အခန်း ၂၅၆
Vol. 26 Ch. 256
အခန်း (၂၅၆) - ကောင်းကင်ဘုံသို့ တက်လှမ်းရန် လမ်းမရှိ (၂)
ချူလျန်မှာလည်း ထိုနေရာတွင် လုံးဝရပ်တန့်နေခြင်းမျိုးမရှိဘဲ လော့ယောင်တို့၏ နောက်သို့ လိုက်ပါသွားရင်း ဓားရာထောင်ချီမန္တန်ကိုအသုံးပြုကာ သွေးလင်းနို့နဂါးများကို သုတ်သင်နေလေ၏။
ထိုသွေးလင်းနို့နဂါးများမှာလည်း သူတို့နောက်သို့လိုက်နေကြသဖြင့် ချူလျန်၏ ဓားအလင်းတန်းများကြားတွင် အမြဲတမ်းရောက်ရှိနေကာ အချိန်တိုအတွင်းမှာပင် အကောင်ရာကျော်ခန့် သေဆုံးဒဏ်ရာရသွားခဲ့သည်။
ထိုသို့ လိုက်ပါသွားရင်း လော့ယောင်တို့၏ ပုံရိပ်မှာ သစ်တောအုပ်တစ်ခုကို ဖြတ်ကျော်သွားလေသည်။
ထိုအချိန်တွင် သွေးလင်းနို့နဂါးများအားလုံး လိုက်လံတိုက်ခိုက်မှုကို ရုတ်တရက် ရပ်တန့်သွားတော့၏။
ကျိ... ကျိ... ကျိ...
မျက်စိဖြင့်မမြင်ရသော အတားအဆီးတစ်ခုရှိနေသည့်အလား သောင်းနှင့်ချီသော သွေးလင်းနို့နဂါးများမှာ ထိုအတားအဆီး၏အပြင်ဘက်တွင် စုပြုံနေကြပြီး စူးရှသော အော်သံများကိုထုတ်လွှင့်နေကြကာ ထိုအသံများမှာ ထပ်တလဲလဲဖြစ်နေသဖြင့် နားကွဲမတတ် ဆူညံနေပေသည်။
သို့သော် မည်သည့်အကောင်ကမျှ တစ်လှမ်းပင် ကျော်လွန်ဝင်ရောက်ရဲခြင်း မရှိကြချေ။
“ဒါ ဘယ်လောက်တောင် အစွမ်းထက်တဲ့ မိစ္ဆာသားရဲရဲ့ နယ်မြေဖြစ်နေပြန်တာလဲ..."
ချူလျန်က မြေပြင်ပေါ်သို့ ဆင်းသက်လိုက်ပြီး သွေးလင်းနို့နဂါးအုပ်စုကြီး၏ ထူးဆန်းသောအခြေအနေကို လှည့်ကြည့်လိုက်သော်လည်း အနည်းငယ်မျှပင် စိတ်အေးမသွားခဲ့ပေ။
၎င်းတို့၏လုပ်ရပ်မှာ သူ့ကိုကြောက်ရွံ့နေခြင်းမဟုတ်သည်မှာ သေချာလှ၏။ ထို့ကြောင့် ပို၍ အစွမ်းထက်သော အရာတစ်ခုခုကို ကြောက်ရွံ့နေခြင်းသာ ဖြစ်ရပေမည်။
“မိစ္ဆာသားရဲတစ်ကောင်ကောင်ရဲ့ နယ်မြေဖြစ်ချင်မှလည်း ဖြစ်မှာပါ... တကယ်တော့..."
ဘုန်းတော်ကြီးပုရှန်က ထိုဘက်ရှိ တောင်ထွတ်တစ်ထောင့်ကို လက်ညှိုးထိုးပြလိုက်သည်။
"မင်းဘာသာမင်းပဲ ကြည့်လိုက်ပါတော့..."
...
မြင့်မားမတ်စောက်လှသော တောင်တန်းစိမ်းကြီး၏ အနောက်ဘက်တွင် အနက်ရောင်သက်သက်ရှိသော ဧရာမနဂါးခေါင်းခွံကြီးတစ်ခုပေါ်ထွက်နေပြီး အက်ကွဲကြောင်းများကြားတွင် ရွှေအိုရောင်နှင့်တူညီသော သတ္တုတစ်မျိုးဖြင့် လောင်းထည့်ထားကာ နန်းတော်တစ်ခုကဲ့သို့ အဆောက်အအုံတစ်ခုအဖြစ် တည်ဆောက်ထားလေသည်။
လက်ရာမှာ အလွန်ကြမ်းတမ်းသော်လည်း ကြောက်မက်ဖွယ်ရာကောင်းလှ၏။
ထိုနဂါးအရိုးမှာ သွေးစစ်သော နဂါးအစစ်တစ်ကောင်၏အရိုးဖြစ်ကြောင်း သိသာထင်ရှားလှပေသည်။
မည်ကဲ့သို့သော ကြောက်မက်ဖွယ်တည်ရှိမှုမျိုးက အရွယ်ရောက်ပြီးသော သွေးစစ်နဂါးအစစ်တစ်ကောင်ကို အဆောက်အအုံတစ်ခုအဖြစ် တည်ဆောက်ကာ ဤနေရာတွင် ခင်းကျင်းပြသထားနိုင်သနည်း။
ကြည့်ရသည်မှာ ထိုသွေးလင်းနို့နဂါးအုပ်စုကြီး ကြောက်ရွံ့နေသည်မှာ ဤနဂါးအရိုးနန်းတော်ကြီး ဖြစ်ပုံရသည်။
ယခုနယ်မြေထဲမှ ထွက်ခွာသွားပါက အခြားနေရာများတွင် နဂါးမျိုးနွယ်များ၏ တိုက်ခိုက်မှုကိုခံရဦးမည်မှာ သေချာပေသည်။
ထို့ကြောင့် သူတို့သုံးယောက်မှာ အလောတကြီးထွက်ခွာသွားခြင်းမရှိဘဲ ထိုဘက်သို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားကြလေ၏။
ထိုတောင်တန်းစိမ်းကြီးကို ပတ်သွားလိုက်သည်နှင့် ထိုဧရာမနဂါးခေါင်းခွံကြီး၏ ပုံပန်းသဏ္ဍာန်အပြည့်အစုံကို မြင်တွေ့နိုင်ပေသည်။
အမှန်တကယ်တွင် ၎င်း၏နောက်တွင် အဆုံးအစမရှိရှည်လျားလှသော ခန္ဓာကိုယ်ကြီး ပါရှိနေပြီး အားလုံးကို တူညီသောလက်ရာဖြင့် ရွှေအိုရောင်အရည်များ လောင်းထည့်ထားခြင်းဖြစ်သည်။
တောင်တန်းကြီးနှင့် အမြင့်တူညီသော နဂါးခေါင်းကြီးနှင့် အနောက်ဘက်ရှိ အမြီးကိုပင် မမြင်နိုင်လောက်အောင် ကွေ့ကောက်ရှည်လျားလှသော ခန္ဓာကိုယ်ကြီးမှာ အနက်ရွှေရောင် မဟာတံတိုင်းကြီးတစ်ခုအလားပင်။
ဧရာမနဂါးခေါင်းခွံကြီး၏ ပါးစပ်ကြီးမှာဟနေပြီး အတွင်းဘက်တွင်မူ ချောက်နက်ကြီးတစ်ခုကဲ့သို့ မှောင်မိုက်နေလေသည်။
"အထဲဝင်ကြည့်ကြမလား..."
ဘုန်းတော်ကြီးပုရှန်မှာ အလွန်သိချင်စိတ် ပြင်းပြနေ၏။
"ကြည့်ရတာ ဒီနေရာက လျှို့ဝှက်နယ်မြေထဲမှာ အထူးခြားဆုံး နေရာတစ်ခု ဖြစ်ပုံရတယ်…”
“လျှို့ဝှက်နယ်မြေမှာ ထွက်ပေါက်ရှိမယ်ဆိုရင် အထဲမှာ ရှိနေနိုင်ခြေအများကြီးပဲ..."
"ကောင်းပြီလေ..."
လော့ယောင်ကလည်း သဘောတူလိုက်လေသည်။
ချူလျန်ကလည်း သဘောထားကွဲလွဲခြင်း မရှိပေ။
မည်သို့ပင်ဖြစ်စေ လက်ရှိအခြေအနေမှာ အလွန်ခက်ခဲနေပြီး အပြင်ထွက်လျှင်လည်း နဂါးမျိုးနွယ်များ၏ တိုက်ခိုက်မှုကို ခံရမည်ဖြစ်ကာ အချိန်ဖြုန်းနေရင်း လျိုမိုဂျီတို့ ရောက်လာလျှင်လည်း သေလမ်းသာရှိတော့သည်။
ထို့ကြောင့် အထဲဝင်၍စူးစမ်းကြည့်ခြင်းက ပိုကောင်းပေမည်။
အဆုံးအစမမြင်ရသော အမြီးကြီးကိုကြည့်ရင်း ချူလျန်လည်း ထွက်ပေါက်တစ်ခု ပုန်းကွယ်နေနိုင်သည်ဟု တွေးတောလိုက်လေ၏။ ထို့နောက် သူတို့သုံးယောက်မှာ အထဲသို့ ဝင်ရောက်သွားကြတော့သည်။
နဂါးခေါင်းကြီးမှာ တောင်တန်းကြီးနှင့် အမြင့်တူညီပြီး ဧရာမပါးစပ်ကြီးမှာ မြို့တံခါးတစ်ခုအလားပင်။
လူသားများ၏ခန္ဓာကိုယ်ဖြင့် ဝင်ရောက်သွားသောအခါ အလွန်ပင် သေးငယ်နေသည်ဟုခံစားရပြီး အတွင်းဘက်တွင်မူ မှောင်မိုက်နေသော စင်္ကြံလမ်းရှည်ကြီး ဖြစ်ပေသည်။
အပြင်ဘက်ရှိ နဂါးအရိုးကို သတ္တုလောင်းထည့်ထားသော လက်ရာမှာ ကြမ်းတမ်းသော်လည်း အတွင်းဘက်ရှိပန်းပုလက်ရာများမှာမူ အလွန်ပင် သေသပ်လှပလှ၏။
နေရာအနှံ့တွင် ရွှေအိုရောင်များဖုံးလွှမ်းနေပြီး ခမ်းနားထည်ဝါလှသည်။ နှစ်ဖက်စလုံးရှိ မြင့်မားကျယ်ဝန်းသော စင်္ကြံလမ်းရှည်ကြီးပေါ်တွင် နက်နဲဆန်းကြယ်လှသော နံရံဆေးရေးပန်းချီများကို ရေးဆွဲထားလေသည်။
ထိုပန်းချီများမှာ ရှေးဟောင်းစစ်ပွဲကြီးတစ်ခု၏ မြင်ကွင်းများဖြစ်ကြောင်း ဝေဝါးဝါး မြင်တွေ့ရပေသည်။
"ဒါ ရှေးဟောင်းနဂါးနတ်ဘုရားခေတ်က နံရံဆေးရေးပန်းချီတွေပဲ... ကျုပ်တို့ရဲ့ ယွမ်ချွယ်ကျောင်းတော်မှာလည်း မှတ်တမ်းတွေ ရှိတယ်... ကျုပ်တချို့တလေကို နားလည်နိုင်ပါတယ်..."
ဘုန်းတော်ကြီးပုရှန်က ပြောလိုက်လေသည်။
သူ့မျက်လုံးများမှ နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာကာ အမှောင်ထုကို ချက်ချင်းပင် ထိုးဖောက်သွားပြီး လမ်းလျှောက်သွားရင်း တစ်ပုံပြီးတစ်ပုံ ကြည့်ရှုသွားလေ၏။
"ပထမဆုံးပုံက နဂါးပေါက်လေးတစ်ကောင်ရဲ့ မိဘတွေက ရန်သူ မိစ္ဆာနဂါးတစ်ကောင်ရဲ့ သတ်ဖြတ်ခြင်းကို ခံလိုက်ရတဲ့ပုံပဲ..."
ပုရှန်က ဖြည်းညင်းစွာ အဓိပ္ပာယ်ဖွင့်ဆိုလိုက်သည်။
"သူ့ရဲ့ စိတ်ထဲမှာ တွေဝေနာကျင်နေပြီး မွေးကတည်းက အထီးကျန်ဆန်စွာ လောကကြီးကို ကြောက်ရွံ့နေရသလို သူ့ရဲ့ မိဘတွေနဲ့ မျိုးနွယ်စုတွေအတွက် လက်စားချေချင်တဲ့ ဆုံးဖြတ်ချက်တွေလည်း ရှိနေတယ်…”
“ပြီးတော့ သိမ်မွေ့တဲ့ကရုဏာတရားလေးလည်း ရှိနေသေးတယ်... ငါမွေးဖွားလာချိန်မှာ ဘာမှမလုပ်နိုင်ခဲ့ပေမဲ့ ငါကြီးပြင်းလာတဲ့အခါမှာတော့..."
"ခဏနေပါဦး..."
လော့ယောင်က သူ့ကို တားဆီးလိုက်၏။
"ပထမဆုံး နံရံဆေးရေးပန်းချီတစ်ချပ်တည်းနဲ့ ဒီလောက်တောင် အဓိပ္ပာယ်ဖော်လို့ ရနေပြီလား..."
"အင်း...ကျုပ် သူ့ရဲ့ စိတ်လှုပ်ရှားမှုလေးတွေကို နည်းနည်းမှန်းဆပြီး ထည့်ပြောလိုက်တာပါ..."
ဘုန်းတော်ကြီးပုရှန်က ဖြေလိုက်လေသည်။
"မှန်းဆမနေပါနဲ့...ဒီမှာ နံရံဆေးရေးပန်းချီတွေ အများကြီးရှိသေးတယ်... ခင်ဗျားအကုန်လုံးကို မှန်းဆပြီးချိန်ဆိုရင် လျိုမိုဂျီတို့နှစ်ယောက် ကလေးတစ်ယောက်မွေး မီးတွင်းထဲကထွက်ပြီး လိုက်လာရင်တောင် ကျုပ်တို့ကို အမီလိုက်နိုင်လောက်ပြီ..."
ချူလျန်ကလည်း ပြောလိုက်ပေသည်။
"ကောင်းပြီလေ..."
ပုရှန်က သက်ပြင်းချလိုက်၏။
"ဒုတိယပုံက နဂါးလေးကြီးပြင်းလာပြီး အပြင်ထွက်ကာ အတွေ့အကြုံရှာဖွေရင်း အစွမ်းထက်လှတဲ့…”
“နဂါးနတ်ဘုရားတစ်ပါးရဲ့ နောက်ကို လိုက်သွားတာပဲလား..."
ပုရှန်က အံ့ဩတကြီး ရေရွတ်လိုက်လေသည်။
"အဲဒါ နဂါးနတ်ဘုရားဆိုတာ ခင်ဗျားဘယ်လိုသိလဲ..."
ချူလျန်က နံရံဆေးရေးပန်းချီကို ကြည့်ရင်း မေးလိုက်၏။
"ရှေးဟောင်းခေတ်က နဂါးမျိုးနွယ်တွေရဲ့ နံရံဆေးရေးပန်းချီတွေမှာ စည်းမျဉ်းတချို့ရှိတယ်...လက်ရာက ကြမ်းတမ်းပေမဲ့ နဂါးနတ်ဘုရားကလွဲလို့ ကျန်တဲ့ ဘယ်နဂါးအစစ်ကိုမှ နတ်ဘုရားအလင်းတန်း ခြုံလွှမ်းခွင့်မပေးထားဘူး... ဒီလို နတ်ဘုရားအလင်းတန်းမျိုး ပါလာမှာမဟုတ်ဘူး..."
ပုရှန်က ရှင်းပြလိုက်လေသည်။
"ဒီလိုကိုး..."
ချူလျန်က ခေါင်းညိတ်လိုက်၏။
ရှေးဟောင်းခေတ်တွင် နဂါးမျိုးနွယ်စုများထဲ၌လည်း နဝမအဆင့်ရှိသော နတ်ဘုရားတစ်ပါး ထွက်ပေါ်ခဲ့ဖူးပြီး ၎င်းကို နဂါးနတ်ဘုရားဟု ခေါ်ဆိုကြလေသည်။
၎င်း၏ ဦးဆောင်မှုအောက်တွင် နဂါးမျိုးနွယ်စုမှာ လူ့လောက၏ အရှင်သခင်အဖြစ် တစ်ခဏတာမျှ ဖြစ်တည်ခဲ့ဖူး၏။
ယုတ္တိတန်စွာတွေးကြည့်လျှင် နဂါးမျိုးနွယ်များ၏ သက်တမ်းမှာ မိစ္ဆာမျိုးနွယ်များထက် ပို၍ရှည်လျားသဖြင့် နဂါးနတ်ဘုရား၏ ဦးဆောင်မှုအောက်တွင် နဂါးမျိုးနွယ်စုမှာနှစ်ပေါင်းသောင်းနှင့်ချီ၍ တောက်ပနိုင်မည် ဖြစ်ပေသည်။
သို့သော် မည်သို့ဖြစ်သွားသည်မသိ၊ နဂါးမျိုးနွယ်၏ အုပ်ချုပ်မှုမှာ နှစ်တစ်ထောင်ပင် မပြည့်မီ ရုတ်တရက်အဆုံးသတ်သွားခဲ့လေသည်။
ထို့နောက် နှစ်ထောင်ပေါင်းများစွာ ကြာမြင့်ပြီးနောက်တွင် ရှေးဟောင်းနဂါးအသိုက်ကြီး ပြိုကွဲပျက်စီးသွားကာ ကျန်ရစ်သော သွေးစစ်နဂါးအစစ်များအားလုံးမှာ နဂါးချောက်နက်သို့ ထွက်ပြေးပုန်းအောင်းခဲ့ရသည့် ကိစ္စများကိုပါကြုံတွေ့ခဲ့ရသည်။
အရာများအားလုံးမှာ ရှေးဟောင်းလျှို့ဝှက်ချက်များဖြစ်ပြီး ထိုအကြောင်းရင်းများကိုမူ ယနေ့ခေတ်လူ့လောကတွင် မည်သူမျှ မသိရှိကြတော့ပေ။
ထို့နောက် ဆက်တိုက်ဆိုသလိုရှိနေသော နံရံဆေးရေးပန်းချီ ဆယ်ချပ်ကျော်မှာ ထိုနဂါးလေးက နဂါးနတ်ဘုရားနှင့်အတူ နေရာအနှံ့လိုက်လံတိုက်ခိုက်နေသည့် ပုံများဖြစ်ပြီး တိုက်ခိုက်ခဲ့သောရန်သူများမှာ နဂါးမျိုးနွယ်များသာမက အခြားသော အစွမ်းထက်မိစ္ဆာသားရဲများလည်း ပါဝင်ကာ လူသားများ၏ ပုံရိပ်များပင် ပါဝင်နေသေးသည်။
ထိုကာလအတွင်း၌ပင် နဂါးလေးမှာ ကောင်းကင်ကိုမိုးကာ မြေကြီးကိုရပ်တည်နိုင်သည့် ဧရာမနဂါးကြီးအဖြစ် ကြီးပြင်းလာခဲ့သည်။
ထိုလျိုမိုဂျီက "စန်းလုံလျှို့ဝှက်နယ်မြေ" ဟု ခေါ်ဆိုခဲ့သည်ဖြစ်ရာ ၎င်းမှာ လျှို့ဝှက်နယ်မြေ၏အရှင်သခင်မှာ စန်းလုံပင် ဖြစ်ရမည်လော။
နောက်ထပ် နံရံဆေးရေးပန်းချီတစ်ချပ်မှာ စန်းလုံက နဂါးနတ်ဘုရား၏ လက်အောက်တွင် ကြီးပြင်းလာပြီး နောက်ဆုံး၌ ပြိုင်ဘက်ကင်းလောက်အောင် အစွမ်းထက်လာကာ မွေးရပ်မြေသို့ပြန်သွားပြီး ထိုမိစ္ဆာနဂါးကို သတ်ဖြတ်လိုက်ကာ မိဘများနှင့် မျိုးနွယ်စုဝင်များအတွက် လက်စားချေလိုက်သည့်ပုံဖြစ်ပေသည်။
၎င်းက ရန်သူ၏နဂါးအရိုးကို နန်းတော်အဖြစ် တည်ဆောက်ကာ ထာဝရအထိမ်းအမှတ်အဖြစ် ထားရှိခဲ့ခြင်းပင်။
အမှန်တကယ်တော့ နဂါးအရိုးမဟာတံတိုင်းကြီးမှာ စန်းလုံက ရန်သူ၏ နဂါးအရိုးကို အသုံးပြုကာ သတ္တုလောင်းထည့်တည်ဆောက်ထားခြင်းပင် ဖြစ်တော့သည်။
ရှေ့သို့ ဆက်သွားသောအခါ လောကကြီးကို တုန်လှုပ်စေလောက်သည့် စစ်ပွဲကြီးများ၏ပုံအနည်းငယ်ကို ထပ်မံဖြတ်သန်းသွားပြီး နောက်ဆုံးတွင်မူ နဂါးနတ်ဘုရားက ကောင်းကင်ဘုံမှ ကျဆင်းလာသော အဆုံးအစမဲ့ မိုးကြိုးတိမ်တိုက်များကို ရင်ဆိုင်နေရသည့်ပုံဖြစ်လေသည်။
ထိုတိမ်တိုက်များပေါ်တွင် ကောင်းကင်စစ်သည်တော်များနှင့် တူသကဲ့သို့ ဧရာမလက်ကြီးတစ်ခုနှင့်လည်းတူနေကာ အလွန်ပင်ဝေဝါးစွာရေးဆွဲထားပေသည်။
ကြည့်ရသည်မှာ နံရံဆေးရေးပန်းချီ ရေးဆွဲသူကိုယ်တိုင်က ထိုစဉ်က အခြေအနေကို သေချာစွာ မြင်တွေ့ခဲ့ရခြင်းမရှိပုံရပြီး ၎င်း၏ကြောက်ရွံ့မှုနှင့် တွေဝေမှုများကိုပါ ခံစားသိရှိနိုင်ပေသည်။
"ဒါက...ကပ်ဘေးဖြတ်ကျော်နေတာလား..."
ဘုန်းတော်ကြီးပုရှန်က ခန့်မှန်းလိုက်၏။
"ကြည့်ရတာ တိုက်ပွဲတစ်ခုနဲ့ ပိုတူတယ်... နှစ်ဖက်လုံးက တစ်ဖက်သေတဲ့အထိ တိုက်ခိုက်နေကြတာ..."
လော့ယောင်က ပြောလိုက်လေသည်။
"ဒါ ဘာတွေလဲ..."
ချူလျန်ကမူ ပုံ၏အောက်ဆုံးထောင့်စွန်းတွင် အရိပ်ရေးရေးမျှသာရှိသော လူသေးသေးလေးအနည်းငယ်ကို ရေးဆွဲထားသည်ကို သတိထားမိလိုက်သည်။
နဂါးမျိုးနွယ်၏ နံရံဆေးရေးပန်းချီများတွင် လူသားများ ပါဝင်မှုမှာ အလွန်နည်းပါးလှသော်လည်း ထိုလူများမှာ သာမန် လာရောက်ကြည့်ရှုသူများ မဟုတ်ပုံရပေ။
ဘုန်းတော်ကြီးပုရှန်က ခေါင်းခါရမ်းလိုက်ပြီး ထိုစဉ်က အမှန်တကယ် မည်သို့ဖြစ်ပျက်ခဲ့သည်ကို အဓိပ္ပာယ်ဖော်နိုင်ခြင်း မရှိတော့ချေ။
နောက်တစ်ပုံကို ဆက်ကြည့်လိုက်သောအခါ နဂါးနတ်ဘုရား၏ ခန္ဓာကိုယ်မှာ ပျောက်ကွယ်သွားပြီး ပုံ၏အလယ်တွင် ကြီးမားသောကွက်လပ်ကြီးတစ်ခု ရှိနေသည်။
၎င်း၏နောက်သို့ လိုက်ပါလာသော နဂါးအစစ်များမှာ စိတ်ပျက်လက်ပျက်ဖြင့် လေပေါ်သို့ ပျံတက်သွားကြပြီး ရူးသွပ်မှုများနှင့် ကစဉ့်ကလျား ဖြစ်နေကြသည်သာ ကျန်ရစ်တော့၏။
ပုံထဲတွင် ရှုပ်ထွေးလှသော စာလုံးတစ်လုံးလည်းပါဝင်နေပြီး နဂါးမျိုးနွယ်များ၏ စာလုံးဖြစ်ပုံရပေသည်။
"နဂါးစာပေက ရှေးကတည်းက ပျောက်ကွယ်သွားခဲ့ပြီ... ဒီစာလုံးကိုတော့ ကျုပ်မသိဘူး..."
ဘုန်းတော်ကြီးပုရှန်က ပြောလိုက်လေသည်။
ချူလျန်က ၎င်းကိုကြည့်လိုက်သည်။
ယုတ္တိတန်စွာတွေးကြည့်လျှင် သူလည်းသိမည်မဟုတ်သော်လည်း အတွေးတစ်ခုက သူ့ခေါင်းထဲသို့ တိုက်ရိုက်ဝင်ရောက်လာပြီး ထိုစာလုံးအဓိပ္ပာယ်ကို ချက်ချင်းပင် နားလည်သွားစေလေ၏။
၎င်းမှာ အလွန်ရှုပ်ထွေးလှပြီး ဝမ်းနည်းကြေကွဲဖွယ်ရာ ခံစားချက်တစ်ခုကို ကိုယ်စားပြုနေကာ လမ်းဆုံးနေသောသူရဲကောင်းတစ်ယောက်က ကောင်းကင်ကိုမော့ကာ ဒေါသတကြီးအော်ဟစ်နေသည့်အလားပင်။
ရိုးရှင်းစွာ အဓိပ္ပာယ်ဖော်ကြည့်ရလျှင် စကားစုတစ်ခုမျှသာ ဖြစ်လေတော့သည်။
'ကောင်းကင်ဘုံသို့ တက်လှမ်းရန် လမ်းမရှိ...'