အခန်း ၁၇၆
Vol. 18 Ch. 176
အခန်း (၁၇၆)
သစ္စာစောင့်သိမှု ပြသခြင်း
တိတ်ဆိတ်ငြိမ်သက်နေသော ရှောက်တောင်ထက်တွင် ဟင်းလင်းပြင်သည် ရုတ်တရက် လှုပ်ခတ်သွားပြီး ချပ်ဝတ်တန်ဆာ ဆင်မြန်းကာ ထက်မြက်သော လက်နက်များကို ကိုင်ဆောင်ထားကြသည့် စစ်သည်တို့သည် သိပ်သည်းစွာ ပေါ်ထွက်လာခဲ့ကြသည်။ သူတို့၏ မြင့်မားထွားကျိုင်းသော ခန္ဓာကိုယ်အချိုးအစားနှင့်အတူ ကောင်းကင်ထိတိုင်အောင် ထွက်ပေါ်နေသော လူသတ်ငွေ့အရှိန်အဝါတို့က ဤစစ်တပ်သည် အလွန်အမင်း အင်အားတောင့်တင်းသော စစ်တပ်ကြီးတစ်တပ် ဖြစ်ကြောင်း ထင်ရှားစွာ သက်သေပြနေခဲ့သည်။
တောက်ပြောင်သော ချပ်ဝတ်တန်ဆာကို ဆင်မြန်းကာ အတောင်ပံပုံစံ သံခမောက်ကို ဆောင်းထားပြီး စစ်မြင်းကို စီးနင်းထားသည့် ထွားကျိုင်းပုပြတ်သော လူငယ်တစ်ဦးသည် ရှောက်တောင်တစ်ခွင်ကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး သူ၏မျက်ခုံးအစုံမှာ အနည်းငယ် တွန့်ချိုးသွားခဲ့သည်။ ရှောက်တောင်သည် အလွန်သေးငယ်လွန်းလှသဖြင့် စစ်သည်ငါးသောင်း (၅၀,၀၀၀) ကို ဝှက်ထားရန်မှာ အလွန်ခက်ခဲလှပေသည်။ ထို့အပြင် ပတ်ဝန်းကျင်အနီးအနား၌ အရပ်သားများ နေထိုင်ကြသဖြင့် စစ်တပ်၏ အရိပ်အယောင်များ ပေါ်ပေါက်သွားနိုင်သည့် စိုးရိမ်ရမှုက ပိုမိုမြင့်မားနေခဲ့သည်။
ယွဲ့ကျင်သည် သူ၏စစ်မြင်းနံဘေးကို ဖွဖွလေး တို့လိုက်ရာ စစ်မြင်းသည် အရှေ့သို့ ဖြည်းညှင်းစွာ လှမ်းချီသွားခဲ့ပြီး သူ၏လက်ညှိုးက အရပ်သားများ၏ အိမ်ခြေအချို့ရှိရာဘက်သို့ ညွှန်ပြလိုက်၏။
"ကင်းထောက်တပ်ဖွဲ့... ငါ့အမိန့်ကိုနာခံစမ်း။ ရှောက်တောင် ပတ်ပတ်လည်မှာရှိတဲ့ လူတွေအားလုံးကို ရှင်းလင်းပစ်လိုက်။ ဘယ်သူ့ကိုမှ အသက်ရှင်ခွင့်မပေးနဲ့။"
"အမိန့်အတိုင်းပါ။"
စစ်သူကြီးတစ်ဦးနှင့် စစ်သေနာပတိတစ်ဦးအနေဖြင့် ယွဲ့ကျင်သည် သူ၏ရင်ထဲ၌ အကျိုးနှင့် အပြစ်ကို ချိန်ဆတွက်ချက်နေခဲ့သည်။ သူ၏စိတ်ထဲတွင် ပတ်ဝန်းကျင်ရှိ သာမန်အရပ်သားများ၏ အသက်အိုးအိမ်စည်းစိမ်သည် စစ်တပ်၏ တည်နေရာ ပေါ်သွားနိုင်သည့် စိုးရိမ်ရမှုနှင့် ယှဉ်လျှင် ဘာမှမဟုတ်ချေ။
သို့သော်လည်း ပတ်ဝန်းကျင်ရှိ သာမန်အရပ်သားများအတွက်မူ ဤအရာသည် မိုးကြိုးမုန်တိုင်းကဲ့သို့ ရုတ်တရက် ကျရောက်လာသော ဘေးဒုက္ခဆိုးကြီးပင် ဖြစ်တော့သည်။ သူတို့သည် မည်သည့်အမှားကိုမျှ ပြုလုပ်ခဲ့ခြင်း မရှိပါဘဲလျက်နှင့် အကြောင်းရင်းမရှိဘဲ သူတို့၏ အသက်များကို စတေးလိုက်ရပေတော့မည်...။
ရှောက်တောင်ထက်မှ ပြင်းထန်လှသော လူသတ်ငွေ့အရှိန်အဝါများနှင့် ဆန့်ကျင်ဘက်ဖြစ်စွာ ဘုရင်ခံအိမ်တော်အတွင်း၌မူ စားပွဲထက်တွင် ရှားပါးလှသော အရသာရှိသည့် အစားအစာများနှင့်အတူ လှပချောမောသော ကချေသည်မလေးများက နွဲ့နှောင်းစွာ ကပြဖျော်ဖြေနေကြသည့် တည်ခင်းဧည့်ခံပွဲကြီးတစ်ခု ပြုလုပ်နေခဲ့သည်။ ဝမ်ကျင်းသည် ရှောက်တောင်သို့ သွားရာပြန်ရာလမ်းခရီးမှ ပင်ပန်းနွမ်းနယ်မှုများကို ပြေပျောက်စေရန် စပျစ်ဝိုင်မြိန်ရည်ယှက်ရည်ကို တစ်ငုံချင်းစီ သောက်သုံးရင်း၊ ကချေသည်မလေးများ၏ အကအလှကို မျက်မှောင်ကြုတ်ကျဉ်းမြောင်းကာ စိတ်ကျေနပ်မှုအပြည့်ဖြင့် ခံစားကြည့်ရှုနေခဲ့သည်။
စားပွဲဝိုင်းကြီး၏ ပတ်ပတ်လည်တွင် ကျိမိသားစုမှ သားအဖနှစ်ဦးဖြစ်ကြသော ကျိကျုန်းနှင့် ကျိဟွမ်၊ လူမိသားစုမှ သားအဖနှစ်ဦးဖြစ်ကြသော လူရှီနှင့် လူယိ၊ ထို့ပြင် ဧည့်ခံပွဲသို့ တစ်ဦးတည်း လာရောက်ခဲ့သော စွန်းစုတို့ ထိုင်နေကြသည်။ သူတို့၏ အကြည့်ချင်းသည် ခဏမျှ ဆုံစည်းသွားခဲ့ကြပြီး စကားလုံးမဆိုသော်လည်း အရာအားလုံးကို နားလည်နေကြသည်။ မည်သူမျှ အရင်ဆုံး စတင်စကားပြောရန် သို့မဟုတ် မဆင်မခြင် လှုပ်ရှားရန် မဝံ့ရဲကြဘဲ ဝမ်ကျင်း၏ မျက်နှာအမူအရာကိုသာ အစဉ်တစိုက် အကဲခတ်နေကြ၏။ ဝမ်ကျင်းသည် သီချင်းနှင့် အကအလှများထဲတွင် နစ်မျောနေသည်ကို မြင်ရသဖြင့် သူတို့သည် မနှောင့်ယှက်ဝံ့ကြဘဲ ဝမ်ကျင်းသည် သူတို့အား မည်သည့်အကြောင်းကြောင့် ဆင့်ခေါ်ခဲ့သနည်းဟူသည်ကိုသာ ရင်ထဲ၌ အမျိုးမျိုး ခန့်မှန်းတွေးတောနေကြသည်။
သီချင်းနှင့် အကနှစ်ပုဒ် ပြီးဆုံးသွားပြီးနောက် ဝမ်ကျင်း၏ အနား၌ လိုက်ပါအသုံးတော်ခံနေသော စီမာယီသည် ထရပ်ကာ ဝမ်ကျင်းအတွက် ဝိုင်တစ်ခွက် ငှဲ့ပေးလိုက်သည်။ အပြင်ပန်းအားဖြင့် ဝမ်ကျင်း၏ ဖျော်ဖြေမှုကို ကြည့်ရှုခံစားနေခြင်းကို နှောင့်ယှက်လိုက်သကဲ့သို့ ရှိသော်လည်း အမှန်စင်စစ်တွင်မူ သူသည် အခြားသူများ မမြင်နိုင်သော ထောင့်ချိုးတစ်ခုမှနေ၍ ဝမ်ကျင်းအား မျက်စိတစ်ချက် မှိတ်ပြလိုက်ခြင်း ဖြစ်သည်။ ဝမ်ကျင်းသည် စီမာယီ ငှဲ့ပေးထားသော ဝိုင်ခွက်ကို မြှောက်ကိုင်လိုက်ပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရှုလိုက်၏။ စားပွဲဝိုင်းရှိ လူတိုင်းသည် ချက်ချင်းပင် သူတို့၏ ကျောပြင်ကို မတ်လိုက်ကြပြီး ဝမ်ကျင်း စကားပြောမည်ကို အာရုံစိုက်ကာ စောင့်ဆိုင်းနေကြတော့သည်။
ဤအရာသည် အာဏာ၏ ဆွဲဆောင်မှုပင် ဖြစ်သည်၊ အာဏာရှိနေပါက တည်ခင်းဧည့်ခံပွဲ၌ မည်သည့်စကားမျှ မပြောဘဲ မည်သည့်အရာမျှ မလုပ်ဆောင်လျှင်ပင် လူတိုင်းက သင်၏ လှုပ်ရှားမှုတိုင်းကို အလေးထား ဂရုစိုက်ကြပေလိမ့်မည်။
"လူကြီးမင်းတို့... ဝူချုံယွန်းက စစ်သည်ဗိုလ်ပါတွေကို လှုပ်ရှားစေပြီး ပြည်နယ်မြို့တော်ဆီ တိုက်ရိုက် ဦးတည်ချီတက်လာနေပြီ။ သူ့ရဲ့ လှုပ်ရှားမှုက ပုန်ကန်ခြားနားတာကလွဲလို့ တခြားမရှိဘူး။"
"တကယ်ကို ရယ်စရာကောင်းပြီး ဝမ်းနည်းစရာ ကောင်းလှတယ်။ ဒီလိုမျိုး ရာဇဝတ်ဘေးကို ကျူးလွန်ဝံ့တဲ့ အာဏာလောဘဇော တက်နေတဲ့သူတစ်ယောက်က ဖူယန်စီရင်စုရဲ့ စီရင်စုနယ်စားအဖြစ်နဲ့ ဒီလောက်နှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခွင့် ရခဲ့တယ်ဆိုတာ။"
ဝမ်ကျင်း၏ သရော်တော်နှင့် လျှို့ဝှက်ဆန်းကြယ်လှသော စကားလုံးများကြောင့် လူရှီနှင့် သူ၏သား၊ ထို့ပြင် စွန်းစုတို့သည် လန့်ဖျတ်ကာ အလျင်အမြန်ပင် မတ်တတ်ထရပ်လိုက်ကြပြီး သူတို့၏မျက်နှာတွင် အလွန်အမင်း ကြောက်ရွံ့တုန်လှုပ်မှုများ ထင်ဟပ်နေခဲ့သည်။ အကြောင်းမူကား ဝူချုံယွန်း ဤရာထူးနေရာသို့ ရောက်ရှိလာရန်အတွက် သူတို့မိသားစုနှစ်စုက များစွာ ထောက်ပံ့ကူညီပေးခဲ့ဖူးသောကြောင့် ဖြစ်၏။ သို့သော်လည်း ကျိကျုန်းနှင့် သူ၏သားကမူ ဟန်ပြသဘောမျိုးသာ မတ်တတ်ထရပ်လိုက်ကြသည်။
သူတို့၏ ကျိမိသားစုသည် စွန်းမိသားစု၊ လူမိသားစုတို့နှင့် မတူညီပေ။ ဝူချုံယွန်းသည် သူတို့၏ ကျိမိသားစုနှင့် ပတ်သက်ဆက်နွှယ်မှု အလွန်နည်းပါးလှသည်။ ဝူချုံယွန်းသည် မဟာမိသားစုကြီးငါးစုကို ဦးဆောင်သည့် ကျိုးမိသားစု၏ ထောက်ပံ့မွေးမြူခြင်းကို အမြဲတစေ ခံခဲ့ရသူ ဖြစ်သည်။ သူတို့၏ ကျိမိသားစုသည် ဝူချုံယွန်းနှင့် ရင်းနှီးမှုမရှိခဲ့ချေ။ မဟုတ်ပါက ဝမ်ကျင်း မရောက်လာခင်က လက်ထပ်ထိမ်းမြားခြင်းဖြင့် မဟာမိတ်ဖွဲ့ရန် ကြိုးစားစရာ အကြောင်းမရှိပေ။ သူတို့ ရင်းနှီးမှုမရှိသောကြောင့်သာ ဤလက်ထပ်ထိမ်းမြားမှုဖြင့် ဆက်ဆံရေးကို တံတားခင်းရန် လိုအပ်ခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း မထင်မှတ်ဘဲ ဝမ်ကျင်းက ကြားဖြတ်ဝင်ရောက်လာပြီး ကျိဝမ်ကို လူယူသွားခဲ့သည်။ အမှန်စင်စစ်တွင်မူ 'လူယူသည်' ဟု ပြောခြင်းက သိပ်မမှန်ကန်လှချေ။ ကျိဝမ်ကိုယ်တိုင်ကပင် ဝမ်ကျင်း၏ ရင်ခွင်ထဲသို့ တိုးဝင်လိုနေခဲ့ခြင်း ဖြစ်သည်။
နောင်တတရားများဖြင့် ပြည့်နှက်နေဟန်ရှိသော ထိုလူအုပ်စုကို ကြည့်ရင်း ဝမ်ကျင်းက ခေါင်းကို အနည်းငယ် ခါယမ်းလိုက်ပြီး သူတို့ဆီသို့ လက်ညှိုးညွှန်လိုက်၏။
"ငါ့အနေနဲ့ မင်းတို့ကို အပြစ်တင်စကားတွေ အများကြီး မပြောချင်တော့ပါဘူး။ မင်းတို့အားလုံး ဒီနေ့ ဒီနေရာကို ရောက်နေကြတာကပဲ နန်းတော်အဖွဲ့အစည်းနဲ့ ဤအရာရှိအပေါ်မှာ ထားရှိတဲ့ မင်းတို့ရဲ့ သစ္စာတရားကို သက်သေပြနေတာပဲ။"
"အခု ပုန်ကန်သူတွေရဲ့ စစ်တပ်က ချဉ်းကပ်လာနေပြီဆိုတော့ မင်းတို့အားလုံး ဘာလုပ်သင့်တယ်လို့ ထင်ကြလဲ? ငါတို့ ယွဲ့ပြည်နယ်ကြီး စစ်မီးတောက်တွေကြားထဲမှာ မပျက်စီးမပြိုကွဲရအောင် ဒီပုန်ကန်မှုကို ဘယ်လိုမျိုး နှိမ်နင်းကြမလဲ?"
ဝမ်ကျင်း၏ မေးခွန်းကို ကြားရသောအခါ သူတို့အားလုံးသည် ဉာဏ်ထက်မြက်သူများ ဖြစ်ကြသော်လည်း ဤအချိန်တွင် မည်သို့ ပြန်လည်ဖြေကြားရမည်ကို ခေတ္တမျှ ဝေခွဲမရ ဖြစ်သွားကြသည်။ ဝမ်ကျင်းသည် သူတို့၏ သစ္စာရှိမှုကို စမ်းသပ်နေခြင်းဖြစ်ကြောင်း ခန့်မှန်းနိုင်ကြသော်လည်း ဤအခိုက်အတန့်တွင် မည်သို့သော နည်းလမ်းဖြင့် သစ္စာတရားကို သက်သေပြရမည်ကို မသိရှိကြချေ။ ဝမ်ကျင်း၏ ဘေးကင်းလုံခြုံမှုမှာ သူတို့ စိုးရိမ်စရာမလိုသော ကိစ္စတစ်ခုဖြစ်ကြောင်း သူတို့အားလုံး တညီတညွတ်တည်း သဘောပေါက်ထားကြသည်။
အကယ်၍ ဝမ်ကျင်းသည် ဝူချုံယွန်းကို ပုန်ကန်ရန် အတင်းအကျပ် တွန်းအားပေးနိုင်ခဲ့သည် သို့မဟုတ် ခွင့်ပြုခဲ့သည်ဆိုပါက သူ့တွင် ဧကန်မုချ တုံ့ပြန်မည့် အစီအစဉ်များ ရှိနေပြီးသား ဖြစ်ပေလိမ့်မည်။ အကယ်၍ အခြေအနေများ ဆိုးရွားသွားပြီး သူတို့အား မတားဆီးနိုင်ခဲ့လျှင်ပင် ဝမ်ကျင်းအတွက် မြို့ကို စွန့်ခွာထွက်ပြေးရန်မှာ အလွန်လွယ်ကူလှပေသည်။ နေမင်းကိုးပါးနန်းတော် ပျက်စီးသွားခဲ့ပြီဖြစ်ရာ ဝူချုံယွန်း၏ ဘက်တွင် ဝမ်ကျင်းနှင့် သူ၏လက်အောက်ရှိ ထိပ်တန်းပညာရှင် အများအပြားကို တားဆီးနိုင်လောက်သည့် အဆင့်မြင့် တိုက်ခိုက်ရေးစွမ်းအား မရှိတော့ချေ။
လေထုသည် အနည်းငယ် တိတ်ဆိတ်အေးခဲနေသည်ကို မြင်သောအခါ ကျိကျုန်းက အရင်ဆုံး စတင်၍ စကားဆိုလိုက်၏။
"သခင်ကြီး။ အဲဒီလူယုတ်မာက တကယ်ကို ရဲတင်းလွန်းပါတယ်၊ စစ်သည်တွေကို ဦးဆောင်ပြီး ပုန်ကန်ဝံ့တယ်ပေါ့။ ကျွန်တော်တို့ ပြည်နယ်မြို့တော်မှာ လက်ရှိ စစ်အင်အား နည်းပါးနေပါတယ်။ ပြည်နယ်မြို့တော်ရဲ့ ဘေးကင်းလုံခြုံမှုကို အာမခံနိုင်ဖို့အတွက် ကျွန်တော့်ရဲ့ ကျိမိသားစုဟာ သခင်ကြီးနဲ့ ပြည်နယ်မြို့တော်ကို ကာကွယ်စောင့်ရှောက်ဖို့ မိသားစုတပည့်တွေနဲ့ အိမ်တွင်းကိုယ်ရံတော်တွေကို စေလွှတ်ပေးဖို့ အသင့်ရှိပါတယ်။"
ဤကဲ့သို့သော အချိန်မျိုးတွင် အခြားအရာများ ပြောဆိုခြင်းက မှားယွင်းသွားနိုင်သော်လည်း သစ္စာရှိမှုကို ဖော်ပြခြင်းကမူ လုံးဝ မှန်ကန်လှပေသည်။ လူရှီနှင့် စွန်းစုတို့သည် အကြည့်ချင်းပင် မဖလှယ်ကြတော့ဘဲ သဘောတူညီမှုတစ်ခုအလား အရှေ့သို့ တစ်လှမ်း တိုးလာခဲ့ကြပြီး သူတို့လည်း ထိုနည်းတူစွာ ပြုလုပ်မည်ဖြစ်ကြောင်း အသိပေးလိုက်ကြသည်။ သို့သော်လည်း သူတို့၏ တုံ့ပြန်မှုသည် အနည်းငယ် နှောင့်နှေးသွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူတို့သည် ကျိမိသားစုထက် တူညီသော သို့မဟုတ် ပိုမိုများပြားသော ရင်းမြစ်များကို ပေးအပ်ခဲ့လျှင်ပင် ထပ်တူကျသော ရလဒ်ကို ရရှိရန် ခက်ခဲလိမ့်မည် ဖြစ်၏။ အကြောင်းမူကား သစ္စာရှိမှုကို ပြသရာတွင် အရင်ဆုံး လှုပ်ရှားသူကသာ အကျိုးကျေးဇူးကို ပိုမိုရရှိနိုင်သောကြောင့် ဖြစ်သည်။
ဝမ်ကျင်းသည် လူတိုင်း၏ တုံ့ပြန်မှုကို အတော်ပင် စိတ်ကျေနပ်သွားခဲ့သည်။ အနည်းဆုံးတော့ ဝူချုံယွန်း၏ စစ်တပ်ကြီး ချဉ်းကပ်လာသည်ကို မြင်ရသောအခါ မည်သူမျှ ထိတ်လန့်တုန်လှုပ်ခြင်း မရှိကြသလို၊ သစ္စာဖောက်ရန်ပင် မတွေးဝံ့ကြချေ။ သို့သော်လည်း ဝမ်ကျင်း အလိုရှိသည်မှာ လူအင်အား သက်သက်သာ မဟုတ်ချေ။
မတ်တတ်ထရပ်လိုက်ပြီးနောက် ဝမ်ကျင်းသည် ထိုလူအုပ်စုထံသို့ လျှောက်လှမ်းသွားခဲ့ပြီး သူတို့အား အနည်းငယ် ဦးညွှတ် အလေးပြုလိုက်၏။
"ဤအရာရှိက နန်းတော်အဖွဲ့အစည်းနဲ့ ပြည်နယ်အတွင်းရှိ ပြည်သူလူထုတွေကို ကိုယ်စားပြုပြီး မင်းတို့ရဲ့ ကူညီပံ့ပိုးမှုတွေအတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။"
"သခင်ကြီး... ချီးကျူးလွန်းနေပါပြီ၊ ကျွန်တော်တို့ဟာ ပြည်နယ်မြို့တော်ရဲ့ အောက်မှာရှိတဲ့ မိသားစုကြီးတွေ ဖြစ်ကြပြီး၊ သခင်ကြီးရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတာမို့ ပြည်နယ်မြို့တော်ကြီး ပုန်ကန်သူတွေရဲ့ လက်ထဲ မကျရောက်စေဖို့အတွက် တာဝန်ထမ်းဆောင်ရမှာ ကျွန်တော်တို့ရဲ့ ဝတ္တရားပဲ ဖြစ်ပါတယ်။"
ထိုလူအုပ်စုသည် ဝမ်ကျင်းအပေါ် သူတို့၏ ထောက်ခံမှုကို ထပ်မံပြသရန် အခွင့်အရေးကို ချက်ချင်းပင် အရယူလိုက်ကြသည်။ သူတို့၏ တုံ့ပြန်မှုများကို ကြည့်ရင်း ဝမ်ကျင်းသည် သူတို့အား ပိုမို၍ တွန်းအားပေးရန် ဆုံးဖြတ်လိုက်၏။
"အမှန်တော့ ငါက ပြည်နယ်မြို့တော်ရဲ့ အစောင့်တပ်တွေကို တခြားနေရာ ရွှေ့ပြောင်းလိုက်တာက အကြောင်းရင်း ရှိပါတယ်။"
ဝမ်ကျင်း ဤသို့ ပြောလိုက်သည်ကို ကြားသောအခါ လူတိုင်းသည် နားစွင့်လိုက်ကြပြီး၊ အထူးသဖြင့် ကျိမိသားစုမှ သားအဖနှစ်ဦးမှာ ပို၍ စိတ်ဝင်စားသွားခဲ့ကြသည်။ သူတို့သည် ကျယ်ပြောလှသော ယွဲ့ပြည်နယ်အတွင်း၌ သူတို့၏ ကျိမိသားစုမှာ အဆက်အသွယ် အလွန်များပြားပြီး သတင်းအချက်အလက် အလွန်နှံ့စပ်သည်ဟု မှတ်ယူထားကြသူများ ဖြစ်သည်။ သို့သော်လည်း ချန်ကန်းသည် သူ၏စစ်တပ်ကို ဦးဆောင်၍ တောင်ပိုင်းသို့ ဆုတ်ခွာသွားကတည်းက သူတို့သည် ဝမ်ကျင်း၏ လျှို့ဝှက်ဖဲချပ်ကို မည်သို့မျှ ရှာဖွေနိုင်ခြင်း မရှိခဲ့ကြချေ။ ယခုအခါ ဝမ်ကျင်းက ၎င်းကို ထုတ်ဖော်ပြောပြတော့မည် ဖြစ်ရာ ကျိမိသားစု သားအဖနှစ်ဦးသည် သဘာဝကျစွာပင် အလွန်အမင်း စူးစမ်းလိုစိတ် ပြင်းပြနေခဲ့ကြသည်။
"ဤအရာရှိက ဖုန်းမင်ချိုင့်ဝှမ်းမှာ လျှို့ဝှက်စစ်တပ်တစ်ခုကို ကြိုတင်ပြင်ဆင် နေရာချထားပြီးသား ဖြစ်တယ်။ အချိန်အခါ သင့်မြတ်လာတာနဲ့အမျှ အဲဒီပုန်ကန်သူ ဝူချုံယွန်းကို ပြင်းထန်တဲ့ ထိုးနှက်ချက်တစ်ခု ပေးစွမ်းနိုင်လိမ့်မယ်။"
"ငါ့ရဲ့ လျှို့ဝှက်စစ်တပ်က ဝူချုံယွန်းကို မတားဆီးနိုင်ခဲ့ရင်တောင်မှ ပြည်နယ်မြို့တော်ဆီ ပြန်လည်ဆုတ်ခွာပြီး ကျိန်းအူမြို့ရဲ့ ကာကွယ်ရေးတပ်တွေ စစ်ကူအဖြစ် ပြန်ရောက်လာမယ့်အချိန်အထိ စောင့်ဆိုင်းဖို့ လုံလောက်ပါတယ်။"
သူ၏ စကားလုံးများထဲတွင် ဝမ်ကျင်းသည် ယုံကြည်မှုများ အပြည့်ရှိနေပြီး လျှို့ဝှက်ချက်များကို မထိန်းသိမ်းနိုင်ဘဲ ကြွားဝါတတ်သော လူငယ်တစ်ဦး၏ အမူအရာမျိုးကို ဖော်ပြနေခဲ့သည်။
ဝမ်ကျင်း၏ စကားကို ကြားရသောအခါ ထိုလူစု၏ မျက်နှာအမူအရာများသည် အမျိုးမျိုး ပြောင်းလဲသွားခဲ့ပြီး အချို့မှာ ဇဝေဇဝါ ဖြစ်နေကြကာ အချို့မှာမူ အံ့အားသင့်နေကြသည်။ ဖုန်းမင်ချိုင့်ဝှမ်းသည် ဖူယန်စီရင်စုမှ ပြည်နယ်မြို့တော်သို့ လာရာလမ်းတွင် တစ်ခုတည်းသော ဖြတ်သန်းရမည့် လမ်းကြောင်း ဖြစ်ပေသည်။ သာမန်လူများနှင့် ကုန်သည်မိတ်ဆွေများသည် အခြားလမ်းများမှ ပတ်သွားနိုင်သော်လည်း စစ်တပ်ကြီးတစ်ခုအတွက်မူ ဤလမ်းကြောင်းမှလွဲ၍ အခြားရွေးချယ်စရာ မရှိချေ။
သို့သော်လည်း ဤအရာသည် အမှန်စင်စစ်တွင် အခြားသော ထောင်ချောက်တစ်ခုမျှသာ ဖြစ်သည်။ ဤသတင်းအမှားသည် ဤမဟာမိသားစုသုံးစု၏ နားထဲသို့သာ ရောက်ရှိသွားမည်ဖြစ်ပြီး အခြားသူများ မည်သူမျှ သိရှိလိမ့်မည် မဟုတ်ချေ။ အကယ်၍ ဝူချုံယွန်းသည် ဖုန်းမင်ချိုင့်ဝှမ်းကို ရှောင်ကွင်းရန်အတွက် လမ်းခရီးအဝေးကြီးမှ ပတ်သွားရန် ရွေးချယ်ခဲ့ပါက ဤလူများထဲတွင် သူလျှိုတစ်ဦး ဧကန်မုချ ရှိနေကြောင်း သက်သေပြရာ ရောက်ပေလိမ့်မည်။ မဟုတ်ပါက ဤကဲ့သို့ ဖြစ်လာစရာ အကြောင်းမရှိချေ။
"သခင်ကြီးက တကယ်ကို ထက်မြက်လှပါတယ်။ ဒီလိုမျိုး စစ်ဗျူဟာချမှတ်မှုဟာ ဝူချုံယွန်းရဲ့ စစ်တပ်ကို ပြင်းပြင်းထန်ထန် ပျက်စီးစေမှာ သေချာသလို၊ သူ့ကို တစ်ပါတည်း ဖမ်းဆီးပြီး ဥပဒေအရ အရေးယူနိုင်ပါလိမ့်မယ်။"
"ပထဝီဝင်အနေအထား အသာစီးရမှုနဲ့ဆိုရင် အဲဒီလူယုတ်မာဟာ ဧကန်မုချ ရှုံးနိမ့်ရမှာပဲ ဖြစ်ပါတယ်။"
ဝမ်ကျင်း၏ 'လျှို့ဝှက်စစ်တပ်' မှာ မည်သည့်နေရာမှ ရောက်ရှိလာသနည်းဟု သူတို့ ရင်ထဲ၌ သိလိုစိတ် ပြင်းပြနေကြသော်လည်း မည်သူမျှ ထုတ်ဖော်မမေးမြန်းဝံ့ကြချေ။ စကားများလွန်းပြီး စူးစမ်းလိုစိတ် လွန်ကဲသူများသည် အသက်ရှည်ရှည် မနေရတတ်ကြောင်း သူတို့ ကောင်းစွာ သိကြသည်။
သူတို့၏ မြှောက်ပင့်စကားများကို ကြည့်ရင်း ဝမ်ကျင်း၏ မျက်နှာထက်တွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်အချို့သည် အချိန်ကိုက်ပင် ပေါ်ထွက်လာခဲ့သည်။ ဤကဲ့သို့ ထင်ရှားလှသော စိတ်ခံစားချက်ကို မြင်လိုက်ရသောအခါ လူရှီနှင့် စွန်းစုတို့သည် တစ်ချိန်တည်းနီးပါး စကားဆိုလိုက်ကြ၏။ အစောပိုင်းတွင် ကျိမိသားစု၏ ဦးသူစားစနစ်ဖြင့် အသာစီးရယူသွားမှုကို ခံခဲ့ရသဖြင့် သူတို့သည် ယခုတစ်ကြိမ်တွင် ထပ်မံ၍ မရှုံးနိမ့်လိုကြတော့ချေ။
"သခင်ကြီးမှာ စိုးရိမ်ပူပန်စရာ တစ်စုံတစ်ရာ ရှိနေလို့ပါလား"
"သခင်ကြီး တစ်ခုခုကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေပုံရပါတယ်။"
ထိုနှစ်ဦးသည် အကြည့်ချင်း ဆုံသွားခဲ့ကြပြီး ချက်ချင်းပင် လွှဲဖယ်လိုက်ကြသော်လည်း၊ ရင်ထဲ၌မူ တစ်ယောက်ကိုတစ်ယောက် ကျိန်ဆဲနေကြလေသည်။
"ဟူး... စစ်သည်တွေကို လေ့ကျင့်ပေးရတာက ငွေကုန်ကြေးကျ အလွန်များပြားလှတယ်... တောင်ပိုင်းကို စစ်ချီခဲ့ရတဲ့ အကြိမ်အနည်းငယ်ကတင် ရေတွက်လို့မရနိုင်တဲ့ ငွေကြေးတွေနဲ့ ရိက္ခာတွေကို ကုန်ဆုံးစေခဲ့ပြီ။ ဒီတစ်ကြိမ်မှာ လျှို့ဝှက်စစ်တပ်တစ်ခုကို ဖွဲ့စည်းဖို့အတွက် ပြည်နယ်မြို့တော်ရဲ့ ဘဏ္ဍာတိုက်ကို သောင်ပြိုကမ်းပြို ကုန်ခမ်းလုနီးပါး ဖြစ်စေခဲ့တယ်။ ဤအရာရှိလည်း တကယ်ကို အခက်တွေ့နေရတာပါပဲ..."
အရှက်မရှိလှသော ဝမ်ကျင်းသည် သူညှစ်ထုတ်၍ရမည့် မည်သူ့ကိုမဆို ငွေညှစ်ရန် အသင့်ရှိနေခဲ့ရာ၊ ဤအခိုက်အတန့်တွင် မိမိတို့ကိုယ်ကို သစ္စာရှိကြောင်း သက်သေပြရန် စိတ်အားထက်သန်နေကြသည့် စွန်းမိသားစု၊ လူမိသားစုနှင့် ကျိမိသားစုတို့သည် သူ၏ အဓိက သားကောင်များ ဖြစ်လာခဲ့ကြတော့သည်။