← Chapters

အခန်း ၂၂၆

Vol. 23 Ch. 226

အခန်း ၂၂၆

Vol. 23 Ch. 226

အခန်း။ ၂၂၆

ခရမ်းပြာအမွှာကြာပန်းက လူကြိုက်များရခြင်းမှာ ၎င်း၏ ကျင့်ကြံခြင်းအဆင့်ကို မြင့်တက်စေနိုင်သော အာနိသင်ကို ချက်ချင်းလက်ငင်း တွေ့မြင်နိုင်သောကြောင့်ပင်။

ကျင့်ကြံသူတစ်ဦးအနေဖြင့် ဝိညာဉ်အလင်းအဆင့်အောက်တွင် ရှိနေသရွေ့ ဤခရမ်းပြာအမွှာကြာပန်းကို ပိုမိုစားသုံးလေလေ သူတို့၏ ကျင့်ကြံခြင်းအဆင့်က ပိုမိုမြင့်မားလာလေလေ ဖြစ်သည်။

ဆေးယဉ်ပါးမှုမရှိ၊ အညစ်အကြေးမရှိသည့်အပြင် ဘေးထွက်ဆိုးကျိုးလည်း လုံးဝမရှိပေ။။

၎င်းမှာ တကယ့်ကို ပြည့်စုံလွန်းလှသော ရတနာပင်။

လူတွေက... ဘာဖြစ်လို့များ အပင်ပန်းခံ ကျင့်ကြံအားထုတ်နေကြပြီး အရင်းအမြစ်ပစ္စည်းတွေရဖို့ အကွက်ချ ပရိယာယ်ဆင်နေကြတာလဲ...

လုံလောက်တဲ့ ခွန်အားအာဏာကို ရဖို့၊ အဲဒီခွန်အားကနေတစ်ဆင့် အဆင့်အတန်းနဲ့ ရာထူးနေရာတွေကို ရယူဖို့၊ ပြီးတော့မှ ရှေ့ကို တောက်လျှောက် တက်လှမ်းနိုင်ဖို့အတွက် မဟုတ်ဘူးလား...

ကျင့်ကြံခြင်းလောကထဲမှာ... လူအများကြီးက မဟာဝိညာဉ်အဆင့်ကို ရောက်ပြီး မသေမျိုးဖြစ်တည်ခြင်းကို ရရှိဖို့ ကြွေးကြော်နေကြတာပဲ..

ဒါပေမဲ့... ဒီလောကကြီးထဲမှာ မဟာဝိညာဉ်အဆင့် မသေမျိုးစစ်စစ်အဖြစ်ကို အမှန်တကယ် တက်လှမ်းနိုင်တဲ့သူကကော... ဘယ်နှစ်ယောက်များ ရှိလို့လဲ...

မဟာဝိညာဉ်အဆင့်ကို သက်သေပြဖို့ နေနေသာသာ ယင်ဝိညာဉ်အဆင့် သို့မဟုတ် ယန်ဝိညာဉ်

အဆင့်များသို့ ရောက်ရှိရန်ပင် အလွန်ရှားပါးပြီး ကြီးမားလှသော ကံတရား၊ ကြီးမားလှသော ဇွဲလုံ့လနှင့် ကြီးမားလှသော အခွင့်အရေးများ လိုအပ်သည်။

လူဦးရေ သန်းပေါင်းရာချီရှိသည့်အနက်မှ ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုး တစ်ဦး သို့မဟုတ် နှစ်ဦး ထွက်ပေါ်လာနိုင်လျှင်ပင် အံ့ဩစရာ ကောင်းလှပြီ ဖြစ်သည်။

မသေမျိုးအဆင့်သို့ ချဉ်းကပ်နေသော ရွှေအမြုတေနယ်ပယ် အဆင့်မြင့်ကျင့်ကြံသူများကိုပင် သာမန်အားဖြင့် မတွေ့မြင်နိုင်ပေ။။

ကျင့်ကြံသူ တစ်သောင်းထဲတွင်ပင် ရွှေအမြုတေနယ်ပယ် မဟာကျင့်ကြံသူကြီး တစ်ယောက် ရှိချင်မှ ရှိပေလိမ့်မည်။

ရိုးရိုးရှင်းရှင်း ပြောရမည်ဆိုပါက လူအများစုအတွက် ကျင့်ကြံခြင်း၏ ရည်ရွယ်ချက်မှာ ပိုမိုကြီးမားသော ခွန်အားနှင့် ပိုမိုရှည်လျားသော အသက်သက်တမ်းကို ရရှိရန်အတွက်သာ ဖြစ်သည်။

ထို့ကြောင့်ပင် တက်ရောက်လာကြသူများ၏ အမြင်တွင်မူ ကျင့်ကြံခြင်းအဆင့်ကို တိုက်ရိုက်မြင့်တက်စေနိုင်သော ဤခရမ်းပြာအမွှာကြာပန်းမှာ ရတနာများထဲမှ ရတနာကြီး ဖြစ်နေတော့သည်။

ကုယွမ်က မျက်ခုံးကို ပင့်လိုက်ပြီး အတော်လေး အံ့အားသင့်သွားခဲ့ရသည်။

လျှူကွမ်း၏ လက်ထဲတွင် ဤမျှလောက် ကောင်းမွန်သောအရာ ရှိနေလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိချေ။

အဓိကအချက်မှာ သူသည် ယခင်က ကျိချန်ဟိုင်ထံမှ ခရမ်းပြာအမွှာကြာပန်းဟူသော အမည်ကို ကြားဖူးခဲ့ခြင်းပင်။

နဂါးနီမသေမျိုးနန်းတော်၏ အတွင်းပိုင်းရှိ တစ်စုံတစ်ခုသော နေရာတွင် ဤကဲ့သို့သော ဝိညာဉ်ဆေးပင်မျိုး ရှင်သန်ပေါက်ရောက်နေတတ်သည်။

သူနှင့် ကျိချန်ဟိုင်တို့သည် လာမည့်နှစ်လအကြာတွင် နဂါးနီမသေမျိုးနန်းတော်ဆီသို့ သွားရောက်ရှာဖွေရန် ကတိပြုထားကြခြင်းမှာလည်း အဓိကအားဖြင့် ဤပစ္စည်းကြောင့်ပင်။

အဲဒါဆိုရင် လျှူကွမ်းရဲ့ လက်ထဲမှာ ဒီပစ္စည်း ရှိနေတာက ဒီခရမ်းပြာအမွှာကြာပန်းက နဂါးနီမသေမျိုးနန်းတော်ထဲကနေ ထွက်လာတာလို့ ပြောတာလား...

လျှူကွမ်းကိုယ်တိုင်ကလည်း... နဂါးနီမသေမျိုးနန်းတော်ထဲကနေ မကြာသေးခင်ကမှ ပြန်ထွက်လာခဲ့တာ ဖြစ်နိုင်တယ်...

ဤသို့တွေးတောမိသည်နှင့် ကုယွမ်၏ အကြည့်များက လျှူကွမ်း၏ ပခုံးကို ကျော်ဖြတ်လျက် သူ့နောက်ကွယ်ရှိ ကျိချန်ဟိုင်၏ မျက်ဝန်းများနှင့် ဆုံစည်းသွားခဲ့သည်။

ကျိချန်ဟိုင်၏ မျက်နှာအမူအရာမှာ တည်ငြိမ်နေသော်လည်း သူ၏ မျက်ဝန်းအစုံထဲတွင်မူ နက်ရှိုင်းလှသော အဓိပ္ပာယ်များ ကိန်းဝပ်နေခဲ့သည်။

ကုယွမ်သည် ကျိချန်ဟိုင်လည်း လက်ရှိအချိန်၌ သူကဲ့သို့ပင် သံသယဝင်နေလိမ့်မည်ဖြစ်ကြောင်း ကောင်းစွာ သိရှိလိုက်သည်။

“မှန်တယ်... ဒါက ခရမ်းပြာအမွှာကြာပန်းပဲ”

လျှူကွမ်းက ပြုံးလျက် ကုယွမ်ကို ကြည့်ကာ ပြောလိုက်သည်။

“မင်းလည်း ဒါရဲ့ အာနိသင်နဲ့ တန်ဖိုးကို ကြားဖူးနားဝ ရှိမှာပါ ဟုတ်တယ်မလား”

“ငါက ဒီခရမ်းပြာအမွှာကြာပန်းနဲ့ မင်းကို လောင်းကြေးထပ်မယ်ဆိုရင်ကော ဘယ်လိုလဲ”

ဤစကားကို ကြားလိုက်ရချိန်တွင်မူ ဘေးပတ်လည်ရှိ လူအချို့၏ မျက်ဝန်းများမှာ လောဘဇောကြောင့် နီမြန်းလာခဲ့ကြရသည်။

လျှူကွမ်းနှင့် ကုယွမ်တို့မှာ တစ်ယောက်က စိမ်းပြာရောင်ဓားလိပ်ပြာကို ပိုင်ဆိုင်ထားပြီး၊ အခြားတစ်ယောက်ကမူ ခရမ်းပြာအမွှာကြာပန်းကို ထုတ်ပြနိုင်သဖြင့် အခြားသူများကို မနာလိုဖြစ်သွားစေခဲ့သည်။

“သေချာပေါက်... မဖြစ်နိုင်ဘူးလေဗျာ”

ကုယွမ်က နှာခေါင်းရှုံ့လျက် ပြောလိုက်သည်။

“ဘာကြီး...”

လျှူကွမ်း၏ မျက်နှာပေါ်မှ အပြုံးများ ချက်ချင်း အေးခဲသွားခဲ့ရပြီး အံ့ဩတုန်လှုပ်စွာဖြင့် “မင်း သေချာလို့လား။ ဒါက ခရမ်းပြာအမွှာကြာပန်းလေဗျာ။ အကယ်၍ မင်းသာ ဒါကို စားသုံးပြီး သန့်စင်လိုက်မယ်ဆိုရင် မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို မြင့်တက်စေနိုင်မှာ။ ဒီခရမ်းပြာအမွှာကြာပန်း တစ်ပွင့်တည်းနဲ့တင် မင်းရဲ့ ကျင့်ကြံခြင်းအဆင့်ကို အနည်းဆုံး အဆင့်ငယ်တစ်ခုလောက်အထိ တိုးတက်သွားစေနိုင်တယ်” ဟု ပြောလိုက်သည်။

“တာအိုမိတ်ဆွေလူ... မင်းက ဘိုးဘေးအင်းဆက်ပိုးကောင်ကြီးရဲ့ မြေးဖြစ်ပြီးတော့မှ ဘာလို့ ဒီလောက်တောင် အရှက်မရှိ စကားပြောရဲရတာလဲ”

ကုယွမ်က ကဲ့ရဲ့လှောင်ပြောင်လိုက်ရင်း “ခရမ်းပြာအမွှာကြာပန်းက တကယ်ကို ကောင်းမွန်တာတော့ မှန်ပါတယ်။ အကယ်၍ မင်းဆီမှာ အပွင့် ဆယ်ပွင့် ဒါမှမဟုတ် ရှစ်ပွင့်လောက် ရှိနေမယ်ဆိုရင်တော့ ငါ သဘောတူမိကောင်း သဘောတူလိမ့်မယ်။ ဒါပေမဲ့ မင်းထုတ်ပြတဲ့ အပွင့်တစ်ပွင့်တည်းက ကြည့်ရသလောက်တော့ သက်တမ်း နှစ်ရာချီ ဒါမှမဟုတ် ထောင်ချီလောက်ပဲ ရှိသေးတာ မဟုတ်ဘူးလား”

“ဒီခရမ်းပြာအမွှာကြာပန်း တစ်ပွင့်တည်းနဲ့တင် ငါ့ရဲ့ စိမ်းပြာရောင်ဓားလိပ်ပြာနဲ့ ယှဉ်နိုင်မယ်လို့ မင်း ထင်နေတာလား”

ကုယွမ်၏ အထင်သေးစော်ကားလွန်းလှသော လေသံကို ကြားလိုက်ရသောအခါ လျှူကွမ်းသည် ပြန်လည်ချေပရန် ပါးစပ်ဟလိုက်သော်လည်း မည်သည့်စကားလုံးမျှ ထွက်ပေါ်မလာခဲ့ပေ။။

အဘယ်ကြောင့်ဆိုသော် ကုယွမ် ပြောဆိုလိုက်သည့် စကားမှာ အပြည့်အဝ မှန်ကန်နေကြောင်း သူ သိရှိထားသောကြောင့်ပင်။

ခရမ်းပြာအမွှာကြာပန်းသည် တကယ့်ကို ရတနာတစ်ခု ဖြစ်သည်မှာ မှန်သော်လည်း လက်ရှိတွင် တစ်ပွင့်တည်းသာ ရှိသည့်အပြင် ၎င်း၏ သက်တမ်းမှာလည်း စိမ်းပြာရောင်ဓားလိပ်ပြာ၏ တန်ဖိုးနှင့် နှိုင်းယှဉ်ပါက များစွာ လိုအပ်နေသေးသည်။

မူလက သူသည် ကုယွမ်ကို လှည့်စားပြီး အမြတ်ထုတ်ရန် စီစဉ်ထားခဲ့သော်လည်း ကုယွမ်မှာ အရာရာကို ကောင်းစွာ သိမြင်နားလည်ထားပြီး အလွယ်တကူ လှည့်စား၍မရနိုင်ကြောင်း ထင်ရှားသည်။

လျှူကွမ်း၏ မျက်နှာမှာ အနည်းငယ် မည်းမှောင်သွားခဲ့ပြီး “ခရမ်းပြာအမွှာကြာပန်း ဆယ်ပွင့် ဒါမှမဟုတ် ရှစ်ပွင့် ဟုတ်လား... ငါ့ဆီမှာသာ အဲဒီလောက်အထိ ရှိနေရင် ရွှေအမြုတေနယ်ပယ်ကို ချိုးဖျက်ဝင်ရောက်ဖို့အတွက် ဒါတွေကို အသုံးချပစ်ခဲ့တာ ကြာလှပြီဗျ” ဟု ပြောလိုက်သည်။

လျှူကွမ်းက လိမ်လည်ပြောဆိုနေခြင်းမဟုတ်သည်ကို မြင်လိုက်ရသောအခါ ကုယွမ်က ရုတ်တရက် ပြုံးလိုက်ရင်း “တာအိုမိတ်ဆွေလူ... ဒီခရမ်းပြာအမွှာကြာပန်းအပြင် မင်းဆီမှာ အရင်တစ်ခေါက်က ပြောခဲ့တဲ့ မြေကမ္ဘာအနှစ်သာရနို့ရည်တို့၊ မိုးကြိုးပင့်ကူတို့လိုမျိုး တခြားပစ္စည်းတွေလည်း ရှိဦးမှာပဲ ဥစ္စာ။ အားလုံးကိုပဲ တစ်ခါတည်း ထုတ်လိုက်ပါတော့ဗျာ”

“မင်းက ဘိုးဘေးအင်းဆက်ပိုးကောင်ကြီးရဲ့ မြေးပဲဟာကို... ဒီလောက်အထိတော့ ကပ်စေးမနှဲပါနဲ့ဗျာ ဟုတ်တယ်မလား” ဟု ပြောလိုက်သည်။

လျှူကွမ်းအတွက်မူ အခြားရွေးချယ်စရာ မရှိတော့ပေ။။

ထို့အပြင် သူကိုယ်တိုင်ကလည်း သူ့ကိုယ်သူ အပြည့်အဝ ယုံကြည်မှု ရှိနေသဖြင့် စိတ်ပျက်လက်ပျက်ဖြင့်ပင် မြေကမ္ဘာအနှစ်သာရနို့ရည် ဘူးတစ်ဝက်ခန့်နှင့် မိုးကြိုးပင့်ကူဥတစ်လုံးတို့ကို ထပ်မံထုတ်ယူလိုက်တော့သည်။

ဤသည်ကို မြင်သောအခါ ကုယွမ်က ခေါင်းငြိမ့်ကာ သဘောတူလိုက်သည်။

“မဆိုးပါဘူး... ကောင်းပြီလေ ဒါဆိုရင်တော့ ဒီအတိုင်းပဲ သတ်မှတ်ကြတာပေါ့”

တက်ရောက်လာကြသူ အများအပြားမှာ စိတ်လှုပ်ရှားသွားခဲ့ကြရပြီး ပိုမို၍ စိတ်ဝင်စားလာခဲ့ကြသည်။

ကုယွမ်နှင့် လျှူကွမ်းတို့နှစ်ဦးစလုံးမှာ အဖိုးတန်ရတနာများကို ပိုင်ဆိုင်ထားကြသူများ ဖြစ်ကြရာ တစ်ဦးက စိမ်းပြာရောင်ဓားလိပ်ပြာကို လောင်းကြေးထပ်ထားပြီး အခြားတစ်ဦးကမူ ခရမ်းပြာအမွှာကြာပန်း၊ မိုးကြိုးပင့်ကူဥနှင့် မြေကမ္ဘာအနှစ်သာရနို့ရည်တို့ကို ထုတ်ပေးထားသဖြင့် ထိုပစ္စည်းတစ်ခုချင်းစီမှာ သာမန်အရာများ မဟုတ်ကြပေ။။

ဤကဲ့သို့သော အဖိုးတန်ပစ္စည်းများကို လောင်းကြေးအဖြစ် သတ်မှတ်လျက် ဆင်နွှဲကြမည့် ဝိညာဉ်အစွမ်းတိုက်ပွဲမှာ တကယ့်ကို ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် စောင့်မျှော်ကြည့်ရှုရမည့် ပွဲကောင်းတစ်ပွဲ ဖြစ်သည်။

လျှူကွမ်းက ကုယွမ်ကို အေးစက်စွာ စိုက်ကြည့်လိုက်ရင်း “စိတ်ချပါ... ခဏနေကျရင် ငါ ဘယ်လိုမှ ညှာတာနေမှာ မဟုတ်ဘူး” ဟု ပြောလိုက်သည်။

“တိုက်တိုက်ဆိုင်ဆိုင်ပဲ... ငါလည်း ညှာမှာမဟုတ်ဘူးဗျ”

ကုယွမ်က ညီညာဖြူစင်လှသော သွားအစုံကို ထုတ်ပြလျက် ဖြန်းခနဲ ပြုံးပြလိုက်သည်။

သူသည် လျှူကွမ်း၏ စီစဉ်မှုကို ကောင်းစွာ နားလည်ထားသည်။

၎င်းမှာ ရန်သူဖြစ်သူ သူ့ကို သတ်ဖြတ်ရန် ဖြစ်သလို တစ်ချိန်တည်းမှာပင် စိမ်းပြာရောင်ဓားလိပ်ပြာကိုလည်း ရယူရန် ရည်ရွယ်ထားခြင်းပင်။

သို့သော်လည်း လျှူကွမ်းတွင် ကိုယ်ပိုင်အကွက် ရှိနေသကဲ့သို့ ကုယွမ်တွင်လည်း ကိုယ်ပိုင်စီမံချက် သေချာပေါက် ရှိနေသည်။

လျှူကွမ်းကို နောက်ကွယ်ကနေ အကွက်ဆင်ခွင့် ပေးထားမည့်အစား ပြဿနာကို အလင်းပေါ်သို့ ဆွဲတင်ကာ တိုက်ရိုက်ရှင်းလင်းလိုက်ခြင်းက အချိန်နှင့် လုပ်အားကို များစွာ သက်သာစေသည်။

သို့သော်လည်း ပွင့်ပွင့်လင်းလင်း ပြောရမည်ဆိုပါက ဤခရမ်းပြာအမွှာကြာပန်း ထွက်ပေါ်လာခြင်းမှာ သူ့အတွက်မူ တကယ့်ကို မျှော်လင့်မထားသော ဝမ်းမြောက်စရာ လက်ဆောင်မွန်တစ်ခု ဖြစ်သည်။

...

လျှူကွမ်းနှင့် စွမ်းရည်ချင်း ယှဉ်ပြိုင်ရန် အတည်ပြုပြီးနောက် ကုယွမ်သည် အသက်နှင့်သေခြင်းစင်မြင့်ရှိရာသို့ တိုက်ရိုက် ဦးတည်သွားခဲ့တော့သည်။

ဤကဲ့သို့သော ထူးခြားသည့် အဖြစ်အပျက်ကြီးတစ်ခု ပေါ်ပေါက်လာသဖြင့် အခြားသူများလည်း စားသောက်ပွဲကို ဆက်လက်စားသုံးရန် စိတ်မပါတော့ဘဲ ပွဲကောင်းကို ကြည့်ရှုရန်အတွက် နောက်ကနေ ထပ်ချပ်မကွာ လိုက်ပါလာခဲ့ကြသည်။

ထိုအထဲတွင် ရှန်ယွီမင်နှင့် ကျိချန်ဟိုင်တို့လည်း အတူတူ ပါဝင်လာခဲ့ကြသည်။

အသက်နှင့်သေခြင်းစင်မြင့်သည် ချုံးမင်းမှော်စျေးကွက်၏ ဗဟိုချက်မတွင် တည်ရှိသည်။

အပြင်ပန်းကနေ ကြည့်မည်ဆိုပါက ကျောက်တုံးစင်မြင့်တစ်ခုလုံးမှာ ဘတ်စကတ်ဘောကွင်းတစ်ခုစာမျှသာ ရှိသဖြင့် သေးငယ်သည်ဟု ထင်ရသော်လည်း အမှန်တကယ်၌မူ ၎င်းကို အာကာသနယ်ပယ် ကန့်သတ်ချက်မှော်ဝင်အစီအရင်ဖြင့် တည်ဆောက်ထားခြင်းပင်။

စင်မြင့်ပေါ်သို့ ရောက်ရှိသွားသည်နှင့်တစ်ပြိုင်နက် ၎င်း၏ အမှန်တကယ် ကျယ်ဝန်းမှုမှာ အပြင်ပန်းထက် အဆပေါင်းများစွာ ပိုမိုကြီးမားနေကြောင်း တွေ့ရှိရလိမ့်မည်။

ထို့အပြင် ကျောက်တုံးစင်မြင့်တစ်ခုလုံးကို ထူးခြားသော ဒြပ်စင်ပစ္စည်းများဖြင့် တည်ဆောက်ထားပြီး ကာကွယ်ရေးအစီအရင်များဖြင့် ဝန်းရံထားသဖြင့် အလွန်အမင်း ခိုင်ခံ့သည်။

ရွှေအမြုတေနယ်ပယ် မဟာကျင့်ကြံသူကြီးတစ်ဦးက ၎င်း၏ အစွမ်းကုန် ခွန်အားဖြင့် တိုက်ခိုက်မည်ဆိုလျှင်ပင် စင်မြင့်ကို ကြီးမားသော ပျက်စီးမှု ဖြစ်စေနိုင်လိမ့်မည် မဟုတ်ပေ။။

“ညီလေးကု... ကိစ္စတွေက ဒီအဆင့်အထိ ရောက်လာမှတော့ ငါလည်း စကားအများကြီး မပြောတော့ပါဘူး။ ဒါပေမဲ့ ဒီလူက ထူးဆန်းဆန်းပြားတဲ့ ဂူအမျိုးမျိုးကို မွေးမြူထားတယ်လို့ ငါကြားဖူးတယ်။ မင်း သေသေချာချာ သတိထားရမယ်နော်။ အကယ်၍ အခြေအနေ မကောင်းဘူးလို့ ခံစားရရင်... ဇွတ်မှိတ်ပြီး တိုက်ခိုက်မနေဘဲ အရှုံးပေးလိုက်တာက ပိုကောင်းပါတယ်”

ကုယွမ်၏ ဘေးနားတွင် ဖန်ရှောက်ကျဲက စိုးရိမ်တကြီးဖြင့် အလေးအနက် အကြံပြုနေခဲ့သည်။

“စိမ်းပြာရောင်ဓားလိပ်ပြာက အဖိုးတန်တယ်ဆိုတာ မှန်ပေမဲ့... မင်းရဲ့ အသက်က ပိုပြီး အရေးကြီးတယ်ဆိုတာကို မှတ်ထားပါ။ ရတနာ ဆုံးရှုံးသွားရင် နောက်မှ ပြန်ရှာလို့ရပေမဲ့... လူသာ မရှိတော့ရင်တော့ အားလုံး ပြီးဆုံးသွားပြီပဲ”

သူသည် ကုယွမ်နှင့် အများကြီး ရင်းနှီးမှုမရှိခဲ့သော်လည်း သူတို့၏ ဆရာသခင်က ကုယွမ်ကို အလေးထားပြီး ကုယွမ်ကို စောင့်ရှောက်ပေးရန် ယခင်ကတည်းက မှာကြားထားခဲ့သည်ကို သူသိရှိထားသည်။

ယခုမူ ပြင်ပလူများစွာ၏ ရှေ့မှောက်တွင် ဖြစ်သဖြင့် မည်သည့်ရှုထောင့်ကပဲကြည့်ကြည့် သူသည် သူ၏ တာဝန်ကို ကျေပွန်အောင် ထမ်းဆောင်ရမည်ပင်။

“အစ်ကို... စိတ်အေးအေးထားပါဗျာ ကျွန်တော် နားလည်ပါတယ်။ သေသေချာချာ သတိထားပါ့မယ်”

All Chapters