← Chapters

အခန်း ၂၃၀

Vol. 23 Ch. 230

အခန်း ၂၃၀

Vol. 23 Ch. 230

အခန်း။ ၂၃၀

“အလောင်းတစ်ကောင်က... တကယ်ပဲ အသက်ပြန်ရှင်လာတာလား...”

ကုယွမ် မျက်ဝန်းများကို ကျဉ်းမြောင်းလျက် လွန်စွာ အံ့ဩတုန်လှုပ်သွားရသော်လည်း မကြာမီမှာပင် စိတ်ထဲ၌ တစ်စုံတစ်ရာကို ရိပ်မိလိုက်သည်။

“ဒီမှုံဝါးဝါး အလင်းစက်ဝန်းနဲ့ လျှူကွမ်း အသက်ပြန်ရှင်လာရတာက... သူခန္ဓာကိုယ်ထဲက ထူးဆန်းတဲ့ ကူပိုးကောင်ကြောင့်ပဲ ဖြစ်ရမယ်”

စောစောက သူ၏ဓားချက်ဖြင့် လျှူကွမ်း သေချာပေါက် အသက်ပျောက်သွားခဲ့သည်ကို ကုယွမ် အကြွင်းမဲ့ ယုံကြည်သည်။ ထိုစဉ်က လျှူကွမ်းမှာ အသက်ဝိညာဉ် လုံးဝချုပ်ငြိမ်းသွားခဲ့ပြီ ဖြစ်သည်။

ကျင့်ကြံသူတိုင်း၌ ကိုယ်ပိုင်အသက်ဘေးလွတ်နည်းလမ်းများနှင့် ဆန်းပြားလှသော နတ်ဘုရားအတတ်ပညာကိုယ်စီ ရှိကြရာ လျှူကွမ်းကဲ့သို့ အဆင့်အတန်းရှိသူတစ်ဦးအနေဖြင့် အသက်ကယ် လျှို့ဝှက်အတတ် သို့မဟုတ် ဝိညာဉ်ရတနာတစ်ခုခု ရှိနေမည်မှာ မဆန်းပေ။။

ထို့ကြောင့်ပင် ကုယွမ်သည် အစောပိုင်းဓားချက်ကို ပစ်လွှတ်စဉ်က လျှူကွမ်း၏ခန္ဓာကိုယ်ကို နှစ်ပိုင်းဖြတ်ရုံတင်မက ပြင်းထန်ထက်မြက်လှသော ဓားဆန္ဒကိုပါ ထည့်သွင်း၍ လျှူကွမ်း၏ အသက်ဝိညာဉ်ကိုပါ တစ်ပါတည်း ခြေမှုန်းဖျက်ဆီးပစ်ခဲ့ခြင်းပင်။

သို့သော် ယခုမျက်မှောက် အခြေအနေတွင်မူ သေဆုံးသွားပြီး အလောင်းပင် အေးစက်စပြုနေပြီဖြစ်သော လျှူကွမ်းသည် တစ်ဆင့်ချင်း တဖြည်းဖြည်း အသက်ပြန်ရှင်လာနေခဲ့ပြီ ဖြစ်သည်။

ပထမဦးစွာ ခန္ဓာကိုယ်က ပြန်လည်ကျက်သရေရှိလာပြီး သွေးများ နောက်ပြန်စီးဝင်ကာ ထို့နောက် နှလုံးက အားအင်ပြည့်ဝစွာ ပြန်လည်ခုန်ခတ်လျက် သက်စောင့်စွမ်းအင်များ ပြန်ပြည့်လာခဲ့သည်။

ခန္ဓာကိုယ်ကို ကာကွယ်ထားသော ပါးလွှာသည့် အလင်းစက်ဝန်းကိုပင် ကုယွမ် စွမ်းအားကုန် ထုတ်သုံးခဲ့သော်လည်း ဖျက်ဆီးနိုင်ခြင်း မရှိခဲ့ချေ။

ဤအချက်က ကုယွမ်ကို အဖြေရှာမရအောင် ဖြစ်စေသော်လည်း ရိပ်မိစရာ အတွေးတစ်ခု ခေါင်းထဲ ဝင်လာခဲ့သည်။

“လျှူကွမ်း ခန္ဓာကိုယ်ထဲက ကူပိုးကောင်က ဘာကောင်လဲ... ကူဘိုးဘေးကြီးက သူ့ကို ပေးခဲ့တာလား...”

ခန့်မှန်းချက်မျှသာ ဖြစ်သော်လည်း ကုယွမ်သည် သူ၏အတွေးမှာ အမှန်တရားနှင့် နီးစပ်နေကြောင်း ခံစားမိသည်။

သူနှင့် လျှူကွမ်းအကြား ကျင့်ကြံခြင်းအဆင့် နယ်ပယ်ငယ် နှစ်ခုခန့် ကွာဟသော်လည်း ဤကွာဟချက်က အလွန်အမင်း ကြီးမားလှသည်တော့ မဟုတ်ချေ။

ကုယွမ်၏ ဓားသိုင်းအဆင့်အတန်းနှင့်ဆိုလျှင် လျှူကွမ်း မဆိုထားနှင့် ရွှေအမြုတေနယ်ပယ် မဟာကျင့်ကြံသူတစ်ဦး လာလျှင်ပင် သူ၏ဓားချက်အောက်တွင် ဒဏ်ရာပြင်းထန်စွာ ရရှိသွားပေလိမ့်မည်။

ထို့ကြောင့် လျှူကွမ်းခန္ဓာကိုယ်ထဲမှ ဆန်းကြယ်သော ကူပိုးကောင်သည် သူကိုယ်တိုင် မွေးမြူထားခြင်းမဟုတ်ဘဲ အခြားသူတစ်ဦး၏ လက်ရာသာ ဖြစ်ရမည်။

လျှူကွမ်းကို အသက်ဘေးမှ ကာကွယ်ပြီး ပြန်လည်ရှင်သန်စေနိုင်သော ဤစွမ်းရည်မျိုးက လျှူကွမ်း၏ အရည်အချင်းထက် များစွာ ကျော်လွန်နေသည်။

လျှူကွမ်း၏ နာမည်ကျော် အဘိုးဖြစ်သူ ကူဘိုးဘေးကြီးမှတစ်ပါး ဤကဲ့သို့သော နည်းလမ်းမျိုး ရှိနိုင်သူကို ကုယွမ် စဉ်းစား၍မရတော့ပေ။။

ကုယွမ်တစ်ယောက်တည်း ဇဝေဇဝါ ဖြစ်နေရုံတင်မက၊ အသက်နှင့်သေခြင်းစင်မြင့်အောက်ရှိ ပွဲကြည့်ကျင့်ကြံသူများလည်း ဤဆန်းကြယ်ထူးဆန်းသော မြင်ကွင်းကြောင့် ဆူညံကုန်ကြသည်။

သေပြီဟု သတ်မှတ်ထားသောသူက ဒဏ်ရာများ ပြန်ကျက်ကာ သွေးများ နောက်ပြန်စီး၍ ရှင်သန်လာခြင်းက အလွန်ထူးဆန်းကာ မိစ္ဆာဆန်လွန်းသည်။

ကုယွမ်သည် ပျံသန်းဓားနှင့် အခြားသော နတ်ဘုရားအတတ်ပညာများကို အသုံးပြု၍ အကြိမ်ကြိမ် ထပ်မံစမ်းသပ်ကြည့်သော်လည်း မည်သည့်နည်းလမ်းနှင့်မျှ လျှူကွမ်းကို မထိခိုက်စေနိုင်ကြောင်း သိရှိသွားပြီးနောက် နောက်ဆုံးတွင် လက်လျှော့လိုက်ကာ တည်ငြိမ်စွာ မတ်တတ်ရပ်လျက် နောက်ထပ်ဖြစ်လာမည့် အပြောင်းအလဲကိုသာ စောင့်ကြည့်နေလိုက်တော့သည်။

ဒုတ်... ဒုတ်... ဒုတ်... ဒုတ်...

လျှူကွမ်း၏ ရင်ဘတ်အတွင်းမှ နှလုံးခုန်သံမှာ အားပြည့်ပြီး မှန်ကန်လာကာ မကြာမီမှာပင် သူ မျက်လုံးပွင့်လာခဲ့သည်။

အစပိုင်းတွင် အနည်းငယ် ဝေဝေဝါးဝါး ဖြစ်နေသော်လည်း ကုယွမ်ကို မြင်လိုက်ရသည်နှင့် ချက်ချင်းပင် အဖြစ်အပျက်အားလုံးကို ပြန်လည်မှတ်မိသွားကာ သူ၏ မျက်နှာတစ်ခုလုံး နီမြန်းလိုက် ဖြူဖျော့လိုက် ဖြစ်သွားရတော့သည်။

သူ၏မျက်နှာတွင် ဒေါသ၊ ရန်ငြိုးများနှင့်အတူ ထိတ်လန့်ကြောက်ရွံ့မှု အရိပ်အယောင်များပါ ရောယှက်နေခဲ့သည်။

တကယ့်ကို သီသီလေးပင်။

အကယ်၍ အဘိုးဖြစ်သူ ကူဘေးဘိုးကြီးက သူ့ခန္ဓာကိုယ်ထဲတွင် လျှို့ဝှက်ကာကွယ်ရေး နည်းလမ်းတစ်ခု ချန်ထားပေးခြင်း မရှိခဲ့ပါက စောစောက သူ သေချာပေါက် သေဆုံးသွားခဲ့ပြီဖြစ်ပြီး ပြာအဖြစ်ပင် ကွယ်ပျောက်သွားပေလိမ့်မည်။

ယခု အသက်ပြန်ရှင်လာခဲ့ပြီ ဖြစ်သော်လည်း ထင်ရှားသောအချက်တစ်ခုကား ရှိနေသည်။

ဤဝိညာဉ်အစွမ်းတိုက်ပွဲတွင် သူ ရှုံးနိမ့်သွားခဲ့ခြင်းပင်။

ငြင်းစရာမရှိအောင် အပြတ်အသတ် ရှုံးနိမ့်ခဲ့ရခြင်းပင်။

သူ့ထက် ကျင့်ကြံခြင်းအဆင့် နှစ်ဆင့်မျှ နိမ့်ကျသော ကုယွမ်၏ ဓားချက်အောက်တွင် ရှုံးနိမ့်ခဲ့ရခြင်းပင်။

ဖြန်း... ဖြန်း... ဖြန်း...

ကုယွမ်က လက်ခုပ်တီးလိုက်ပြီး ချီးကျူးဟန်ဖြင့် ပြောလိုက်သည်။

“အထင်ကြီးစရာပဲ... တကယ့်ကို အထင်ကြီးစရာပဲဗျာ”

“ဒီလိုဖြစ်လာမယ်လို့ ကျွန်တော် လုံးဝ မမျှော်လင့်ထားဘူး။ စီနီယာအစ်ကိုလျူက သေချာပေါက် သေသွားခဲ့တာတောင် အခုလို အသက်ပြန်ရှင်လာနိုင်တာ တကယ်ပဲ အံ့ဩဖို့ကောင်းပါတယ်"

ကုယွမ်က စကားကို ခဏရပ်လိုက်ပြီး အဓိပ္ပာယ်ပါပါဖြင့် ဆက်ပြောလိုက်သည်။

“ဒါနဲ့... စီနီယာအစ်ကိုလျူ အခုထပ်ပြီး သေသွားမယ်ဆိုရင်ကော... ဆက်ပြီး အသက်ရှင်လာနိုင်ဦးမလားလို့ သိချင်မိသား"

ကုယွမ်၏ စကားကို ကြားလိုက်ရသောအခါ လျှူကွမ်း၏ နှုတ်ခမ်းဖျား တုန်ခါသွားပြီး မျက်နှာတစ်ခုလုံး မည်းမှောင်သွားတော့သည်။

အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်ထဲရှိ ရုပ်သေးအသက်စားထိုးကူမှာ ကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သောကြောင့်ပင်။

ဤရုပ်သေးအသက်စားထိုးကူဟူသည် အလွန်ရှားပါးလှသော ကူပိုးကောင်အမျိုးအစား ဖြစ်သည်။ သဘာဝအလျောက် ဖြစ်တည်လာခြင်းမျိုးမဟုတ်ဘဲ နောက်မှ သန့်စင်မွေးမြူထားသော ကူပိုးကောင်ဖြစ်ရာ ယင်ဝိညာဉ်အဆင့် မဟာတန်ခိုးရှင်ကြီးများသာ သန့်စင်ဖန်တီးနိုင်သည်။

ထို့အပြင် သန့်စင်သည့် လုပ်ငန်းစဉ်မှာလည်း လွန်စွာ ခက်ခဲလှပြီး ကူပိုးကောင် အမျိုးပေါင်း ဒါဇင်ချီကာ ကောင်းကင်နှင့်မြေပြင်မှ အဖိုးတန်ရတနာ အမြောက်အမြားကိုပါ သုံးစွဲရခြင်းပင်။

အရင်းအမြစ်များနှင့် လုပ်အား အမြောက်အမြား ကုန်ဆုံးပြီးမှသာ နောက်ဆုံးတွင် အောင်မြင်မှု ရရှိနိုင်ခြေ ရှိသည်။

၎င်း၌ တိုက်ခိုက်ရေးစွမ်းရည်နှင့် ကာကွယ်ရေးစွမ်းအား လုံးဝမရှိဘဲ သာမန်လူတစ်ယောက်က လက်ချောင်းနှစ်ချောင်းဖြင့် ဖိညှစ်လိုက်ရုံမျှဖြင့် အလွယ်တကူ သေဆုံးသွားနိုင်လောက်အောင် နုနယ်လှသည်။

သို့သော်ငြားလည်း ဤကူပိုးကောင်သည် အခြားသော အရာအားလုံးထက် ပိုမိုအဖိုးတန်လှသည်မှာ ၎င်းကို သန့်စင်ပြီးပါက အရေးကြီးသော အသက်အန္တရာယ် ကြုံတွေ့ရချိန်တွင် မိမိကိုယ်စား အသက်အစားထိုး ခံပေးနိုင်ခြင်းကြောင့်ပင်။

လျှူကွမ်း၏ ခန္ဓာကိုယ်ထဲရှိ ဤရုပ်သေးအသက်စားထိုးကူကို ကူဘိုးဘေးကြီး၏ သက်တော်ငါးထောင်ပြည့် မွေးနေ့အထိမ်းအမှတ် ဂုဏ်ပြုစားပွဲ၌ သူက ကူဘိုးဘေးကြီး သဘောကျနှစ်ခြိုက်အောင် စွမ်းဆောင်နိုင်ခဲ့သဖြင့် ဆုလာဘ်အဖြစ် ချီးမြှင့်ခြင်းခံခဲ့ရခြင်းပင်။

မည်သို့ပင်ဆိုစေ ဤရုပ်သေးအသက်စားထိုးကူသည် ဒုတိယအသက်တစ်ခုနှင့် ညီမျှသဖြင့် အသက်ထက်မြတ်သော ရတနာတစ်ပါးပင်။

ထို့အပြင် ဤရုပ်သေးအသက်စားထိုးကူသည် သူ၏ မာနထောင်လွှားမှုနှင့် မောက်မာရဲတင်းမှုတို့၏ အဓိက အခြေခံအုတ်မြစ်လည်း ဖြစ်သည်။ မည်သူမဆို အပိုအသက်တစ်ချောင်း ရထားပါက မောက်မာလာကြမည်မှာ ဓမ္မတာပင်။

သို့သော် ယခုမူ လျှူကွမ်း၏ အားကိုးရာ အခြေခံအုတ်မြစ်ကြီးမှာ လုံးဝ ပျက်စီးကွယ်ပျောက်သွားခဲ့ပြီ ဖြစ်သည်။

လျှူကွမ်းတစ်ယောက် ရင်ထုမနာ နောင်တရနေမိသည်။

သူ၏စိတ်ထဲတွင် စိမ်းပြာရောင်ဓားလိပ်ပြာထက်ပင် ပိုမိုမြတ်နိုးတန်ဖိုးထားရသော ဤအဖိုးတန်ရတနာကို ယခုနေရာ၌ ဖြုန်းတီးလိုက်ရသဖြင့် အူလှိုက်သည်းလှိုက်ပင် နောင်တရမိတော့သည်။ နောင်တရရုံတင်မကဘဲ နှလုံးသားတစ်ခုလုံး ဆုတ်ဖြဲခံရသကဲ့သို့ အလွန်အမင်း ခံစားရခက်ကာ ဝမ်းနည်းပူဆွေးနေမိသည်။

“ကုယွမ်... မင်း ငါ့ကို လာပြီး လှောင်ပြောင် သရော်မနေနဲ့တော့...”

လျှူကွမ်း၏ မျက်ဝန်းများ ဝေဝေဝါးဝါး ဖြစ်သွားပြီး ကုယွမ်ကို ကြည့်သော သူ၏အကြည့်များတွင် နာကျည်းမှုများနှင့်အတူ မကျေနပ်မှုများပါ ရောယှက်နေခဲ့သည်။

သူ၏ နှုတ်ခမ်းများ တုန်ခါနေပြီးနောက် နောက်ဆုံးတွင်မူ စကားတစ်ခွန်းကို ညှစ်ထုတ်၍ ပြောလိုက်တော့သည်။

“ဒီဝိညာဉ်အစွမ်းတိုက်ပွဲမှာ... ငါ ရှုံးနိမ့်သွားခဲ့ပါပြီ"

ဤစကားကို ပြောလိုက်ပြီးနောက် သူ၏ ခန္ဓာကိုယ်မှ အရှိန်အဝါ၊ ချီစွမ်းအင်နှင့် စိတ်ဝိညာဉ်အားလုံးမှာ တစ်ဟုန်ထိုး ကျဆင်းသွားသည့်အလား ခံစားလိုက်ရသည်။

ရုပ်သေးအသက်စားထိုးကူ ကွယ်ပျောက်သွားရုံတင်မကဘဲ ဤဝိညာဉ်အစွမ်းတိုက်ပွဲတွင်ပါ သူ အရှုံးပေးလိုက်ရပြီ ဖြစ်သည်။

အမှန်တော့ လျှူကွမ်းအနေဖြင့် အရှုံးကို ဝန်မခံချင်သော်လည်း အသေအချာ စဉ်းစားပြီးနောက်တွင်မူ ငြင်းပယ်ရန် လုံးဝ မဝံ့ရဲတော့ပေ။။

သူနှင့် ကုယွမ်သည် အသက်နှင့်သေခြင်းစာချုပ်ကို ကတိသစ္စာပြု လက်မှတ်ရေးထိုးထားကြပြီးဖြစ်ရာ အရှုံးကို ငြင်းဆန်နေပါက ကိုယ့်ကိုကိုယ် နှိပ်စက်သကဲ့သို့သာ ဖြစ်ပေလိမ့်မည်။

ထို့အပြင် ကုယွမ်၏ ပြောင်မြောက်လှသော ဓားသိုင်းပညာနှင့် ဆန်းပြားသော နည်းဗျူဟာများက သူ့ကို တကယ်ပင် အငိုက်မိသွားစေခဲ့သည်။

အကယ်၍ ဓားသိုင်းအတတ်ပညာတစ်ခုတည်းသာ ဆိုပါက သူ့ထံ၌ ရှိသမျှသော နည်းလမ်းပေါင်းစုံဖြင့် ကုယွမ်ကို သာလွန်အောင် တိုက်ခိုက်နိုင်မည်ဟု လျှူကွမ်း ယုံကြည်ချက် ရှိသည်။

သို့သော်ငြားလည်း ကုယွမ်၏ ကူပိုးကောင်နှစ်ကောင်က သူ့ကို အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားစေခဲ့သည်။

စိမ်းပြာရောင်ဓားလိပ်ပြာဖြစ်စေ၊ ငွေရောင်ကျောကုန်းကင်းခြေများဖြစ်စေ နှစ်ကောင်စလုံးမှာ သူကိုယ်တိုင်ပင် အလွန်အမင်း လိုချင်တက်မက်နေရသော ထိပ်တန်းအဆင့် ရှားပါးကူပိုးကောင်များ ဖြစ်ကြပြီး ၎င်းတို့၏ တန်ဖိုးမှာ သူ၏ ရုပ်သေးအသက်စားထိုးကူနှင့် အဆင့်အတန်း တူညီကြသည်။

ရုပ်သေးအသက်စားထိုးကူက အဖိုးတန်သည်မှာ မှန်သော်လည်း ၎င်း၌ ကန့်သတ်ချက်များ ရှိနေကာ အသက်ပြန်ရှင်လာရသည့် လုပ်ငန်းစဉ်မှာလည်း အချိန်ကြာမြင့်လွန်းပြီး အန္တရာယ်များလှသည်။

သို့ဖြစ်ရာ နတ်ဘုရားကူဂိုဏ်းမှ အချို့သော အကြီးအကဲများနှင့် ဂိုဏ်းချုပ်များဆိုလျှင် ရွေးချယ်စရာရှိပါက စိမ်းပြာရောင်ဓားလိပ်ပြာ သို့မဟုတ် ငွေရောင်ကျောကုန်းကင်းခြေများကိုသာ ပိုမိုလိုလားကြပေလိမ့်မည်။

ပြင်ပလူတစ်ဦးမျှသာ ဖြစ်သော ကုယွမ်က နတ်ဘုရားကူဂိုဏ်း၏ စစ်မှန်သောတပည့်ဖြစ်သည့် သူ့ထက်ပင် ပိုမိုသာလွန်၍ ကောင်းမွန်သော ကူပိုးကောင်နှစ်ကောင်ကို မွေးမြူထားနိုင်သည်ကို မြင်လိုက်ရသောအခါမှသာ အစောပိုင်းက သူ သွားရောက်စေ့စပ်ညှိနှိုင်းစဉ်က ကုယွမ်က ဘာကြောင့် ပြတ်ပြတ်သားသား ငြင်းပယ်ခဲ့ကြောင်း လျှူကွမ်းတစ်ယောက် သဘောပေါက်သွားတော့သည်။

ထို့အပြင် လျှူကွမ်း၏ ရွှေခန္ဓာကူ၊ သွေးဆာမိစ္ဆာခြင်ကောင်၊ အနက်ရောင်အဆိပ်ကူနှင့် ရုပ်သေးအသက်စားထိုးကူတို့မှာ လုံးဝ ပျက်စီးခြေမှုန်းခြင်း ခံလိုက်ရပြီဖြစ်ရာ ယခုအချိန်တွင် သူ၏ လက်ဝယ်၌ ကူပိုးကောင် အနည်းငယ်မျှသာ ကျန်ရှိတော့သည်။

အကယ်၍ သူ၏ ကူပိုးကောင်များ ကျန်ရှိနေသေးလျှင်ပင် ကုယွမ်ကို အနိုင်ယူနိုင်လိမ့်မည်ဟု သူ ယုံကြည်ချက် မရှိတော့ချေ။

ထို့ကြောင့် ဝေ့လည်ကြောင်ပတ် လုပ်မနေတော့ဘဲ ပွင့်ပွင့်လင်းလင်းပင် အရှုံးပေးလိုက်ရတော့သည်။

All Chapters