အခန်း ၁၇၇
Vol. 18 Ch. 177
အခန်း (၁၇၇)
လူစုလူဝေး စုရုံးခြင်း
ဘုရင်ခံအိမ်တော်၏ အပြင်ဘက်တွင် ကျိမိသားစုမှ ကျိကျုန်းနှင့် ကျိဟွမ်၊ လူမိသားစုမှ လူရှီနှင့် သားဖြစ်သူ၊ ထို့ပြင် စွန်းစုတို့ အပါအဝင် ထိုလူငါးဦးသည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး စကားမဆိုဘဲ အတူတကွ လျှောက်လှမ်းသွားခဲ့ကြသည်။
ကျိကျုန်း၊ လူရှီနှင့် စွန်းစုတို့သည် ယှဉ်တွဲ၍ လျှောက်လှမ်းနေကြပြီး မျိုးဆက်သစ်လူငယ်နှစ်ဦးဖြစ်သည့် လူယိနှင့် ကျိဟွမ်တို့ကမူ သူတို့၏နောက်မှ လိုက်ပါလာကြသည်။
မီတာအနည်းငယ် ရာဂဏန်းခန့် လျှောက်လှမ်းပြီးနောက် ဘုရင်ခံအိမ်တော်နှင့် ဝေးကွာသွားချိန်တွင် စွန်းစုက အရင်ဆုံး စတင်စကားပြောလိုက်သည်။
"အကိုကျိ၊ အကိုလူ... ကျွန်တော် တစ်ချက်လောက် မေးပါရစေ။ သခင်ကြီး ပြောသွားတဲ့ ဖုန်းမင်ချိုင့်ဝှမ်းက ချုံခိုတိုက်ခိုက်ရေးစစ်တပ်အကြောင်းက အမှန်လား အမှားလား။ စစ်တပ်ကြီးတစ်ခုကို လူမသိသူမသိ လှုပ်ရှားဖို့ဆိုတာ ဘယ်လောက်တောင် ခက်ခဲလဲဆိုတာ အစ်ကိုတို့လည်း သိမှာပါပဲ။"
စွန်းစု၏ မေးခွန်းနှင့်ပတ်သက်၍ ကျိကျုန်းက စကားမဆိုဘဲ ခေါင်းကိုသာ အနည်းငယ် ခါယမ်းလိုက်သည်။ ထိုအစား လူရှီက စကားဝိုင်းကို လွှဲပြောင်းရယူကာ ပြောလိုက်၏။
"အကိုစွန်း... ဖုန်းမင်ချိုင့်ဝှမ်းမှာ စစ်တပ်ရှိမရှိဆိုတာ ကျွန်တော်တို့အတွက် အရေးကြီးလို့လား။ မရေးကြီးပါဘူး။ အမှန်တော့ ဒီပြည်နယ်မြို့တော်ကြီး ကျရှုံးမလား၊ မကျရှုံးဘူးလားဆိုတာလည်း အရေးမကြီးပါဘူး၊ ဘုရင်ခံမင်းကြီး ဘေးကင်းနေသရွေ့ပေါ့။"
လူရှီ၏ ပြန်လည်ဖြေကြားမှုကို ကြားရသောအခါ စွန်းစုသည် သက်ပြင်းတစ်ချက်ချလိုက်ပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ ဆိတ်ဆိတ်သာ နေလိုက်တော့သည်။
ထိုလူအုပ်စုသည် လမ်းမများအတိုင်း ဆက်လက်လျှောက်လှမ်းလာခဲ့ကြပြီး သူတို့၏ ကိုယ်ရံတော်များနှင့် အစေခံများကမူ အနောက်မှ ခပ်လှမ်းလှမ်းတွင် လိုက်ပါလာကြသည်။ အတော်ကြာအောင် မည်သူမျှ စကားမဆိုကြသဖြင့် လေထုသည် အနည်းငယ် လေးလံထိုင်းမှိုင်းနေခဲ့သည်။
နောက်ဆုံးတွင် လမ်းဆုံလမ်းခွတစ်ခုသို့ ရောက်ရှိသောအခါ စွန်းစုသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး မတ်တတ်ရပ်နေခဲ့သည်။ သူသည် အမြင်အာရုံမှ ပျောက်ကွယ်လူနီးပါး ဖြစ်နေပြီဖြစ်သော ဘုရင်ခံအိမ်တော်ရှိရာဘက်သို့ လှည့်ကြည့်လိုက်၏။
"အစ်ကိုတို့နှစ်ယောက်စလုံးက အရာရာကို အလွန်ထိုးထွင်းသိမြင်ကြတာပဲ။ ဒီနေ့ ပေးဆောင်လိုက်ရတဲ့ ငွေကြေးနဲ့ ရိက္ခာတွေက အစပျိုးရုံတင် ရှိပါသေးတယ်။ အခုအချိန်ကစပြီး ကျွန်တော်တို့တွေဟာ ဘုရင်ခံဝမ်က နန်ယန်စီရင်စုမှာ မွေးမြူထားခဲ့တဲ့ မိသားစုကြီးတွေလို ဖြစ်လာတော့မှာ။ ဝအောင်ကျွေးပြီးရင် သတ်ဖြတ်ခံရမယ်၊ သတ်ဖြတ်ပြီးရင် ပြန်ဝအောင်ကျွေးမယ်..."
စွန်းစု၏ စကားများကြောင့် လူရှီနှင့် ကျိကျုန်းတို့လည်း ခြေလှမ်းများကို ရပ်တန့်လိုက်ကြသည်။ စွန်းစု၏ စကားအပေါ် သူတို့နှစ်ဦး၏ တုံ့ပြန်မှုမှာ ကွဲပြားခြားနားလှပေသည်။ လူရှီ၏ မျက်ဝန်းထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အယောင်များ ထင်ဟပ်သွားသော်လည်း ကျိကျုန်းကမူ လှောင်ပြောင်သရော်သော ရယ်သံတစ်ခုကို ထုတ်ဖော်လိုက်၏။
စွန်းစုနှင့် လူရှီတို့နှစ်ဦးစလုံးသည် ကျိကျုန်းထံသို့ လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ အကြည့်များကို ရင်ဆိုင်ရင်း ကျိကျုန်းက အဝေးရှိ ဈေးဗဟိုတွင် သွားလာလှုပ်ရှားနေကြသော သာမန်အရပ်သားပြည်သူများကို လက်ညှိုးညွှန်ပြလိုက်သည်။
"မင်းတို့က အဲဒီလူတွေကို သနားစရာကောင်းတယ်လို့ ထင်နေတာလား။ မင်းတို့ရဲ့ စွန်းမသားစုနဲ့ လူမိသားစုတွေက ပြည်သူတွေရဲ့ လယ်ယာမြေတွေကို သိမ်းပိုက်ခဲ့တုန်းက၊ ဆန်စပါးရိက္ခာဈေးနှုန်းတွေကို အဆမတန် မြှင့်တင်ခဲ့တုန်းက၊ လှည့်ဖြားတဲ့နည်းလမ်းတွေနဲ့ စည်းစိမ်ဥစ္စာတွေကို လူယူပြီး အသက်မွေးခဲ့တုန်းက၊ အတိုးနှုန်းကြီးမားတဲ့ ချေးငွေတွေကို ထုတ်ချေးခဲ့တုန်းက... အဲဒီသာမန်အရပ်သားတွေ ဝမ်းနည်းပူဆွေးရလိမ့်မယ်၊ နာကျင်ရလိမ့်မယ်လို့ မင်းတို့ တစ်ကြိမ်တစ်ခါလောက် တွေးခဲ့ဖူးလား။"
စကားပြောပြီးနောက် ဆွံ့အိုင်သွားကြသော ထိုလူနှစ်ဦး ပြန်လည်တုံ့ပြန်ရန် အချိန်မရခင်မှာပင် သူက ဆက်လက်ပြောဆိုလိုက်သည်။
"မင်းတို့နှစ်ယောက်က ဒီသာမန်ပြည်သူတွေဟာ မွေးကတည်းက မင်းတို့မိသားစုနှစ်စုကို အကြွေးတင်နေလို့၊ မင်းတို့ရဲ့ နှိပ်စက်ညှဉ်းပန်းမှုကို ခံရတာ ထိုက်တန်တယ်လို့ ထင်နေတာလား။ အဲဒီအရပ်သားတွေ လယ်မြေတွေ ဆုံးရှုံးရတုန်းက၊ ဈေးကြီးပေးပြီး ရိက္ခာဝယ်ခဲ့ရတုန်းက၊ ငတ်မွတ်ခေါင်းပါးပြီး အသက်ရှင်သန်ဖို့အတွက် ကိုယ့်သားသမီးတွေကိုပါ ရောင်းချခဲ့ရတုန်းက သူတို့ ရင်ထဲမှာ နာကျည်းမှုတွေ မရှိခဲ့ဘူးလို့ ထင်နေလား။ သူတို့ ဒေါသမထွက်ခဲ့ဘူးလား။ မင်းတို့ကို မသတ်ချင်ခဲ့ဘူးလား။ ဒါဆို ဘာဖြစ်လို့ မင်းတို့မိသားစုနှစ်စုဟာ ပိုပြီးတော့ သက်တောင့်သက်သာ နေထိုင်နိုင်ကြပြီး မင်းတို့ရဲ့ ဘဏ္ဍာတိုက်ထဲက ရွှေငွေတွေက တိုးပွားနေရတာလဲ။”
“ဘာလို့လဲဆိုတော့ မင်းတို့မိသားစုတွေမှာ လူအင်အားတောင့်တင်းလို့ပဲ။ အစေခံတွေနဲ့ ကိုယ်ရံတော်တွေ အများကြီးရှိလို့ပဲ။ သူတို့ မတော်လှန်နိုင်ကြဘူး။ ဒါကြောင့် သူတို့ သွားကိုကြိတ်ပြီး သည်းခံခဲ့ကြရတာ။ အခုလည်း ဒီသဘောတရားအတိုင်းပါပဲ၊ မင်းတို့သူတစ်ပါးအပေါ် ပြုလုပ်ခဲ့တဲ့အရာတွေက ကိုယ့်ခေါင်းပေါ် ပြန်ကျလာတဲ့အခါကျတော့ နားမလည်နိုင်တော့ဘူးလား။ မကျေမနပ် ဖြစ်နေတာလား။ စိုးရိမ်ပူပန်နေတာလား။ တကယ်ကို အမြော်အမြင်မရှိလိုက်တာ။”
“အကယ်၍ ဝက်တွေ ခွေးတွေလို အမွေးခံရတာကို မလိုချင်ရင် မင်းတို့ တော်လှန်ပုန်ကန်နိုင်တယ်၊ ဒါပေမဲ့ မင်းတို့ လုပ်နိုင်လို့လား။ မင်းတို့ ရဲလား။ ယွဲ့ပြည်နယ်ထဲက စစ်သည်တော် တစ်သောင်းကျော်က အလှပြထားတာ ထင်လို့လား။ ဘုရင်ခံဝမ်ရဲ့ စစ်သင်္ဘောအုပ်စုကြီးက အလှပြထားတာလား။ လီမိသားစုရဲ့ တောင့်တင်းတဲ့ စစ်တပ်ကြီးက အလှပြထားတာလား။ အဲဒီခေါင်းမာလှတဲ့ ဥပဒေဝါဒီတွေကကော အလှပြထားတာ ထင်လို့လား။ ဟမ်။ တကယ်ကို မိုက်မဲလွန်းလှတယ်။"
ကျိကျုန်း၏ ဆက်တိုက်မေးခွန်းထုတ်မှုများကြောင့် စွန်းစုနှင့် လူရှီတို့မှာ ခေါင်းပူသွားခဲ့ကြသည်။ သူ၏ ပွင့်လင်းလွန်းသော စကားလုံးများနှင့် ထက်မြက်လှသော လေသံတို့သည် သူတို့အား ချက်ချင်းပင် နိုးထသွားစေခဲ့ပြီး သူတို့နှလုံးသားထဲရှိ မကျေနပ်မှုအချို့ကို တစစီ ဆုတ်ဖြဲပစ်လိုက်သကဲ့သို့ ရှိခဲ့သည်။
အိပ်မက်မှ နိုးထလာသကဲ့သို့ ဖြစ်နေသော ထိုလူနှစ်ဦးကို ကြည့်ရင်း ကျိကျုန်းက သူတို့အား စူးစူးစိုက်စိုက် စိုက်ကြည့်လိုက်၏။
"ဒါတင်မကသေးဘူး၊ ဘုရင်ခံမင်းကြီးမှာ တခြားလျှို့ဝှက်ဖဲချပ်တွေ မကျန်တော့ဘူးလို့ မင်းတို့ တကယ်ထင်နေတာလား။ မာနထောင်လွှားခြင်းက အမြဲတမ်း ကြီးမားတဲ့ အမှားတစ်ခုပဲ။ မင်းတို့ မဖြစ်နိုင်ဘူးလို့ ထင်တဲ့အရာကို အခြားသူတွေက စွမ်းဆောင်နိုင်ကောင်း စွမ်းဆောင်နိုင်လိမ့်မယ်။ ဘုရင်ခံဝမ် ယွဲ့ပြည်နယ်ကို ရောက်ရှိလာကတည်းက သူ့ရဲ့ အထူးစစ်သည်တော်တွေနဲ့ အစွမ်းထက်တဲ့ စစ်သူကြီးတွေဟာ မိုးရွာပြီးခါစ မှိုတွေလို ပေါ်ထွက်လာခဲ့တာ။ အဲဒါတွေ ဘယ်ကနေ ရောက်လာလဲဆိုတာ မင်းတို့ သိလို့လား။”
“ငါရဲ့ ကျိမိသားစုဟာ ယွဲ့ပြည်နယ်ထဲမှာ နှစ်ပေါင်းများစွာ အခြေစိုက်ပြီး အဆက်အသွယ်များပြားကာ သတင်းအချက်အလက် နှံ့စပ်တယ်လို့ ယူဆထားတာတောင်မှ အဲဒီအကြောင်းကို အခုထိ စုံစမ်းလို့မရသေးဘူး မဟုတ်လား။ ဒါကြောင့် ဘုရင်ခံဝမ်မှာ တကယ်ပဲ လျှို့ဝှက်ချုံခိုစစ်တပ်တစ်ခု ရှိနေခဲ့ရင်တောင် အံ့သြစရာ မရှိပါဘူး။ အရင်တုန်းက လူတွေကို ဖုံးကွယ်ထားနိုင်ခဲ့ရင် အခုလည်း သူ ဖုံးကွယ်ထားနိုင်တာပဲ။"
လူရှီနှင့် စွန်းစုတို့နှစ်ဦးစလုံးသည် ကျိကျုန်း၏ ထက်မြက်လှသောအကြည့်အောက်တွင် ခေါင်းများကို ငုံ့လိုက်ကြသည်။ သူတို့၏ အမူအရာကို မြင်ရသောအခါ ကျိကျုန်းသည် အချိန်အခါ သင့်မြတ်ပြီဟု ခံစားလိုက်ရ၏။
"ဟူး... ငါတို့ သုံးယောက်စလုံးက နှစ်ရှည်လများ သိကျွမ်းလာခဲ့တဲ့ မိတ်ဆွေဟောင်းတွေပါ။ မင်းတို့နှစ်ယောက်ကလည်း အတော်လေး ဉာဏ်ထက်မြက်ကြပြီး မိသားစုမျိုးတုံးမယ့် ဘေးဒုက္ခဆိုးကြီးထဲကနေ လွတ်မြောက်ဖို့ လမ်းစကို ရှာဖွေနိုင်ခဲ့ကြသူတွေပဲ။ ကျွန်တော်တို့ဟာ ယွဲ့ပြည်နယ်ရဲ့ အင်အားကြီးမိသားစုတွေအဖြစ် အတူတကွ ရပ်တည်နေကြတာမို့ သဘာဝကျစွာပဲ စည်းလုံးညီညွတ်ပြီး အပြန်အလှန် ကူညီကြရမယ်။ ငါ့အနေနဲ့ မင်းတို့ကို လမ်းစတစ်ခု လမ်းညွှန်ပေးပါရစေ။"
"အစ်ကိုကျိ... ကျေးဇူးပြုပြီး မိန့်ပါဦး၊ ကျွန်တော်တို့ အလေးအနက် နားထောင်ဖို့ အသင့်ပါပဲ။"
"ငါတို့ရဲ့ မြို့တော်က ဧကရာဇ်ငယ်လေးဟာ အဲဒီရာဇပလ္လင်ထက်မှာ ဘယ်လောက်အထိ ကြာကြာ ထိုင်နေနိုင်ဦးမယ်လို့ မင်းတို့ ထင်လဲ။"
ကျိကျုန်း၏ စကားလုံးများကြောင့် လူရှီနှင့် စွန်းစုတို့သည် ရုတ်တရက် ခေါင်းမော့လာကြပြီး တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြရာ ၎င်းတို့၏ မျက်ဝန်းထဲတွင် ကြီးမားသော တုန်လှုပ်အံ့သြမှုများကို မြင်တွေ့လိုက်ရသည်။
သူတို့၏ တုံ့ပြန်မှုကို မြင်သောအခါ ကျိကျုန်း၏ ရင်ထဲတွင် မထောက်မညှာ နှိမ်ချလိုစိတ်တစ်ခု ပေါ်ထွက်လာခဲ့သည်။ ထိုနှစ်ဦးတွင် အနည်းငယ်မျှသော ဉာဏ်ပညာနှင့် သတ္တိရှိကြသော်လည်း သူတို့၏ အမြင်ကမူ အလွန်ကျဉ်းမြောင်းလှပေသည်။ သူတို့၏ မျက်လုံးများသည် ယွဲ့ပြည်နယ်မြို့တော်ဟူသော သေးငယ်လှသည့် မြေကွက်လပ်လေးကိုသာ မြင်ကြပြီး ကမ္ဘာလောကကြီးတစ်ခုလုံးကိုမူ တစ်ခါမျှ လှည့်မကြည့်ခဲ့ကြချေ။
ဤလောကတွင် လူအနည်းငယ်မျှသာ အနာဂတ်ကို ကြိုတင်မျှော်တွေးနိုင်စွမ်းနှင့် ကျယ်ပြန့်သော အမြင်အာရုံကို ပိုင်ဆိုင်ကြသည်။ နိုင်ငံရေး အပြောင်းအလဲများနှင့် တိုင်းပြည်ရေးရာ လားရာများသည် သာမန်လူသားများ အလွယ်တကူ ထိုးထွင်းသိမြင်နိုင်သော အရာများ မဟုတ်ချေ။
"မင်းတို့ သိထားရမှာက ဒီနေ့ခေတ် ကမ္ဘာမြေတစ်ခွင်မှာ ကျော်ကြားလှတဲ့ မျိုးနွယ်စုကြီးတွေရဲ့ ဘိုးဘေးတွေကို ပြန်လိုက်ကြည့်ရင် တချို့က နွားကျောင်းသားတွေ၊ လယ်သမားတွေရဲ့ သားသမီးတွေ ဖြစ်ခဲ့ကြတာ။ သူတို့ ဘယ်လိုမျိုး ကိုယ့်ရဲ့ သားစဉ်မြေးဆက်တွေကို အခုလို ရာထူးအဆင့်အတန်းမျိုး ရောက်အောင် တစ်ဆင့်ချင်းစီ တွန်းတင်ပေးနိုင်ခဲ့တာလဲ။ အဲဒါက မျိုးဆက်တစ်ခုပြီးတစ်ခု စည်းစိမ်ဥစ္စာတွေကို စုဆောင်းပြီး ကျော်ကြားမှုကို တည်ဆောက်ခဲ့ကြလို့ပဲ။ အဲဒီတော့ ကျော်ကြားမှုအကြောင်း ပြောရမယ်ဆိုရင်... ဒီလောကမှာ ဘယ်လိုမျိုး အောင်မြင်မှုက 'နဂါးတစ်ကောင်ကို ပံ့ပိုးကူညီခြင်း' ရဲ့ ကုသိုလ်ကောင်းမှုထက် သာလွန်နိုင်ဦးမှာလဲ။"
လူရှီသည် သူ၏ ဝတ်ရုံလက်အင်္ကျီအောက်တွင် ဝှက်ထားသော လက်သီးများကို တင်းတင်းဆုပ်လိုက်ပြီး သူ၏မျက်နှာမှာ အနည်းငယ် နီမြန်းသွားခဲ့သည်။
"အစ်ကိုကျိ... အစ်ကိုပြောချင်တာက ဘုရင်ခံမင်းကြီးမှာ... တစ်ပြည်ထောင်လုံးကို စိုးစံဖို့ ရည်မှန်းချက် ရှိနေတာလား။"
ကျိကျုန်းသည် သူ၏လက်များကို မြှောက်လိုက်ပြီး လူရှီနှင့် စွန်းစုတို့၏ ပခုံးထက်သို့ တင်လိုက်၏။
"မင်းတို့နှစ်ယောက်စလုံး စဉ်းစားကြည့်စမ်း၊ ဘုရင်ခံဝမ်ဟာ ဂုဏ်သရေရှိတဲ့ မိသားစုကြီးကနေ ဆင်းသက်လာတာ၊ ကျော်ကြားတဲ့ ဆရာကြီးရဲ့ လက်အောက်မှာ ပညာသင်ကြားခဲ့တာ၊ သူ့လက်အောက်မှာ ထူးချွန်တဲ့ ပညာရှင်တွေ အများကြီးရှိသလို၊ တောင့်တင်းတဲ့ စစ်တပ်ကြီးကိုလည်း ပိုင်ဆိုင်ထားတယ်။ သူ ဘာလို့ မလုပ်နိုင်ရမှာလဲ။”
“ဘုရင်ခံဝမ်မှာ ပုံမှန်အားဖြင့်... ဟို... ဒေါသအနည်းငယ်ဆိုးတာနဲ့ စည်းစိမ်ဥစ္စာကို မက်မောတာမျိုး ရှိတတ်ပေမဲ့ အဲဒါတွေက ချို့ယွင်းချက်တွေလား။ ရှေးပဝေသဏီကတည်းက အစွမ်းထက်တဲ့သူတွေမှာ ထူးဆန်းတဲ့ အကျင့်စရိုက်တွေ ရှိစမြဲပဲ။ စည်းစိမ်ဥစ္စာကို မက်မောတယ်ဆိုတဲ့ နေရာမှာလည်း ဘုရင်ခံဝမ်ရဲ့ လက်အောက်က တောင့်တင်းတဲ့ စစ်တပ်ကြီးဟာ ငွေကြေးတွေ အမြောက်အမြား အသုံးပြုပြီး တည်ဆောက်ခဲ့ရတာ မဟုတ်ဘူးလား။ ဘဏ္ဍာတိုက်ထဲမှာပဲ သိမ်းဆည်းထားတဲ့ ငွေကြေးက ငွေကြေးမဟုတ်ဘူး၊ အသုံးပြုဖို့ အသင့်ရှိနေတဲ့ ငွေကြေးမှသာ အစစ်အမှန် ငွေကြေးဖြစ်တယ်။”
“ဒါ့အပြင် မင်းတို့ သတိမထားမိဘူးလား။ ဘုရင်ခံဝမ်က အာဏာကို မက်မောတွယ်တာနေသူ မဟုတ်ဘူး။ သူက အာဏာကို ခွဲဝေပေးအပ်ဖို့ လိုလိုလားလား ရှိတယ်။ ပြည်နယ်ရဲ့ အထွေထွေကိစ္စရပ်တွေကို ဆရာကြီးစီမာက ကိုင်တွယ်ပြီး စစ်ရေးကိစ္စတွေကိုတော့ ကျန်းလျောင်နဲ့ ချန်ယွီလို့ အမည်ရတဲ့ စစ်သူကြီးတွေက ထိန်းချုပ်ထားတာ။ ငါတို့ရဲ့ မိသားစုတွေထဲမှာလည်း ထူးချွန်တဲ့ အရည်အချင်းရှိသူတွေ အများကြီးရှိတာပဲ၊ ငါတို့ ဘာလို့ ထင်ပေါ်ကျော်ကြားအောင် မလုပ်နိုင်ရမှာလဲ။"
ကျိကျုန်း၏ စကားလုံးများသည် လူရှီနှင့် စွန်းစုတို့၏ နှလုံးသားထဲရှိ ရည်မှန်းချက်များကို အောင်မြင်စွာ တောက်လောင်စေခဲ့သည်။ သူတို့သုံးဦး၏ အနောက်မှ နားထောင်နေကြသော မျိုးဆက်သစ်လူငယ်များဖြစ်သည့် လူယိနှင့် ကျိဟွမ်တို့မှာမူ ပိုမို၍ စိတ်လှုပ်ရှားတက်ကြွသွားခဲ့ကြ၏။
မြို့စားနယ်စားများအဖြစ် သူကောင်းပြုခံရခြင်း၊ ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံရခြင်းနှင့် မိမိတို့၏ ဘိုးဘေးဘီဘင်များအား ဂုဏ်တက်စေခြင်းတို့သည် ကျင်းပြည်သူတိုင်း၏ နှလုံးသားထဲတွင် ကမ္ပည်းတင်ထားသော အမြင့်မြတ်ဆုံး အိပ်မက်ပင် ဖြစ်ပေသည်။ အရင်တုန်းကမူ အခွင့်အရေး မရှိခဲ့သဖြင့် ၎င်းကို မတွေးဝံ့ခဲ့ကြသော်လည်း ယခုအခါတွင်မူ မျှော်လင့်ချက် အလင်းတန်းတစ်ခုကို အမှန်တကယ် မြင်တွေ့လိုက်ရပြီ ဖြစ်သည်။
"ကျွန်တော်တို့ကို လမ်းညွှန်ပေးတဲ့အတွက် အစ်ကိုကျိကို ကျေးဇူးတင်ပါတယ်။ နောင်အနာဂတ်မှာ ကျွန်တော်တို့တွေ အစ်ကိုကြီးရဲ့ ဦးဆောင်မှုနောက်ကိုပဲ လိုက်ပါပါတော့မယ်။"
"မင်းတို့နှစ်ယောက်စလုံး ဒီလောက်အထိ ယဉ်ကျေးနေစရာ မလိုပါဘူး။ ငါတို့အားလုံးဟာ ယွဲ့ပြည်နယ်ရဲ့ ပြည်သူတွေဖြစ်ကြတာမို့ စည်းလုံးညီညွတ်ကြရမှာ သဘာဝကျပါတယ်။"
နေရပ်တူသူများ စုပေါင်းစည်းလုံးခြင်းသည် ကျင်းပြည်သူများ၏ ထုံးတမ်းစဉ်လာတစ်ခုလည်း ဖြစ်ပေသည်။
ဤအခိုက်အတန့်တွင် ကျိကျုန်းသည် လူထု၏ ယုံကြည်ကိုးစားမှုကို ရယူပြီး နိုင်ငံရေးအရ အင်အားစုဆောင်းခြင်းကို စတင်နေခဲ့ပြီ ဖြစ်သည်။ လူအများက သူ၏မိသားစုကို 'ကျိမျိုးနွယ်စု' ဟု အလေးထား ခေါ်ဆိုကြပြီး လူရှီ၏ မိသားစုကို 'လူမိသားစု' မျှသာ၊ စွန်းစု၏ မိသားစုကို 'စွန်းမိသားစု' မျှသာ ခေါ်ဆိုကြသည်မှာ အံ့သြစရာ မရှိတော့ပေ။