အခန်း ၂၆၀
Vol. 26 Ch. 260
အခန်း (၂၆၀) - ကျုပ်အကောင်က ဒီလောက်မဝိုင်းဘူး
'ကျစ်... သောက်ကျိုးနည်းပဲ...'
ချူလျန်က စိတ်ထဲမှ ကြိမ်းဝါးလိုက်သည်။
ထူးထူးခြားခြားမရှိပါက ဒဏ္ဍာရီလာနဂါးပုလဲသည် ဤကျောက်သေတ္တာထဲတွင် ရှိနေသင့်ပေသည်။
သို့သော် လောလောဆယ်တွင် သူ့၌ဖွင့်ရန်နည်းလမ်းမရှိပေ။ နဂါးအစေခံ သရဲကိုလည်း အပြစ်တင်ရမည်။
အသံတစ်ချက်ဟိန်းလိုက်ရုံဖြင့် အချက်အလက်များစွာကို ပေးပို့နိုင်လျက်နှင့် မလိုအပ်သောစကားများကိုလည်း အများကြီးပြောသွားခဲ့သေး၏။
'ဒီကျောက်သေတ္တာကို ဖွင့်တဲ့နည်းလမ်းကိုတော့ ပြောပြသွားသင့်တာပေါ့...'
ယခုမူ ထိုသရဲထံ လမ်းကြောင်းဟောင်းအတိုင်းပြန်လှည့်သွားကာ မေးမြန်းရန်မှာ မဖြစ်နိုင်တော့ပေ။ သရဲကိုယ်တိုင်ပင် သေမည်လားရှင်မည်လား မသိရချေ။ မိစ္ဆာမယ်လျိုနှင့် ဆရာမုတို့တွင် နဂါးစစ်စစ်၏ အငွေ့အသက်မရှိသဖြင့် နဂါးအစေခံသရဲက သူတို့ကို သေချာပေါက်တားဆီးလိမ့်မည်။
ထိုအခါ သူတို့က မိမိကဲ့သို့ သနားညှာတာနေမည် မဟုတ်ပေ။
‘ဒါဆို အခု ဘယ်လိုလုပ်ရမလဲ...'
ထိုမိစ္ဆာခေါင်းဆောင်နှစ်ယောက်သာ ဝင်ရောက်သတ်ဖြတ်လာပါက သူတို့သုံးယောက်သည် သေချာပေါက် ပြိုင်ဘက်ဖြစ်လာမည်မဟုတ်ပေ။
သို့သော် ဤကျောက်သေတ္တာကိုလည်း ယူဆောင်သွား၍မရသလို၊ နဂါးရစ်ပတ်တိုင်ကလည်း အလွန်ကြီးမားလှသဖြင့် အမြစ်မှနုတ်ယူရန်မှာ ပို၍ပင်မဖြစ်နိုင်ချေ။
လတ်တလောတွင် မည်သည့်နည်းလမ်းကိုမျှ စဉ်းစား၍မရနိုင်ပေ။
'တခြားသူကို ဒီတိုင်း လက်လွှဲပေးလိုက်ရတော့မှာလား...'
နဂါးပြာလျှို့ဝှက်နယ်မြေတစ်ခုလုံး၏ အကြီးမားဆုံးသော ရတနာကြီးက မျက်စိရှေ့တွင်ရှိနေပါလျက်နှင့် ယူဆောင်မသွားနိုင်ပါက အလွန်နာကျင်ခံစားရမည်ဖြစ်သည်။
"ချူလျန်..."
သူ တွေဝေနေသည်ကိုမြင်သဖြင့် ဘုန်းတော်ကြီးပုရှန်က အလျင်စလိုခေါ်လိုက်၏။
"သွားမယ်..."
စိတ်ထဲတွင် မည်မျှပင်နာကျင်နေပါစေ ချူလျန်သည်တုံ့ဆိုင်းမနေဘဲ တစ်ဖက်ရှိ ထွက်ပေါက်ဆီသို့လှည့်ကာ ပျံသန်းသွားလေတော့သည်။
လူ့လောဘသည် အဆုံးအစမရှိတတ်ပေ။ ကြီးမားလှသော ရတနာကြီးက မျက်စိရှေ့တွင်ရှိနေချိန်၌ စိတ်လှုပ်ရှားမိသည်မှာ ရှောင်လွှဲ၍မရသောကိစ္စဖြစ်သည်။
သို့သော် တကယ်တမ်းမရယူနိုင်ပါက ဤအရာနှင့် ရေစက်မပါခြင်းသာ ဖြစ်ပေလိမ့်မည်။ လောဘကြောင့် သေဆုံးသွားရမည်ဆိုပါက အလွန်မိုက်မဲရာကျပေလိမ့်မည်။
ဘုန်းတော်ကြီးပုရှန်နှင့် လော့ယောင်တို့ကမူ အတွင်း၌ နဂါးပုလဲ ပါရှိသည်ကို လုံးဝမသိကြပေ။ ၎င်းကို ထူးဆန်းသောသေတ္တာတစ်လုံးဟုသာ ထင်မှတ်ထားကြသည်။
အတွင်း၌ရတနာရှိသည်ကိုသိလျှင်ပင် များများစားစား တွေးတောနေမည်မဟုတ်ပေ။
သူတို့သုံးယောက်သည် လျင်မြန်စွာပျံသန်းသွားပြီး ခန်းမကြီး၏တစ်ဖက်ထွက်ပေါက်မှတဆင့် ထွက်ပြေးသွားကြလေသည်။
ရှေ့သို့ဆက်သွားသောအခါ အလွန်ကျဉ်းမြောင်းရှည်လျားသော လမ်းကြောင်းတစ်ခု ထပ်မံပေါ်လာ၏။
သူတို့သုံးယောက်သည် အချိန်အတော်ကြာသည်အထိ ပျံသန်းလာခဲ့သော်လည်း အနောက်ဘက်မှမည်သည့်အသံမျှ ထွက်ပေါ်မလာချေ။
ထိုမိစ္ဆာခေါင်းဆောင်နှစ်ယောက်သည်လည်း ထိုကျောက်သေတ္တာကြောင့် တားဆီးခံထားရနိုင်ကြောင်းကို ချူလျန်သိထားသည်။
သူတို့သည် နဂါးပြာ၏လျှို့ဝှက်နယ်မြေသို့ ရတနာရှာဖွေရန် လာကြခြင်းဖြစ်ပြီး သူတို့၏ပစ်မှတ်မှာ နဂါးပုလဲအပေါ်တွင် ရှိနေရန်များပေသည်။
ထို့ကြောင့် ဤကျောက်သေတ္တာကို အလွယ်တကူလက်လွှတ်မည် မဟုတ်ပေ။
၎င်းမှာ သတင်းကောင်းတစ်ခုပင် ဖြစ်သည်။
အနည်းဆုံးတော့ ထိုသို့ဖြစ်နေခြင်းက သူတို့သုံးယောက်နောက်သို့ အလျင်စလိုလိုက်ဖမ်းမည်မဟုတ်ဘဲ အေးအေးဆေးဆေး ပုန်းအောင်းနိုင်ပေလိမ့်မည်။
သို့သော် နဂါးပြာလျှို့ဝှက်နယ်မြေက ဤမျှကြီးမားနေရာ မည်သည့်အချိန်အထိ ပုန်းအောင်းနေရမည်နည်း။
အကယ်၍ မိစ္ဆာခေါင်းဆောင်များသာ နဂါးပုလဲကိုရရှိသွားပါက လျှို့ဝှက်နယ်မြေတစ်ခုလုံးကို ထိန်းချုပ်နိုင်သည့်စွမ်းအားများ ရရှိသွားနိုင်လေသည်။
ထိုအချိန်ရောက်လျှင် သူတို့ကို လိုက်ရှာနေရန်ပင်မလိုအပ်ဘဲ အနည်းငယ် အာရုံခံလိုက်ရုံဖြင့် ဖမ်းမိနိုင်ပေလိမ့်မည်။
ထိုအခါ ကောင်းကင်သို့တက်ရန် လမ်းမရှိ၊ မြေကြီးထဲဝင်ရန် တံခါးမရှိသည့် အခြေအနေမျိုး အမှန်တကယ်ဆိုက်ရောက်သွားပေတော့မည်။
ချူလျန်မှာစိုးရိမ်ပူပန်နေစဉ် ခေါင်းပေါ်မှ ရုတ်တရက် ကောင်းကင်အလင်းရောင် တစ်ချက်ကျဆင်းလာသည်။
ထို့နောက် အရိုးစုတစ်ခုလုံးကိုခွဲထုတ်ထားသည့် ကြီးမားလှသောအဟကြီးတစ်ခု ပေါ်လာသည်ကို မြင်လိုက်ရ၏။
အပြင်သို့ ပျံသန်းထွက်သွားကာ ကြည့်လိုက်သောအခါ ဤသွန်းလောင်းထားသော နဂါးဆိုးအရိုးစုကြီးမှာ ခါးလယ်မှပိုင်းဖြတ်ခံထားရကြောင်း သိလိုက်ရသည်။
၎င်းမှာ သေစေနိုင်သောဒဏ်ရာဖြစ်ပေလိမ့်မည်။ သူတို့သုံးယောက်သည် ဤလမ်းတစ်လျှောက်လုံး ခရီးနှင်လာခဲ့ရာ ၎င်း၏အရိုးစုတစ်ဝက်ကိုသာ ဖြတ်ကျော်ရသေးသည်။
၎င်းသက်ရှိထင်ရှားရှိစဉ်က မည်မျှကြီးမားမည်ကို တွေးကြည့်၍ပင်ရနိုင်ပေသည်။
သူတို့သုံးယောက်သည် ဤနေရာမှ ကွက်တိပျံသန်းထွက်ခွာလာခဲ့ကြသည်။ ဤနေရာသည် သွေးလင်းနို့နဂါးနှင့် တွေ့ဆုံခဲ့သော တောင်တန်းဒေသနှင့် အလွန်ဝေးကွာနေပြီဖြစ်သည်။
သူတို့တွင် ပတ်ဝန်းကျင်ရှိ နဂါးမျိုးနွယ်ဝင်မိစ္ဆာသားရဲများကို မနှောင့်ယှက်ဘဲ အရှေ့သို့ ဖြည်းဖြည်းချင်း သတိထားကာ စူးစမ်းလေ့လာရန် အချိန်ရှိနေသေးသည်။
သစ်တောအုပ်ထဲသို့ ဝင်ရောက်သွားပြီးသည်နှင့် ချူလျန်၏စိတ်ထဲတွင် ရုတ်တရက် အာမေဍိတ်သံတစ်ခု ထွက်ပေါ်လာ၏။
'ငါ တစ်ခုခုမေ့နေတာများလား... ပိုးအိမ်ထဲကနေ ဖောက်ထွက်လာတဲ့ ရွှေရောင်လိပ်ပြာလေးရော ဘယ်ရောက်သွားပြီလဲ...'
...
"ဒါ ဘာကြီးလဲ..."
မိစ္ဆာမယ်လျိုက မေးလိုက်သည်။ သူမသည် နဂါးရစ်ပတ်တိုင်ပေါ်တွင် နွဲ့နှောင်းစွာ ရပ်နေပြီး ဆံပင်ကိုသပ်တင်လိုက်ကာ မျှော်လင့်ချက်များ အပြည့်ပါဝင်နေ၏။
"ဒါ ရှေးဟောင်းနဂါးမျိုးနွယ်တွေဖန်တီးထားတဲ့ ကန့်သတ်အစီအရင် မှော်ဝင်ပစ္စည်းတစ်ခုပဲ... အပေါ်က အစီအရင်က ရိုးရှင်းပေမဲ့ ကောင်းကင်ဘုံရဲ့ နိယာမတွေ ပါဝင်နေတယ်…”
“လူသားတွေရဲ့ နည်းလမ်းတွေနဲ့တော့ လုံးဝ ကွာခြားနေတယ်..."
ဆရာမုသည် ကျောက်သေတ္တာကို အာရုံစိုက်ကာကြည့်နေပြီး လက်နှစ်ဖက်ဖြင့် ချစ်မြတ်နိုးစွာပွတ်သပ်နေရင်း ပါးစပ်မှလည်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်လေသည်။
"နဂါးပုလဲက ဒီအထဲမှာ ရှိနေမှာလား..."
မိစ္ဆာမယ်လျိုက ထပ်မေးလိုက်၏။
"ဖွင့်ကြည့်ရင် သိရမှာပေါ့..."
ဆရာမု၏လေသံက ပို၍ပင် ပြီးစလွယ်နိုင်လာသည်။
"နဂါးပုလဲကိုရရင် ရှင်နဲ့ကျွန်မ နဂါးလျှို့ဝှက်နယ်မြေတစ်ခုလုံးကို အမိန့်ပေးနိုင်ပြီ..."
မိစ္ဆာမယ်လျိုက ပြောလိုက်သည်။
"ဒီထဲမှာရှိတဲ့ မရေမတွက်နိုင်တဲ့ နဂါးမျိုးနွယ်ဝင် မိစ္ဆာသားရဲတွေနဲ့ သဘာဝရတနာတွေ အားလုံးကျွန်မတို့ပိုင်ဖြစ်သွားပြီ…”
“အဲဒီအချိန်ကျရင် ကျွန်မတို့ လောကကြီးနဲ့ ကင်းကွာတဲ့ နိဗ္ဗာန်ဘုံတစ်ခုကို ရွေးပြီး ပုန်းအောင်းကျင့်ကြံလို့ ရပြီပေါ့..."
"ကျွန်မတို့ ဟုတ်လား..."
ဆရာမုသည် ခေါင်းလှည့်ကာ သူမကို တစ်ချက်ကြည့်လိုက်၏။
"မင်းက ခြောက်ဆ၊ ငါက လေးဆ ယူမယ်လို့ သဘောတူထားတာမဟုတ်ဘူးလား... စိတ်ချပါ... မင်းဆီကနေ ငါ ပိုမယူပါဘူး... မင်းတို့ အမှောင်ဘုရင်ဂိုဏ်းက အင်အားကြီးတော့ ငါလည်း အများကြီး မမျိုချရဲပါဘူး..."
"အို..."
မိစ္ဆာမယ်လျိုသည် ယိမ်းနွဲ့ကာ တိုးကပ်လာပြီး လက်တစ်ဖက်ဖြင့် ကျောက်သေတ္တာပေါ်သို့ ဖွဖွလေးဖိလိုက်ကာ ဆရာမု၏နားနားသို့ကပ်၍ နူးညံ့စွာပြောလိုက်သည်။
"ဒါတွေအကုန်လုံး ရှင့်ကိုပေးမယ်လေ... ကျွန်မကိုပါ ရှင့်ကိုပေးမယ်... မကောင်းဘူးလား..."
"မင်း ငါ့ကို ကွယ်နေပြီ..."
ဆရာမုသည် သူမ၏လက်ကို အညှာအတာကင်းမဲ့စွာ ဖယ်ရှားလိုက်လေသည်။
"ရှင်..."
မိစ္ဆာမယ်လျိုသည် မျက်မှောင်ကြုတ်ကာ အနည်းငယ် ဒေါသထွက်သွား၏။
"မင်းအကြောင်းကို ငါသိပါတယ်... မိစ္ဆာဂိုဏ်းမှာ မင်းနဲ့တွဲခဲ့တဲ့သူ အနည်းဆုံး နှစ်ဆယ်လောက်ရှိခဲ့တယ်... အခုတော့ သူတို့အားလုံး သေကုန်ကြပြီလေ..."
ဆရာမုသည်အတွင်းအားများကို ထည့်သွင်းရင်း ကျောက်သေတ္တာကို ဖြည်းဖြည်းချင်း စမ်းသပ်ကာ ပြောလိုက်သည်။
"အကုန်လုံး ငါ့ကိုပေးမယ်လို့ မင်းပြောတာ တကယ်တော့ မင်းက အကုန်လုံးကို လိုချင်နေတာပဲလေ..."
"သူတို့ကို ကျွန်မသတ်လိုက်တာမှ မဟုတ်တာ..."
မိစ္ဆာမယ်လျိုသည် ချက်ချင်းမျက်လုံးပြူးသွားပြီး ခေတ္တရပ်ကာ ထပ်ဖြည့်ပြောလိုက်၏။
"အကုန်လုံးတော့ မဟုတ်ဘူးပေါ့လေ..."
'တောင်ပိုင်းလမ်းပြသူတော့ မပါဘူးပေါ့...'
သူမစိတ်ထဲတွင် နောက်တစ်ခွန်း ထပ်မံဖြည့်စွက်လိုက်သည်။
"ကုန်ကုန်ပြောရရင်တော့ မင်းလို မိန်းမမျိုးက မြွေဆိုး ကင်းမြီးကောက်နဲ့ တူတယ်... ငါတော့ လုံးဝ မထိရဲဘူး... ဒီတစ်ခေါက် မင်းရဲ့ သော့ကိုသုံးပြီး ငါ လျှို့ဝှက်နယ်မြေထဲ ဝင်လာတယ်…”
“မင်း ငါ့ရဲ့ စွမ်းအားကိုသုံးပြီး လျှို့ဝှက်နယ်မြေကို ဖွင့်တယ်... ငါတို့ တရားမျှတတဲ့ အရောင်းအဝယ်တစ်ခုကို လုပ်နေတာ... မင်း ကတိကို လိုက်နာဖို့ပဲ မျှော်လင့်တယ်..."
"ဟွန့်..."
မိစ္ဆာမယ်လျိုက အေးစက်စက် နှာမှုတ်လိုက်လေသည်။
ဆရာမုသည် ကျောက်သေတ္တာပေါ်ရှိအစီအရင်များကို လေ့လာရာတွင် နစ်မြုပ်နေပုံရပြီး ကျောဘက်မှနေ၍ ခိုးကြောင်ခိုးဝှက်တိုက်ခိုက်ခံရလျှင်ပင် သိမည်မဟုတ်ကြောင်းတွေးမိသဖြင့် မိစ္ဆာမယ်လျိုသည် သူ့ကို တစ်ချက်လောက် တိုက်ခိုက်ချင်စိတ်ပေါ်လာမိသည်။
သို့သော် သေတ္တာကိုမဖွင့်ရသေးသဖြင့် ဤအချိန်တွင် ဤအမျိုးသား၏စွမ်းအားကို လိုအပ်နေသေး၏။
အချိန်အတော်ကြာပြီးနောက် သူမသည် အနည်းငယ်စိတ်မရှည်တော့ဘဲ မေးလိုက်သည်။
"ရှင် တကယ်ရော ရရဲ့လား..."
"ရတယ်..."
ဆရာမုက သေချာပေါက် ပြန်ဖြေလိုက်၏။
မိစ္ဆာမယ်လျိုသည် နှုတ်ခမ်းမဲ့လိုက်ပြီး ဟုတ်သည် မဟုတ်သည်ကို မပြောပေ။
သူမ တစ်သက်လုံး တွေ့ခဲ့ဖူးသော ယောက်ျားများထဲတွင် မရဘူးဟု ပါးစပ်မှ ပြောဖူးသူ တစ်ယောက်မျှ မရှိခဲ့ပေ။
သို့သော် အမှန်တရားမှာမူ အမြဲတမ်းရိုးသားလေ့ရှိသည်။
သို့သော် ဆရာမုသည် ထိုအထဲတွင်ပါဝင်မည်မဟုတ်ကြောင်း ထင်ရှားပေသည်။ အချိန်အနည်းငယ်ကြာပြီးနောက် သူ့ကျင့်ကြံမှုစွမ်းအားများ အရူးအမူးလည်ပတ်လာပြီး သူ့ခန္ဓာကိုယ်အနှံ့မှ မီးခိုးငွေ့စိမ်းများ ထွက်ပေါ်လာလေတော့သည်။
ဤသည်မှာ အစီအရင်ကို ဖြေရှင်းရန်အတွက်သာဖြစ်သည်။ အကယ်၍ ဖြေရှင်းနည်းကိုမရှာတွေ့ပါက သတ္တမအဆင့်အစွမ်းထက်ကျင့်ကြံသူပင်လျှင် ဤကျောက်သေတ္တာကို အကြမ်းဖက်၍ဖွင့်နိုင်မည်မဟုတ်ပေ။
အခိုက်အတန့်အကြာတွင် ကျောက်သေတ္တာပေါ်မှ အလင်းဖြူများ ထွက်ပေါ်လာလေသည်။
နှစ်ပေါင်းသောင်းချီ၍ ဖုံးလွှမ်းနေခဲ့သော ရှေးဟောင်းကမ္ဘာဦးခေတ်မှ လာသည့်အလား အငွေ့အသက်တစ်ခုက ကျောက်သေတ္တာထဲမှယိုစိမ့်ထွက်လာ၏။ ၎င်းမှာ အဟလေးတစ်ခုပွင့်သွားပြီဖြစ်သည်။
"ပွင့်စမ်း..."
ဆရာမုက ကျယ်လောင်စွာအော်ဟစ်လိုက်ပြီး ဆတ်ခနဲဆွဲဖွင့်လိုက်လေသည်။
ပြင်းထန်သောအလင်းတန်းများ ပေါ်ထွက်လာသော်လည်း မိစ္ဆာခေါင်းဆောင်နှစ်ယောက်သည် မျက်တောင်တစ်ချက်မျှမခတ်ဝံ့ဘဲ ပြင်းထန်သော စိတ်လှုပ်ရှားမှုများဖြင့် အတွင်းသို့လှမ်းကြည့်လိုက်ကြသည်။
သူတို့လိုအဆင့်ရှိသည့် မိစ္ဆာကျင့်ကြံသူများအတွက်ပင်လျှင် ရှေးဟောင်းနဂါးစစ်စစ်၏ လျှို့ဝှက်နယ်မြေတစ်ခုဆိုသည်မှာ တွေးကြည့်၍ပင် မရနိုင်သောတည်ရှိမှုမျိုးဖြစ်သည်။
ယခုအခါတွင် သူတို့က ဤသို့သော လျှို့ဝှက်နယ်မြေမျိုးကို ပိုင်ဆိုင်ရတော့မည် ဖြစ်ရာ မည်သို့လျှင် စိတ်မလှုပ်ရှားဘဲနေနိုင်မည်နည်း။ မည်သို့လျှင် အရူးအမူး ဝမ်းသာပျော်ရွှင်ခြင်း မဖြစ်ဘဲနေနိုင်မည်နည်း။
ထိုသို့ဖြင့် အလင်းရောင်များပျောက်ကွယ်သွားချိန်၌ သူတို့သည် ကျောက်သေတ္တာထဲရှိ ဝိုင်းစက်နေသော... အနက်ရောင်အပေါက်ကြီးတစ်ခုကို ပထမဆုံး မြင်လိုက်ရသည်။
သူတို့နှစ်ဦးလုံး ကြောင်အသွားကြ၏။
အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် မိစ္ဆာမယ်လျိုသည် လက်လှမ်းကာ အတွင်းသို့စမ်းကြည့်လိုက်ရာ အမှန်တကယ်ပင်ဗလာကျင်းနေလေသည်။
"ဒါ... ဒါ ဘယ်လိုဖြစ်ရတာလဲ..."
သူမသည် ဆရာမုကို လှမ်းကြည့်လိုက်သည်။
သူမ၏ပထမဆုံးသောအတွေးမှာ ဤလူယုတ်မာသည် စောစောက ကျောက်သေတ္တာကို ဖွင့်သည့်လုပ်ငန်းစဉ်အတွင်း တစ်ခုခုလှည့်စားသွားခြင်း ဖြစ်ရမည်ဟု သံသယဝင်သွားခြင်းဖြစ်သည်။
ဆရာမုသည်လည်း ထိုနည်းတူအံ့ဩတုန်လှုပ်နေ၏။
သူသည် ဝိညာဉ်အာရုံကို ဤအနက်ရောင်အပေါက်ကြီးထဲသို့ထည့်သွင်းကာ သူမထက်ပိုမိုနက်ရှိုင်းစွာ စူးစမ်းလေ့လာလိုက်ပြီးနောက် မကြာမီမှာပင်ကောက်ချက်တစ်ခု ရရှိသွားလေသည်။
"တစ်ယောက်ယောက်က ကျောက်တိုင်အောက်ခြေကနေ အပေါက်ဖောက်ပြီး အထဲကပစ္စည်းတွေကို နှိုက်ယူသွားတာပဲ…”
“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ..."
သူ့စိတ်ထဲရှိတုန်လှုပ်မှုသည် မိစ္ဆာမယ်လျိုထက်ပင် ပို၍ပြင်းထန်နေလေသည်။
အကြောင်းမူကား ဤနဂါးရစ်ပတ်တိုင်၏သတ္တုပစ္စည်းများက မည်မျှခိုင်မာကြောင်းကို သူအသေအချာ သိထားသောကြောင့်ပင်ဖြစ်သည်။
မည်မျှအထိ အစွမ်းထက်သောကျင့်ကြံမှုမျိုးကများ ဤကဲ့သို့အပေါက်မျိုး ဖောက်နိုင်မည်နည်း။
...
'ရွှေရောင်လိပ်ပြာလေးရော ဘယ်ရောက်သွားပြီလဲ...'
ချူလျန်၏ခေါင်းထဲတွင် ဤအတွေးလေးပေါ်လာသည်နှင့် တပြိုင်နက် ရွှေရောင်အလင်းတန်းတစ်ခုက အနောက်မှယိမ်းထိုးကာလိုက်ပါလာလေသည်။
တကယ်တော့ ၎င်းသည် အနောက်မှ အမြဲတမ်းလိုက်ပါလာခဲ့ခြင်းဖြစ်သည်။
သို့သော်...
ချူလျန်သည် ၎င်းကိုကြည့်ကာ အနည်းငယ်စိမ်းသက်နေမိသည်။
အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ဤရွှေရောင်လိပ်ပြာလေး၏ခန္ဓာကိုယ်သည် ရုတ်တရက်ဖောင်းကားလာပြီး ၎င်း၏ဗိုက်ကို တစ်စုံတစ်ခုကထောက်ထားသဖြင့် ဝိုင်းစက်နေလေသည်။
မူလက အသားစိုင်လေးလိုဖြူဖွေးနေသောခန္ဓာကိုယ်လေးမှာ ယခုအခါဖောင်းကားနေပြီး အမြှေးပါးလေးတစ်လွှာသာ ကျန်ရှိတော့သည့်အလား ဖြစ်နေသည်။
၎င်းသည် ဆင်ကိုမျိုချထားသော မြွေတစ်ကောင်နှင့် အမှန်တကယ်တူနေ၏။
ထို့အပြင် ၎င်း၏ဗိုက်ထဲရှိ ထိုဘောလုံးလေးသည် တလက်လက်တောက်ပနေပြီး ရွှေရောင်အလင်းတန်းများက အဖြူရောင်အမြှေးပါးလေးမှတဆင့် ထွက်ပေါ်လာရာ ဧရာမပိုးစုန်းကြူးကြီးတစ်ကောင်နှင့်ပင် တူနေလေသည်။
၎င်းက ထိုသို့ တလက်လက် လင်းလက်နေရင်း ပျံသန်းလာခဲ့သည်။
ဘုန်းတော်ကြီးပုရှန်က ၎င်းကိုကြည့်ကာ မေးလိုက်သည်။
"ဒါ မင်းရဲ့ ဝိညာဉ်အိမ်မွေးသားရဲလေးလား..."
"အင်း..."
ချူလျန်သည် ခေတ္တမျှစဉ်းစားလိုက်ပြီး ပြောချင်စိတ်များပေါက်သွား၏။
'ကျုပ်အကောင်က ဒီလောက်မဝိုင်းပါဘူး...'
'ဒီ အစားပုတ်လေး...'
ခန့်မှန်းချက်သာမမှားပါက ၎င်းသည် ထိုနဂါးပုလဲကို ဗိုက်ထဲသို့ အမှန်တကယ်ပင် မျိုချခဲ့ခြင်းဖြစ်ပေလိမ့်မည်။
‘ဒါကို သူ ဘယ်လိုလုပ်လိုက်တာလဲ...'