အခန်း ၂၅၈
Vol. 26 Ch. 258
အခန်း (၂၅၈) - သူက ရတယ်လို့ပြောတယ် (၁)
လော့ယောင်က ပြောလိုက်၏။
"သူ့ရဲ့ ခန္ဓာကိုယ်က ပျက်စီးမသွားဘူး... ဝိညာဉ်မန္တန်နဲ့ သန့်စင်ထားပုံရတယ်... သတိထားကြ..."
ဘုန်းတော်ကြီးပုရှန်က ပြောလိုက်၏။
"ဒီလို လူကိုယ်ခန္ဓာနဲ့ နဂါးခေါင်းက ဒဏ္ဍာရီထဲက 'ကျိမုန်' မျိုးနွယ်စုနဲ့ တူတယ်..."
ချူလျန်က ပြောလိုက်၏။
"သူ့ကိုယ်ပေါ်က အဝတ်အစားက နှစ်ပေါင်းသောင်းချီတိုင်အောင် မဆွေးမြည့်ဘဲရှိနေတာဆိုတော့ တန်ဖိုးရှိတဲ့ပစ္စည်းဖြစ်ရမယ်..."
သုံးယောက်သား တစ်ဦးစီရေရွတ်လိုက်ပြီးနောက် လော့ယောင်နှင့် ဘုန်းတော်ကြီးပုရှန်တို့က ချူလျန်အား လှည့်ကြည့်လိုက်ကြရာ ချူလျန်က ကပျာကယာပြောလိုက်၏။
"ငါ ပါးစပ်ထဲရှိရာ ပြောလိုက်တာပါ... မင်းတို့ဆက်ပြောကြပါဦး..."
လော့ယောင်ကလည်း စကားအပိုမပြောဘဲ ချက်ချင်းပင် ရှင်းပြလိုက်သည်။
"နံရံဆေးရေးပန်းချီတွေအရ အပြာရောင်နဂါးကြီး ကွယ်လွန်ခဲ့တာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ... ဒါပေမဲ့ ဒီရုပ်ကလာပ်က မဆွေးမြည့်သေးဘူး... သာမန်တန်ခိုးရှင်တစ်ဦးတောင် ဒီလိုမလုပ်နိုင်ဘူး…”
“သူ မသေခင်က ဝိညာဉ်နည်းစနစ်တစ်ခုခုကိုအသုံးပြုပြီး သန့်စင်ခဲ့မှသာဖြစ်နိုင်မယ်... သူ့ရဲ့ ဝိညာဉ်က ဒီနေရာလွတ်ထဲမှာ ရှိနေဆဲမို့လို့ ခန္ဓာကိုယ်က ပျက်စီးမသွားတာဖြစ်နိုင်တယ်..."
"ဝိညာဉ်က ရှိနေဆဲလား..."
ချူလျန်က မျက်ခုံးပင့်ကာ ရေရွတ်လိုက်၏။
ဤခြောက်ကပ်ပြီး အေးစက်လှသော နန်းတော်ကြီးထဲတွင် သူတို့အပြင် အခြားသော တည်ရှိမှုတစ်ခု ရှိနေပါသလော။
မျက်လုံးတစ်စုံက သူတို့သုံးယောက်ကို တိတ်တဆိတ် စောင့်ကြည့်နေပါသလော။
ထိုကဲ့သို့ တွေးမိလိုက်ခြင်းက သူ့ကျောပြင်ကို ချမ်းစိမ့်သွားစေသည်။
လော့ယောင်က ဘုန်းတော်ကြီးပုရှန်အား လှည့်ကြည့်ကာ မေးလိုက်၏။
"ဒီလူက ဘယ်လိုလူစားမျိုးလဲ..."
ဘုန်းတော်ကြီးပုရှန်က ရှင်းပြလိုက်သည်။
"နဂါးမျိုးနွယ်စုထွန်းကားစဉ်ကာလတုန်းက နဂါးမျိုးဆက်တွေဟာ မျိုးနွယ်စုအားလုံးနဲ့ ပတ်သက်ခဲ့ကြတယ်... လူသားမျိုးနွယ်စုနဲ့ ကောင်းမွန်တဲ့ ပေါင်းစပ်မှုတွေလည်း ရှိခဲ့တာပေါ့…”
“အဲဒီအထဲမှာ လူနဲ့ နဂါးပေါင်းစပ်ထားတဲ့ မျိုးနွယ်စုဟာ လူကိုယ်ခန္ဓာနဲ့ နဂါးခေါင်းရှိပြီး နဂါးမျိုးဆက်တွေထဲမှာ အသိဉာဏ်အရှိဆုံး မျိုးနွယ်စုတစ်ခုဖြစ်သလို နဂါးမျိုးနွယ်စုအတွက်လည်း ကြီးမားတဲ့ ပံ့ပိုးမှုတွေ ပေးခဲ့ကြတယ်…”
“နဂါးနတ်မင်းက အဲဒီမျိုးနွယ်စုကို 'ကျိမုန်' လို့ အမည်ပေးခဲ့တယ်..."
"အဲဒီအချိန်တုန်းက စစ်မှန်တဲ့နဂါးတွေဟာ နဂါးမျိုးဆက်တွေကို သူတို့ရဲ့ နောက်လိုက်တွေအဖြစ် ခန့်အပ်လေ့ရှိကြတယ်... ဒါက နဂါးမျိုးဆက်တွေအတွက် အရမ်းကြီးမားတဲ့ ဂုဏ်ယူစရာတစ်ခုပေါ့…”
“ကျိမုန်မျိုးနွယ်စုဟာ လူကြိုက်အများဆုံး နဂါးအစောင့်အရှောက်တွေဖြစ်ပြီး စစ်မှန်တဲ့နဂါးတွေရဲ့ ပလ္လင်ဘေးမှာ အမြဲတစေ ပူးတွဲတည်ရှိနေတတ်ကြတယ်..."
သူ ရှေ့မှောက်ရှိ အလောင်းကိုကြည့်ရင်း ပြောလိုက်၏။
"ဒါက အပြာရောင်နဂါးကြီးရဲ့ အစောင့်အရှောက်ဖြစ်တဲ့ သန့်စင်တဲ့ကျိမုန်မျိုးနွယ်စုဝင်တစ်ဦးပဲဖြစ်လိမ့်မယ်..."
ချူလျန်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။
"ဒါဆိုရင်လည်း... ငါတို့ ဒီအထိ ရောက်လာပြီဆိုတော့ နောက်ဆုတ်လို့ မရတော့ဘူး... ဒီမှာ ကျိမုန်ဝိညာဉ် စောင့်ကြပ်နေရင်တောင် ငါတို့ ဆက်သွားရမှာပဲ..."
လော့ယောင်ကလည်း သူ့သဘောထားကို ထောက်ခံကာပြောလိုက်၏။
"အခြေအနေကြည့်ပြီး လုပ်ကြတာပေါ့..."
ပြောပြီးနောက် သုံးယောက်သားမှာ ဤနဂါးအစောင့်အရှောက်၏ရုပ်ကလာပ်အား အရိုအသေပေးကာ ဘေးမှ ရှောင်ကွင်းပြီး ကျဉ်းမြောင်းသောလမ်းပေါက်ထဲသို့ ဝင်ရောက်ခဲ့ကြ၏။
လမ်း၏ ဘေးတစ်ဖက်တစ်ချက်တွင် နံရံဆေးရေးပန်းချီများ မရှိတော့ဘဲ ပြောင်ချောနေသော ကျောက်စိမ်းနက်နံရံများသာ ရှိတော့သည်။
လမ်းပေါက်က အလွန်ပင် ကျဉ်းမြောင်းလှသဖြင့် သူတို့သုံးယောက် တစ်တန်းတည်း စီတန်း လျှောက်လှမ်းခဲ့ကြရ၏။ ချူလျန်က ရှေ့ဆုံးမှ လမ်းပြပြီး၊ လော့ယောင်က အလယ်တွင်ရှိကာ၊ ဘုန်းတော်ကြီးပုရှန်က နောက်ဆုံးမှလိုက်ပါလာခဲ့သည်။
သူတို့သည် ယောက်ျားလေးနှစ်ယောက်ကြားတွင် မိန်းကလေးတစ်ယောက်ညှပ်လျက် အနေအထားဖြင့် ရှေ့သို့ တိုးသွားကြ၏။
လမ်းအတွင်း၌ တိတ်ဆိတ်ငြိမ်သက်လှပြီး လေတိုက်သံတစ်ချက်ပင်မရှိဘဲ သူတို့သုံးယောက်၏ စည်းချက်ကျကျခြေသံများသာ ထွက်ပေါ်နေသည်။
မည်သည့်ထူးခြားမှုမျှ မရှိသေးပေ။
ဤလမ်းက အလွန်ရှည်လျားလှသဖြင့် ဤလမ်းမှထွက်လိုက်သည်နှင့် ခေါင်းမော့ကြည့်လိုက်ပါက ရှုတောင်ဂိုဏ်းကို မြင်တွေ့ရမည်လောဟုပင် ချူလျန် စဉ်းစားမိတော့သည်။
သို့သော် သုံးယောက်သားမှာ စိတ်ရှည်သည်းခံမှုကို ထိန်းသိမ်းထားကြဆဲပင်။
မလောဘဲ တည်ငြိမ်စွာနေထိုင်တတ်ခြင်းက အလွန်အရေးကြီးသော အရည်အသွေးတစ်ခုဖြစ်ပြီး အထူးသဖြင့် အန္တရာယ်များလှသောအချိန်အခါမျိုး၌ ပို၍ပင် အရေးကြီးလှ၏။
ရုတ်တရက်...
ချူလျန်က တစ်ခုခုမူမမှန်သည်ကို သတိပြုမိလိုက်သည်။
ဘေးတစ်ဖက်တစ်ချက်ရှိနံရံများမှာ ကျောက်စိမ်းနက်များကဲ့သို့ဖြစ်ပြီး ဝေဝါးသော မှန်ချပ်များကဲ့သို့ပင် သူတို့သုံးယောက်၏ပုံရိပ်များကို ရောင်ပြန်ဟပ်နေစေသည်။ ထိုအရာများမှာ ဝေဝါးနေသော အရိပ်သုံးခုမျှသာ ဖြစ်သော်လည်း အရေအတွက်ကိုမူ ရှင်းလင်းစွာမြင်တွေ့နိုင်၏။
သို့သော် သူ ဘေးဘက်သို့ စောင်းငဲ့ကြည့်လိုက်သောအခါ ညာဘက်နံရံပေါ်တွင် ထင်ရှားလှသော အရိပ်လေးခုကို မြင်တွေ့လိုက်ရသည်။
သူ့ရင်ဘတ်ထဲတွင် ဒိတ်ကနဲ ဖြစ်သွားတော့၏။
ထိုအရိပ်မည်းကြီးက သူတို့နောက်သို့ မည်မျှအထိ လိုက်ပါလာခဲ့သည်ကို မသိရဘဲ အမြဲတစေ အသံတစ်ချက်ပင် မရှိခဲ့ပေ။
သူတို့သုံးယောက်လုံး၏ ဝိညာဉ်အာရုံများကို ဖြန့်ကျက်ထားသော်လည်း မည်သည့်အရာမျှ သတိမပြုမိခဲ့ကြသဖြင့် ၎င်း၏ ထူးဆန်းကျောချမ်းဖွယ်ကောင်းပုံကို ခန့်မှန်းကြည့်နိုင်ပေသည်။
ဝိညာဉ်အာရုံထဲတွင် မည်သည့်တည်ရှိမှုမျှ မခံစားရသဖြင့် သာမန်မျက်စိဖြင့်သာ မြင်တွေ့နိုင်ပုံရသည်။ သို့သော် ချူလျန်သာ ရုတ်တရက်လှည့်ကြည့်လိုက်ပါက ရန်သူကို သတိပြုမိသွားစေနိုင်သည်။ ထို့ကြောင့် သူ ဘယ်ဘက်နံရံသို့ လျင်မြန်စွာ ကြည့်လိုက်ပြီး အရေအတွက်ကို ထပ်မံရေတွက်လိုက်၏။
ရောင်ပြန်ဟပ်နေသော အရိပ်မှာ သုံးခုသာ ရှိတော့သည်။
ဟင်...
'ဒါ ဘယ်လိုဖြစ်ရတာလဲ...'
၃ယောက်လား ၄ယောက်လား...
၎င်းမှာ မေးခွန်းထုတ်စရာပင်။
ချူလျန်က ညာဘက်သို့ ထပ်မံ၍အကဲခတ်ကြည့်ရှုနိုင်ခြင်း မရှိတော့ပေ။
အချို့သောတည်ရှိမှုများအတွက် ဆက်တိုက်စိုက်ကြည့်ခံရခြင်းကလည်း အာရုံခံမိစေနိုင်သောကြောင့်ဖြစ်၏။
သူ့ဦးနှောက်က အလျင်အမြန် အလုပ်လုပ်နေလေသည်။
ပြောရလျှင် ကြန့်ကြာနေသော်လည်း လက်တွေ့တွင်မူ အလွန်မြန်ဆန်လှပေသည်။
ထိုထူးဆန်းသော အရိပ်မည်းကြီးကို သူ စတင်သတိထားမိချိန်မှစ၍ ယခုအထိ ဆိုလျှင် ထွက်သက်ဝင်သက်တစ်ကြိမ်စာမျှသာ ရှိသေးသော်လည်း သူက အကဲဖြတ်ဆုံးဖြတ်မှုတစ်ခုကို ပြုလုပ်ပြီးသွားခဲ့ပြီဖြစ်သည်။
ထို့နောက် သူက ရုတ်တရက် အသံပြတ်ဖြင့်အော်ဟစ်လိုက်၏။
"သတိထား..."
သူ လက်ကိုမြှောက်ကာ အရှေ့ဘက်ဆီသို့ အစိမ်းရောင်အလင်းတန်းတစ်ခုကို ပစ်လွှတ်လိုက်လေသည်။
ရွှီး...
ပျံသန်းသောသစ်ရွက်ဓားမြန်သိုင်း။
ရုတ်တရက် အလစ်အငိုက်တိုက်ခိုက်ခြင်းဟု ဆိုလာလျှင် ဤလှည့်ကွက်က ချူလျန်၏ ပထမဆုံးရွေးချယ်မှုပင် ဖြစ်ပေသည်။ သူလက်မြှောက်ဟန်နှင့် အကြည့်များက အရှေ့ဘက်ဆီသို့ ဦးတည်နေသည်မှာ ထင်ရှားသော်လည်း ထိုအစိမ်းရောင်အလင်းတန်းကမူ တစ်ခဏမျှတောက်ပသွားပြီးနောက် ဘုန်းတော်ကြီးပုရှန်၏ ကျောဘက်ရှိနံရံပေါ်သို့ ကျရောက်သွားခဲ့၏။
၎င်း၏ သွားရာလမ်းကြောင်းကို မည်သူမျှ လုံးဝခန့်မှန်းနိုင်စွမ်းမရှိချေ။
လူဆိုလျှင် မပြောနှင့် သရဲပင်လျှင် ခန့်မှန်းနိုင်မည်မဟုတ်ပေ။
ဂျိ...
အစိမ်းရောင်တံစဉ်းဓားတစ်လက်သည် ထိုစတုတ္ထမြောက်အရိပ်မည်းရှိရာ နံရံပေါ်သို့ ရုတ်တရက်စိုက်ဝင်သွားပြီး ပိုးသားစုတ်ပြဲသွားသကဲ့သို့ စူးရှသောအသံတစ်သံ ထွက်ပေါ်လာလေသည်။
ဤသည်က ချူလျန် ယခုလေးတင်တွေးတောမိခဲ့သော ရလဒ်ပင်ဖြစ်၏။ ထိုအရိပ်မည်းသည် ဘယ်ဘက်တွင်မရှိဘဲ ညာဘက်တွင်သာရှိနေခြင်းက ၎င်းမှာ ရောင်ပြန်ဟပ်နေခြင်းမျိုးမဟုတ်ဘဲ နံရံပေါ်တွင်သာ တိုက်ရိုက် ရှိနေခြင်းဖြစ်ကြောင်း သက်သေပြနေပေသည်။
"အား..."
နံရံပေါ်မှ ဒေါသတကြီး စူးစူးဝါးဝါးအော်ဟစ်သံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ထိခိုက်နာကျင်သွားပုံရပြီး ထိုအရိပ်မည်းကြီးမှာ ရွှီးခနဲအသံနှင့်အတူ နံရံထဲသို့ ထပ်မံ ပျောက်ကွယ်သွားလေတော့၏။
ဤအချိန်တွင် လော့ယောင်နှင့် ဘုန်းတော်ကြီးပုရှန်တို့ကလည်း သဘာဝကျစွာပင် သတိထားမိသွားကြသည်။
သူတို့ကလည်း သာမန်လူများမဟုတ်ကြပေ။
ကိစ္စရပ်များက ရုတ်တရက် ဖြစ်ပေါ်လာသော်လည်း ထူးခြားသောအခြေအနေကို မြင်တွေ့လိုက်ရသည်နှင့် အနီးကပ်ဆုံးနေရာတွင်ရှိနေသော ဘုန်းတော်ကြီးပုရှန်းထံမှ အင်အားကြီးမားသော တိုက်ခိုက်မှုစွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။
သူက လက်ကိုလှန်ကာ သုံးပေခန့်မြင့်သော ကျောက်စိမ်းဖြူလက်ဝါးရာတစ်ခုကို နံရံပေါ်သို့ အားကုန်ရိုက်ချလိုက်သဖြင့် အနက်ရောင်နံရံကြီးမှာ အက်ကွဲကာ ပျက်စီးသွားလေတော့၏။
သို့သော်လည်း အရိပ်မည်းကြီးမှာပျောက်ကွယ်သွားပြီဖြစ်၍ ဤတိုက်ခိုက်မှုက လွဲချော်သွားခဲ့ပုံရပေသည်။
သူတို့ သတိမထားမိလိုက်သောနေရာတစ်ခုဖြစ်သည့် လော့ယောင်၏ ခြေရင်းတွင် ထူးဆန်းသော နဂါးခေါင်းပုံစံအရိပ်တစ်ခုက ရုတ်တရက်ထွက်ပေါ်လာပြီး မြေပြင်ပေါ်တွင် လှဲလျောင်းနေသကဲ့သို့ ရှိနေလေသည်။
နဂါးခေါင်း၊ လူ့ခန္ဓာကိုယ်နှင့် ရှေးဟောင်းအဝတ်အစားများကို ဝတ်ဆင်ထား၏။
၎င်းမှာ ထိုနဂါးအစေခံ၏ ရုပ်အလောင်းနှင့် ထပ်တူညီနေသည်မှာ သိသာထင်ရှားလှပေသည်။
ထိုအရိပ်ကြီး ပေါ်လာပြီးနောက် ရုတ်တရက်လက်ကိုဆန့်ထုတ်ကာ လော့ယောင်၏ ခြေကျင်းဝတ်ကို ဖမ်းဆွဲလိုက်လေသည်။ ထိုပုံစံကိုကြည့်ရသည်မှာ သူမကို မြေအောက်သို့ ဆွဲချရန်ရည်ရွယ်ထားပုံရ၏။
ဖတ်...
သို့သော်လည်း ၎င်းက လော့ယောင်ကိုဖမ်းဆွဲလိုက်ချိန်တွင် အခြားလက်တစ်ဖက်က ပြောင်းပြန် ပြန်လည်ဖမ်းဆွဲခြင်းကို ခံလိုက်ရလေသည်။
အကြောင်းရင်းမှာ လော့ယောင်က အနီရောင်စက္ကူထီးကို စောစီးစွာကပင် ဖွင့်ထားခဲ့သောကြောင့် ဖြစ်ပေသည်။
ဤနေရာရှိ လူသုံးယောက်ထဲတွင် သူမတစ်ယောက်တည်းသာ သရဲတစ္ဆေများကို ထိန်းချုပ်ရာတွင် ကျွမ်းကျင်သူဖြစ်ပြီး ဤဝိညာဉ်၏လှုပ်ရှားမှုလမ်းကြောင်းကို သူမသာလျှင် အာရုံခံနိုင်ခြင်းဖြစ်၏။
ဤသည်က သူမ၏ကျွမ်းကျင်မှုနယ်ပယ်ပင် ဖြစ်လေသည်။
လော့ယောင်က ၎င်း၏လှုပ်ရှားမှုကို ကြိုတင်ခန့်မှန်းထားပြီးဖြစ်ကာ မိမိကိုယ်ကို ငါးစာအဖြစ်အသုံးပြု၍ ၎င်းကိုတိုက်ခိုက်လာစေရန် မြှူဆွယ်ခဲ့ခြင်းဖြစ်သည်။
တစ်ချိန်တည်းမှာပင် အနီရောင်ထီးကိုလည်း တစ်ပါတည်းဖွင့်ထားလိုက်၏။
တစ်ခဏအတွင်းမှာပင် တစ်ခန်းလုံးသည် သတ်ဖြတ်ချင်စိတ်များနှင့် သွေးဆာနေသော အငွေ့အသက်များဖြင့် ပြည့်နှက်သွားလေတော့သည်။
"ဟီးဟီး..."
အလွန်အေးစက်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ခန္ဓာကိုယ်ပုတုတုနှင့် သရဲကလေးတစ်ကောင်သည် ခါးကိုကိုင်းထားပြီး သူ၏ သေးငယ်သော လက်ဝါးလေးဖြင့် ထိုနဂါးအစေခံဝိညာဉ်၏ လက်ကောက်ဝတ်ကို ပြောင်းပြန် ပြန်လည်ဖမ်းဆွဲထားကာ နှုတ်ခမ်းထောင့်တွင်လည်း ရက်စက်သောအပြုံးတစ်ခုကို ချိတ်ဆွဲထားလေသည်။
နဂါးအစေခံဝိညာဉ်သည် အကြောက်တရားများ ပေါ်ပေါက်လာပုံရကာ ၎င်း၏ ခန္ဓာကိုယ်ကိုလှုပ်ရှား၍ ထပ်မံပျောက်ကွယ်သွားရန် ကြိုးစားလိုက်သည်။
သို့သော် ထိုသရဲကလေးက အားကုန်ရုန်းထကာ အစွမ်းကုန် ဆွဲထုတ်လိုက်လေတော့၏။
ဘုန်း...
နဂါးအစေခံ၏ဝိညာဉ်ကို မြေကြီးထဲမှနေ၍ အရှင်လတ်လတ် ဆွဲထုတ်ပစ်လိုက်ခြင်းပင်။