အခန်း ၂၅၉
Vol. 26 Ch. 259
အခန်း (၂၅၉) - သူက ရတယ်လို့ပြောတယ် (၂)
ချူလျန်၏မျက်ခုံးများ မြင့်တက်သွားခဲ့သည်။
လော့ယောင်၏ ဤသရဲကလေးကို သူ မြင်ဖူးထားပြီး ၎င်းက အလွန်ကြမ်းတမ်းကြောင်းကိုလည်း သူ သိထားပေသည်။
သို့သော်လည်း အချိန်အတန်ကြာ မတွေ့ရသည့်တိုင်အောင် ယခုလောက်အထိ ပိုမိုကြမ်းတမ်းလာလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိချေ။
ဤနဂါးအစေခံဝိညာဉ်သည် ဤနေရာတွင် အချိန်မည်မျှကြာအောင် နေထိုင်ခဲ့သည်ကို မသိရသော်လည်း ရှေးကျပြီး အလွန်အစွမ်းထက်လှသည်။
သို့သော် ထိုသရဲကလေး၏လက်ထဲတွင်မူ ကစားစရာအရုပ်တစ်ရုပ်ပမာ ဖြစ်နေလေ၏။
သရဲကလေးက သူ၏လက်နှစ်ဖက်ဖြင့် ဤနဂါးအစေခံဝိညာဉ်ကို ဖမ်းဆွဲထားပြီး တစ်ချက်တည်းနှင့် ဆွဲဖြဲပစ်တော့မည့်ပုံစံ ပေါက်နေလေသည်။
"အရင်မသတ်နဲ့ဦး..."
ချူလျန်က ရုတ်တရက် အော်ဟစ်လိုက်သည်။
လော့ယောင်ကလည်း ချက်ချင်းပင် လိုက်ပါအော်ဟစ်လိုက်၏။
"ရပ်လိုက်စမ်း..."
အားယူရန်ပြင်ဆင်နေသော သရဲကလေး၏ လက်မောင်းနှစ်ဖက်မှာ တောင့်တင်းသွားပြီး မျက်နှာပေါ်ရှိအပြုံးများလည်း ပျောက်ကွယ်သွားကာ အလွန် မပျော်မရွှင် ဖြစ်သွားပုံရပေသည်။
သို့သော်လည်း လော့ယောင်ကို စကားနားထောင်စွာဖြင့် ကြည့်ရှုနေပြီး သူမ၏အမိန့်ပေးမှုကို စောင့်ဆိုင်းနေလေ၏။
ချူလျန်က ၎င်း၏သတ်ဖြတ်မှုကို တားဆီးလိုက်ရခြင်းမှာ ယခုလေးတင် ဤနဂါးအစေခံဝိညာဉ်ထံမှ ကြီးမားလှသော မကောင်းဆိုးဝါးရည်ရွယ်ချက်များကို မခံစားရသောကြောင့် ဖြစ်ပေသည်။
သူ ကိုယ်တိုင် ၎င်းကို စတင်မတိုက်ခိုက်မီက ၎င်းသည် သူတို့နောက်သို့ အချိန်အတော်ကြာအောင် လိုက်ပါလာခဲ့သော်လည်း သူတို့ သုံးယောက်ကို လုံးဝ တိုက်ခိုက်ခဲ့ခြင်းမရှိချေ။
ပုတုတု သရဲကလေး၏လက်ထဲတွင် အဆွဲခံထားရသော နဂါးအစေခံဝိညာဉ်ကို ကြည့်ရှုရင်း သူအသံထွက်၍ မေးလိုက်သည်။
"မင်း ဒီနေရာက အစောင့်လား..."
နဂါးအစေခံဝိညာဉ်က သူ့ကိုကြည့်လိုက်ရာ ၎င်း၏မျက်လုံးထဲတွင် ရှုပ်ထွေးသော ခံစားချက်များ ပေါ်လွင်နေပြီး နောက်ဆုံးတွင် ဖြည်းညင်းစွာ ဟိန်းဟောက်လိုက်လေ၏။
"ဝေါင်း..."
နဂါးဟိန်းသံပင်။
တစ်ခါတစ်ရံတွင် အသံတစ်သံတည်းကပင် ကြီးမားလှသော သတင်းအချက်အလက်များကို ပါဝင်စေနိုင်သည်။
ချူလျန်တစ်ယောက်တည်းသာ ဖတ်ရှုနိုင်သော ဤသတင်းအချက်အလက်များသည် သူ၏ စိတ်ထဲတွင် အလိုအလျောက်ပေါ်လာလေသည်။
"သူပြောတာက... သူဟာ နဂါးပြာကြီးလက်အောက်က နဂါးအစေခံတစ်ဦးဖြစ်ပြီး ဒီနေရာမှာ နဂါးပြာကြီးရဲ့ နဂါးပုလဲကို အမြဲတမ်းစောင့်ရှောက်ဖို့အတွက် သူ့ရဲ့အသက်ဝိညာဥ်ကို ပူဇော်ခဲ့တာတဲ့”
“အကယ်၍ နဂါးမျိုးနွယ်ဝင်မဟုတ်တဲ့သူတွေ ဒီနေရာကိုဝင်လာခဲ့မယ်ဆိုရင် သေတဲ့အထိ တိုက်ခိုက်သွားမယ်တဲ့..."
ချူလျန်က ဘာသာပြန်ထားသော သတင်းအချက်အလက်များကို အားလုံးထံသို့ ပြောပြလိုက်လေသည်။
"ဒါ အသက်ဝိညာဉ် ပူဇော်တဲ့ပညာရပ်ပဲ ဖြစ်ရမယ်..."
လော့ယောင်က ချက်ချင်းပင် ပြောလိုက်သည်။
ဤသည်က ရှေးဟောင်းခေတ်ကာလများတွင် ပျံ့နှံ့ခဲ့သော ရက်စက်ယုတ်မာသည့် ပူဇော်ပသမှုနည်းလမ်းတစ်ခုဖြစ်ပြီး အချို့သော ဂူဗိမာန်များထဲတွင် မကြာခဏတွေ့ရတတ်ပေသည်။
ဥပမာအားဖြင့် ဤနဂါးအစေခံသည် နဂါးပြာကြီးအတွက် ဂူစောင့်ချင်ပါက နှစ်ရာအနည်းငယ်သာ စောင့်ရှောက်နိုင်မည်ဖြစ်ပြီး ၎င်း၏ သက်တမ်းကုန်ဆုံးသွားပြီးနောက် ဆက်လက်လုပ်ဆောင်နိုင်မည်မဟုတ်ချေ။
သို့သော် သူသည် အသက်ဝိညာဉ်ပူဇော်ခြင်းနည်းလမ်းကို အသုံးပြု၍ မိမိကိုယ်ကို ပူဇော်လိုက်ပါက ဝိညာဉ်အသိဉာဏ်သည် အပြည့်အဝတည်ရှိနေမည်ဖြစ်ကာ ဤနေရာတွင် ထာဝရစောင့်ရှောက်နိုင်မည် ဖြစ်သည်။
ရှေးဟောင်းခေတ်ကာလများက ဂူကြီးများတွင် တစ်ခါတစ်ရံ ဂူစောင့်များ၏ လက်ဆင့်ကမ်းအမွေအနှစ်များ ရှိတတ်သလို တစ်ခါတစ်ရံတွင်လည်း ဤကဲ့သို့ အသက်ဝိညာဉ်ပူဇော်ခြင်းနည်းလမ်းများ ရှိတတ်ပေသည်။
ချူလျန်က ၎င်းကို ထပ်မံ၍ မေးလိုက်၏။
"ဒါဆို ကျုပ် ဝင်သွားလို့ ရမလား..."
"ဝေါင်း... ဝေါင်း... ဝေါင်း..."
နဂါးအစေခံဝိညာဉ်ထံမှ ဆက်တိုက်တိုးညင်းသော ဟိန်းဟောက်သံများ ထွက်ပေါ်လာပြန်သည်။
ချူလျန်သည် သတင်းအချက်အလက်သစ်များကို ချက်ချင်းသိရှိသွားခဲ့သည်။
"အရှင်က နဂါးအစစ်အမှန်သွေးကြော ပါရှိတဲ့အတွက် သဘာဝကျကျ ဝင်ရောက်ခွင့် ရှိပါတယ်…ဒီအထဲမှာ ကြီးမြတ်လှတဲ့ နဂါးသခင်ကြီးက နဂါးပုလဲကို သိမ်းဆည်းထားတဲ့နေရာပါ”
“သခင်ကြီးက သူရဲ့ နဂါးပုလဲကို မျိုးဆက်သစ် နဂါးမျိုးနွယ်ဝင်တွေဆီ ပေးအပ်ပြီး နဂါးမျိုးနွယ်စုရဲ့ ဂုဏ်ကျက်သရေကို ပြန်လည်မြှင့်တင်ချင်နေတာပါ”
“အရှင်က နဂါးသခင်ကြီးရဲ့ နဂါးပုလဲကို ဆက်ခံပြီးတဲ့နောက်မှာ သခင်ကြီးရဲ့ နောက်ဆုံးမှာကြားချက်ကိုလည်း မှတ်သားထားရပါမယ်... အဲဒါကတော့ နဂါးမျိုးနွယ်ဝင်တွေအနေနဲ့ နတ်ဘုရားသင်္ချိုင်းမြေအနားကို မသွားဖို့ပါပဲ..."
ချူလျန်က အနည်းငယ် တွေးတောလိုက်လေသည်။
နဂါးပုလဲဆိုသည်မှာ နဂါးအစစ်အမှန်တစ်ကောင်၏ စွမ်းအားအရင်းအမြစ်ပင် ဖြစ်သည်။ နဂါးအစစ် သေဆုံးသွားပြီးနောက် ချန်ရစ်နိုင်မည့် အကြီးမားဆုံးသော ရတနာကြီးလည်းဖြစ်၏။
၎င်းတို့သည် များသောအားဖြင့် နဂါးပုလဲကို မိမိတို့၏သားသမီးမြေးမြစ်များ သို့မဟုတ် မျိုးနွယ်တူများထံချန်ထားရစ်ကာ စွမ်းအားများကို လက်ဆင့်ကမ်းပေးလေ့ရှိကြသည်။
ဤနဂါးကြီးသည် မည်သို့သောအခြေအနေမျိုးတွင် သေဆုံးသွားခဲ့သည်ကို မသိရသော်လည်း နဂါးပုလဲကိုပင် ပေးပို့ရန် အချိန်မရလိုက်ပုံပေါ်ပေသည်။
၎င်း၏ မှာကြားချက်နှင့် ပတ်သက်၍မူ…။
နတ်ဘုရားသင်္ချိုင်းမြေဆိုသည်မှာ မည်သည့်နေရာနည်း။ ဒဏ္ဍာရီထဲမှ နတ်ဘုရားအပျက်အစီးနယ်မြေများလား...။
ထိုနေရာတွင် နဂါးကြီးကဲ့သို့သောအဆင့်ရှိသည့် တည်ရှိမှုမျိုးကိုပင် ဤမျှလောက်အထိ ကြောက်ရွံ့သွားစေနိုင်စွမ်းရှိသော မည်သို့သော မှော်ဝင်စွမ်းအားမျိုး ရှိနေသနည်း။
ဘုန်းတော်ကြီးပုရှန်က ချူလျန်တစ်ယောက် တိတ်ဆိတ်စွာ တွေးတောနေသည်ကို မြင်သောအခါ စပ်စုချင်စိတ်ဖြင့် မေးလိုက်လေ၏။
"သူ အဲဒီလောက် ရှည်ရှည်ဝေးဝေးကြီး ဘာတွေ ပြောသွားပြန်တာလဲ..."
ချူလျန်က ပြန်ဖြေလိုက်သည်။
"သူက ရတယ်လို့ ပြောတာပါ..."
...
'နဂါးမျိုးနွယ်စုရဲ့ ဘာသာစကားမှာ စကားပိုပြောလေ အဓိပ္ပာယ်ဖော်ပြချက် ပိုနည်းလေ ဖြစ်နေတာလား...'
ဘုန်းတော်ကြီးပုရှန်၏စိတ်ထဲတွင် သံသယများ စတင်ဖြစ်ပေါ်လာခဲ့သည်။
'ဒါဆို ငါ့လိုလူမျိုးဆိုရင်ရော နဂါးမျိုးနွယ်စုမှာ စကားနည်းတဲ့သူလို့ သတ်မှတ်လို့ရမလား...'
ချူလျန်က သူ့ကိုစကားတစ်ခွန်းဖြင့် ရှောင်လွှဲဖြေဆိုလိုက်ပြီးနောက် လော့ယောင်ကို နဂါးအစေခံဝိညာဉ်အားလွှတ်ပေးရန် ပြောလိုက်ပြီး သူတို့သုံးယောက် အရှေ့သို့ ဆက်လက် ခရီးဆက်ခဲ့ကြသည်။
သို့သော် လျှောက်သွားရင်း လျှောက်သွားရင်းနှင့် ချူလျန်သည် တစ်စုံတစ်ခု မှားယွင်းနေကြောင်းကို ထပ်မံ၍ ခံစားလိုက်ရပြန်သည်။
စေတီတော်ဖြူနေရာလွတ်ထဲတွင် ထူးခြားသောလှုပ်ရှားမှုများ ထပ်မံဖြစ်ပေါ်နေပေသည်။
သူက သူ့ဝိညာဉ်အာရုံတစ်စိတ်တစ်ပိုင်းကို စေတီတော်ဖြူ နေရာလွတ်ထဲသို့ ထပ်မံ နစ်မြုပ်လိုက်ရာ အတွင်းသို့ရောက်သည်နှင့် တောင်ပံခတ်နေသော ရွှေရောင်အလင်းတန်းတစ်ခုကို မြင်တွေ့လိုက်ရလေ၏။
မြေပြင်အနှံ့ ပြန့်ကျဲနေသော ရွှေရောင်ပိုးအိမ်အခွံများကို ကြည့်ရသည်မှာ ထိုလောက်ကောင်လေးသည် ပိုးအိမ်ဖောက်ထွက်ခြင်းကို ပြီးမြောက်သွားပုံရပေသည်။
ထို့ပြင် လေထဲရှိ ထိုရွှေရောင်အလင်းတန်းက သူ့ကို မြင်သည်နှင့် ချက်ချင်းပင် အလွန်ရင်းနှီးချစ်ခင်စွာဖြင့် သူ့ထံသို့ပျံသန်းလာလေသည်။
ချူလျန်က လက်ကိုဆန့်ထုတ်လိုက်ရာ သူ့လက်ဝါးထဲသို့ ရွှေရောင်လိပ်ပြာတစ်ကောင် ချက်ချင်းကျဆင်းလာခဲ့သည်။
၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးတွင် နက်နဲဆန်းကြယ်သော အလှဆင်မျဉ်းကြောင်းများ ရှိနေပြီး သေချာစွာကြည့်မည်ဆိုပါက သာမန်လိပ်ပြာများနှင့် သိပ်မတူညီလှပေ။
ခန္ဓာကိုယ်ကို ကြည့်လျှင် ယခင်လောက်ကောင်လေး၏ပုံရိပ်ကို မြင်တွေ့နိုင်သေးပြီး အဖြူရောင်နှင့် ရွှေရောင် အလင်းတန်းများ တောက်ပနေသော နူးညံ့သည့် ခန္ဓာကိုယ်လေးတွင် ကြီးမားသောရွှေရောင်တောင်ပံအချို့ ပါရှိနေလေ၏။
တကယ်ကြီး ပိုးအိမ်ဖောက်ထွက်ပြီး လိပ်ပြာအဖြစ် ပြောင်းလဲသွားခဲ့ခြင်းပင်။
သို့သော် ဤရွှေရောင်လိပ်ပြာလေးသည် အလွန်တရာဂနာမငြိမ်ဖြစ်နေပုံရပြီး ချူလျန်၏လက်ဝါးထဲတွင် မရပ်မနား လှည့်ပတ်နေကာ ချူလျန်ကို ၎င်း၏ခံစားချက်များကို ခံစားသိရှိစေလေသည်။
၎င်းက အပြင်သို့ ထွက်ချင်နေခြင်းဖြစ်၏။
ချူလျန်သည် ယခင်က ၎င်းတွင်ရှိခဲ့ဖူးသော ရတနာရှာဖွေသည့် စွမ်းရည်ကို သတိရသွားကာ ၎င်းကရတနာတစ်ခုခုကို အာရုံခံမိသွားခြင်းများ ဖြစ်နိုင်မလားဟု တွေးလိုက်မိသည်။
သူက ဤရွှေရောင်လိပ်ပြာလေးကို အပြင်သို့မလွှတ်ရန် ရည်ရွယ်ထားသော်လည်း ၎င်းက ပိုမိုဂနာမငြိမ်ဖြစ်လာပြီး အထက်သို့ခုန်ပျံကာ အိမ်ကိုဖြိုချတော့မည့်ပုံစံမျိုး ဖြစ်လာလေ၏။
အကယ်၍ စေတီတော်ဖြူနေရာလွတ်ထဲတွင် ဆက်ထားမည်ဆိုပါက ၎င်း၏ ဖျက်ဆီးနိုင်စွမ်းနှင့် ပစ္စည်းများကို ဖျက်ဆီးပစ်လိမ့်မည်မှာ သေချာပေသည်။
ဤနေရာတွင် ရှိနေသမျှသည် ချူလျန်၏ အဖိုးတန်ပိုင်ဆိုင်မှုများသာဖြစ်ပြီး အထူးသဖြင့် ညလုံးပေါက်အတူကျင့်ကြံလေ့ရှိသော ခေါင်းကြီးအရုပ်တစ်စုံသည် လုံးဝအပျက်စီးခံ၍မဖြစ်ပေ။
ထို့ကြောင့် ချူလျန်မှာလက်ကိုလှန်ကာ ၎င်းကို အပြင်သို့ ခေါ်ထုတ်လာရတော့သည်။
ချူလျန်၏လက်ဝါးထဲမှ ရွှေရောင်အလင်းတန်းတစ်ခု ရွှီးခနဲ ပျံသန်းသွားသည်ကို မြင်သောအခါ ဘုန်းတော်ကြီးပုရှန်က မေးလိုက်၏။
"အဲဒါ ဘာကြီးလဲ..."
"ကျုပ်ရဲ့ ဝိညာဉ်အိမ်မွေးတိရစ္ဆာန်လေးပါ…သူက ရတနာရှာတတ်တယ်လေ.. ကျုပ်တို့ကို ရတနာရှာတွေ့အောင် လမ်းပြပေးနိုင်တယ်..."
ချူလျန်က ပြန်ဖြေလိုက်ပြီးနောက် ခဏရပ်ကာ ထပ်ဖြည့်ပြောလိုက်သည်။
"အနီးကပ် လိုက်ခဲ့ကြ..."
အကယ်၍ အနီးကပ်မလိုက်နိုင်ပါက ၎င်းက ရတနာကိုရှာတွေ့သွားလျှင်ပင် သူတို့ ရှာတွေ့သည်ဟု ဆိုလို၍မရနိုင်ပေ။
သူတို့သုံးယောက်သည် ထိုရွှေရောင်အလင်းတန်းနောက်သို့ အချိန်အတော်ကြာအောင် အပြေးအလွှား လိုက်ပါသွားကြပြီးနောက် ရုတ်တရက်ကျယ်ဝန်းသော နေရာလွတ်တစ်ခုထဲသို့ ပြန်လည်ဝင်ရောက်သွားကြလေသည်။
ဤနေရာလွတ်သည် အလွန်တရာကျယ်ဝန်းလှပြီး အမိုးခုံးသည် အဆုံးမရှိအောင် မှောင်မိုက်နေကာ အရှေ့တည့်တည့်တွင် အလွန်မြင့်မား၍ကြီးမားလှသော နဂါးရစ်ပတ်တိုင်ကြီးရှိနေလေ၏။
ဤသည်က နဂါးမျိုးနွယ်စုများအလွန်နှစ်သက်သော ဗိသုကာလက်ရာပုံစံဖြစ်ပြီး ဧရာမနဂါးကြီးများ၏ပုံစံအတွက်ဆိုလျှင် ဤကဲ့သို့သော နဂါးရစ်ပတ်တိုင်များက ၎င်းတို့၏ ရာဇပလ္လင်များကဲ့သို့ပင် ဖြစ်ပေသည်။
ဤနေရာသည် နဂါးပြာကြီး နေထိုင်ခဲ့သည့် ပင်မခန်းမဆောင်ဖြစ်ရပေမည်။
မျက်လုံးအပေါ် ပင့်ကြည့်လိုက်သောအခါ ရွှေရောင်အလင်းတန်းက နဂါးရစ်ပတ်တိုင်ကြီး၏အပေါ်တည့်တည့်ဆီသို့ မဆိုင်းမတွပျံသန်းသွားသည်ကို မြင်လိုက်ရပြီး ချူလျန်ကလည်းလျင်မြန်စွာဖြင့် နောက်မှအနီးကပ် လိုက်ပါသွားလေတော့သည်။
နဂါးရစ်ပတ်တိုင်ကြီး၏အပေါ်ဆုံးအထိ ပျံသန်းသွားပြီးနောက် အပေါ်ဘက်တွင် ခါးလောက်အမြင့်ရှိသော ကျောက်စင်တစ်ခုကိုမြင်တွေ့လိုက်ရသည်။
၎င်းအပေါ်တွင် လေးထောင့်ပုံစံကျောက်သေတ္တာတစ်လုံးကို ပူဇော်ထားပြီး ဘေးပတ်လည်တွင် နဂါးပြာကြီး၏ပုံပန်းသဏ္ဍာန်ကို ထွင်းထုထားလေ၏။
'နဂါးပုလဲက ဒီအထဲမှာ သိမ်းထားတာများလား...'
ချူလျန်က တစ်ပတ်လှည့်၍ အကဲခတ်ကြည့်လိုက်ရာ ဤကျောက်သေတ္တာတွင် မည်သည့်အပေါက်မျှမရှိကြောင်း တွေ့ရှိလိုက်ရပြီး လုံးဝဖွင့်၍မရနိုင်ပေ။
သူက ဤကျောက်သေတ္တာတစ်လုံးလုံးကို ယူဆောင်သွားရန် ကြိုးစားသောအခါ ၎င်းသည် အောက်ဘက်ရှိနဂါးရစ်ပတ်တိုင်နှင့် တွဲဆက်ထားပြီး ကြီးမားလှသောအင်အားတစ်ရပ်ဖြင့် ဆက်စပ်နေကာ လုံးဝဆွဲနှုတ်၍မရကြောင်း တွေ့ရှိလိုက်ရသည်။
'ဒါကို လူတွေက ဘယ်လိုလုပ် ယူသွားနိုင်မှာလဲ...'
သို့သော် ရွှေရောင်လိပ်ပြာလေးသည် နဂါးရစ်ပတ်တိုင်ပေါ်သို့ ပျံသန်းသွားပြီးနောက် တိုက်ရိုက်ပျောက်ကွယ်သွားခဲ့သည်။
၎င်း၏ပစ်မှတ်က ဤကျောက်သေတ္တာမဟုတ်ဘူးလား...။
ချူလျန်တစ်ယောက်အံ့ဩငေးမောနေစဉ် တစ်ဖက်ရှိခန်းမဆောင်အဝင်ဝမှ အော်ဟစ်သံများ ထွက်ပေါ်လာသည်ကို ရုတ်တရက်ကြားလိုက်ရပြီး နဂါးအစေခံဝိညာဉ်၏အော်ဟစ်သံများကိုလည်း သဲ့သဲ့လေး ကြားလိုက်ရလေသည်။
သူတို့ သုံးယောက်လုံး ချက်ချင်းပင်လန့်ဖြန့်သွားကြ၏။
"မိစ္ဆာဂိုဏ်းက လူတွေ လိုက်ဝင်လာကြပြီ..."