အခန်း ၁၅၈
Vol. 15 Ch. 158
Chapter 158
~
အခန်း ၁၅၈ : ရှာကျူးနှင့် လျှိုကွမ်ချီတို့အား ထပ်မံရိုက်နှက်ခြင်း
~
" ဒီစျေးလောက်ပဲ ထားလိုက်ပါ .."
ဆရာလဲ့က လက်ခုနစ်ချောင်း ထောင်ပြလိုက်ပြီး သူ၏ မျက်နှာအိုကြီးက အနည်းငယ် နီရဲသွားသည် ။
ခုနစ်ယွမ်။ တကယ်တော့ ဤသည်က မူလစျေးနှုန်းပင် ဖြစ်သည် ။ သို့သော် ယခုလို အစားအသောက် ရှားပါးသည့် ကာလတွင် ထိုမျှ တန်ဖိုး မရှိတော့ပေ ။
ယန်ကျီဝမ်က ပြောင်းဖူးမှုန့်များဖြင့် ပေးချေမည်ဟု ပြောထားခဲ့ရာ ဤသည်က အတော်လေး ကောင်းမွန်နေလေပြီ ။
သူ အနည်းငယ် ရှက်ရွံ့သွားမိ၍ ယခုလို အမူအရာ ဖြစ်သွားခြင်းပင် ။ သို့သော် ထိုအလုပ်ကို ရရန်အတွက် သူ မျက်နှာပြောင်တိုက်ရပေမည် ။
" ခုနစ်ယွမ် ဟုတ်လား .."
ယန်ကျီဝမ် အနည်းငယ် အံ့အားသင့်သွားပြီးနောက် ခေါင်းညိတ်ကာ...
" လက်ခံပါတယ်.. ကောင်းပြီ ဆရာလဲ့.. ကျေးဇူးပြုပြီး အိမ်သာကို အမြန်ဆုံး ပြီးအောင်သာ လုပ်ပေးပါ.. ကျွန်တော် အလျင်လိုနေလို့ပါ .."
အရင်ကတော့ အဆင်ပြေသည် ။ သို့သော် ယခု သူ၏ ဘေးတွင် လှပသော ဇနီးလေး ရှိနေပြီဖြစ်ရာ သူ မည်သို့ အိပ်ပျော်နိုင်ပါတော့မည်နည်း ။
မနေ့ညကလို သူ သည်းခံနေရမည်ဆိုလျှင် မသိသည့်သူများက သူ့ကို ပန်းသေနေသည်ဟု ထင်သွားနိုင်သည် ။
" ရဲဘော်လေး.. သဘောတူတယ်ပေါ့ .."
ဆရာလဲ့၏ မျက်လုံးများက အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည် ။ သူ စျေးပြောလိုက်စဥ်က အရမ်း စိတ်လှုပ်ရှားနေခဲ့၏ ။ စီးပွားရေး သဘောတရားအရ သူ စျေးခေါ်လိုက်လျှင် တစ်ဖက်လူက စျေးဆစ်မည်မှာ သဘာဝပင် ။
ယန်ကျီဝမ်က ချက်ချင်း သဘောတူလိုက်လိမ့်မည်ဟု သူ လုံးဝ မျှော်လင့်မထားခဲ့ချေ ။
" ရဲဘော်လေးက အရမ်း သဘောထားကြီးတာပဲ .."
ဆရာလဲ့သည် ယန်ကျီဝမ်ကို မည်သို့ ချီးကျူးရမည်ကိုပင် မသိတော့ပေ ။ ဤစကားကိုသာ သူ ပြောနိုင်တော့သည် ။ ဤခေတ်ကြီးထဲတွင် ယခုလို သဘောကောင်းသည့် အလုပ်ရှင်မျိုး ရှာတွေ့ရန် မလွယ်ကူလှချေ ။
" ကိစ္စမရှိပါဘူး.. ဆရာလဲ့ မြန်မြန်သာ ပြီးအောင် လုပ်ပေးပါ.. ဆရာတို့ လွတ်လွတ်လပ်လပ် အလုပ်လုပ်လို့ ရအောင် ကျွန်တော် ဒီကနေပဲ စောင့်ကြည့်နေတော့မယ် .."
" စိတ်မပူပါနဲ့ .. ဘာပြဿနာမှ မရှိဘူးဆိုရင် ဒီနေ့ ပြီးသွားမှာပါ .."
ယန်ကျီဝမ် ခေါင်းညိတ်လိုက်ပြီး လှည့်ကာ အိမ်ပြန်ရန် ပြင်လိုက်သည် ။
အလယ်ခြံဝင်းထဲသို့ အရောက်တွင် ရှာကျူး ထွက်လာသည်နှင့် တိုက်တိုက်ဆိုင်ဆိုင် ဆုံလေသည် ။
' အင်း . . . '
ယန်ကျီဝမ်က ရှာကျူး၏ ပန်ဒါမျက်လုံးများလို မည်းတူးနေသည့် မျက်လုံးများကို မြင်သောအခါ ရယ်ချင်စိတ်ကို မနည်း အောင့်ထားလိုက်ရ၏ ။
ထို့နောက် သူက...
" ရှာကျူး.. မင်း မနေ့ညက ကြက်ခိုးဖို့ သွားသေးလား .."
" ကြက်ခိုးရအောင် ငါက ဘာကောင်မို့လို့လဲ.. ငါက စားဖိုမှူးလေ.. ကြက်ခိုးစရာ လိုလို့လား .."
ရှာကျူးက မထီမဲ့မြင်ဟန်ဖြင့် နှုတ်ခမ်းကို တွန့်ကွေးလိုက်ပြီး ယန်ကျီဝမ်ကို ကျော်သွားရန် ပြင်လိုက်သည် ။
သို့သော် ယန်ကျီဝမ်ကို ကျော်ဖြတ်သွားချိန်တွင် သူ မနေနိုင်တော့ဘဲ ရပ်လိုက်၏ ။
ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်ပြီး ဘယ်သူမှ မရှိသည်ကို သေချာမှ လေသံတိုးတိုးဖြင့်...
" ယန်လောင်အာ.. ရိုးရိုးသားသား ပြောစမ်းပါ.. မင်း... ပန်းသေနေတာလား .."
" ဟမ်. . . "
ယန်ကျီဝမ် မျက်မှောင်ကြုတ်သွားပြီး နားမလည်နိုင်စွာဖြင့်...
" မင်း ဘာတွေ ပြောနေတာလဲ.. ရှင်းရှင်းလင်းလင်း ပြောစမ်း .."
ရှာကျူးက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်ပြီး...
" ငါ မင်းကို မေးနေတာလေ.. အဲ့ကိစ္စမှာ မင်း အစွမ်းအစ မရှိဘူး မလား .."
ဤစကားကို ကြားသောအခါ ယန်ကျီဝမ် မျက်ခုံးများ ပင့်သွား၏ ။ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး သူ၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားသည် ။
" ရှာကျူး.. မနေ့ညက မင်း ငါ့အခန်းကို ခိုးနားထောင်ဖို့ လာသေးတယ်ပေါ့ .."
မနေ့က အိမ်တိုင်းကို မင်္ဂလာသကြားလုံးများ လိုက်ဝေခဲ့သဖြင့် ခြံဝင်းထဲရှိ လူတိုင်း သူ မိန်းမရသွားပြီ ဖြစ်ကြောင်း သိကြသည် ။ ဤလူယုတ်မာက ခိုးနားထောင်ရန် ရောက်လာခဲ့ခြင်းပင် ။
ကျားဒုံရွှီ လက်ထပ်စဥ်ကလည်း ရှာကျူးနှင့် ခြံဝင်းထဲရှိ လူငယ်များ ခိုးနားထောင်ခဲ့ကြဖူး၏ ။
ထိုအချိန်က ကျားဒုံရွှီသည် တစ်မိနစ်ပင် မပြည့်လိုက်ဘဲ ငြိမ်သက်သွားခဲ့ရာ သူတို့က ကျားဒုံရွှီ အစွမ်းမရှိကြောင်း ကောလာဟလများ ဖြန့်ခဲ့ကြသေးသည် ။ ယခု သူ၏ အလှည့် ရောက်လာလိမ့်မည်ဟု ယန်ကျီဝမ် မျှော်လင့်မထားခဲ့ချေ ။
' ဒီကောင် တော်တော် ရဲတင်းနေပါလား . . . '
"ဖြန်း . . ."
ချက်ချင်းပင် ယန်ကျီဝမ်က စကားတစ်ခွန်းမှ မပြောတော့ဘဲ ရှာကျူး၏ ပါးကို ဖြတ်ရိုက်လိုက်သည် ။
" အား . . . "
ရှာကျူးက အံ့အားသင့်စွာဖြင့် မျက်နှာကို အုပ်ကာ အော်လိုက်ပြီး...
" ယန်လောင်အာ.. မင်း အကြောင်းပြချက် မရှိဘဲ ဘာလို့ ရိုက်တာလဲ.. မင်းကိုယ်မင်း အရင် ပြန်မေးကြည့်သင့်တယ် .."
" ခိုးနားထောင်ဖို့ မင်းကို ဘယ်သူက ခိုင်းလို့လဲ .."
ယန်ကျီဝမ်က အေးစက်သော မျက်နှာထားဖြင့် နှာခေါင်းရှုံ့လိုက်သည် ။ သူ၏ အကြည့်များက သတ်ဖြတ်လိုသည့် အရိပ်အယောင်များ ထင်ဟပ်နေ၏ ။
ရှာကျူးက ကြောက်ရွံ့စွာဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး...
" လူတစ်ယောက်က အစွမ်းအစ မရှိတာကို တခြားသူတွေက မပြောရဘူးလား .."
" ထွက်သွားစမ်း.. မနေ့ညက ဘာမှတောင် မစရသေးဘူး .."
ယန်ကျီဝမ်က အေးစက်စက် လေသံဖြင့်...
" ရှာကျူး.. ငါ မင်းကို သတိပေးလိုက်မယ်.. မင်း အပြင်မှာ ကောလာဟလတွေ လိုက်ဖြန့်နေမယ်ဆိုရင် မင်းကို ငါ သတ်ပစ်မယ် .."
" အကုန် အတူတူပဲ မဟုတ်ဘူးလား .."
ရှာကျူးက စိန်ခေါ်သည့် ဟန်ဖြင့် ညည်းညူလိုက်သည် ။ မစတင်နိုင်ခြင်းနှင့် စွမ်းဆောင်နိုင်စွမ်း မရှိခြင်းတို့က အဓိပ္ပာယ် အတူတူပင် မဟုတ်ပါလော ။
ဤမျှ လှပသော ဇနီးလေး ဘေးတွင် ရှိနေပါလျက် ယန်လောင်အာ သည်းခံနေနိုင်မည်ဟု သူ လုံးဝ မယုံ ။
" မင်း မိုက်ရိုင်းလှချည်လား .."
ယန်ကျီဝမ်က သူ့အား ကန်ချင်စိတ်ကို မနည်း ထိန်းချုပ်လိုက်ရသည် ။ နောက်ဆုံးတွင် ဒေါသကို မျိုသိပ်လိုက်ပြီး...
" ငါ့အခန်းက သေးလွန်းလို့ လွတ်လွတ်လပ်လပ် လှုပ်ရှားဖို့ အဆင်မပြေလို့ကွ.. အိမ်သစ်ကို ပြောင်းပြီးမှ အေးအေးဆေးဆေး စဖို့ စီစဥ်ထားတာ.. အဲ့ဒါ ခွင့်မပြုဘူးလား .."
' ချီး . . . '
ရှာကျူးက သူ့စကားကို လုံးဝ မယုံကြည်ပေ ။ သူ၏ မျက်နှာပေါ်ရှိ လှောင်ပြောင်လိုသော အမူအရာကြောင့် ယန်ကျီဝမ်ထံမှ နောက်ထပ် ခြေကန်ချက် တစ်ချက် ထပ်မံ ထွက်ပေါ်လာလေတော့သည် ။ ထိုအခါမှသာ ရှာကျူး ငြိမ်ကျသွား၏ ။
" ယန်လောင်အာ.. ငါ့ကို မရိုက်နဲ့တော့.. လျှိုကွမ်ချီလည်း မနေ့ညက ခိုးနားထောင်ဖို့ လာခဲ့သေးတယ် .."
ထိုသို့ ပြောပြီးသည်နှင့် ရှာကျူးက မီးထဲသို့ လောင်စာ ထပ်ထည့်ပေးခဲ့ပြီး ခြံဝင်းထဲမှ အလျင်အမြန် ပြေးထွက်သွားလေသည် ။
' ခွေးကောင်တွေ . . . '
ယန်ကျီဝမ် ဒေါသထွက်သွား၏ ။ ထို့နောက် နောက်ဖေးခြံဝင်းသို့ သွားကာ လျှိုကွမ်ချီကို ရှာတွေ့သည်နှင့် လျှိုဟိုင်ကျုံး ရှေ့တွင်ပင် လျှိုကွမ်ချီကို ပါးရိုက်ချလိုက်သည် ။
" ဥပဒေမဲ့ .. ယန်လောင်အာ.. ကောင်စုတ်လေး ငါ့သားကို ဘယ်လို လုပ်ရဲတာလဲ.. မင်းကို ငါ ပြန်ရိုက်မယ် .."
လျှိုဟိုင်ကျုံးက သူ၏ အကြီးဆုံးသားကို အမြဲတမ်း အချစ်ဆုံး ဖြစ်သည် ။ သူ ကိုယ်တိုင်ပင် မရိုက်ရက်သည့် သားကို သူများ လာရိုက်သည်ကို မည်သို့ သည်းခံနိုင်မည်နည်း ။ သူ ချက်ချင်းပင် ယန်ကျီဝမ်ထံသို့ ပြေးဝင်ကာ တိုက်ခိုက်ရန် ပြင်လိုက်သည် ။
သို့သော် သူ မှားနေကြောင်း လျှိုကွမ်ချီ ကိုယ်တိုင် သိနေသဖြင့် သူ့အဖေကို အမြန် တားဆီးလိုက်ရ၏ ။
" လျှိုကွမ်ချီ.. ခြံဝင်းထဲမှာ ငါ့အကြောင်း မကောင်းတဲ့ ကောလာဟလတွေ ကြားရမယ်ဆိုရင် မင်းကို ငါ ထပ်ရိုက်မယ် .."
ပြောပြီးသည်နှင့် ယန်ကျီဝမ် လှည့်ထွက်လာခဲ့သည် ။
ယန်ကျီဝမ် ထွက်သွားပြီးနောက် လျှိုဟိုင်ကျုံးက မကျေမနပ်ဖြင့်...
" အဲ့ကောင် တော်တော် မာနကြီးနေတာပဲ.. သားကြီး မင်း ဘာလို့ ငါ့ကို တားထားရတာလဲ .."
" ဒါက . . ကျွန်တော် . ."
လျှိုကွမ်ချီက ထစ်အစွာဖြင့်...
" တကယ်တော့ မနေ့ညက ကျွန်တော်နဲ့ ရှာကျူး သူ့အခန်းကို ခိုးနားထောင်ဖို့ သွားခဲ့ကြလို့ပါ .."
" အိုး . . ဒါကြောင့်ကိုး . . . "
လျှိုဟိုင်ကျုံး ချက်ချင်းပင် ဆွံ့အသွားသည် ။ ယန်လောင်အာ အဘယ်ကြောင့် ဤမျှ ဒေါသထွက်နေရသည်ကို သူ သဘောပေါက်သွား၏ ။ ဤသည်က သူ၏ အကြီးဆုံးသား အမှားသာ ဖြစ်နေသည် ။
သူက လျှိုကွမ်ချီ၏ ပခုံးကို ပုတ်လိုက်ပြီး စိတ်ရင်းမှန်ဖြင့်...
" သားကြီး.. ဒီနှစ်ဆို မင်းလည်း အသက် ၂၁ နှစ် ရှိနေပြီပဲ.. မိန်းမယူဖို့ စဥ်းစားရမယ့် အရွယ် ရောက်နေပြီ.. ဒါပေမဲ့ အရမ်းလည်း အလျင်စလို လုပ်စရာ မလိုဘူး.. မင်းလို အနေအထားနဲ့ မိန်းမရဖို့က မခက်ပါဘူး.. နောက်မှ မင်းအမေကို မင်းအတွက် အဆင်ပြေမယ့်သူ ရှာခိုင်းလိုက်မယ် .."
" အဲ့လို မလုပ်ပါနဲ့.. ကျွန်တော့်မှာ စိတ်ထဲ သဘောကျနေတဲ့သူ ရှိပြီးသားပါ .."
လျှိုကွမ်ချီက လက်ယမ်းကာ ငြင်းလိုက်သည် ။
" ဟုတ်လား.. မင်း သဘောကျနေတာ ဘယ်သူလဲ.. သူ့မိသားစုက ဘာအလုပ်လုပ်လဲ.. သူတို့ အိမ်ထောင်စုစာရင်းကရော မြို့ပေါ်ကပဲလား.. သားကြီး.. ငါ ပြောပြမယ် မင်း ဘယ်သူ့ကိုမဆို ရမ်းရွေးလို့ မရဘူးနော်.. နောင်ကျရင် မင်းကို အကူအညီ ပေးနိုင်အောင် အရာရှိ မိသားစုထဲက လူကို ရွေးတာ အကောင်းဆုံးပဲ .."
လျှိုဟိုင်ကျုံးက အရာရှိ နောက်ခံ၏ အရေးပါမှုကို အလေးပေးကာ တရစပ် ပြောလိုက်၏ ။ အရာရှိ ဖြစ်ချင်လွန်း၍ ရူးသွပ်နေသူပီပီ ရုပ်ရည် သို့မဟုတ် အခြားအရာများကို သူ မမေးချေ ။ သူ အလေးထားဆုံးက တစ်ဖက်လူ၏ နောက်ခံသာ ဖြစ်သည် ။
လျှိုကွမ်ချီသည် ဖခင်ဖြစ်သူ၏ မေးခွန်းများကြောင့် စိတ်အနှောင့်အယှက် ဖြစ်လာပြီး ရှာကျူးကဲ့သို့ပင် ပန်ဒါမျက်လုံးများဖြင့် တံခါးအပြင်သို့ ပြေးထွက်သွားလေတော့သည် ။
သူ့ဘယ်ဘက်ပါးပေါ်ရှိ ထင်ရှားနေသော လက်ဝါးရာကြီးက အတော်လေး ရယ်စရာ ကောင်းနေ၏ ။
. . .
ညစာ စားချိန်တွင်..
မိသားစုများ အတူတကွ ထမင်းစားနေကြသည် ။ ယန်ကျီချန်းက လွန်ခဲ့သည့် နှစ်ရက်လုံး အိမ်ပြန်မလာခဲ့သလို အိမ်တွင်လည်း ထမင်းမစားချေ ။ သို့သော် ယွီလီ ရှိနေသဖြင့် လူအရေအတွက်က လျော့မသွားပေ ။
ယန်ဖူကွေ့က ရုတ်တရက်...
" လောင်အာ.. ဒီနေ့ မင်း ရှာကျူးနဲ့ ကွမ်ချီတို့ကို ရိုက်လိုက်တယ် ဆို .."
ယန်ကျီဝမ်က ဂရုမစိုက်ဟန်ဖြင့်...
" အဲ့ဒီ ဝက်ကြီးလျှိုဟိုင်ကျုံး လာတိုင်သွားတာလား .."
" အတိအကျတော့ မပြောပါဘူး .."
ယန်ဖူကွေ့က ပြုံးလိုက်ပြီး...
" သူက ...လူတိုင်းက ခြံဝင်း တစ်ခုတည်းမှာ အတူတူ နေကြတာဆိုတော့ တစ်ခုခု ပြဿနာရှိရင် စကားနဲ့ ရှင်းရှင်းလင်းလင်း ပြောလို့ ရပါတယ်တဲ့.. အကြမ်းဖက်ဖို့ မလိုဘူးလို့ ပြောသွားတာ .."
" ဟားဟားး.. အဲ့ဒါက ကိစ္စပေါ်မှာ မူတည်တာပေါ့.. နောက်တစ်ခါ သူတို့သာ ထပ်လုပ်ရဲရင် ဒီလောက်ပဲ ရိုက်လွှတ်လိုက်မှာ မဟုတ်ဘူး .."
ယန်ကျီဝမ်က ရယ်လိုက်သည် ။
ယန်ဖူကွေ့က ဆက်၍...
" အေးပါ ...လောင်အာ... မင်းရဲ့ ဒေါသကိုလည်း နည်းနည်း လျှော့သင့်ပြီ.. မင်းမှာ မိန်းမ ရှိနေပြီဆိုတာလည်း သတိထားအုံး .."
" နားလည်ပါပြီ .."