ပြန်လာသည်ကို မြင်လျှင် သူမက စိတ်အားထက်သန်စွာ မေးလိုက်သည် ။

​" ဒုံရွှီ.. ဦးလေးယီက ကူညီဖို့ သဘောတူလား .. "

​" အင်း .. "

​ကျားဒုံရွှီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် ...

​" သူက ငါ့ဆရာလေ.. ငါ အကူအညီတောင်းမှတော့ သူ ဘယ်လိုလုပ် မကူညီဘဲ နေမှာလဲ .. "

​" ကောင်းတာပေါ့.. သိပ်ကောင်းတာပေါ့ .. "

​ချင်ဟွိုင်ရု၏ မျက်နှာတစ်ခုလုံး စိတ်လှုပ်ရှားမှုကြောင့် နီရဲလာသည် ။

​အနာဂတ်တွင် ကြုံတွေ့ရမည့် သူမ၏ အံ့မခန်းဘဝလေးအကြောင်းကိုပင် စိတ်ကူးယဉ်မိသွား၏ ။

​သူမသာ အလုပ်ဝင်အလုပ်သမား ဖြစ်သွားလျှင် မိသားစုတွင် စက်ရုံအလုပ်သမား နှစ်ယောက်ပင် ရှိလာတော့မည်။

​အရေးအကြီးဆုံးက သူမတွင် အလုပ်တစ်ခု ရှိလာသည်နှင့် သူမနှင့် ကလေးများ၏ အိမ်ထောင်စုစာရင်းကို မြို့ပေါ်သို့ ပြောင်းရွှေ့နိုင်တော့မည် ဖြစ်သည် ။

​ထိုအခါ သူတို့တွင် ရိက္ခာဝေစု ရလာမည်ဖြစ်ပြီး အခြေအနေများက ယခုလောက် ခက်ခဲကျပ်တည်းနေတော့မည် မဟုတ် ။

​သို့သော် ပြဿနာတစ်ခုတော့ ရှိနေသေးသည် ။

​သူမ အလုပ်သွားနေစဥ် ကလေးများကို ထိန်းကျောင်းပေးရန် ကျားကျန်းရှီကို အကူအညီတောင်းရပေမည် ။

​အိမ်မှုကိစ္စများသည်တော့ သူမ အလုပ်က ပြန်လာသည့် အချိန်မှသာ လုပ်ရမည်ဖြစ်သည် ။

​ကျားကျန်းရှီက အိမ်မှုကိစ္စများ ဝိုင်းကူလုပ်ပေးလိမ့်မည်ဟု သူမ စိတ်ကူးယဥ်မနေတော့ ။ ဤမျှလေး လုပ်ပေးလျှင်ပင် သူမ အရမ်းကို ကျေနပ်နေပြီ ။

​ထိုစဥ် ကျားဒုံရွှီက ရုတ်တရက် ပြုံးစိစိဖြင့် ပြောသည် ။

​" ဟွိုင်ရု.. ကိုယ်က ဒီလို အရေးကြီးတဲ့ ကိစ္စကြီးကို အောင်မြင်အောင် လုပ်ပေးခဲ့တာဆိုတော့.. ဒီည ကိုယ့်ကို သေသေချာချာလေး ဆုချသင့်တယ်လို့ မထင်ဘူးလား .. "

​သူ ဘာကိုဆိုလိုမှန်း ချင်ဟွိုင်ရု ချက်ချင်း နားလည်သွားပြီး မျက်စောင်းလေး ထိုးကာ စိုက်ကြည့်လိုက်သည် ။

​" လူဆိုးကြီး.. ဒီညမှပဲ အဲ့အကြောင်း ဆက်ပြောကြတာပေါ့ .. "

​" ဟီးဟီး.. ရတာပေါ့.. ရတာပေါ့ .. "

​...

​ယန်မိသားစုအိမ်၌ ...

​ယန်ဖူကွေ့က စားပွဲပေါ်ရှိ ဟင်းပွဲများကို အံ့သြတကြီး ကြည့်ကာ နောက်ပြောင်လိုက်သည် ။

​" အို.. မိန်းမ.. ဒီနေ့ ဘယ်လိုဖြစ်လို့ ဒီလောက်တောင် ရက်ရောနေရတာလဲ.. ဟင်းတွေ အများကြီး ချက်ထားပါလား .. "

​ငါးခြောက်ကြော် ပန်းကန်ငယ်တစ်ချပ် ၊ ကြက်ဥကြော်နှင့် ဂေါ်ဖီထုပ်ကြော် တစ်ပန်းကန် ။

​ယန်ကျီဝမ် ချက်သည့် အစားအသောက်များနှင့် ယှဥ်လျှင် အများကြီး နည်းပါးနေသေးသော်လည်း အတော်လေး ကောင်းမွန်နေလေပြီ ။

​ရန်ရွေ့ဟွားသည် အထူးသဖြင့် လက်ရှိလို ခက်ခဲကျပ်တည်းနေသော အချိန်များတွင် အလွန်ချွေတာတတ်၏ ။

​ပုံမှန်အားဖြင့် သူတို့သည် မန်ထိုနှင့် ဂေါ်ဖီထုပ်ကိုသာ အများဆုံး စားလေ့ရှိပြီး တစ်ခါတစ်ရံမှသာ ဆားနယ်ထားသော ဟင်းသီးဟင်းရွက်ခြောက်များ ပါတတ်သည် ။

​ဘဝက ယန်ကျီဝမ် အလုပ်မရခင် ကာလများဆီသို့ ပြန်ရောက်သွားသည့်နှယ်ပင် ။ ပြောင်းဖူးမှုန့်နှင့် မန်ထိုသာ ကွာခြားသည် ။

​သို့သော် ဤသည်က တခြားမိသားစုများနှင့် ယှဥ်လျှင် ကောင်းမွန်သော ဘဝဟု ဆိုနိုင်သည် ။ အနည်းဆုံးတော့ သူတို့မိသားစု ဗိုက်ဝအောင် စားနိုင်ကြပေသည် ။

​ထို့ကြောင့် ယန်မိသားစုက အတော်လေး ချမ်းသာနေပြီဟုပင် သတ်မှတ်၍ ရသည် ။

​" ဒီနေ့က နေ့ကောင်းရက်သာလေးလေ.. ဒါကြောင့် ဟင်းတစ်ခွက် ထပ်တိုးလိုက်တာ .. "

​ရန်ရွေ့ဟွားက ပျော်ရွှင်စွာဖြင့် ပြောလိုက်သည် ။

​" မိန်းမ.. ခုနက ငါပြန်လာတော့ မင်း သတင်းကောင်းတစ်ခု ပြောပြစရာ ရှိတယ်ဆို.. အခု ပြောပြလို့ ရပြီမလား .. "

​ယန်ဖူကွေ့က စပ်စုဟန်ဖြင့် မေးလိုက်သည် ။

​သူ စကားပြောပြီးသည်နှင့် ယန်ကျီဝမ်မှလွဲ၍ ကျန်လူအားလုံးက ရန်ရွေ့ဟွားကို ဝိုင်းကြည့်လိုက်ကြ၏ ။

​ယခုအချိန်တွင် ခြံဝင်းအတွင်းရှိ လူတိုင်းက ယန်ကျီဝမ် တရားဝင် ဝန်ထမ်းအဖြစ် အတည်ပြုခံရခြင်းနှင့် အိမ်ရာခွဲဝေရရှိခြင်းတို့ကို သိရှိနေကြပြီဖြစ်သော်လည်း ယန်မိသားစုကတော့ မသိကြသေးပေ ။

​ရန်ရွေ့ဟွားက ပျော်ရွှင်စွာဖြင့်...

​" ဒီနေ့ ဒုတိယသားက တရားဝင်ဝန်ထမ်းအဖြစ် အတည်ပြုခံလိုက်ရပြီတဲ့.. အဲ့ဒါ သတင်းကောင်း မဟုတ်ဘူးလား .. "

​ယန်ဖူကွေ့ အံ့အားသင့်သွားပြီး ယန်ကျီဝမ်ဘက်သို့ လှည့်ကာ မေးလိုက်သည် ။

​" ဒုတိယသား.. ဒါ တကယ်ပဲလား .. "

​ယန်ကျီဝမ်က ခေါင်းညိတ်ပြလိုက်သည် ။

​ယန်ဖူကွေ့က လက်ခုပ်တီးကာ ဝမ်းသာ အားရဖြင့်...

​" ကောင်းတယ်.. ကောင်းတယ်.. သိပ်ကောင်းတယ်.. အခုဆို ငါတို့မိသားစုမှာ စက်ရုံအလုပ်သမား နှစ်ယောက်တောင် ရှိသွားပြီ.. ဒါ တကယ်ကို သတင်းကောင်းပဲ .. "

​" အစ်ကိုနှစ်.. ဂုဏ်ယူပါတယ်နော် .. "

​" အစ်ကိုနှစ်က တကယ်ကို အံ့သြစရာကောင်းလောက်အောင် တော်တာပဲ .. "

​ယန်ကျီဖန့်နှင့် ညီငယ်ညီမငယ် နှစ်ယောက်ကပါ ယန်ကျီဝမ်ကို ဝိုင်းဝန်းဂုဏ်ပြုကြပြီး သူတို့အားလုံး ယန်ကျီဝမ်အတွက် အလွန်ဝမ်းသာနေကြသည် ။

​အထူးသဖြင့် ယန်ကျီဖန့်ပင် ။ အစ်ကိုနှစ်က အလုပ်မရှိသေးချိန်တွင်ပင် မိသားစုအတွက် အစားအသောက်ကောင်းများစွာ ရှာဖွေပေးနိုင်ခဲ့သည့်အပြင် သူ့ကိုလည်း မုန့်ဖိုးများ ပေးနိုင်ခဲ့သည် မဟုတ်ပါလော ။

​ယခု တရားဝင် ဝန်ထမ်း ဖြစ်သွား၍ သူ့ကို ပို၍ပင် ပေးနိုင်မည် ။

​ငယ်ရွယ်သေးသည့် အငယ်နှစ်ယောက်ကတော့ ထိုမျှအထိ အများကြီး မတွေးတတ်ကြသေးပေ ။ အစ်ကိုနှစ်က သူတို့အပေါ် အလွန်ကောင်းပြီး ယခုလို တရားဝင် အလုပ်တစ်ခု ရသွားသည့်အတွက် အစ်ကိုနှစ်အတွက် ပျော်ရွှင်နေကြသည် ။

အစ်ကိုနှစ်က အရာအားလုံးတွင် ကောင်းမွန်သော်လည်း တစ်ခုတည်းသော အားနည်းချက်မှာ သူတို့ကို ကျောင်းအတင်းပို့နေခြင်းပင် ။

​ကျောင်းတက်ရသည်က အိမ်မှာ ဆော့ကစားရသည်လောက် မည်သို့ ပျော်စရာကောင်းနိုင်မည်နည်း ။

​မိသားစုတစ်ခုလုံးက ယန်ကျီဝမ်အတွက် ပျော်ရွှင်စွာ အောင်ပွဲခံနေကြသော်လည်း ယန်ကျီချန်း တစ်ယောက်တည်းသာ စူပုတ်နေခဲ့သည် ။

​ကောင်းကင်ဘုံက သူ့အပေါ် မတရားဟုပင် သူ ခံစားနေရ၏ ။

​သူ နှစ်အတော်ကြာ အလုပ်ကြိုးစား ရှာဖွေနေခဲ့သော်လည်း အလုပ်၏ အရိပ်ကိုပင် မမြင်ခဲ့ရချေ ။

​သို့သော် ဒုတိယကောင်သည်တော့ တစ်ပတ်သာ အလုပ်လုပ်ပြီး တရားဝင် ဝန်ထမ်း ဖြစ်သွားသည် ။ ဤသည်က သူ့အတွက် ခံစားရ ခက်လွန်းလှ၏ ။

​ရန်ရွေ့ဟွားက ဆက်ပြောသည် ။

​" ရှင်တို့တွေ ဒီလောက်နဲ့ပဲ အရမ်းပျော်မနေကြနဲ့အုံး.. ဒီသတင်းထက် ပိုကောင်းတဲ့ သတင်းတစ်ခု ရှိသေးတယ် .. "

​" ဟေ .. "

​ယန်ဖူကွေ့က တစ်ခုခုကို တွေးမိသွားဟန်ဖြင့် တွေဝေစွာ မေးလိုက်သည် ။

​" ဒုတိယသားကို စက်ရုံက အိမ်ပါ ချပေးလိုက်တာလား .. "

​" အို.. အဘိုးကြီးယန်.. ရှင် ဘယ်လိုလုပ် သိနေတာလဲ .. "

​ရန်ရွေ့ဟွားက သူမ၏ယောကျ်ားကို အံ့အားသင့်စွာ ကြည့်လိုက်၏ ။

​ယန်ဖူကွေ့က ဂုဏ်ယူဝင့်ကြွားစွာဖြင့်...

​" ဒါက ခန့်မှန်းရ ခက်တဲ့ကိစ္စမှ မဟုတ်တာ.. တရားဝင် ဝန်ထမ်း ဖြစ်သွားပြီဆိုမှတော့ အိမ်တစ်လုံး သေချာပေါက် ချပေးတော့မှာပဲလေ .. "

​" ရှင့်က ဉာဏ်ကောင်းတယ်ပေါ့ .. "

​ရန်ရွေ့ဟွားက မကျေမနပ်ဖြစ်ဟန်ဖြင့် စိန်ခေါ်လိုက်သည် ။

​" ဒါပေမဲ့ အိမ်ကို ဘယ်နေရာမှာ ချပေးလိုက်လဲဆိုတာကိုတော့ ရှင် လုံးဝ ခန့်မှန်းနိုင်မှာ မဟုတ်ဘူး .. "

​ယန်ဖူကွေ့က ခဏ စဥ်းစားပြီးနောက်...

​" လမ်းတစ်ဖက်က မျက်နှာချင်းဆိုင်အိမ်များလား .. "

​" ရှင် ဘယ်လိုလုပ် သိတာလဲ .. "

​ရန်ရွေ့ဟွား အလွန်ပင် အံ့အားသင့်သွားတော့သည် ။

​" တကယ်ကို ဟုတ်နေတာပဲကိုး .. "

​ယန်ဖူကွေ့က ကျေနပ်စွာ ပြုံးလိုက်၏ ။

​သူနှင့် ရန်ရွေ့ဟွားက နှစ်ပေါင်းများစွာ အတူတူ ပေါင်းသင်းနေထိုင်လာခဲ့ကြသူများဖြစ်၍ သူမ၏ စရိုက်ကို သူ လုံးဝ နားလည်သည် ။

​ရန်ရွေ့ဟွားလည်း ယခုမှသာ သဘောပေါက်သွားတော့သည် ။

​သို့သော် အဘိုးကြီးက သူမကို လှည့်စားလိုက်ခြင်းဖြစ်၍ သူမက မကျေမနပ်ဖြင့် နှုတ်ခမ်းစူလိုက်၏ ။

​ယန်ဖူကွေ့က ယန်ကျီဝမ်ဘက်လှည့်ကာ ပြောလိုက်သည် ။

​" ဒုတိယသား.. အခု အိမ်လည်း ရပြီဆိုတော့ ယွီလီနဲ့ မင်းကိစ္စကို အမြန်ဆုံး အကောင်အထည် ဖော်သင့်ပြီ.. မနက်ဖြန်က စနေနေ့ဆိုတော့ ငါ မင်းနဲ့အတူ လိုက်ခဲ့ပေးမယ်လေ.. ဘယ်လိုလဲ .. "

​" အိမ်ကို ပြန်ပြင်ဖို့က နောက်ထပ် ရက်နည်းနည်းလောက် ကြာအုံးမယ် ထင်တယ် .. "

​ယန်ဖူကွေ့က သူ့စကားကို လျစ်လျူရှုလိုက်ပြီး...

​" ကဲ.. ဆုံးဖြတ်ပြီးပြီ.. မနက်ဖြန် ငါတို့ သွားကြမယ် .. "

​ယန်ကျီဝမ်....." ....... "

​ဤသည်က ဆွေးနွေးတိုင်ပင်နေခြင်း မဟုတ်ဘဲ အမိန့်ပေး ညွှန်ကြားနေခြင်းနှင့်သာ ပိုတူသည် ။

​သို့သော် သူသည်လည်း ယွီလီကို တရားဝင် ဝန်ထမ်းဖြစ်ပြီး အိမ်တစ်လုံး ရလာသည်နှင့် လက်ထပ်ခွင့်တောင်းမည်ဟု ကတိပေးထားခဲ့သည် မဟုတ်ပါလော။

​သူ တကယ်ပဲ လက်ထပ်ခွင့် တောင်းသင့်နေပြီ ဖြစ်သည် ။

​မဟုတ်လျှင် ထိုမိန်းကလေးက သူ့အပေါ် ထပ်ပြီး အထင်လွဲသွားနိုင်သည် ။

​ရန်ရွေ့ဟွားက ဝင်မေးလိုက်သည် ။

​" အဘိုးကြီးယန်.. စေ့စပ်ပွဲအတွက် တင်တောင်းငွေ ဘယ်လောက်ပေးရင် သင့်တော်မယ် ထင်လဲ .. "

​ယန်ဖူကွေ့က ယန်ကျီဝမ်ကို ကြည့်ကာ မေးလိုက်၏ ။

​" ဒုတိယသား.. မင်းရော ဘယ်လိုစဥ်းစားထားလဲ .. "

​ယန်ကျီဝမ်က တည်ငြိမ်စွာ ဖြေလိုက်သည် ။

​" ယွမ်နှစ်ဆယ် ပေးလိုက်ပါ.. အသားနှစ်ကျင်းလောက်လည်း ကျွန်တော် ယူလာခဲ့မယ် .. "

​ယန်ဖူကွေ့က သဘောတူဟန်ဖြင့် ခေါင်းညိတ်ပြလိုက်သည် ။

​တင်တောင်းငွေ အလွန်နည်းလွန်းလျှင်လည်း မသင့်တော်သလို ၊ အများကြီး ပေးပြန်လျှင်လည်း သမီးကို ရောင်းစားနေသလို ထင်ရစေနိုင်သဖြင့် ပို၍ပင် မသင့်တော်ချေ ။ ယွမ် ၂၀ က အကောင်းဆုံးပင် ဖြစ်သည် ။

​ယန်ဖူကွေ့က ထပ်ပြောလိုက်သည် ။

​" မိန်းမ.. ငါ သိမ်းထားတဲ့ စီးကရက်နဲ့ လက်ဖက်ခြောက်တွေကိုပါ တစ်ခါတည်း ထုတ်ယူခဲ့လိုက် .. "

​ထိုစီးကရက်များကို ယန်ကျီဝမ်က ပေးထားခဲ့ခြင်းဖြစ်ပြီး သူကိုယ်တိုင်လည်း စီးကရက် အများကြီးသောက်သည့် အကျင့် မရှိပေ ။ လက်ဖက်ခြောက်ကလည်း ထိုနည်းတူပင် ။

​" ကောင်းပါပြီတော်.. ကောင်းပါပြီ .. "

​ရန်ရွေ့ဟွားက လိုလိုလားလားပင် သဘောတူလိုက်သည် ။

​လင်မယားနှစ်ယောက်သည် လက်ထပ်ခွင့်တောင်းမည့် အစီအစဥ်နှင့် ပတ်သက်၍ အသေးစိတ် ဆက်လက် ဆွေးနွေးနေကြသည် ။

​ထိုစဥ် ယန်ကျီချန်းက ရုတ်တရက် ထမေးလိုက်သည် ။

​" အမေ.. ကျွန်တော့်အတွက်ရော အောင်သွယ်တော်က ဘယ်တော့လောက် မိန်းကလေး တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးမှာတဲ့လဲ .. "

​ရန်ရွေ့ဟွား နှင့် ယန်ဖူကွေ့ : " ....... "

​သားအကြီးဆုံးဖြစ်သူက ဤအချိန်တွင် ဤသို့ တောင်းဆိုလာလိမ့်မည်ဟု မျှော်လင့်မထားကြသဖြင့် သူတို့နှစ်ယောက်စလုံး အနည်းငယ် အံ့အားသင့်သွားကြသည် ။

​သို့သော်လည်း အကြီးဆုံးသားက ပြီးခဲ့သည့်နှစ်ကတည်းက အိမ်ထောင်ပြုနိုင်သည့် အရွယ်သို့ ရောက်ရှိနေပေပြီ ။

​သို့တိုင်အောင် ယန်ဖူကွေ့က သက်ပြင်းချကာ ပြောလိုက်၏ ။

​" သားကြီး.. ဒီအကြောင်းကို နောက်ထပ် တစ်နှစ် နှစ်နှစ်လောက် နေမှ ဆက်ပြောကြရင် မကောင်းဘူးလား .. "

​" ဘာဖြစ်လို့လဲ .. "

​ယန်ကျီချန်း၏ မျက်နှာအမူအရာက ချက်ချင်းဆိုသလို မည်းမှောင်သွားပြီး မကျေမနပ်ဖြင့် ညည်းညူလိုက်သည် ။

​" တခြားမိသားစုတွေမှာဆိုရင် အကြီးဆုံးသားက အရင်လက်ထပ်ရတာလေ.. အခု ဒုတိယက အရင်လက်ထပ်မှာကို ကျွန်တော် ဘာမှမပြောလိုပေမဲ့ အနည်းဆုံးတော့ အဖေနဲ့အမေက ကျွန်တော့်အတွက် အိမ်ထောင်ဖက်လေးတော့ ရှာပေးသင့်တယ် .. "

​ရန်ရွေ့ဟွားက ဆူလိုက်သည် ။

​" မင်းရဲ့ ဒုတိယညီက သူ့အဖော်ကို သူကိုယ်တိုင် ရှာတွေ့ခဲ့တာလေ.. မင်းလည်း မင်းဘာသာမင်း သွားရှာပေါ့ .. "

​ယန်ကျီချန်း၏ မျက်နှာက ပို၍ပင် မည်းမှောင်သွားတော့သည် ။

​' ဒုတိယက သူ့ရည်စားကို ကယ်ဖို့ သူ့အသက်ကိုတောင် စွန့်စားခဲ့ရတာလေ.. ဒါဆိုရင် မိန်းကလေးတစ်ယောက် ရေထဲကျသွားတဲ့အထိ ကမ်းဘေးမှာ သွားစောင့်နေရမှာလား.. ပြီးတော့ ငါမှ ရေမကူးတတ်တာ...'

​ယန်ဖူကွေ့က သူ့ကို နှစ်သိမ့်ပေးလိုက်သည် ။

​" သားကြီး.. မင်းကို အဖော်ရှာခွင့် မပေးတာ မဟုတ်ပါဘူးကွာ.. အခုက ခက်ခဲကျပ်တည်းနေတာလေ. အခု မင်းရဲ့ဝင်ငွေနဲ့ တခြားလူတစ်ယောက်ကိုပါ ထောက်ပံ့ပေးနိုင်ပါ့မလားလို့ စဥ်းစားကြည့်အုံး .. "

​" ကျွန်တော်.. "

​ယန်ကျီချန်း ဆွံ့အသွားသည် ။

​ယန်ဖူကွေ့က ဆက်ပြောလိုက်သည် ။

​" မင်းလည်း ငါတို့မိသားစုရဲ့ စည်းမျဥ်းတွေကို သိသားပဲ.. မိသားစုထဲကို နောက်ထပ်လူတစ်ယောက် ထပ်တိုးလာမယ်ဆိုရင် အစားအသောက် ကုန်ကျစရိတ်ကို အပိုထပ်ပေးရမှာ.. အခု မင်းက လူကြီးဖြစ်နေပြီဆိုတော့ မင်းရဲ့မိန်းမကို ငါဖြစ်ဖြစ် မင်းရဲ့ ဒုတိယညီဖြစ်ဖြစ် ထောက်ပံ့ပေးလိမ့်မယ်လို့တော့ မင်း မျှော်လင့်မထားဘူးမလား .. "

​ယန်ကျီချန်း အသံတိတ်သွားတော့သည် ။

​လူနှစ်ယောက်စာ အစားအသောက် ကုန်ကျစရိတ်အတွက် တစ်လလျှင် ဆယ့်လေးယွမ်ခန့် ကျသင့်ပေမည် ။

​သူ တစ်လလုံး အလုပ်လုပ်လျှင်ပင် ထိုမျှ ဝင်ငွေ မရနိုင် ။

​သူ အနည်းငယ် ဒေါသထွက်သွားမိသည် ။ ဒုတိယညီက မည်သို့ကြောင့် ဤမျှအထိ ကံကောင်းနေရသနည်း ။

​ငါးမျှားခြင်းဖြင့် တကယ်ပဲ ငွေရှာနိုင်သည်လော ။

​ဒေါသကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားရင်း ယန်ကျီချန်းက သူ၏အစားအစာများကို အမြန်စားလိုက်ပြီးနောက် အိမ်ထဲမှ ဒေါသတကြီး ထွက်သွားလေတော့သည် ။

All Chapters