← Chapters

အခန်း ၂၅၂

Vol. 26 Ch. 252

အခန်း ၂၅၂

Vol. 26 Ch. 252

အခန်း (၂၅၂) - နောက်ပြန်လှည့်ပြေးခြင်း (၂)

"ဟင်..."

စစ်သူကြီးဟေးယွီက လှမ်းကြည့်လိုက်သည်။

လျှပ်စီးလက်သကဲ့သို့ မြန်ဆန်သောအချိန်အတွင်းမှာပင် မိစ္ဆာမယ်လျိုက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး လက်ကိုမြှောက်ကာ လက်ဝါးတစ်ချက် ရိုက်ချလိုက်တော့၏။

ထိုလက်ဝါးချက်တွင် ပြင်းထန်သော သွေးစွမ်းအင်များပါဝင်နေပြီး လျှပ်စီးကဲ့သို့ မြန်ဆန်လှသည်။

ထို့ပြင် အကွာအဝေးကလည်း အလွန်နီးကပ်လှရာ လုံးဝရှောင်တိမ်းနိုင်မည် မဟုတ်ပေ။

စစ်သူကြီးဟေးယွီမှာ အလောတကြီးဖြင့် သူ့ဝတ်ရုံပေါ်ရှိ အမည်းရောင် ငှက်မွေးတစ်ဝက်ကိုသာ ဖြန့်ကြက်ရန်အချိန်ရလိုက်သည်။

အမည်းရောင်ငှက်မွေးများက ချက်ချင်းမာကျောသွားပြီး ချပ်ဝတ်တန်ဆာကဲ့သို့သော ဆူးချွန်ရှည်များအဖြစ် ပြောင်းလဲသွားကာ မိစ္ဆာမယ်လျို၏ လက်ဝါးချက်ကို ကာကွယ်လိုက်သည်။

သို့သော် ထိုတစ်ချက်တည်းဖြင့်ပင် ထိုအမည်းရောင်ငှက်မွေးတစ်ဝက်မှာ လုံးဝ ပျက်စီးသွားလေတော့၏။

မိစ္ဆာမယ်လျို၏ ကျင့်ကြံခြင်းအဆင့်သည် ဆဋ္ဌမအဆင့်သို့ ရောက်ရှိနေပြီဖြစ်ပြီး စစ်သူကြီးဟေးယွီမှာမူ ပဉ္စမအဆင့်တွင်သာရှိသေးရာ သူမထက် အများကြီး နိမ့်ကျနေပေသည်။

ကျင့်ကြံခြင်းအဆင့်မြင့်မားသူက ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းဖြစ်ရာ ဤလက်ဝါးချက်ကို မည်သို့လျှင် အလွယ်တကူ ခုခံနိုင်ပါမည်နည်း။

သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောများက ရုတ်တရက် ပေါက်ကွဲသွားသံကို ကြားလိုက်ရပြီး ဖူးခနဲ အသံထွက်လာသည်။

စစ်သူကြီးဟေးယွီသည် ထိုလက်ဝါးချက်ကြောင့် သူ့ခန္ဓာကိုယ်တစ်ဝက်မှ သွေးများအားလုံး ပေါက်ကွဲထွက်သွားသည်ဟု ခံစားလိုက်ရလေသည်။

ဝတ်ရုံနီနန်းတော်၏ သွေးထိန်းချုပ်ခြင်း နတ်ဘုရားစွမ်းရည်မှာ အလွန်တရာ ရက်စက်ကောက်ကျစ်လှပေသည်။

"ကျုပ် ခင်ဗျားကို အစွမ်းကုန်ကူညီပေးခဲ့တာကို ခင်ဗျားက ကျုပ်ကို ဒုက္ခပေးချင်နေတာပဲ..."

စစ်သူကြီးဟေးယွီက အရှိန်ဖြင့်နောက်ဆုတ်သွားရင်း ပြင်းထန်သောဒဏ်ရာကို အံကြိတ်ခံကာ အားလျော့စွာအော်ဟစ်လိုက်သည်။

"ရှင်ကသာ အရမ်းအဖြူထည်ဆန်လွန်းနေတာ..."

မိစ္ဆာမယ်လျိုက အေးစက်စွာ ပြုံးလိုက်သည်။

"ဒါ ဘာလျှို့ဝှက်နယ်မြေလဲဆိုတာ ရှင်သိလား... နဂါးပြာ လျှို့ဝှက်နယ်မြေလေ…”

“ဒီလို လျှို့ဝှက်ချက်မျိုးကို ကျွန်မ ဘယ်လိုလုပ် အသက်ရှင်လျက်ချန်ထားပေးနိုင်မှာလဲ..."

စကားပြောနေစဉ်မှာပင် စစ်သူကြီးဟေးယွီ၏ အခြားသောအမည်းရောင်ငှက်မွေး တစ်ဝက်က ထောင်တက်လာပြီး ဧရာမအတောင်ပံကြီးတစ်ခုအဖြစ် ပြောင်းလဲကာ ဝူးခနဲ ဖြန့်ကျက်လိုက်ပြီး အဝေးရှိကောင်းကင်ယံသို့ ထွက်ပြေးရန်ပြင်လိုက်တော့၏။

အသက်လုပြေးရချိန်ဖြစ်သဖြင့် သူ့အမြန်နှုန်းက အလွန်မြန်ဆန်လှသည်။ မိစ္ဆာမယ်လျိုကမူ လိုက်လံတိုက်ခိုက်ခြင်း မရှိပေ။ သူ ထွက်ပြေးလွတ်မြောက်တော့မည့် ဆဲဆဲတွင်...။

"ထွက်ပြေးချင်လို့လား..."

ခေါင်းပေါ်မှ ရုတ်တရက် အော်ဟစ်သံတစ်ခု ထွက်ပေါ်လာလေသည်။

စစ်သူကြီးဟေးယွီ၏ အာရုံစူးစိုက်မှု အားလုံးသည် သူ့နောက်မှ မိစ္ဆာမယ်လျိုအပေါ်တွင်သာ သက်ရောက်နေရာ အပေါ်မှ အသံကြောင့် လန့်ဖျပ်သွားပြီးမှသာ ရုတ်တရက် ခေါင်းမော့ကြည့်လိုက်လေသည်။

ထိုအခါ လေထဲတွင် လှိုင်းဂယက်တစ်ခု ထနေပြီး ဆရာမု၏ ပုံရိပ်က မည်သည့်အချိန်ကတည်းက ထိုနေရာသို့ ရောက်ရှိနေမှန်း မသိရကြောင်း တွေ့လိုက်ရသည်။

ထို့ပြင် သူ့နောက်ကျောဘက်ရှိ ကောင်းကင်ယံသည် အနက်ရောင်မှန်ပြင်ကဲ့သို့သော အတားအဆီးတစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။

ထိုနေရာတွင် လျှို့ဝှက်သိုင်းကွက်တစ်ခုကို စောစောကတည်းက စီစဉ်ထားပြီး ဖြစ်နေပေသည်။

ထိုလူနှစ်ယောက်သည် သူတို့လူစုကို အသုံးချပြီးသည်နှင့် တစ်ခါတည်း စွန့်ပစ်ရန် ရည်ရွယ်ထားခြင်းဖြစ်သည်။

မိစ္ဆာမယ်လျိုလိုအဆင့်အတန်းမျိုးက သူနှင့် လာရောက်ပူးပေါင်းရန် အတင်းအကျပ် ကြိုးစားနေသည်မှာ မဆန်းတော့ပေ။

တကယ့်ရည်ရွယ်ချက်က လူသတ်ပြီးနှုတ်ပိတ်ရန် အဆင်ပြေစေဖို့ပင်ဖြစ်သည်။

ထိုသို့တွေးကြည့်လိုက်လျှင် သူမ အလှမပျက်ဆေးလုံး ရှာခိုင်းသည်မှာလည်း အစပျိုးမှုတစ်ခုသာဖြစ်ပြီး ဒုတိယအကြိမ် ဖိတ်ခေါ်မှုကို သဘာဝကျစေရန်အတွက်သာ ဖြစ်ပေလိမ့်မည်။

'ဘယ်လောက်တောင် နက်နဲတဲ့တွက်ချက်မှုလဲ...'

ရှင်းရှင်းလင်းလင်း သိလိုက်ရသော်လည်း အချိန်နှောင်းသွားခဲ့ပြီဖြစ်သည်။

ဆရာမုသည် မိစ္ဆာဂိုဏ်းတွင် အလွန်မြင့်မားသောအဆင့်အတန်းရှိသည့် သိုင်းဆရာတစ်ဦး ဖြစ်လာနိုင်သည်မှာ သူ့ကျင့်ကြံခြင်းအဆင့်ကလည်း ဆဋ္ဌမအဆင့်တွင် ရှိနေသောကြောင့်ဖြစ်ရာ စစ်သူကြီးဟေးယွီထက် အပြတ်အသတ်သာလွန်နေပေသည်။

သူတို့နှစ်ယောက်စလုံး ဆဋ္ဌမအဆင့်များဖြစ်ပြီး ပူးပေါင်းလိုက်မည်ဆိုပါက သူ့ ခန်းမဆောင်တစ်ခုလုံး အခြေအနေကောင်းမွန်နေလျှင်ပင် လွတ်မြောက်နိုင်ရန် မသေချာပေ။

ယခုလို အကြံအစည်ခံလိုက်ရပြီး တိုက်ခိုက်နိုင်စွမ်းမရှိတော့သည့် အချိန်တွင်ဆိုလျှင် ပို၍ပင် ပြောစရာမလိုတော့ချေ။

'ကြည့်ရတာ လည်စင်းခံဖို့ပဲ ရှိတော့တယ်...'

ဘန်း...

ဆရာမုက လက်ဝါးတစ်ချက်ရိုက်ချလိုက်ရာ စစ်သူကြီးဟေးယွီက အခြားဝတ်ရုံတစ်ဝက်ဖြင့် ခုခံလိုက်သော်လည်း ပြင်းထန်သောဒဏ်ရာရကာ ပျက်စီးသွားပြီး မြေကြီးပေါ်သို့အရှိန်ပြင်းပြင်းဖြင့် ပြုတ်ကျသွားလေတော့သည်။

"အား..."

သူသည် သွေးတစ်ပွက်အန်ချလိုက်ပြီး ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ခင်ဗျားတို့ အရိုးဖြူနန်းတော်သခင်ကို မကြောက်ဘူးလား..."

"ဟင်းဟင်း... ရှင်က ကိုယ့်ကိုယ်ကိုယ် အရမ်းအထင်ကြီးနေတာပဲ…”

“ပထမအချက်အနေနဲ့ အရိုးဖြူတောင်အဘိုးကြီးက ရှင့်အတွက်နဲ့ ဝတ်ရုံနီနန်းတော်ကို ရန်စပါ့မလား..."

မိစ္ဆာမယ်လျိုက ညှို့ဓာတ်ပြင်းစွာပြုံးရယ်နေဆဲ ဖြစ်သော်လည်း စစ်သူကြီးဟေးယွီ၏ နားထဲတွင်မူ အလွန်တရာအေးစက်နေပေသည်။

"ဒါ့အပြင် နဂါးပြာလျှို့ဝှက်နယ်မြေကို ရှာဖွေပြီးသွားရင် ကျွန်မက မိစ္ဆာဂိုဏ်းကို ပြန်သွားဦးမယ်လို့ ရှင်ထင်နေတာလား..."

သူမက ပေါ့ပါးစွာပျံသန်းလာပြီး စစ်သူကြီးဟေးယွီ၏ အသက်ကိုနုတ်ယူကာ လျှို့ဝှက်နယ်မြေထဲသို့ အေးအေးဆေးဆေးဝင်ရောက်ရန် ပြင်လိုက်သည်။

ထိုစဉ် ဆရာမုက ရုတ်တရက်ကျယ်လောင်စွာ အော်ဟစ်လိုက်သံကို ကြားလိုက်ရ၏။

"သောက်ခွေးလေး... မင်း သတ္တိကောင်းလှချည်လား..."

...

တကယ်တော့ စောစောက မျက်စိတစ်မှိတ်အတွင်းမှာပင် အခြေအနေများက ပြောင်းလဲသွားခဲ့ခြင်း ဖြစ်သည်။

ချူလျန်၏ ကြိုတင်သတိပေးမှုကြောင့် သူလျှိုအဖွဲ့မှ သုံးယောက်လုံးမှာ တိုက်ခိုက်နိုင်စွမ်း အပြည့်အဝရှိနေဆဲဖြစ်သည်။

ကွင်းထဲရှိအခြေအနေကို ကြည့်ရသည်မှာ ဆရာမုနှင့် မိစ္ဆာမယ်လျိုတို့ ပူးပေါင်းကာ သစ္စာစောင့်သိခြင်းခန်းမဆောင်မှ ဒဏ်ရာရကျန်ရစ်သူများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်တော့မည် ဖြစ်သည်။

ချူလျန်သည် ကြက်သွေးရောင်ကွပ်မျက်သူကြီး၏ အထောက်အပံ့ ရှိနေသော်လည်း ဆဋ္ဌမအဆင့်ရှိ မိစ္ဆာမယ်လျိုကို ခြိမ်းခြောက်မှုအနည်းငယ်သာ ပေးနိုင်မည်ဖြစ်ပြီး မုချအနိုင်ရမည်ဟု မသေချာကြောင်း ကိုယ့်ကိုယ်ကိုယ် သုံးသပ်မိလေသည်။

ဆရာမုနှင့် ပတ်သက်၍မူ ကြက်သွေးရောင်ကွပ်မျက်သူကြီးက မည်သည့် တုံ့ပြန်မှုမှ မပြသပေ။

ကြည့်ရသည်မှာ ထိုသူသည် မိစ္ဆာဂိုဏ်းတွင် ရောနှောနေသော်လည်း ကိုယ်တိုင်ကိုယ်ကျ သတ်ဖြတ်ခဲ့သော အပြစ်ကင်းစင်သည့်အသက်ဝိညာဉ်များ သိပ်မများလှချေ။

ယင်းအစား မြေကြီးပေါ်ရှိ ဒဏ်ရာရနေသူများနှင့် စစ်သူကြီးဟေးယွီတို့သည်သာ ကြက်သွေးရောင်ကွပ်မျက်သူကြီး၏ပစ်မှတ်များဖြစ်ပြီး တစ်ချက်ခုတ်လျှင် တစ်ယောက်သေမည်မှာ ပြဿနာမဟုတ်ပေ။

အကယ်၍ သူသာ ယခုအချိန်တွင် ရုတ်တရက်ဘက်ပြောင်းကာ အသင်းဖော်များကို ပြင်းပြင်းထန်ထန် တိုက်ခိုက်မည်ဆိုပါက အသက်ရှင်ခွင့်ရနိုင်မည်လား ဆိုသည်ကို မသိရချေ။

မနိုင်နိုင်သည့် အခြေအနေတွင် ပထမဆုံးရွေးချယ်စရာက သဘာဝကျစွာပင် ထွက်ပြေးရန်ဖြစ်သည်။

ထိုအချိန်သည် မိစ္ဆာမယ်လျိုနှင့် ဆရာမုတို့က စစ်သူကြီးဟေးယွီကို အာရုံစိုက်နေချိန်ဖြစ်ရာ သူတို့သုံးယောက် ကောင်းကင်ယံသို့ ပျံသန်းသွားသောအခါ ရုတ်တရက်ထွက်ပေါ်လာသော အမည်းရောင်မှန်ပြင်အတားအဆီးက သူတို့သုံးယောက်ကို တားဆီးထားသည်ကို တွေ့လိုက်ရသည်။

လော့ယောင်က လက်ဝါးတစ်ချက် ရိုက်ထုတ်လိုက်သော်လည်း တန်ပြန်ရိုက်ခတ်ခြင်းကို ခံလိုက်ရလေသည်။

ထိုအစွမ်းထက်သော သိုင်းဆရာမှ သေချာစွာစီစဉ်ထားသော သိုင်းကွက်ကို လွယ်လွယ်ကူကူ ဖောက်ထွက်နိုင်မည်မဟုတ်ပေ။

ချူလျန်ကိုယ်တိုင် မြေချုံ့သိုင်းကိုအသုံးပြုကာ အတားအဆီးကို တိုက်ရိုက်ဖြတ်သန်းနိုင်သော်လည်း ကျန်အဖော်နှစ်ယောက်မှာမူ အတွင်းတွင် ကျန်ရစ်ခဲ့မည်ဖြစ်ပြီး ထွက်ပြေးနိုင်မည်မဟုတ်ပေ။

သူ တစ်ယောက်တည်းထွက်ပြေးမည့် အတွေးကို ယာယီ လက်လွှတ်လိုက်လေသည်။

သူတို့သုံးယောက်က ပထမဆုံးအချိန်မှာပင် အရေးပေါ်ကျောက်စိမ်းပြားများကို ချေမွကာ သက်ဆိုင်ရာဂိုဏ်းများကို အကူအညီတောင်းခံပြီးဖြစ်သည်။ သို့သော် ရှေးဟောင်းနဂါးအသိုက်သည် အလွန်ဝေးကွာလှရာ လူကြီးများ မည်မျှပင်မြန်မြန်လာပါစေ အချိန်အနည်းငယ် ကြာဦးမည်ဖြစ်သည်။

ထိုအချိန်အတောအတွင်း သူတို့အနေဖြင့် ဆဋ္ဌမအဆင့်သိုင်းသမားနှစ်ယောက်၏ ပူးပေါင်းတိုက်ခိုက်မှုကို လုံးဝခုခံနိုင်မည်မဟုတ်ပေ။

အဘိုးကြီးဖေးကို ခေါ်ထုတ်မည်ဆိုလျှင်တောင်မှ မပြည့်စုံသော တိုက်ပွဲဝင်ဝိညာဉ်ဖြစ်သည့် သူက ထိုနှစ်ယောက်ထဲမှ တစ်ယောက်ယောက်ကို ရင်ဆိုင်ရန်ပင် လုံလောက်မည်မဟုတ်ပေ။

လျှပ်စီးလက်သကဲ့သို့ အတွေးများ ပြေးလွှားသွားကာ အခြေအနေအားလုံးကို တစ်ခုချင်းစီ ဖြတ်ကျော်စဉ်းစားလိုက်သည်။

နောက်ဆုံးတွင် ချူလျန်က ဟိုဘက်တောင်နံရံပေါ်ရှိ စာတမ်းများ ပါဝင်သောသံပြားတစ်ဝက်ကို မြင်လိုက်ရသည်။

မိစ္ဆာမယ်လျို၏ တစ်ဝက်သည် အစောကတည်းကပင် ထိုအပေါ်တွင် တပ်ဆင်ထားပြီး ဖြစ်သည်။

ယခုအချိန်တွင် မိစ္ဆာမယ်လျိုနှင့် ဆရာမုတို့ နှစ်ယောက်စလုံးမှာ အခြားတစ်ဖက်တွင် ရှိနေကြရာ ထိုဘက်တစ်ခြမ်းကို လွတ်လပ်နေစေခဲ့သည်။

ချူလျန်၏မျက်လုံးများထဲတွင် အလင်းရောင်တစ်ခု လက်သွားပြီး အသံနှိမ့်ကာ အော်ဟစ်လိုက်၏။

"ကျုပ်နောက်ကို လိုက်ခဲ့..."

အပြင်သို့မဟုတ်ဘဲ အတွင်းသို့သာ နောက်ပြန်လှည့်ပြေးလေတော့သည်။

ပုံရိပ်တစ်ခု လက်ခနဲဖြစ်သွားပြီး ဝှီးခနဲ အသံထွက်လာသည်။

သူသည် အလောတကြီးဖြင့် မြေချုံ့သိုင်းကိုအသုံးပြုလိုက်ရာ သူ့ပုံရိပ်က တောင်နံရံရှေ့သို့ ချက်ချင်း ရောက်ရှိသွားသည်။

သူသည် လက်ကိုလှန်ကာ အခြားသော စာတမ်းများပါဝင်သည့် သံပြားတစ်ဝက်ကို ထုတ်ယူလိုက်ပြီး တစ်ချက်တည်းဖြင့် ဖိကပ်လိုက်လေတော့၏။

ဒုန်း...

သံပြားတစ်စုံသည် အပေါ်တွင် အံဝင်ခွင်ကျဖြစ်သွားရာ ပုံသဏ္ဌာန်က ပြီးပြည့်စုံသွားပြီး ချက်ချင်းပင် အစွမ်းထက်သောအဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာလေတော့သည်။

နဂါးဟောက်သံကိုလည်း ဝိုးတဝါး ကြားလိုက်ရပေသည်။

တောင်နံရံသည် ဧရာမရေဝဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားလေတော့၏။

အရင်က ထိုတောင်ပိုင်းလမ်းပြသည် နဂါးပြာလျှို့ဝှက်နယ်မြေထဲတွင် အန္တရာယ်ရှိမည်ကို စိုးရိမ်သဖြင့် သတ္တမအဆင့်တိုက်ပွဲဝင်ဝိညာဉ်ကို ရရှိပြီးမှသာ ဝင်ရောက်ရှာဖွေရန် စိတ်ကူးထားခဲ့သည်။

သို့သော် သူ့စောင့်ဆိုင်းမှုက အခြားသူများအတွက် အကျိုးအမြတ် ဖြစ်သွားစေမည်ဟု မထင်မှတ်ထားခဲ့ပေ။

ထို့ပြင် သူ့ကို သတ်ဖြတ်ခဲ့သော သူ အပေါ်သို့ ကျရောက်သွားခဲ့ခြင်းပင်။

ဆရာမုက ဤနေရာရှိ ပုံမှန်မဟုတ်သော လှုပ်ရှားမှုကို ပထမဆုံးသိရှိလိုက်သည်။ ဆဋ္ဌမအဆင့် သိုင်းသမားနှစ်ယောက်စလုံးသည် ယခုကဲ့သို့သော အခြေအနေမျိုးကို လုံးဝမမျှော်လင့်ထားခဲ့ပေ။

သူတို့သည် ထိုသုံးယောက်ကို လှောင်ချိုင့်ထဲမှ အားနည်းသောသားရဲများဟုသာ ထင်မှတ်ထားခဲ့ရာ မည်သို့မည်ပုံ ဤတံခါးကိုဖွင့်နိုင်ခဲ့ကြောင်း မည်သူ သိနိုင်မည်နည်း။

သူတို့နှစ်ယောက်အကြောင်း ပြောမနေနှင့်တော့...

လော့ယောင်နှင့် ဘုန်းတော်ကြီးပုရှန်တို့ပင်လျှင် မထင်မှတ်ထားခဲ့ချေ။

ချူလျန်သည် အလွန်အံ့ဩဖွယ်ကောင်းပြီး သာမန်လူများ မလုပ်နိုင်သော ကိစ္စများစွာကို လုပ်နိုင်ကြောင်း သူတို့ အမြဲတမ်းသိထားခဲ့သော်လည်း... တချို့သော ကိစ္စများကမူ သူတို့မျှော်မှန်းချက်များကို အမြဲတမ်းကျော်လွန်နေတတ်ပေသည်။

မိစ္ဆာမယ်လျိုနှင့် ဆရာမုတို့က ကျင့်ကြံခြင်းစွမ်းရည်များကို ဖောက်ခွဲကာ အမြန်ဆုံး ရောက်လာခဲ့သော်လည်း အချိန်အနည်းငယ်နောက်ကျသွားခဲ့ရာ သူတို့သုံးယောက်၏ပုံရိပ်များ လက်ခနဲဖြစ်သွားပြီး တောင်နံရံပေါ်ရှိ ဧရာမ ရေဝဲကြီးထဲသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရလေသည်။

သူတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး ဒေါသတကြီးဖြင့် ပြိုင်တူ အော်ဟစ်လိုက်ကြတော့၏။

"အနောက်ကနေလိုက်..."

All Chapters