← Chapters

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း ၁၆၈

Vol. 17 Ch. 168

အခန်း (၁၆၈)

အာရုဏ်ဦးမတိုင်မီ ညအချိန်

နေမင်းကိုးပါးနန်းတော်မှ ဂိုဏ်းသားငယ်များနှင့် အစေခံတစ်စုသည် စားပွဲနှင့် ကုလားထိုင်များကို သန့်ရှင်းရေးလုပ်ကာ ပြင်ဆင်နေရာချနေကြပြီး၊ အားလုံး၏ မျက်နှာထက်တွင် ပျော်ရွှင်ကြည်နူးဖွယ် အမူအရာများ ယှက်သန်းနေကြသည်။

တောင်တံခါးဝ၌မူ၊ ထက်မြက်ဖျတ်လတ်သော လူငယ်အချို့သည် လက်ထဲမှ ဝတ်လွှာစုတ်များကို ဝှေ့ယမ်းကာ စိတ်အားထက်သန်စွာဖြင့် ပျော်ပျော်ပါးပါး စကားစမြည် ပြောဆိုနေကြသည်။

ရုတ်တရက်၊ အရပ်အမောင်း ပိုမိုမြင့်မားသော လူငယ်တစ်ဦးသည် စကားပြောခြင်းကို ရုတ်ခြည်းရပ်တန့်လိုက်ပြီး၊ သူ၏ လွတ်လပ်ပေါ့ပါးသော အမူအရာကို အလျင်အမြန် ပြန်လည်သိမ်းဆည်းကာ ဘေးမှ အဖော်များအား မျက်စိမှိတ်ပြ၍ သတိပေးလိုက်သည်။

သူ၏ အကြည့်နောက်သို့ လိုက်လံကြည့်ရှုကြရာ၊ လူယိသည် ဂိုဏ်းတံခါးဝသို့ လျှောက်လှမ်းလာနေသည်ကို မြင်တွေ့လိုက်ရသဖြင့် ၎င်းတို့၏ ပေါ့ပျက်ပျက် အမူအရာများကို ချက်ချင်းရပ်တန့်၍ ရိုရိုသေသေ မတ်တတ်ရပ်လိုက်ကြလေသည်။

လူယိသည် သူ၏ ယုံကြည်စိတ်ချရသော ဂိုဏ်းတူညီအကိုနှစ်ဦးနှင့်အတူ ရောက်ရှိလာသောအခါ၊ ထိုလူငယ်များသည် ရိုသေစွာဖြင့် ဦးညွှတ်နှုတ်ဆက်လိုက်ကြသည်။

“ဂိုဏ်းတူအကိုကြီး လူယိကို ဂါရဝပြုပါတယ်။”

လူယိသည် ညှိုးငယ်လှသော စိတ်ကို ဖျောက်ဖျက်လျက် မျက်နှာထက်တွင် အတင်းအကျပ် အပြုံးတစ်ခုကို ဖန်တီးကာ ၎င်းတို့အား ခေါင်းညိတ်ပြလိုက်သည်။

“မင်းတို့ မျောက်စုတ်လေးတွေ... အလုပ်ကို မခိုမကပ်ဘဲ အမြန်ဆုံး သန့်ရှင်းရေးလုပ်ကြစမ်း။”

“ဟုတ်ကဲ့ပါ။”

ထိုအဖွဲ့သည် ခေတ္တမျှ စောင့်ဆိုင်းနေပြီးနောက်၊ လူငယ်တစ်ဦးက ရုတ်တရက် ရေရွတ်လိုက်သည်။

“ဂိုဏ်းတူအကိုကြီး လူယိက ဒီနေ့ တော်တော်ထူးဆန်းတာပဲ... ငါတို့ကို တကယ်ကြီး ပြုံးပြသွားတာဟ။”

“ဟုတ်ပကွာ... ပုံမှန်ဆိုရင် အကိုကြီး လူယိက တစ်နေ့လုံး မျက်နှာကြီး တင်းမာနေတတ်တာ၊ ငါဆိုရင် သူ့ကို မြင်တာနဲ့တင် ကြောက်ဒူးတုန်နေရတာ။”

“ဟေ့ကောင်တွေ... အကိုကြီးက ငါတို့ကို ပြုံးပြတာ ဘာဖြစ်လို့လဲကွ၊ မင်းတို့ကလည်း မေးခွန်းတွေ များလှချည်လား၊”

“ငါ့အထင်တော့ အကိုကြီးရဲ့ မိသားစုဝင်တွေ ရောက်လာတော့မှာမို့လို့ သူ ဝမ်းသာနေတာ ဖြစ်လိမ့်မယ်။”

“တို့တွေလည်း အကိုကြီးရဲ့ ကံကောင်းခြင်း အရှိန်အဝါကြောင့် ဒီညတော့ အသားဟင်း အကောင်းစားကြီးကို ဝဝလင်လင် စားရတော့မယ်ဟေ့။”

အစားအသောက်အကြောင်း ပြောဆိုမိသည်နှင့် ထိုလူငယ်များသည် တစ်ဖန် စိတ်လှုပ်ရှားသွားကြပြီး၊ မူလက ဖြစ်ပေါ်ခဲ့သော သံသယများကို မေ့ပျောက်သွားကြလေသည်။

ဂိုဏ်းမှ ကောက်ယူမွေးစားထားသော ၎င်းတို့ကဲ့သို့ မိဘမဲ့ကလေးများသည် သိုင်းပညာလာရောက် သင်ကြားကြသည့် မျိုးရိုးမြင့် သူဌေးသားများနှင့် မတူညီကြချေ။ ၎င်းတို့၏ အဝတ်အစား၊ အစားအသောက်၊ နေထိုင်မှုနှင့် သိုင်းပညာ ကျင့်ကြံခြင်းဆိုင်ရာ အရင်းအမြစ် အားလုံးကို ဂိုဏ်းမှသာ ထောက်ပံ့ပေးထားခြင်း ဖြစ်သည်။ ဝမ်းဝရုံမျှဖြင့်တင် ကျေနပ်နေရသူများ ဖြစ်သဖြင့်၊ ၎င်းတို့၏ လျှာအလိုကို ဖြည့်ဆည်းပေးနိုင်မည့် ဆန်းပြားသော ဟင်းလျာမျိုးစုံကို စားသုံးနိုင်ရန် မည်သို့မျှ မဖြစ်နိုင်ချေ။ ယခုကဲ့သို့သော ထူးခြားသည့် နေ့ရက်မျိုး သို့မဟုတ် ယနေ့ညတွင် ကျင်းပမည့် တည်ခင်းဧည့်ခံပွဲကြီးများတွင်သာလျှင် အရသာရှိသော ဟင်းလျာများကို မြည်းစမ်းခွင့် ရရှိကြခြင်း ဖြစ်သည်။

မိမိ၏ နောက်ကွယ်မှ တိုးတိုးတိုးတိုး ရေရွတ်သံများကို ကြားရသောအခါ၊ လူယိ၏ မျက်ဝန်းအစုံတွင် သနားစနိုး ဂရုဏာစိတ် အရိပ်အယောင်တစ်ခု ဖြတ်သန်းသွားခဲ့သည်။ ဤမျှ ဖြူစင်ရိုးသားလှသော ဂိုဏ်းတူညီလေးများထဲမှ မည်မျှလောက်သော လူများသည် အသက်ရှင် ကျန်ရစ်နိုင်ပါမည်နည်းဟု သူ တွေးတောမိသည်။ ထိုသို့ တွေးတောမိရင်း၊ လူယိသည် သူ၏ လက်သီးကို ဖြည်းညှင်းစွာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်လိုက်မိရာ လက်ဖမိုးထက်တွင် အကြောပြိုင်ပြိုင်များပင် ထောင်ထလာခဲ့သည်။

ခြေလှမ်းအနည်းငယ် အပြင်းလှမ်းပြီးနောက်၊ လူယိသည် သူ၏ စိတ်ခံစားချက်များကို အတတ်နိုင်ဆုံး ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်သည်၊ အကြောင်းမှာ မည်သည့် အားနည်းချက် သို့မဟုတ် လက္ခဏာမျှ ပေါ်ပေါက်၍မဖြစ်သောကြောင့်ပင်။ လမ်းခရီးတစ်လျှောက်တွင် သူ့အား နှုတ်ဆက်ကြသော ဂိုဏ်းတူညီအကိုများစွာနှင့် ဆုံတွေ့ခဲ့ပြီး၊ လူယိသည်လည်း ပုံမှန်အတိုင်းပင် ခေါင်းညိတ်တုံ့ပြန်ခဲ့သည်။ အပေါ်ယံအားဖြင့် ကြည့်လျှင် မည်သည့်အရာမျှ ထူးခြားမှု မရှိချေ။ သို့သော်လည်း သူ၏ နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာသော ဂိုဏ်းတူညီအကိုနှစ်ဦးမှာမူ မျက်နှာများ တင်းမာနေပြီး အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကြသည်။

ဂိုဏ်းချုပ်ကြီး၏ စံအိမ်တော်သို့ ရောက်ရှိသောအခါ၊ လူယိသည် သူ၏ စိတ်မရိုးသားမှုကြောင့် ပျာယာခတ်ကာ တုန်လှုပ်နေသော နောက်ကွယ်မှ လူနှစ်ဦးကို လှည့်ကြည့်လိုက်သည်။

“မင်းတို့နှစ်ယောက် ဒီမှာပဲ စောင့်နေကြ၊ ငါနဲ့အတူ လိုက်ဝင်ဖို့ မလိုဘူး။”

“ဟုတ်ကဲ့ပါ။ အကိုကြီး။”

ထိုလူနှစ်ဦး သက်ပြင်းချကာ စိတ်သက်သာရာရသွားသည့် ပုံစံကို ကြည့်ရင်း၊ လူယိသည် စိတ်ထဲမှ သက်ပြင်းတစ်ချက်ကို အသာချလိုက်မိသည်။ ဤဂိုဏ်းတူညီအကိုနှစ်ဦးသည် သိုင်းပညာ ထူးချွန်ကြသော်လည်း၊ ငယ်ရွယ်နုနယ်လွန်းလှသေးသည်။ ဂိုဏ်းအတွင်း၌သာ နေ့စဉ်ရက်ဆက် ကျင့်ကြံနေခဲ့ပြီး သိုင်းလောက၏ လှိုင်းတံပိုးများကို မကြုံတွေ့ဖူးသဖြင့်၊ ၎င်းတို့သည် အမှန်တကယ် အသုံးဝင်သော လူများဖြစ်လာစေရန် ပိုမို၍ သွေးယူရဦးမည် ဖြစ်သည်။

သူသည် ခေါင်းကို အသာအယာခါယမ်းလျက် စိတ်ထဲရှိ ရှုပ်ထွေးပွေလီလှသော အတွေးစုံကို ဖယ်ထုတ်လိုက်သည်။ ယခု သူ ရင်ဆိုင်ရမည့်သူမှာ အလွန်ပင် အန္တရာယ်ကြီးလှသဖြင့် အနည်းငယ်မျှ ပေါ့ဆ၍မရချေ၊ မဟုတ်ပါက တစ်ချက်လွဲသည်နှင့် တစ်ပြင်လုံး ပျက်စီးသွားပေလိမ့်မည်။

သူသည် ခြံဝင်းကို ဖြတ်သန်းကာ ဆိတ်ငြိမ်အေးချမ်းလှသော ဆောင်တော်တစ်ခု၏ အပြင်ဘက်သို့ ရောက်ရှိလာခဲ့သည်။ ဟာလာဟင်းလင်း ပွင့်နေသော တံခါးမကြီးကို မြင်လိုက်ရသောအခါ၊ လူယိသည် ရိုသေစွာဖြင့် ခါးကို ညွှတ်လျက်

“တပည့် လူယိက ဆရာသခင်ကြီးကို ရိုသေစွာ ဂါရဝပြုပါတယ်။” ဟု ဆိုလိုက်သည်။

အတန်ကြာ တိတ်ဆိတ်နေပြီးနောက်၊ အက်ကွဲ၍ လေးလံလှသော အသံကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ဝင်ခဲ့ပါ။”

“တပည့် နာခံပါပြီ။”

လူယိသည် အခန်းထဲသို့ လှမ်းဝင်ခဲ့သည်။ အခန်းအတွင်း၌ကား အရပ်အမောင်း မြင့်မားထွားကျိုင်းပြီး ပါးစပ်ကျယ်ကာ ခြင်္သေ့နှာခေါင်း ရှိပြီး၊ မျက်နှာတစ်ခုလုံးတွင် အစိမ်းရောင် အမည်းစက်များဖြင့် ပြည့်နှက်နေသော လူတစ်ဦးသည် မိမိ၏ ခန္ဓာကိုယ်ပေါ်မှ စွန်းထင်းနေသော သွေးကွက်များကို သုတ်သင်နေသည်ကို တွေ့လိုက်ရသည်။ သူ၏ ခြေရင်း၌မူ၊ အရိုးအဆစ်များ ကျိုးပဲ့ကောက်ကွေးကာ ပိန်လှီအိုမင်းလှသော လူသေအလောင်းတစ်ခု ရှိနေပြီး၊ ထိုအလောင်းသည် ယခုတိုင် အနည်းငယ် တွန့်လိမ်လှုပ်ခတ်နေဆဲ ဖြစ်သည်။

လူယိသည် ထိုအိုမင်းလှသော မျက်နှာကို မြင်လိုက်ရသောအခါ၊ သူ၏ မျက်ဝန်းအစုံသည် ရုတ်ခြည်း ကျဉ်းမြောင်းသွားခဲ့သည်။

“ဆ... ဆရာသခင်... ဒါက...”

တုန်လှုပ်ချောက်ချားနေသော မိမိ၏ တပည့်ကို ကြည့်ရင်း၊ ဖူထျန်းယန်သည် ပါးစပ်ကြီးကို ဖြဲလျက် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူ၏ ရယ်မောသံနှင့်အတူ မျက်နှာပေါ်ရှိ အစိမ်းရောင် အမည်းစက်ကြီးများသည် လိမ်ယှက်လှုပ်ခတ်သွားရာ၊ သူ့အား ပိုမို၍ ဆိုးယုတ်ပြီး ရုပ်ဆိုးအကျည်းတန်စေသည်။

“ဟုတ်တယ်... ဒီအဖိုးကြီးကတော့ သိုင်းလောကမှာ 'ဓားတစ္ဆေ' လို့ ကျော်ကြားတဲ့ ကျန်းချင်းပဲ။ သူက ငါ့ရဲ့ နေမင်းကိုးပါးနန်းတော် နယ်မြေထဲမှာ ရဲတင်းစွာ ရမ်းကားဝံ့လို့၊ မင်းရဲ့ ဆရာဖြစ်တဲ့ ငါကိုယ်တိုင် သူ့ကို ဖမ်းဆီးပြီး နှိပ်စက်ညှဉ်းပန်း စစ်ဆေးခဲ့တာပေါ့။ မျှော်လင့်ထားတဲ့အတိုင်းပဲ... သူ ကျူးလွန်ခဲ့တဲ့ ဆိုးယုတ်တဲ့ လုပ်ရပ်တွေကို အကုန် ဝန်ခံသွားတယ်။”

ထိုသို့ ပြောဆိုပြီးနောက်၊ ဖူထျန်းယန်သည် လူယိအား စူးရှထက်မြက်လှသော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။ သို့သော်လည်း လူယိသည် အသာအယာပင် ဦးညွှတ်လိုက်ပြီး

“ဆရာသခင်ကြီးသည် တကယ့်ကို ပညာသတိကြီးမားပြီး အစွမ်းသတ္တိ ပြောင်မြောက်လှပါတယ်။” ဟု ဆိုလိုက်သည်။

လူယိ၏ မျက်နှာအမူအရာသည် မူလ ထိတ်လန့်မှုမှသည် ချက်ချင်း တည်ငြိမ်ရိုသေသော ပုံစံသို့ ပြောင်းလဲသွားသည်ကို မြင်သောအခါ၊ ဖူထျန်းယန်သည် စိတ်ထဲမှ သက်ပြင်းတစ်ချက် ချလိုက်မိသည်။

ပြည်နယ်တစ်ခုလုံးကို စိုးမိုးထားသော သိုင်းလောကဂိုဏ်းကြီးဖြစ်သည့် နေမင်းကိုးပါးနန်းတော်၏ ဂိုဏ်းချုပ်ကြီးတစ်ဦးအနေဖြင့်၊ ဖူထျန်းယန်သည် လွန်ကဲလှသော သိုင်းပညာအခြေခံနှင့် ထက်မြက်သော ဉာဏ်ပညာကို ပိုင်ဆိုင်ထားသူ ဖြစ်သည်။ မိမိ၏ တပည့်က လူမိသားစု အကြီးအကဲ လာရောက်လည်ပတ်မည်ဟု ပြောကတည်းက၊ ပြည်နယ်အတွင်းရှိ မတည်ငြိမ်သော အခြေအနေများနှင့် ပေါင်းစပ်လျက် သူသည် တစ်ခုခု လွဲချော်နေသည်ကို သိသိသာသာ အာရုံခံမိခဲ့သော်လည်း ခိုင်လုံသော သက်သေအထောက်အထားကိုမူ မရှာဖွေနိုင်ခဲ့ချေ။

သို့သော်လည်း သူသည် နေမင်းကိုးပါးနန်းတော်တွင် ပညာသင်ကြားနေသော လူယိနှင့်တကွ အခြားသော လူမိသားစုဝင် ဂိုဏ်းသားများကို ပြင်းပြင်းထန်ထန် ဖမ်းဆီးစစ်ဆေးရန် မစွမ်းသာခဲ့ပေ။ အကြောင်းမှာ နေမင်းကိုးပါးနန်းတော်သည် ပြည်နယ်အတွင်းရှိ မျိုးရိုးမြင့် မိသားစုကြီးများ၏ ပံ့ပိုးကူညီမှုအပေါ်တွင်သာ လုံးဝ မှီခိုနေရသောကြောင့် ဖြစ်သည်။ ဂိုဏ်းသားများ၏ စားနပ်ရိက္ခာ၊ တိုက်ခိုက်မှုနှင့် ဓားဒဏ်ရာများအတွက် ဆေးဝါးများနှင့် ကျင့်ကြံခြင်းဆိုင်ရာ ရတနာဆေးလုံးများ အားလုံးသည် ထိုမိသားစုကြီးများ၏ အသုံးစရိတ်များ ဖြစ်ကြသည်။ အခြားသူများ၏ ပံ့ပိုးမှုကို ခံယူထားရသဖြင့် ၎င်းတို့အပေါ် ရုတ်တရက် ရန်ပြုရန် စကားမဟဝံ့ချေ။

ခိုင်လုံသော သက်သေမရှိဘဲ၊ ထိုကဲ့သို့သော သြဇာကြီးမားလှသည့် မိသားစုကြီးများနှင့် မျက်နှာပျက်ရန် သူ၌ ရဲတင်းသော သတ္တိမရှိခဲ့ပေ။ ထို့ကြောင့် သူသည် လူမိသားစုအတွက် ကွယ်ရာ၌ မရိုးသားသော အလုပ်များကို လုပ်ကိုင်ပေးနေသည့် လက်ပါးစေတစ်ဦးကို သေချာစွာ ရွေးချယ်ဖမ်းဆီး၍ သတင်းအချက်အလဲ ရလိုရငြား စစ်ဆေးခဲ့ခြင်း ဖြစ်သည်။ သို့သော် ကံဆိုးသည်မှာ ထိုလူ၏ ပါးစပ်သည် အလွန်လုံလွန်းလှပြီး၊ ကျန်းချင်း၏ အရိုးများကို တစ်လက်မချင်းစီ ချိုးဖဲ့နှိပ်စက်ခဲ့လျှင်ပင် မည်သည့်လျှို့ဝှက်ချက်ကိုမျှ ထုတ်ဖော်မပြောခဲ့ချေ။ ဤအချက်အပေါ် ဖူထျန်းယန် အံ့သြခြင်း မရှိခဲ့ပါ၊ အကြောင်းမှာ ထိုကဲ့သို့သော လက်ပါးစေများ၏ မိသားစုဝင်အားလုံးမှာ ၎င်းတို့သခင်များ၏ လက်ခုပ်ထဲ၌သာ ရှိနေသောကြောင့်ပင်။

ကံအားလျော်စွာပင် လူယိ ရောက်ရှိလာခဲ့ရာ၊ ဖူထျန်းယန်သည် သူ့အား စကားဖြင့် ခြိမ်းခြောက်လှည့်စားရန် ကြံရွယ်ခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။ ဤမျိုးရိုးမြင့် မိသားစုမှ သားသမီးများသည် အလွန်ပင် ကောက်ကျစ်စဉ်းလဲလှပြီး၊ အထူးသဖြင့် ၎င်းတို့အထဲတွင် ထိပ်ဆုံးမှ ရှိနေသော မိမိ၏ ဤတပည့်မှာ ပို၍ပင် လည်ဝယ်လှသည်။

မည်သည့်အရာမျှ စစ်ထုတ်၍မရနိုင်သည်ကို သိမြင်သောအခါ၊ ဖူထျန်းယန်သည် သူ၏ မျက်နှာထက်မှ တင်းမာမှုများကို ဖြည်းဖြည်းချင်း ဖယ်ရှားလိုက်ပြီး နူးညံ့သောအသံဖြင့် မေးမြန်းလိုက်သည်။

“ယိအာ... ဒီကျန်းချင်းက မင်းတို့ လူမိသားစုနဲ့ အနည်းနဲ့အများ ပတ်သက်မှု ရှိနေတယ်။ သူက ကိစ္စတော်တော်များများကို ဝန်ခံပြီးပြီ။ ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်... မင်းရဲ့ အမှားတွေကို ငါ့ကို အမှန်အတိုင်း ဝန်ခံမယ်ဆိုရင်၊ ဘယ်လို ကိစ္စပဲဖြစ်ဖြစ် ငါ အကုန်လုံးကို ခွင့်လွှတ်ပေးမယ်။”

လူယိသည် မျက်လွှာကို အသာအယာ ချလိုက်ပြီး

“တပည့်က ဒီကျန်းချင်းနဲ့ သာမန်မျှသာ သိကျွမ်းတာဖြစ်ပြီး၊ သူ ဘာတွေလုပ်ခဲ့လဲဆိုတာကို တပည့် လုံးဝ မသိရှိပါဘူး။ အကယ်၍ ဆရာသခင်ကြီးအနေနဲ့ သံသယရှိနေသေးရင်၊ ယနေ့ညမှာ တပည့်ရဲ့ ဖခင်ရောက်ရှိလာမှာဖြစ်လို့ ဆရာသခင်ကိုယ်တိုင် သူ့ကို မေးမြန်းလို့ရပါတယ်” ဟု လျှောက်တင်လိုက်သည်။

လူယိက ပြဿနာကို အသာအယာပင် လွှဲချလိုက်သည်ကို ကြည့်ရင်း၊ ဖူထျန်းယန်သည် စိတ်ထဲမှ ချီးကျူးမိသလို တစ်ဖက်မှလည်း ဒေါသပြင်းစွာ ထွက်ပေါ်လာခဲ့သည်။ သူသည် လူယိ၏ ရင့်ကျက်တည်ငြိမ်မှုနှင့် ပါးနပ်မှုကို လေးစားမိသော်လည်း၊ မည်သို့ပင်ဖြစ်စေ လူယိသည် နေမင်းကိုးပါးနန်းတော်အပေါ် ဘယ်သောအခါမျှ စစ်မှန်သော သစ္စာစောင့်သိမှု ရှိလာမည်မဟုတ်ကြောင်း သိရှိရသဖြင့် ဒေါသထွက်မိခြင်း ဖြစ်သည်။

မိမိ၏ အထူးချွန်ဆုံးသော တပည့်မလေး ယွီချင်းချင်းသည် သိုင်းပညာ၌ အလွန်ထူးချွန်ပြောင်မြောက်ပြီး မိမိ၏ စစ်မှန်သော သိုင်းပညာရပ်များကို ဆက်ခံထားသော်လည်း၊ သူမ၏ ကျင့်ကြံမှုစိတ်နေသဘောထားမှာမူ များစွာ လိုအပ်ချက် ရှိနေသေးသည်။ ဤမျှ ကြီးမားကျယ်ပြန့်လှသော နေမင်းကိုးပါးနန်းတော်ကြီးကို အနာဂတ်တွင် သူမ တစ်ဦးတည်းနှင့် မည်သို့လျှင် ထိန်းကျောင်းနိုင်ပါမည်နည်း၊

“တော်ပြီ... မိသားစုခေါင်းဆောင်လူ ရောက်လာတဲ့အခါ ငါနဲ့ ငါ့ရဲ့ ညီအကိုတွေ သူနဲ့ ဆွေးနွေးကြလိမ့်မယ်။ မင်း သွားနိုင်ပြီ။”

လူယိသည် လှည့်ထွက်သွားခဲ့ပြီး၊ မြေပြင်ပေါ်ရှိ ကောက်ကွေးနေသော အလောင်းကို တစ်ချက်မျှပင် လှည့်မကြည့်ခဲ့ချေ။

လူယိ၏ ကျောခိုင်းထွက်ခွာသွားသော ပုံရိပ်ကို စိုက်ကြည့်ရင်း၊ ဖူထျန်းယန်၏ မျက်ဝန်းများမှာ သွေးအေးစွာဖြင့် အေးစက်သွားခဲ့သည်။

“တကယ့်ကို တောဝံပုလွေလို သွေးအေးပြီး ရက်စက်တဲ့ ကောင်ပဲ။”

“လူတွေ။”

“ဒီလူ့အလောင်းကို သေချာ သင်္ဂြိုဟ်လိုက်ကြ၊ ပြီးရင် ချင်းချင်းကို ငါ့ဆီ လွှတ်လိုက်။”

မည်သည့်အရာကိုမျှ စစ်ဆေးမရရှိခဲ့သော်လည်း၊ ဖူထျန်းယန်သည် ပိုမိုသတိရှိရန် ဆုံးဖြတ်လိုက်သည်။ မမျှော်လင့်ထားသော ဘေးအန္တရာယ်များ မဖြစ်ပွားစေရန်အတွက် ဂိုဏ်း၏ လုံခြုံရေးကို အထူးဂရုပြုရန် မိမိ၏ အချစ်ဆုံးတပည့်မလေးအား သူ အမိန့်ပေးလိုက်သည်။

ထိုအချိန်တွင်၊ သခင်မလေး လူယီနှင့် အခြားသူများ နေမင်းကိုးပါးနန်းတော်သို့ လာရောက်မည့် လမ်းခရီးထက်၌မူ

သန့်ရှင်းသော နှလုံးသားဂိုဏ်း၏ ဂိုဏ်းချုပ် ဝမ်လျန်သည် ဂိုဏ်း၏ တမန်တော်နှစ်ဦး၊ ကျော်ကြားသော သိုင်းပညာရှင်ကြီးအချို့နှင့်အတူ ၎င်းတို့ကို ကြာမြင့်စွာကတည်းက စောင့်ဆိုင်းနေခဲ့ပြီ ဖြစ်သည်။

All Chapters