အနီရင့်ရောင် အကြေးခွံများ
Vol. 20 Ch. 221
သူ၏ ညာဘက်လက်မောင်းမှာ လုံးဝ လှုပ်ရှားမရတော့ဘဲ မမြင်နိုင်သော အင်အားတစ်ခု၏ ချုပ်နှောင်ခံလိုက်ရသည်။
“ဝုန်း...”
နတ်ဆိုးအခွံမာ ဂူတစ်ထောင်က ရိုင်းစိုင်းသော ခွန်အားဖြင့် ပြေးဝင်လာကာ လီယွမ်၏ ညာဘက်လက်မောင်းကို ရိုက်ချကာ ခြေမွပစ်သည်။ ရှင်သန်ခြင်းကူက ချက်ချင်းပင် အစွမ်းပြကာ လက်မောင်းသစ်ကို ပြန်လည်ပေါက်ဖွားစေ၏။ သို့သော်လည်း အံ့ဩစရာကောင်းသည်မှာ ထိုလက်သစ်မှာလည်း သစ်သားတုံးကြီးတစ်ခုလို လေးလံနေကာ လှုပ်ရှား၍ မရခဲ့ပေ။ ထိုထူးဆန်းသော တိုက်ခိုက်မှုမှာ ရုပ်ပိုင်းဆိုင်ရာမဟုတ်ဘဲ စိတ်ပိုင်းဆိုင်ရာ စည်းမျဉ်းများမှတစ်ဆင့် ခန္ဓာကိုယ်ကို လာရောက်ချုပ်ကိုင်ထားလေသည်။
“ဂလု... ဂလု...”
ဆက်တိုက်ကျရောက်လာသော ကျိန်စာများကြောင့် ရွှေရောင်ရတနာလေးမှာ ပြဿနာ၏ မြစ်ဖျားခံရာကို ခြေရာခံရန် အခွင့်အရေး ရသွားသည်။ ၎င်းက မှုန်ဝါးဝါး အရပ်မျက်နှာတစ်ခုဆီသို့ ဦးတည်ပြလိုက်၏။
'အဲဒီမှာလား...'
လီယွမ်၏ မျက်လုံးများမှာ မှေးစင်းသွားတော့သည်။ သူသည် ဆက်လက်တိုက်ခိုက်ချင်စိတ် မရှိတော့ဘဲ ထိုအရပ်မျက်နှာဆီသို့ အဟုန်ပြင်းစွာ တိုးဝင်သွားသည်။
“ပေါက်ကွဲစမ်း...”
သွေးပေါက်ကွဲကူ အမြောက်အမြားက မျက်တောင်တစ်ခတ်အတွင်း စုစည်းပေါက်ကွဲသွားတော့သည်။ လီယွမ်မှာ ပို၍ပို၍ ရူးသွပ်လာပြီး ကာကွယ်ရေးကို လုံးဝစွန့်လွှတ်ကာကိုယ့်ကိုယ်ကိုယ်ပင် ပေါက်ကွဲစေပြီး ထိုတုန်ခါမှုကို အရှိန်အဟုန်အဖြစ် အသုံးချကာ လွတ်မြောက်ရန် ကြိုးစားတော့သည်။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး သွေးများဖြင့် ရွှဲရွှဲစိုနေပြီး သွေးစက်များမှာလည်း အဆက်မပြတ် ကျဆင်းနေ၏။ ဤအခြေအနေက ရစ်ပတ်နတ်ဘုရားကူနှင့် အာဏာရှင်နှလုံးသားတို့ကို သူတို့၏ ကန့်သတ်ချက်များကို အကြိမ်ကြိမ် ဖောက်ထွက်စေပြီး စွမ်းအားများကို မြင့်တက်စေခဲ့သည်။ ယခုအခါ တိုက်ပွဲ၏ အစပြုမှုမှာ လီယွမ်၏ လက်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့ချေပြီ။
သူသည် ကျန်းလင်းကို မျှားခေါ်ရန် စိတ်မဝင်စားတော့ဘဲ အမှောင်ထဲတွင် ပုန်းကွယ်ပြီး လှည့်ကွက်များသုံးနေသော ထိုလူကိုသာ အရင်ဆုံး သတ်ပစ်ချင်နေတော့သည်။
“သူက ရူးနေပြီ... သူက လုံးဝကို အရူးပဲ...”
ဈာပနထုံးစံ အသွင်ပြောင်းထားသော ဆူးတောအုပ်မှာ ဧရာမပေါက်ကွဲမှုကြီးကြောင့် မြေလှန်ဖျက်ဆီးခြင်း ခံလိုက်ရပြီး သူမကိုယ်သူမ ကာကွယ်ရန်အတွက်သာ အသည်းအသန် အာရုံစိုက်ထားရသည်။ နတ်ဆိုးအခွံမာ ဂူတစ်ထောင်လည်း ပေါက်ကွဲမှုကြောင့် လမ်းပိတ်သွားခဲ့ရ၏။ သူသည် မြေအောက်ထဲသို့ လျင်မြန်စွာ တိုးဝင်သွားပြီး အမှောင်လိုဏ်ဂူတစ်ခုကို ဖန်တီးကာ လီယွမ်ရှိရာ အရပ်သို့ ဦးတည်လိုက်ပြန်သည်။
နောက်ဆုံးတွင် ဂူတစ်ထောင်က ပေါက်ကွဲမှုဧရိယာ၏ အစွန်းဘက်သို့ အရင်ဆုံး ရောက်ရှိသွားပြီး မြေကြီးထဲမှ ရုတ်တရက် ပေါက်ထွက်လာကာ မြေဆီလွှာများနှင့် ကျောက်တုံးများစွာကိုပါ ယူဆောင်လာပြီး လေထဲမှ မိုးရွာသကဲ့သို့ လီယွမ်ထံသို့ ပစ်လွှတ်လိုက်သည်။
“ဒုန်း... ဒုန်း... ဒုန်း...”
မြေဆီလွှာနှင့် ကျောက်တုံးများစွာက လီယွမ်၏အပေါ်သို့ ကျရောက်လာပြီး ဆွဲငင်အားဗဟိုတစ်ခုအဖြစ် ဖွဲ့စည်းလိုက်ကာ ကျန်ရှိသော ကျောက်တုံးများကိုပါ ဆွဲဆောင်လိုက်သဖြင့် လီယွမ်ကို မြေမြှုပ်ပစ်ရန် ကြိုးစားနေတော့သည်။ သို့သော်လည်း ဥက္ကာခဲတစ်ခုအလား မြင်တွေ့နေရသော ထိုမြေကြီးဘောလုံးကြီးမှာ ခေတ္တမျှသာ တောင့်ခံထားနိုင်ပြီးနောက် သွေးစက်များစွာမှာ အက်ကွဲကြောင်းများကြားမှ ယိုစိမ့်ထွက်ပေါ်လာ၏။
“ဝုန်း...”
ဥက္ကာခဲဘောလုံးကြီးက ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ ပေါက်ကွဲထွက်သွားတော့သည်။ သွေးများဖြင့် ရွှဲရွှဲစိုနေသော လီယွမ်က အဟုန်ပြင်းစွာ တိုးထွက်လာပြီး သူ၏ ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော အရှိန်အဝါများမှာလည်း ပေါက်ကွဲထွက်လာသည်။ သူသည် အကာအကွယ်တောင်တန်း နတ်ဆိုးကြီး၏အပေါ်သို့ ခွစီးလိုက်ပြီး လက်သီးချက်များကို အဆက်မပြတ် ထိုးနှက်လိုက်ရာ တစ်ချက်စီတိုင်းက ကောင်းကင်ဖြစ်စဉ်၏ သွေးနီရောင်စွမ်းအားများ ပါဝင်နေပြီး ချပ်ဝတ်အကြေးခွံများကို အစိတ်စိတ်အမွှာမွှာ ခွဲပစ်နိုင်ခဲ့သည်။
လက်သီးက ရိုက်ချ၏။ လက်သည်းက ဆွဲထုတ်၏။ အသားစိုင်များနှင့် အကြောများကို အရူးတစ်ယောက်လို ဆွဲထုတ်ပစ်သည်။
“အား...”
ဂူတစ်ထောင်က အဆက်မပြတ် အော်ဟစ်ငိုကြွေးနေတော့သည်။
“ငါ့ကို ကယ်ကြပါဦး... ကျန်းလင်း... မင်း ဘာလို့ ဘာမှ မလုပ်သေးတာလဲ၊ ဒီကောင် သူ့ရဲ့ ကန့်သတ်ချက်ကို ရောက်နေပြီလေ... မင်း ဘယ်လောက်အထိ စောင့်နေဦးမှာလဲ...”
“ဟီးဟီး...”
ဂူတစ်ထောင်၏ အော်ဟစ်သံများက ပိုမိုပြင်းထန်လာလေလေ လီယွမ်က ပို၍ စိတ်လှုပ်ရှားလာလေလေပင် ဖြစ်သည်။ အနီရင့်ရောင် သွေးများမှာ နေရာအနှံ့ ပြန့်ကျဲနေပြီး သူသည် အရူးတစ်ယောက်ကဲ့သို့ပင် သင်းခွေချပ်ချပ်ဝတ်ကြားမှ နှလုံးနှင့် အဆုတ်များကို ဆွဲထုတ်ပစ်လိုက်သည်။ ပေါက်ကွဲမှု၏ တုန်ခါမှုများမှာလည်း တဖြည်းဖြည်း ငြိမ်သက်သွားခဲ့ချေပြီ။
ခပ်လှမ်းလှမ်းရှိ ဈာပနထုံးစံမှာလည်း တစ်ဝက်တစ်ပျက် လူသားပုံစံသို့ ပြန်လည်ပြောင်းလဲသွားခဲ့ပြီး သူမ၏ မျက်လုံးများထဲတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေကာ ထိုနေရာတွင်ပင် တုန်တုန်ယင်ယင် ရပ်နေပြီး အနီးသို့ မတိုးရဲတော့ပါချေ။ နတ်ဆိုးမျိုးနွယ်စုမှ လူကြီးမျိုးဆက်များက အမြဲတမ်း အလေးပေး ပြောဆိုလေ့ ရှိကြသည် မဟုတ်ပါလော။ ‘လူသားမျိုးနွယ်စုက ငါတို့ကို နတ်ဆိုးလို့ ခေါ်ကြတယ်... ဒါကြောင့် ငါတို့ကလည်း သူတို့ကို လူသားနတ်ဆိုးလို့ ပြန်ခေါ်ရမယ်... ငါတို့အားလုံးက သဘာဝတရားကနေ မွေးဖွားလာတာပဲ... ဘယ်သူက အစစ်အမှန် နတ်ဆိုးခေါင်းဆောင်လဲ ဆိုတာ ဘယ်သူမှ မသိနိုင်ဘူး’ ဟူ၍ ဖြစ်သည်။
နတ်ဆိုးမျိုးနွယ်စု အကြီးအကဲများ၏ သတိပေးစကားများမှာ ဤအခိုက်အတန့်တွင် အသက်ဝင်လာခဲ့ချေပြီ။
လူသားနတ်ဆိုး..။
ဒါက နတ်ဆိုးအစစ်ပင် ဖြစ်သည်။ ချီလင်ဆိုသော ထိုလူမှာ လုံးဝကို နတ်ဆိုးကြီး တစ်ကောင် ဖြစ်နေတော့၏။
“ဝုန်း...”
နဂါးဟိန်းဟောက်သံတစ်ခုနှင့်အတူ အမှောင်ရောင် ဥက္ကာခဲမိုးများက ကောင်းကင်ယံမှ ကျဆင်းလာပြီး အဆိပ်ဆူးများနှင့် လက်သည်းများကဲ့သို့ လေထဲတွင် တဝီဝီမြည်ဟည်းလျက် လီယွမ်ထံသို့ ဦးတည်လာတော့သည်။
“နောက်ဆုံးတော့ ထွက်လာပြီပေါ့လေ...”
လီယွမ်က ရုတ်တရက် မော့ကြည့်လိုက်သည်။ မီးတောက်များ... အမှောင်နဂါး... အရာအားလုံးက ပြည့်စုံနေခဲ့ပြီ။ ရှောင်ချိုက်ပင်လျှင် ဤအခိုက်အတန့်တွင် ပေါ်ထွက်လာပြီး လွင်ပြင်အစွန်းတွင် ပေါ်လာသော ပုံရိပ်ဆီသို့ စူးစိုက်ကြည့်နေတော့၏။
“မှုတ်ထုတ်လိုက်စမ်း...”
ရှောင်ချိုက်မှာ စမ်းသပ်ချင်စိတ်များ ပြင်းပြနေပြီး လီယွမ်၏ အမိန့်ပေးမှုနှင့်အတူ မီးတောက်အမြောက်အမြားကို မှုတ်ထုတ်လိုက်ရာ ကောင်းကင်ယံရှိ ဥက္ကာခဲမိုးများနှင့် ထိပ်တိုက်တွေ့ဆုံသွားတော့သည်။ တောက်ပလှသော မီးပန်းများက မြူခိုးများကို ဖယ်ရှားပစ်လိုက်ပြီး လွင်ပြင်ကြီးတစ်ခုလုံးကို လင်းထိန်သွားစေခဲ့၏။ အနီရင့်ရောင် အကြေးခွံများမှာ မီးတောက်များကြားမှ ရောက်ရှိလာတော့သည်။
သူသည် အလွန်လျင်မြန်လှပြီး သူ၏ပုံသဏ္ဌာန်မှာ လူသားနှင့် သိပ်မကွာခြားပါချေ။ သူ၏ ခန္ဓာကိုယ်အများစုကို အကြေးခွံများဖြင့် ဖုံးလွှမ်းထားပြီး သူ၏ အရေပြားမှာ အနက်ရောင်ခရမ်းရောင် ဖြစ်ကာ ထူထဲအစွမ်းထက်သော အမြီးတစ်ခုလည်း ပါရှိသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ကျန်းလင်း ရောက်ရှိလာခဲ့ချေပြီ။
လီယွမ်က အစိတ်စိတ်အမွှာမွှာ ဖြစ်နေသော နတ်ဆိုးအခွံမာ ဂူတစ်ထောင်ကို ဆွဲကိုင်လိုက်ပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ သွေးပေါက်ကွဲကူ အမြောက်အမြားကို ထိုးထည့်ကာ ကျန်းလင်းထံသို့ အားကုန်လွှင့်ပစ်လိုက်သည်။
“ကောင်းကင်ဖြစ်စဉ်... သေခြင်း တစ်ရာ အမှောင်ချောက်နက်...”
ကျယ်ပြန့်လှသော ထူးဆန်းသည့် ဖြစ်စဉ်ကြီးတစ်ခု ပေါ်ထွက်လာပြီး အနက်ရောင်ခရမ်းရောင် လွင်ပြင်ကြီးတစ်ခုအဖြစ် ပြောင်းလဲကာ လောကကြီးကို ကျူးကျော်ဝင်ရောက်လာပြီး နတ်ဆိုးအခွံမာ ဂူတစ်ထောင်ကို လွှမ်းခြုံလိုက်တော့၏။
“ပေါက်ကွဲစမ်း...”
လီယွမ်က သွေးပေါက်ကွဲကူများကို အသက်သွင်းလိုက်သည်။ ထူးဆန်းသော အရာတစ်ခု ဖြစ်ပျက်သွားခဲ့ချေပြီ။ သွေးပေါက်ကွဲကူများ ပေါက်ကွဲထွက်သွားသည့် အခိုက်အတန့်တွင် ၎င်းတို့မှာ အနက်ရောင် သေခြင်းချီများအဖြစ် ပြောင်းလဲသွားပြီး ပေါက်ကွဲမှုစွမ်းအားများမှာ ပျောက်ကွယ်သွားတော့၏။
'ဒါက အနီရင့်ရောင် အကြေးခွံ ကောင်းကင်ဖြစ်စဉ်ကြောင့်လား...'
အမှောင်နဂါးမျိုးနွယ်စုသည် သေခြင်းချီများကို မျိုချခြင်းနှင့် အလောင်းများကို စားသောက်ခြင်းအပေါ်တွင် မှီခိုနေကြ၏။ သေခြင်းတရားအပေါ် သူတို့၏ ထိန်းချုပ်မှုမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှသဖြင့် နတ်ဆိုးများကြားရှိ တော်ဝင်မျိုးနွယ်စု အနည်းငယ်ထဲမှ တစ်ခု ဖြစ်နေခြင်းပင်တည်း။ ယခင်ဘုရင် လင်းယွဲ့သည်လည်း အမှောင်နဂါးမျိုးနွယ်စု၏ စွမ်းအားများကို ပေါင်းစပ်ခြင်းဖြင့် သူ၏ချုပ်နှောင်မှုများကို ချိုးဖျက်ကာ အဆင့်ကိုးနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့သည် မဟုတ်ပါလော။
သို့သော် အဆုံးသတ်ကတော့ ကြေကွဲစရာ ကောင်းလှ၏။ သူတို့သည် ညဇီးကွက်ဘုရင်၏ အညှာအတာမဲ့စွာ ချေမှုန်းခံခဲ့ရသည် မဟုတ်ပါလော။ သူ၏ ဦးခေါင်းတစ်ခုတည်းသာ ကျန်ရှိတော့သည့် အခြေအနေတွင် နတ်ဆိုးနယ်မြေသို့ ထွက်ပြေးရန် ကြိုးစားခဲ့သော်လည်း ထူးခြားသော မီးတောက်ကို အလိုရှိနေသော ရှောင်ချိုက်၏ ပစ်မှတ်ထားခံခဲ့ရပြီး နောက်ဆုံးတွင်တော့ ကြေကွဲဖွယ်ရာ အဆုံးသတ်နှင့် မလွတ်ကင်းနိုင်ခဲ့ပါချေ။
သူ အများကြီး တွေးတောလို့ မပြီးသေးမီမှာပင် ကျန်းလင်းက တိုက်ခိုက်လာခဲ့ချေပြီ။ အစွမ်းထက်လှသော သေခြင်းချီ အငွေ့အသက်များက သူ့ကို ဝန်းရံထားသဖြင့် သူသည် လုံးဝအနိုင်မရနိုင်သော အခြေအနေတွင် ရှိနေသကဲ့သို့ပင်။ လီယွမ်က စမ်းသပ်သည့်အနေဖြင့် လက်သီးတစ်ချက် ထိုးချလိုက်သည်။
သူ၏ စွမ်းအားများမှာ သေခြင်းချီများကြောင့် လုံးဝ အရည်ပျော်သွားခဲ့ပြီး ဂွမ်းစိုင်ကို ထိုးလိုက်ရသကဲ့သို့ပင် ဖြစ်နေတော့၏။ သို့သော် ထိုသေခြင်းချီများမှာ မျှော့တစ်ကောင်ကဲ့သို့ပင် သူ၏အရိုးများတွင် ကပ်တွယ်သွားပြီး ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် ငတ်မွတ်နေသော တစ္ဆေများအလား သူ၏ ခန္ဓာကိုယ်အနှံ့ ယှက်ဖြာသွားကာ အဆုံးမရှိသော ငရဲပြည်ထဲသို့ ဆွဲသွင်းရန် ကြိုးစားနေတော့သည်။
ပို၍ဆိုးရွားသည်မှာ ထူးဆန်းသော ဝှစ်ခနဲ အသံက နောက်တစ်ကြိမ် ထွက်ပေါ်လာပြန်ခြင်းပင်။ ချက်ချင်းဆိုသလိုပင် လီယွမ်၏ ဘယ်ဘက်လက်မောင်းမှာလည်း စတင်နာကျင်လာပြီး အာရုံခံစားမှုများ ပျောက်ကွယ်ကာ လှုပ်ရှား၍ မရတော့ပါချေ။ လက်မောင်းနှစ်ဖက်စလုံးမှာ လှည့်ကွက်တစ်ခုကြောင့် ပိတ်ဆို့ခံလိုက်ရလေပြီ။ ၎င်းက သူ၏ တိုက်ခိုက်ရေးစွမ်းအားကိုက အကြီးအကျယ် ကျဆင်းသွားစေခဲ့၏။
“မင်းဆီမှာ တကယ်ပဲ ဒီလောက်လေးပဲ ပညာရှိတာလား...”
ကျန်းလင်းက ပထမဆုံးအကြိမ် စကားပြောလိုက်သည်။ သူ၏ မျက်နှာပေါ်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ရှိနေသော်လည်း တိုက်ခိုက်မှုများကတော့ လုံးဝ မရပ်တန့်သွားဘဲ လီယွမ်အား အသက်ရှူချိန်ပင် မပေးပါချေ။
လီယွမ်က လှောင်ပြုံးပြုံးလိုက်၏။
“ဝူမေ့... ငါ့ရဲ့ လက်မောင်းတွေကို မင်းပဲ ထိန်းချုပ်လိုက်တော့...”
“ချွီ... ချွီ...”
လီယွမ်သည် သူ၏ လက်မောင်းများအပေါ် ထိန်းချုပ်မှု ဆုံးရှုံးသွားခဲ့သော်လည်း ဝူမေ့ကတော့ ပင့်ကူမျှင်များဖြင့် အတင်းအကြပ် ပြန်လည်ချုပ်လုပ်ပေးနိုင်စွမ်း ရှိသည်။ ထို့အပြင် သူနှင့် ဝူမေ့တို့ကြားရှိ တိတ်တဆိတ် နားလည်မှုများကြောင့် သူသည် ထိုလက်မောင်းများကို သူ၏ကိုယ်ပိုင်အလား ဆက်လက် အသုံးပြုနိုင်သေးသည် မဟုတ်ပါလော။ ကွာခြားချက်ကတော့ ၎င်းက ဝူမေ့၏ စွမ်းအင်အများစုကို ကုန်ခမ်းစေမည်ပင် ဖြစ်သည်။
ကျန်းလင်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားတော့၏။
“ဒါက ကူလမ်းစဉ်ရဲ့ ပါရမီရှင်လား... စိတ်ဝင်စားစရာပဲ... ငါ မြင်ဖူးသွားပြီ... ဒါပေမဲ့ ကံမကောင်းတာက... အသာစီးရနေတာက ငါပဲလေ...”
လီယွမ်သည် အဆက်မပြတ် အားနည်းလာခဲ့ချေပြီ။ အဆုံးမရှိသော သေခြင်းချီများနှင့် ရင်ဆိုင်ရသည့်အခါ သွေးချီများအပေါ်တွင်သာ မှီခိုပြီး တောင့်ခံထားရန်မှာ ပို၍ပို၍ ခက်ခဲလာတော့သည်။ ကျန်းလင်း၏ ကောင်းကင်ဖြစ်စဉ် ထိန်းချုပ်မှုမှာ နတ်ဆိုးအခွံမာ ဂူတစ်ထောင်နှင့် ဆူးဈာပနထုံးစံထက်များစွာ သာလွန်နေပြီး ဒုတိယအဆင့်သို့ ရောက်ရှိကာ လျှို့ဝှက်နည်းစနစ်တစ်ခုကိုပါ နားလည်သဘောပေါက်ထားပုံ ရသည်။
ပို၍ အရေးကြီးသည်မှာ ကျန်းလင်းထံမှ ထွက်ပေါ်နေသော နတ်ဆိုးအငွေ့အသက်မှာ အလွန်ပြင်းထန်လှပြီး ဂူတစ်ထောင်နှင့် ယီကျန်းတို့ထက်များစွာ သာလွန်နေခြင်းပင် ဖြစ်၏။ ဤသည်မှာလည်း အခြားတစ်ဖက်က နတ်ဆိုးကိုးပါး၏ ခေါင်းဆောင်နေရာကို ခိုင်မာစွာ ဆုပ်ကိုင်ထားနိုင်သည့် အကြောင်းရင်းပင် ဖြစ်ပေလိမ့်မည်။ တိုက်ပွဲ၏ ဤအခြေအနေတွင် လီယွမ်အနေဖြင့် အနိုင်ရရန် အခွင့်အရေး ရှိစေရန်အတွက် နောက်ထပ် အရန်အစီအစဉ်များစွာ ထုတ်သုံးရမည်ဖြစ်ကြောင်း သဘောပေါက်လိုက်သည်။
“ဝီ...”
ဓားမြည်သံက ဟိန်းဟောက်သွားပြီး ဆီးနှင်းပွင့်များ ကျဆင်းလာတော့သည်။ ဓားနတ်သမီး ရောက်ရှိလာခဲ့ချေပြီ။ လီယွမ်သည် ကောင်းကင်ဖြစ်စဉ်နှစ်ခုကို အသက်မသွင်းသေးပါချေ။ ဤအခြေအနေမျိုးတွင် ဓားနတ်သမီး လှုပ်ရှားခြင်းကသာ ပို၍ ဘေးကင်းစေမည်ဖြစ်ပြီး အနည်းဆုံးတော့ ထွက်ပေါက်တစ်ခု ရှိနေဦးမည် ။ အကယ်၍ ကောင်းကင်ဖြစ်စဉ်နှစ်ခုကို ထုတ်ဖော်ပြသလိုက်ပြီးနောက် ရန်သူအားလုံးကို နှုတ်ပိတ်မသတ်နိုင်ခဲ့ပါက ၎င်းမှာ အဆုံးမရှိသော ဒုက္ခများကို ယူဆောင်လာပေးလိမ့်မည်လေ။
“ဓားနတ်သမီး... သူ့ကို တားထားလိုက်... ငါကတော့ ဒီပြဿနာရဲ့ မြစ်ဖျားကိုသွားရှာလိုက်ဦးမယ်...”