အခန်း ၁၅၅
Vol. 15 Ch. 155
Chapter 155
~
အခန်း ၁၅၅ : လက်ထပ်ခွင့် တောင်းခြင်း
~
ယန်ကျီချန်း အိမ်မှထွက်လာပြီး သူ၏ အချစ်ဆုံးသူငယ်ချင်းဖြစ်သူ၏ အိမ်သို့ ထွက်လာခဲ့သည် ။
သူ စိတ်ဆိုးနေသဖြင့် အရက်တစ်ပုလင်းဝယ်ရန် စုထားသည့် ငွေ အကုန်သုံးလိုက်ပြီး စိတ်ပြေလက်ပျောက် အရက်သောက်ရန် စီစဥ်ထား၏ ။
" ကျီချန်း.. မင်း ဘယ်လိုဖြစ်လို့ ဒီရောက်လာတာလဲ .. "
ယန်ကျီချန်းအား မြင်လိုက်ရသဖြင့် မိုလင်း အံ့အားသင့်သွားသည် ။
မိုလင်းသည် ယန်ကျီချန်း၏ အလယ်တန်းကျောင်းနေဖက် သူငယ်ချင်းဖြစ်ပြီး သူနှင့်အတူ ကျပန်းအလုပ်များ တွဲလုပ်လေ့ရှိသူ ဖြစ်သည် ။
" ငါ စိတ်ညစ်နေလို့.. ငါနဲ့အတူ အရက်နှစ်ခွက်လောက် သောက်ပေးပါလား .. "
ယန်ကျီချန်းက လက်ထဲမှ အရက်ပုလင်းကို လှုပ်ယမ်းပြရင်း ပြောလိုက်သည် ။
မိုလင်းက သဘာဝကျကျပင် ငြင်းဆန်မည် မဟုတ်ချေ ။ ယန်ကျီချန်းက သူ့အိမ်သို့ အလကားလာစားနေခြင်း မဟုတ်သရွေ့ ပြဿနာမရှိ ။ ယခုအချိန်တွင် မိသားစုတိုင်း ခက်ခဲနေကြ၏ ။
မိုလင်းက ယန်ကျီချန်းကို သူ့အခန်းထဲသို့ ခေါ်သွားလိုက်သည် ။
ယန်ကျီချန်းက အရက်ကို တစ်ငုံသောက်လိုက်ပြီး စိတ်ညစ်ဟန်ဖြင့်...
" လောင်မို.. ပိုက်ဆံရှာဖို့ အကောင်းဆုံးနည်းလမ်းက ဘာများဖြစ်မလဲ .. "
မိုလင်း လန့်သွားပြီး ဇဝေဇဝါဖြင့်...
" ကျီချန်း.. မင်း တစ်ခုခု ဖြစ်လာလို့လား .. "
" ပြောပြစမ်းပါ .. "
မိုလင်းက ခဏ စဥ်းစားလိုက်ပြီး...
" ပိုက်ဆံရှာချင်ရင်တော့ သင့်တော်တဲ့ အလုပ်တစ်ခု ရှာရမှာပဲ.. လစာကောင်းရုံတင်မကဘူး.. သံပန်းကန်လည်း ဖြစ်မှရမှာ .. "
" အဓိပ္ပါယ် မရှိတာ .. "
ယန်ကျီချန်း မကျေမနပ်ဖြစ်သွားသည် ။
သံပန်းကန်က ကောင်းမှန်း သူ မည်သို့ မသိဘဲ နေမည်နည်း ။ သို့သော် အလုပ်ရှာရသည်က မလွယ် ။
မဟုတ်လျှင် သူတို့နှစ်ယောက်လုံး ယခုအချိန်အထိ အလုပ်လက်မဲ့ ဖြစ်နေကြမည် မဟုတ် ။
မိုလင်းက ကြောင်အမ်းအမ်းဖြင့် ရယ်လိုက်ပြီး လက်နှစ်ဖက်ကို ဖြန့်ကာ...
" ဒါဆိုရင်တော့ ငါ့မှာ တခြားနည်းလမ်း မရှိတော့ဘူး.. အခုအချိန်တွေက ဘယ်လောက်တောင် ခက်ခဲကျပ်တည်းနေလဲ.. အသက်ရှင်နေရတာကိုက လုံလောက်နေပါပြီကွာ .. "
ယန်ကျီချန်း တိတ်ဆိတ်သွားပြီးနောက် ခဏအကြာတွင်...
" အမဲလိုက်တဲ့ အလုပ်ကိုရော မင်း ဘယ်လိုထင်လဲ.. မှောင်ခိုစျေးကွက်မှာ အသားစျေး အရမ်းကောင်းတယ်လို့ ငါ ကြားထားတယ်.. အဲ့ဒီအလုပ်ကရော အလားအလာ ရှိနိုင်မလား .. "
" မေ့လိုက်စမ်းပါ .. "
မိုလင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ပြီး...
" အမဲလိုက်မယ် ဟုတ်လား.. အမဲလိုက်ဖို့ တိရစ္ဆာန်တွေ ဘယ်မှာရှိလဲဆိုတာကိုရော မင်း သိလို့လား.. တိရစ္ဆာန်တွေ ရှိရင်တောင် လယ်သမားတွေက အရင် အမဲလိုက်ကြမှာပေါ့.. ကျေးလက်ဒေသက ငါတို့မြို့ပေါ်ထက်တောင် ပိုပြီး ခက်ခဲသေးတယ်.. ပြီးတော့ မင်းမှာ အမဲလိုက်ကိရိယာတွေ ရှိလို့လား.. အတွေ့အကြုံလည်းမရှိဘဲ သွားလုပ်ရင် မင်း သေဖို့ပဲ ရှိမှာပေါ့ .. "
ယန်ကျီချန်းလည်း ထိုနည်းတူပင် ခံစားနေရသည် ။
သူ၏ သေးသွယ်ချည့်နဲ့နေသော လက်မောင်း ၊ ခြေထောက်များနှင့်ဆိုလျှင် ကြီးမားသည့် တိရစ္ဆာန်ကြီးတစ်ကောင်နှင့် တကယ်ကြုံတွေ့ရပါက သူကပဲ မုဆိုးဖြစ်မည်လော ၊ သူကပဲ အမဲကောင် ဖြစ်သွားမည်လော မသိနိုင်ပေ ။
သူက စိတ်ပျက်လက်ပျက်ဖြင့်...
" တကယ်ပဲ တခြားနည်းလမ်း မရှိတော့ဘူးလား .. "
သူ ဤအိမ်ကြီးတွင် တကယ်ကို ဆက်၍ သည်းမခံနိုင်တော့ပေ ။
သူ့တွင် ပိုက်ဆံသာ ရှိပါက ထိုအိမ်တွင် ဆက်မနေချင် ။
ထိုအိမ်တွင် သူ အပြင်လူတစ်ယောက်လို ခံစားနေရပြီး သူတို့ကသာ တကယ့် မိသားစုဝင်တွေလို ဖြစ်နေကြသည် ။
ထိုစဥ် မိုလင်းက ရုတ်တရက်...
" နောက်ထပ် နည်းလမ်းတစ်ခုတော့ ရှိသေးတယ် .. "
" ဘာနည်းလမ်းလဲ .. "
ယန်ကျီချန်းက စိတ်အားထက်သန်စွာ မေးလိုက်သည် ။
" ကောက်ပဲသီးနှံ ရောင်းဝယ်ရေးလေ.. အခုအချိန်မှာ ကောက်ပဲသီးနှံက အရမ်းကို တန်ဖိုးရှိတာ.. ပြောင်းဖူးမှုန့် တစ်ကျင်းကို တစ်မော့နဲ့ ငါးဖန်တောင် ရှိတယ်.. အဖြူရောင် ဂျုံမှုန့်ဆို ပိုတောင် စျေးကြီးသေးတယ်.. တစ်ကျင်းကို ငါးမော့နီးပါးလောက် ကျတယ် .. "
" အဓိပ္ပါယ် မရှိတာ.. အခုခေတ်က ခက်ခဲကျပ်တည်းတယ်လို့ မင်းပဲ ပြောထားပြီးတော့.. ငါ ကောက်ပဲသီးနှံတွေကို ဘယ်ကနေ သွားဝယ်ရမှာလဲ .. "
ယန်ကျီချန်းက မျက်နှာမည်းမှောင်သွားပြီး ပြောလိုက်သည် ။
" ပြီးတော့ ဖမ်းမိသွားရင် ထောင်ကျမှာလေ .. "
" သတိထားပေါ့ကွ .. "
မိုလင်းက ရယ်လိုက်ပြီး...
" မင်းရဲ့ ဒုတိယညီက ကောက်ပဲသီးနှံတွေ ရနိုင်တယ်လို့ မင်းပဲ ပြောထားတယ်မလား.. သူ့ကို ဘာလို့ အကူအညီ မတောင်းတာလဲ .. "
ယန်ကျီချန်းက အစကတည်းက လူကောင်းတစ်ယောက် မဟုတ်ပေ ။ ယန်ကျီချန်းနှင့် ပေါင်းသင်းဆက်ဆံနေသူများမှာလည်း သူ့လို လူများသာ ဖြစ်ကြ၏ ။
" မေ့လိုက်စမ်းပါ.. သူနဲ့ ငါ့ရဲ့ ဆက်ဆံရေးက ကောင်းတာမှ မဟုတ်တာ .. "
ယန်ကျီချန်းက သူ့ကိုယ်သူ သိနေဆဲပင် ။ သူ့ညီ ဒုတိယကောင်က သူ့ကို အထင်သေးနေပြီးသားဖြစ်ရာ သူ့ကို မည်သို့ ကူညီမည်နည်း ။ အထူးသဖြင့် ဤကဲ့သို့သော ကိစ္စမျိုးတွင် ပို၍ပင် ဖြစ်နိုင်ချေ မရှိ ။
' ဟမ် .. '
ယန်ကျီချန်း၏ မျက်လုံးများ ရုတ်တရက် တောက်ပသွားသည် ။
သူ့ညီ က သူ့ကို ကူညီမည် မဟုတ်သော်လည်း သူကိုယ်သူတော့ အားကိုး၍ ရနိုင်သည် ။
'အိမ်မှာ ကောက်ပဲသီးနှံတွေ အများကြီး ရှိနေတာပဲ ..ရောင်းဖို့အတွက် နည်းနည်းလောက် ယူသွားလိုက်ရင်ရော .. '
အနည်းငယ်လောက်သာဆိုလျှင် သူ့မိသားစုလည်း သတိထားမိမည် မဟုတ်ပေ ။
ယန်ကျီချန်း၏ စိတ်များ လှုပ်ရှားတက်ကြွလာပြီး ဤအကြံအစည်မှာ အလားအလာ အလွန်ကောင်းသည်ဟု ခံစားလိုက်ရသည် ။
...
နောက်တစ်နေ့ မနက်ခင်း ...
ယန်ဖူကွေ့က ယန်ကျီဝမ်ကို အမြန်ထရန် တိုက်တွန်းနေသည် ။
" ဒုတိယသား.. မြန်မြန်ထတော့ဟ.. ဒီနေ့ ငါတို့ မင်းအတွက် လက်ထပ်ခွင့်သွားတောင်းရမှာလေ.. မင်း မိန်းမ လိုချင်သေးတာလား.. မလိုချင်တော့ဘူးလား .. "
ထို့နောက် ယန်ဖူကွေ့က ရန်ရွေ့ဟွားဘက်သို့ လှည့်ကာ...
" မိန်းမ.. အားလုံး ထုပ်ပိုးပြီးပြီလား .. "
ရန်ရွေ့ဟွားက...
" အင်း.. စီးကရက်နဲ့ လက်ဖက်ခြောက်တွေ အားလုံး ထုပ်ပိုးထားပြီးပြီ.. မနေ့ညက ဒုတိယသား ယူလာတဲ့ အသားတွေလည်း အထဲမှာ ထည့်ထားတယ်.. ရှင်တို့ သွားတဲ့အခါ တစ်ခါတည်း ယူသွားရုံပဲ .. "
မူလက ရန်ရွေ့ဟွားလည်း အတူလိုက်လာရန် စီစဥ်ထား၏ ။
သို့သော် ယနေ့ အခန်းကို ပြန်ပြင်ရန် လက်သမားဆရာလဲ့ လာချေမည် ။
ရန်ရွေ့ဟွားသည် ဆရာလဲ့ အလုပ်တွင် ခိုကပ်ကာ လိမ်လည်သွားမည်ကို စိုးရိမ်နေလေ၏ ။ ကံကောင်းထောက်မစွာဖြင့် ယန်ကျီဝမ်က ဤကိစ္စကို မသိထားပေ ။ မဟုတ်လျှင် သူ တကယ်ဆွံ့အ သွားပေလိမ့်မည် ။
တစ်စုံတစ်ယောက်က စောင့်ကြည့်နေပါလျှင် အလုပ်သမားများက အလုပ် လုပ်ရာတွင် စိတ်ဖြောင့်ကြတော့မည် မဟုတ်ပေ ။
ခဏအကြာတွင် ယန်ကျီဝမ် ဝတ်စားဆင်ယင်ပြီး ထွက်လာခဲ့သည် ။
သူက ဆံပင်ကို သပ်ရပ်အောင် ဆီလိမ်းထားပြီး သန့်ရှင်းသပ်ရပ်သော အဝတ်အစားများကို ဝတ်ဆင်ထားသည် ။
ရန်ရွေ့ဟွားက သူ့ကို အပေါ်အောက် အကဲခတ်ကြည့်လိုက်ပြီးနောက်...
" ငါ့သားက တကယ်ကို လူချောပဲ.. ယွီလီဆိုတဲ့ ကောင်မလေးတော့ တကယ့်ကို ကံကောင်းတာ .. "
ယန်ကျီဝမ်က ပြုံး၍...
" အမေ့နဲ့ တူလို့ ချောတာပေါ့ .. "
ရန်ရွေ့ဟွား ပျော်ရွှင်စွာ ရယ်လိုက်သည် ။
ယန်ဖူကွေ့က လက်ကို ဝှေ့ယမ်းလိုက်ပြီး...
" ကဲပါ.. သွားဖို့ အချိန်တန်ပြီ .. "
ထို့ကြောင့် ယန်ကျီဝမ်က ယန်ဖူကွေ့ကို စက်ဘီးနောက်တွင် တင်ကာ ယွီမိသားစုအိမ်ဆီသို့ စက်ဘီးနင်း၍ ထွက်လာခဲ့တော့သည် ။
ယွီမိသားစုအိမ်သို့ ရောက်သောအခါ ယန်ကျီဝမ်က အိမ်ထဲသို့ လှမ်းအော်လိုက်သည် ။
" ယွီလီ.. မြန်မြန်ထွက်လာပြီး ပစ္စည်းတွေ ကူသယ်ပေးပါအုံး .. "
ယွီမိသားစုတွင် အဖေယွီ တစ်ယောက်တည်းသာ အလုပ်လုပ်သူဖြစ်သဖြင့် သူတို့မိသားစု အခြေအနေမှာ သိပ်မကောင်းလှချေ ။
ယနေ့ အလုပ်ပိတ်ရက်ဖြစ်ပြီး ကလေးများလည်း ကျောင်းမတက်ကြသဖြင့် မိသားစုတစ်စုလုံး နွေးထွေးသော ကန်းပေါ်တွင် လှဲလျောင်းနေကြ၏ ။
ယခုအချိန်တွင် မိသားစုအများစုမှာ ဤသို့ပင် ဖြစ်ကြသည် ။ သူတို့ ခြံဝင်းထဲသို့ အစောပိုင်းက ဝင်လာစဥ်ကလည်း မည်သူ့ကိုမျှ မတွေ့ခဲ့ရဘဲ လူတိုင်း အိမ်ထဲတွင်သာ လှဲနေကြခြင်း ဖြစ်သည် ။
အဖေယွီ၏ အခန်းက အပြင်ဘက်ဆုံးတွင် ရှိသဖြင့် ထိုအသံကို သူ ပထမဆုံး ကြားလိုက်ရသည် ။
" မိန်းမ.. ယန်ကျီဝမ်ရဲ့ အသံကို ကြားလိုက်ရသလိုပဲ .. "
" ကျုပ်လည်း ကြားလိုက်တယ် .. "
အမေယွီက အမြန်ထလိုက်ပြီး အတွင်းခန်းဘက်သို့ လှမ်းခေါ်လိုက်သည် ။
" ယွီလီ.. ယန်ကျီဝမ် ရောက်နေပြီ.. မြန်မြန် ထွက်သွားလိုက်အုံး .. "
" ခဲအို ရောက်လာပြီပဲ.. ယွီလျန်.. မြန်မြန်သွားပြီး ကူညီလိုက်ကြရအောင် .. "
ယွီဟိုက်တန်နှင့် ယွီလျန်တို့က ပို၍ပင် လျင်မြန်ကြပြီး နှစ်ယောက်စလုံး အလွန်တက်ကြွစွာဖြင့် ပြေးထွက်သွားကြသည် ။
အဘယ်ကြောင့်ဆိုသော် ယန်ကျီဝမ် လာတိုင်း အစားအသောက်ကောင်းများ ယူဆောင်လာလေ့ ရှိသောကြောင့်ပင် ။
" ခဲအို.. ရောက်လာပြီလား .. "
ယွီဟိုက်တန်က သူ့ကို ပျော်ရွှင်စွာ နှုတ်ဆက်လိုက်ပြီး အထူးသဖြင့် စက်ဘီးပေါ်တွင် ချိတ်ဆွဲထားသော ဖောင်းကားနေသည့် အိတ်ကြီးကို မြင်လိုက်ရသောအခါ သူမ ပို၍ပင် ပျော်ရွှင်သွားတော့သည် ။
ထို့နောက် ယွီဟိုက်တန်က ယန်ဖူကွေ့ကို မြင်သွားသည် ။
" မင်္ဂလာပါ ဦးလေး .. "
နှုတ်ဆက်ပြီးနောက် ယန်သားအဖ ရောက်လာသည့် ကိစ္စကို သူမ ချက်ချင်း ခန့်မှန်းမိလိုက်သည် ။
သူမက စိတ်လှုပ်ရှားစွာဖြင့် အိမ်ထဲသို့ ပြေးဝင်သွားပြီး အသံကျယ်ကြီးဖြင့် အော်ပြောလိုက်သည် ။
" ဖေဖေ.. မေမေ.. အစ်မ.. ခဲအိုက လက်ထပ်ခွင့်တောင်းဖို့ အစောကြီး ရောက်နေပြီ .. "
ယွီလီက အခန်းထဲမှ ထွက်လာစဥ် ထိုစကားကို ကြားလိုက်ရသဖြင့် ညီမဖြစ်သူကို မျက်စောင်းထိုးလိုက်ကာ စိတ်တိုတိုဖြင့်...
" ဘာတွေ အဓိပ္ပါယ်မရှိ လျှောက်ပြောနေတာလဲ.. ယန်ကျီဝမ်က အလုပ်စဝင်တာ တစ်ပတ်ပဲ ရှိသေးတာလေ.. ဘယ်လိုလုပ် ဒီလောက်မြန်မြန် လာတောင်းနိုင်မှာလဲ .. "
ယန်ကျီဝမ်က တရားဝင် ဝန်ထမ်း ဖြစ်လာမှသာ သူမကို လာရောက် လက်ထပ်ခွင့်တောင်းမည်ဟု ပြောခဲ့သည်ကို သူမ မှတ်မိနေဆဲပင် ။
သို့သော် တရားဝင် ဝန်ထမ်းဖြစ်ရန် အနည်းဆုံး တစ်လ သို့မဟုတ် နှစ်လခန့် အချိန်ယူရမည်ဟုလည်း ယန်ကျီဝမ်က ပြောခဲ့သေးသည် ။
မည်သို့ပင် ဖြစ်စေကာမူ ယန်ကျီဝမ် သူမကို လာတွေ့သည့်အတွက်တော့ သူမ အရမ်းကို ပျော်ရွှင်နေမိသည် ။
အစ်မဖြစ်သူက သူမစကားကို မယုံကြည်သည်ကို မြင်သောအခါ ယွီဟိုက်တန်က စိုးရိမ်တကြီးဖြင့်...
" တကယ်ပြောတာပါဆို.. ဦးလေးယန်ဖူကွေ့လည်း အတူတူ ပါလာတယ် .. "
ယွီလီ လန့်သွားပြီး ချက်ချင်းပင် သူမ၏ အခန်းထဲသို့ ပြန်ပြေးဝင်သွားတော့သည် ။
" ယွီလီ.. ဘာလို့ ပြေးဝင်သွားရတာလဲ .. "
အဖေယွီက ရှုပ်ထွေးသွားပြီး မေးလိုက်သည် ။
" သူ ရှက်သွားလို့ နေမှာပေါ့ .. "
အမေယွီက ပြုံး၍ ခေါင်းခါလိုက်ပြီးနောက် ဧည့်သည်များကို နှုတ်ဆက်ရန် အပြင်သို့ ထွက်သွား၏ ။
ယန်မိသားစုမှ သားအဖနှစ်ယောက် အိမ်ထဲသို့ ဝင်လာပြီးနောက် အမေယွီက သူတို့ကို ရေနွေးကြမ်း ငှဲ့ပေးလိုက်သည် ။
အဖေယွီက ဘာမှမသိသလို ဟန်ဆောင်ကာ...
" လောင်ယန်.. ဒီနေ့ ဘယ်လေတိုက်လို့ ကျုပ်ဆီကို ရောက်လာရတာလဲ .. "
ယန်ဖူကွေ့က ရယ်လိုက်ပြီး...
" ရိုးရိုးသားသား ပြောရရင်တော့ ..လောင်ယွီ.. ဒီနေ့ ခင်ဗျားဆီကို လက်ထပ်ခွင့်တောင်းဖို့ လာခဲ့တာ.. လက်ဆောင်တွေလည်း အဆင်သင့် ပြင်ဆင်လာခဲ့တယ် .. "
ယန်ဖူကွေ့က ဆယ်ယွမ်တန် ငွေစက္ကူကြီး နှစ်ရွက်ကို ထုတ်ယူလိုက်ပြီး...
" ဒါက စေ့စပ်ကြောင်းလမ်းတဲ့ တင်တောင်းငွေပါ .. "
အဖေယွီက ငွေကို လှမ်းယူလိုက်ပြီးနောက် စားပွဲပေါ်ရှိ ပစ္စည်းများကို ကြည့်လိုက်သည် ။
စီးကရက်တစ်ကတ် ၊ လက်ဖက်ခြောက် ၊ အသားနှစ်ကျင်းနှင့် သကြားလုံးတစ်ထုပ် ။
လက်ဆောင်များက မနည်းလှ ။ ဤသည်က ယန်မိသားစုမှ ယွီလီကို မည်မျှ အလေးထားကြောင်း ပြသနေခြင်းပင် ဖြစ်တော့သည် ။