အခန်း ၂၅၁
Vol. 26 Ch. 251
အခန်း (၂၅၁) - နောက်ပြန်လှည့်ပြေးခြင်း (၁)
"ရပြီလား..."
နာရီဝက်ခန့် ကြာပြီးနောက် ဆရာမုက ရှေ့သို့တက်လာကာ စစ်သူကြီးဟေးယွီကို မေးလိုက်၏။
"အားလုံး အဆင်သင့်ဖြစ်လုနီးပါးပါပဲ..."
စစ်သူကြီးဟေးယွီက ဆိုလေသည်။
"ညီအစ်ကိုတွေ အကြိမ်နည်းနည်းလောက် လေ့ကျင့်ပြီးသွားရင် သိုင်းကွက်ကို အပြီးသတ်နိုင်ပါလိမ့်မယ်..."
"ကောင်းပြီ"
ဆရာမုက လှည့်ထွက်သွားလေ၏။
သူက လက်ကိုလှန်ကာ လက်မောင်းတစ်လုံးစာ အထူရှိသော မြွေဟောက်နက်ကြီးတစ်ကောင်ကို ထုတ်ယူလိုက်သည်။
ထုတ်ယူလိုက်ချိန်တွင် မြွေကြီးမှာ အိပ်မောကျနေသော်လည်း သူ၏ဘယ်ဘက်လက်ဖြင့် ဖွဖွလေးပွတ်သပ်လိုက်သည်နှင့် မြွေခေါင်းက ရုတ်တရက်မော့လာကာ ဒေါင်လိုက်မျက်ဆန်များကို ဖွင့်ကြည့်လာပေသည်။
ရှူး...
ဆရာမုက ထိုမြွေကြီးကို အောက်သို့ချပေးလိုက်ရာ ၎င်းက ချက်ချင်းပင် မြေကြီးထဲသို့ တိုးဝင်သွားပြီး ရှူးခနဲ အသံနှင့်အတူ ခန္ဓာကိုယ်တစ်ခုလုံး မြေကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားလေတော့၏။
ထိုမြွေကြီးပျောက်ကွယ်သွားသည်နှင့် ဆရာမုက မျက်လုံးများကို မှိတ်ကာ အချိန်အနည်းငယ်ကြာအောင် အာရုံခံနေလေသည်။
အချိန်အနည်းငယ် ကြာပြီးနောက်တွင်တော့ ထိုမြွေကြီးက ပေပေါင်းများစွာ ဝေးကွာသော နေရာတစ်နေရာမှ မြေကြီးကိုဖောက်ကာ ထွက်ပေါ်လာလေသည်။
ထိုအခါမှသာ သူက မျက်လုံးများကို ဖွင့်လိုက်သည်။
"စလို့ ရပြီ..."
စစ်သူကြီးဟေးယွီက ချက်ချင်းပင် လက်ဝှေ့ယမ်းကာ လှမ်းခေါ်လိုက်၏။
"ညီအစ်ကိုတို့... သိုင်းကွက်ခင်းကြ..."
သစ္စာစောင့်သိခြင်း ခန်းမဆောင်မှ လက်အောက်ငယ်သားများသည် ထိုသိုင်းကွက်ပုံစံကို အချိန်အတော်ကြာ လေ့လာထားပြီးဖြစ်ရာ စကားသံကို ကြားသည်နှင့် တစ်ပြိုင်နက် လူစုခွဲလိုက်ကြသည်။
ထို့နောက် မြွေဟောက်နက်ကြီး မြေကြီးထဲမှ ထွက်ပေါ်လာသော နေရာကို သိုင်းကွက်၏ အချက်အချာအဖြစ် သတ်မှတ်ကာ ပုံစံပြမြေပုံပါ နေရာချထားမှုအတိုင်း အဓိကနှင့် သာမည ခွဲခြား၍ သိုင်းကွက်ပုံစံ နေရာယူလိုက်ကြလေသည်။
ချူလျန်တို့ကမူ အစောပိုင်းကတည်းကပင် ဘေးဘက်ကျသော နေရာသုံးခုကို အသံတိတ် ရွေးချယ်နေရာယူထားပြီးဖြစ်သည်။
ထို့ပြင် ၎င်းတို့ရွေးချယ်ထားသောနေရာသည် မြေမျက်နှာပြင်မြင့်ကာ အမြင်အာရုံ ကျယ်ပြန့်သဖြင့် တစ်ကွင်းလုံးကို လေ့လာစောင့်ကြည့်နိုင်ပေသည်။
ဆရာမုက သိုင်းကွက်၏ အချက်အချာနေရာတွင် ရပ်လိုက်ပြီး အော်ဟစ်လိုက်၏။
"ဆွဲငင်..."
ဝုန်း...
မိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူခုနစ်ဆယ့်နှစ်ယောက်က တစ်ပြိုင်နက်တည်း သိုင်းစွမ်းအင်များကို လှုံ့ဆော်လိုက်ကြပြီး သိုင်းကွက်၏လည်ပတ်မှုပုံစံအတိုင်း ကောင်းကင်ယံကို ညှိနှိုင်းကာ မြေကြီး၏ အမည်းရောင်စွမ်းအင်များကို စတင်စုစည်းလျက် မြေအောက်ယင်စွမ်းအင်ကြောများကို ဆွဲငင်လိုက်ကြသည်။
လူ့စွမ်းအားက ကန့်သတ်ချက်ရှိသော်လည်း ကောင်းကင်နှင့် မြေကြီး၏စွမ်းအားကမူ အဆုံးအစမဲ့လှပေသည်။
သိုင်းပညာရပ်၏ အဓိကအချက်မှာ လူ့စွမ်းအားကိုသော့ချက်အဖြစ် အသုံးပြု၍ အဆုံးအစမဲ့သော ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားများကို လှုံ့ဆော်ကာ လူသားတို့ မစွမ်းဆောင်နိုင်သောကိစ္စရပ်များကို ပြီးမြောက်စေရန်ဖြစ်သည်။
ချူလျန် အရင်ကတွေ့ဖူးသော ရွှီဟုန်ချိုးသည် မွန်မြတ်သောလမ်းစဉ်၏ ဝင်္ကပါပညာရပ် အမွေအနှစ်ကိုကျင့်ကြံထားသူ ဖြစ်သည်။
သူမသည် စတုတ္ထအဆင့်ကျင့်ကြံခြင်းစွမ်းရည်ဖြင့်ပင် သီးခြားနေရာတစ်ခုအတွင်းရှိ အချိန်စီးဆင်းမှုကို ပြောင်းလဲပစ်နိုင်စွမ်းရှိရာ ဤသည်မှာ အခြားသော ကျင့်စဉ်ပညာရပ်များတွင် တွေးကြည့်၍ပင် မရနိုင်သောအရာဖြစ်သည်။
သို့သော် သိုင်းပညာရပ်ကမူ ၎င်းကိုစွမ်းဆောင်နိုင်ပေသည်။
ဝူး...
သို့သော် အနည်းငယ်သောစွမ်းအားဖြင့် ကြီးမားသောစွမ်းအားကို ရွှေ့ပြောင်းနိုင်ရန်အတွက် အနည်းငယ်သော အခြေခံစွမ်းအားတော့ လိုအပ်ပေသည်။
ယခုအချိန်တွင် မိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများက ထိုမောင်းတံကဲ့သို့သော အခန်းကဏ္ဍမှပါဝင်နေပြီး လူအများ၏စွမ်းအားကို စုပေါင်းကာ မြေကြီးစွမ်းအင်ကြောများကို ရွှေ့ပြောင်းနေကြခြင်းဖြစ်သည်။
ကျင့်ကြံခြင်းစွမ်းရည်များက ရူးသွပ်စွာလည်ပတ်နေပြီး သိုင်းစွမ်းအင်များက တသွင်သွင် စီးဆင်းထွက်ပေါ်နေလေသည်။
မြေကြီး၏ယင်စွမ်းအင်ကြောများက ကြောက်မက်ဖွယ်လှိုင်းတံပိုးများကဲ့သို့ ဝုန်းဒိုင်းကြဲ မြည်ဟည်းသံများနှင့်အတူ နဂါးနက်ကြီးတစ်ကောင်အဖြစ် ပြောင်းလဲကာ ပတ်လည်တွင် လှည့်ပတ်နေသည်။
အမှောင်မြူခိုးများကလျှံကျလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် နေရာတစ်ခုလုံးသည် အဆုံးအစမဲ့သော အေးစက်စက်အမည်းရောင်မြူခိုးများ ဖုံးလွှမ်းသွားကာ လေးလံသောစွမ်းအားတစ်ခုက လူတိုင်း၏အပေါ်သို့ ဖိကျလာလေသည်။
ဆရာမု ခံစားရသောစွမ်းအားကတော့ အကြီးမားဆုံးပင် ဖြစ်သည်။ သူသည် သိုင်းကွက်၏အချက်အချာဖြစ်ရာ နောက်ဆုံးစွမ်းအားများအားလုံးသည် သူ၏ခန္ဓာကိုယ်ထဲသို့ စုဆောင်းရောက်ရှိလာပြီးမှ ပြန်လည်စီးဆင်းသွားခြင်း ဖြစ်သည်။
သူ၏အဝတ်အစားများက တဖျပ်ဖျပ်လွင့်ခါနေပြီး သူ၏ ခန္ဓာကိုယ်ပတ်လည်မှ ကြောက်မက်ဖွယ်ဖိအားများ စတင်ထွက်ပေါ်လာကာ မကြာမီမှာပင် စတင်တုန်ရီလာတော့၏။
ဤမျှကြီးမားသောစွမ်းအားကြီးကို လူသားတစ်ယောက်၏ခန္ဓာကိုယ်က မည်သို့ ခံနိုင်ရည်ရှိမည်နည်း။
ထို့ပြင် သူသည် ထိုစွမ်းအားများကိုခံနိုင်ရည်ရှိရန်ပင် မလိုဘဲ တံတားတစ်စင်းအဖြစ်သာ ဆောင်ရွက်နေခြင်းဖြစ်သည်။
သူ့လက်ထဲတွင် အမည်းရောင်သံပြားတစ်ဝက်ကို ဆုပ်ကိုင်ထားပြီး ၎င်း၏ပုံသဏ္ဌာန်မှာ တောင်နံရံတွင်ပျောက်ဆုံးနေသော တစ်ဝက်ပုံစံနှင့် ဆင်တူပေသည်။
ထိုအရာသည် ဤလျှို့ဝှက်နယ်မြေကို ဖွင့်ရန်အတွက် ပြုလုပ်ထားသော ပုံတူပစ္စည်းတစ်ခု ဖြစ်ဟန်တူလေသည်။
ယခုအချိန်တွင်တော့ ထိုသံပြားထဲသို့ စွမ်းအားများသွင်းပေးရန်အတွက် ဖြစ်သည်။
ဝင်္ကပါ လည်ပတ်မှု တစ်ဝက်ကျော်သွားသောအခါ ချူလျန်က လော့ယောင်နှင့် ဘုန်းတော်ကြီးပုရှန်တို့ကို တစ်ချက်ကြည့်လိုက်ပြီး သတိထားရန် လျှို့ဝှက်အသံလွှင့်ကာ သတိပေးလိုက်သည်။
'ဒီသိုင်းကွက်က ပုံမှန်မဟုတ်ဘူး...'
စောစောက သူ ထိုသိုင်းကွက်ပုံစံကို သေချာကြည့်ခဲ့ပြီးဖြစ်သည်။ ပုံမှန်အတိုင်း လည်ပတ်မည်ဆိုပါက များပြားသော သိုင်းစွမ်းအင်များကို ကုန်ဆုံးစေမည် မဟုတ်ပေ။
ဆရာမုသည် သိုင်းကွက်၏အချက်အချာအဖြစ် သူတို့၏ကျင့်ကြံခြင်းစွမ်းရည်များကို သတိထား၍ ပိုမိုစုပ်ယူနေခြင်းလော။
မူလက သူတွေးထားသည်မှာ မည်သည့်ကိစ္စလုပ်လုပ် ရိုးရိုးရှင်းရှင်းလေး ရောယောင်ပြီး ပြီးသွားစေရန်ဖြစ်သည်။
သို့သော် ယခုအခြေအနေကိုကြည့်ရသည်မှာ ထူးခြားသောအပြောင်းအလဲများ ရှိလာနိုင်ဖွယ်ရှိနေသည် မဟုတ်ပါလော။
ယခုကိစ္စကို စစ်သူကြီးဟေးယွီအား သတိပေးသင့်၊ မပေးသင့် တွေဝေနေစဉ်မှာပင် မိစ္ဆာမယ်လျိုက ပျံသန်းသွားကာ စစ်သူကြီးဟေးယွီနှင့် တစ်စုံတစ်ရာ စတင်ပြောဆိုနေသည်ကို မြင်လိုက်ရသည်။
ထိုအချိန်တွင် မြေကြီးယင်စွမ်းအင် သိုင်းကွက်ကြီး၏လည်ပတ်မှုကလည်း ပို၍ မြန်ဆန်လာလေသည်။
'ပုံမှန်မဟုတ်ဘူး...'
ဤသိုင်းကွက်ကြီးသည် အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း နှေးကွေးသွားပြီးမှသာ အေးအေးဆေးဆေး ရပ်တန့်သွားသင့်သည်။
ယခုမူ အရှိန်ပိုမြန်လာနေရာ နောက်ဆုံးတွင် ထမ်းပိုးရမည့်ထမ်းအားများက ပို၍ ကြီးမားလာမည်ဖြစ်ပြီး လုံးဝရပ်တန့်နိုင်မည် မဟုတ်တော့ပေ။
"ရပ်လိုက်ကြတော့..."
သူ အော်ဟစ်လိုက်ပြီး သိုင်းစွမ်းအင်လည်ပတ်နေမှုကို ချက်ချင်းရပ်တန့်လိုက်သည်။
သူ့နောက်မှ လော့ယောင်နှင့် ဘုန်းတော်ကြီးပုရှန်တို့သည် သူ၏ အော်သံကို ကြားသည်နှင့် ချက်ချင်းပင် လက်ရုပ်လိုက်ကြကာ သိုင်းကွက်ထဲမှ ဆုတ်ခွာလိုက်ကြသည်။
သို့သော် ဘေးပတ်ဝန်းကျင်မှ သစ္စာစောင့်သိခြင်းခန်းမဆောင်၏ လက်အောက်ငယ်သားများသည် သူတို့နှင့် မရင်းနှီးသဖြင့် သဘာဝကျစွာပင် သူ့စကားကို နားမထောင်ကြပေ။
ထိုအစား သူတို့က စစ်သူကြီးဟေးယွီကို တွေဝေစွာ လှမ်းကြည့်လိုက်ကြသည်။
သို့သော် သိုင်းကွက်၏ အချက်အချာဖြစ်သော ဆရာမုကလည်း ထိုသတိပေးသံကို ကြားလိုက်ရရာ သူ့မျက်လုံးများက ကျဉ်းမြောင်းသွားပြီး သိုင်းစွမ်းအင်များကို ချက်ချင်း ပြန်လည်ရုပ်သိမ်းလိုက်တော့၏။
ထိုမျှကြီးမားသော မြေကြီးယင်စွမ်းအားကြီးသည် လူအများစုပေါင်းထမ်းထားသော ရေဝဲကြီးတစ်ခုနှင့် တူပေသည်။
အကယ်၍ သစ္စာစောင့်သိခြင်းခန်းမဆောင်မှ လူများက အရင်ရပ်လိုက်ပါက သိုင်းကွက်၏ အချက်အချာဖြစ်သော သူသည် တန်ပြန်သက်ရောက်မှုအားလုံးကို ခံစားရမည် ဖြစ်သည်။
အကယ်၍ သူအရင်ရပ်လိုက်ပါက သိုင်းကွက်ကို လည်ပတ်နေသူအားလုံးက တန်ပြန်သက်ရောက်မှုကိုခံစားရမည်။
စောစောက သူက ဦးဆောင်သူအဖြစ် ရေဝဲကြီးကို မြန်ဆန်ကြမ်းတမ်းစွာ လည်ပတ်စေခဲ့ပြီး ဖြစ်သည်။
ယခုအချိန်တွင် သိုင်းကွက်ကြီးက ရုတ်တရက် ရပ်တန့်သွားပြီး ပြင်းထန်စွာတန်ပြန်ရိုက်ခတ်လာရာ လေထဲတွင် ချက်ချင်းပင် ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာတော့၏။
ဝုန်း...
ထိုတစ်ခဏ ပေါက်ကွဲမှုအတွင်း မြေအောက်မှ အမည်းရောင်စွမ်းအင်များစွာ ထွက်ပေါ်လာပြီး ဧရာမနဂါးနက်ကြီးမှာ ချက်ချင်းပင် ပေါက်ကွဲပျက်စီးသွားလေသည်။
ဆရာမုက အစောကတည်းက ကြိုတင်ပြင်ဆင်ထားပြီးဖြစ်ရာ ပျံသန်းကာ နောက်ဆုတ်သွားလေသည်။
သို့သော် သိုင်းကွက်ထဲမှ မိစ္ဆာဂိုဏ်းတပည့်များမှာမူ ရှောင်တိမ်းရန်အချိန်မရလိုက်ဘဲ ပေါက်ကွဲထွက်လာသော မြေကြီးယင်စွမ်းအင်ကြောများ၏ဖုံးလွှမ်းမှုကို ခံလိုက်ရကာ ချက်ချင်းပင် သေသူသေ၊ ဒဏ်ရာရသူရ ဖြစ်ကုန်ကြတော့၏။
ချူလျန်တို့သုံးယောက်က စောစောကတည်းက ပျံသန်းရှောင်တိမ်းခဲ့သည်မှလွဲ၍ ကျန်သူများမှာ မသေလျှင်တောင်မှ သိုင်းစွမ်းအင်များကုန်ဆုံးကာ ပြင်းထန်သော ဒဏ်ရာများဖြင့် လဲကျသွားကြလေသည်။
မျက်စိတစ်မှိတ်အတွင်းမှာပင် သေကြေဒဏ်ရာရမှုက အလွန်ကြီးမားသွားလေတော့သည်။
...
ထိုအချိန်တွင် မိစ္ဆာမယ်လျိုသည် စစ်သူကြီးဟေးယွီနှင့် စကားပြောနေသည်။ သူမက ညှို့ဓာတ်ပြင်းစွာ ပြုံးရယ်နေပြီးပြောလိုက်၏။
"စစ်သူကြီးဟေးယွီက ငယ်ငယ်ရွယ်ရွယ်နဲ့ အရည်အချင်းရှိတာပဲ... ဒီတစ်ခေါက် ရှင့်ကို အကူအညီတောင်းတာ တကယ်လူရွေးမှန်သွားတာပဲ..."
စကားပြောနေစဉ်မှာပင် သူမ၏လက်မောင်းက စစ်သူကြီးဟေးယွီ အနီးသို့ မသိမသာ ရောက်ရှိသွားပြီး ဖွဖွလေးပွတ်သပ်ကာ ရင်းနှီးသည့်ပုံစံပြသနေလေသည်။
သို့သော် စစ်သူကြီးဟေးယွီက အနီးသို့မကပ်လာဘဲ ခြေတစ်လှမ်းနောက်ဆုတ်ကာ သူမနှင့် အကွာအဝေးတစ်ခုခြားလိုက်ပြီး ပြုံးလျက်ပြောလိုက်သည်။
"မိစ္ဆာမယ်လျို ဒီလောက် အားနာနေစရာ မလိုပါဘူး... ကျုပ်တို့ ပူးပေါင်းရတာ အဆင်ပြေပါတယ်... နောက်တစ်ခေါက် ဆက်ပြီးပူးပေါင်းကြတာပေါ့..."
မိစ္ဆာမယ်လျိုက တစ်စုံတစ်ရာထပ်ပြောရန် ပြင်လိုက်စဉ် ရုတ်တရက် ချူလျန်၏အော်ဟစ်သံကို ကြားလိုက်ရရာ သူမမျက်ဝန်းများက ချက်ချင်းပင် ရက်စက်သွားတော့၏။