← Chapters

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း ၁၇၈

Vol. 18 Ch. 178

အခန်း (၁၇၈)

တုံ့ပြန်လှုပ်ခတ်မှုများ

ဘုရင်ခံအိမ်တော်အတွင်း၌ ဝမ်ကျင်းသည် သူ၏လက်ထဲရှိ အရက်ခွက်ကို အသာအယာ လှည့်ကစားနေခဲ့သည်။ အတော်ကြာပြီးနောက် သူသည် ဘေးနားရှိ စီမာယီထံသို့ ခေါင်းကို အနည်းငယ် စောင်း၍ ကြည့်လိုက်၏။

"စီမာယီ... ငါက သံသယလွန်ကဲနေတယ်လို့ မင်းထင်လား။ သူတို့တွေ နောက်တစ်ကြိမ် ပုန်ကန်ဖို့ အကြောင်းပြချက် မရှိတော့ဘူးလို့ ငါထင်မိတယ်..."

စီမာယီသည် ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားပြီးနောက် ဝမ်ကျင်းအား ပြုံး၍ ကြည့်လိုက်သည်။

"သခင်ကြီးက ဘာကြောင့် ဒီမေးခွန်းကို တွေးတောနေရတာလဲ။ အုပ်စိုးသူတစ်ယောက်အနေနဲ့ လူကို အသုံးချနိုင်ရမယ်၊ ဒါပေမဲ့ ရာနှုန်းပြည့် မယုံကြည်ရဘူး။ လူ့နှလုံးသားဆိုတာ ရှုပ်ထွေးပြီး ခန့်မှန်းရခက်ပါတယ်၊ လွယ်လွယ်နဲ့ မယုံကြည်သင့်ဘူး။ သခင်ကြီးရဲ့ လူပ်ဆောင်ချက်တွေက ကျွန်တော့်အမြင်အရတော့ အလွန်ပဲ မှန်ကန်လှပါတယ်။"

"ဒါဆိုရင် ဖုန်းမင်ချိုင့်ဝှမ်းမှာ ချုံခိုတိုက်ခိုက်ရေးတပ်တွေ မရှိခဲ့ရင်ကော... ကျိမိသားစု၊ စွန်းမိသားစုနဲ့ လူမိသားစုတွေက မကောင်းတဲ့ စိတ်အကြံတွေ ရှိလာနိုင်မလား။"

မျက်ခုံးနှစ်ခုကြားတွင် တွေးတောပူပန်နေသော အရိပ်အယောင်များ ထင်ဟပ်နေသည့် ဝမ်ကျင်းကို ကြည့်ရင်း စီမာယီက နှစ်သိမ့်စကား ဆိုလိုက်သည်။

"သခင်ကြီး... အမှန်တော့ သခင်ကြီးက ကိုယ့်ရဲ့ အားသာချက်တွေကို သေချာနားမလည်သေးဘဲ ကိုယ့်ရဲ့ အင်အားကို လျှော့တွက်နေတာပါ။ သခင်ကြီး ပြည်နယ်မြို့တော်ကို ချောချောမွေ့မွေ့ လွှဲပြောင်းရယူနိုင်ခဲ့တာ၊ ကျိမိသားစုက သခင်ကြီးအပေါ် ပြတ်ပြတ်သားသား လောင်းကြေးထပ်ခဲ့တာနဲ့ စွန်းမိသားစု၊ လူမိသားစုတွေ တိုက်ရိုက် လက်နက်ချ အညံ့ခံလာတာတွေဟာ... သခင်ကြီးရဲ့ လက်အောက်မှာ အထူးစစ်သည်တော်တွေနဲ့ အစွမ်းထက်တဲ့ စစ်သူကြီးတွေ ရှိနေလို့၊ ပြီးတော့ တိုင်းတပါးသားတွေကို နှိမ်နင်းပြီး နယ်မြေသစ်တွေ ချဲ့ထွင်နိုင်ခဲ့တဲ့ ဂုဏ်သတင်း ကျော်စောမှုတွေ ရှိနေလို့ဆိုတာ မှန်ပေမဲ့၊ ဒါတွေက စစ်မှန်တဲ့ သော့ချက်တွေ မဟုတ်ပါဘူး။”

“အင်အားတောင့်တင်းတဲ့ စစ်တပ်ကြီးနဲ့ စစ်မြင်းတွေအကြောင်း ပြောရမယ်ဆိုရင်... အနောက်ဘက်ဒေသ အုပ်ချုပ်ရေးနယ်မြေရဲ့ နယ်ခြားစောင့် စစ်သေနာပတိကြီး ကျုံးဟိန်း ကော အလားတူ အားကောင်းမောင်းသန် မဟုတ်ဘူးလား။ ဒါပေမဲ့ ဒေသခံ အင်အားကြီးမိသားစုတွေထဲက ဘယ်သူကမှ သူ့ကို မထောက်ခံကြဘူး။ သခင်ကြီးရဲ့ နောက်ခံအသိုင်းအဝိုင်း၊ လက်ထပ်ထိမ်းမြားမှု အဆက်အသွယ်တွေနဲ့ သင်ကြားခဲ့တဲ့ ပညာရေးဂိုဏ်းတွေကသာ သူတို့တွေ အညံ့ခံရခြင်းရဲ့ အဓိက အရေးကြီးတဲ့ အကြောင်းရင်းတွေ ဖြစ်ပါတယ်။”

“ဒါကြောင့်မို့ ဖုန်းမင်ချိုင့်ဝှမ်းမှာ ချုံခိုတိုက်ခိုက်ရေးတပ် ရှိရှိ မရှိရှိ သူတို့ တော်လှန်ရဲမှာ မဟုတ်ပါဘူး။ ပြည်နယ်မြို့တော်ကြီး တကယ်ပဲ ကျိုးပျက်လုနီးပါး ဘေးအန္တရာယ်နဲ့ ရင်ဆိုင်ရရင်တောင်မှ သူတို့ဟာ ကိုယ့်ရဲ့ ဆွေမျိုးသားချင်းတွေနဲ့ ကိုယ်ရံတော် အစေခံတွေကို စည်းရုံးပြီး သခင်ကြီးအတွက် အသက်ပေး တိုက်ခိုက်ကြပါလိမ့်မယ်။ မြို့တော်ကြီး ကျဆုံးသွားရင်တောင်မှ သူတို့ဟာ သခင်ကြီးကို ကာကွယ်ပြီး သူတို့ရဲ့ မိသားစုတွေနဲ့အတူ ဝိုင်းရံပိတ်ဆို့မှုကို ဖောက်ထွက်ကြပါလိမ့်မယ်။"

စီမာယီ၏ စကားများက ဝမ်ကျင်းအား ရုတ်တရက် အလင်းပွင့်သွားစေခဲ့သည်။ သူသည် ယခင်ကထက် ပိုမိုရဲတင်း စွန့်စားနိုင်ကြောင်း ရုတ်တရက် ခံစားလိုက်ရရုံမျှမက လီမိသားစုမှ သမီးပျိုလေးနှင့် လက်ထပ်မည့်ကိစ္စကိုလည်း အချိန်စော၍ ပြုလုပ်သင့်သည်ဟု တွေးတောမိလိုက်သည်။

လက်ထပ်ထိမ်းမြားခြင်း အနှောင်အဖွဲ့၊ ထို့ပြင် ရိက္ခာနှင့် လက်နက်ခဲယမ်းများ ပေါင်းစည်းခြင်းတို့မှတစ်ဆင့် လီမိသားစုကို သူ၏ စစ်ရထားလုံးကြီးပေါ်သို့ အမြန်ဆုံး အခိုင်အမာ ချည်နှောင်နိုင်ခဲ့လျှင်... လီမိသားစုသည် သူ အမြင့်မြတ်ဆုံးသော ရာဇပလ္လင်ထက်သို့ မတက်လှမ်းမီ အကောင်းဆုံးသော လက်ထောက်တစ်ဦး ဖြစ်လာပေလိမ့်မည်။

နောက်နောင် ဖြစ်ပျက်လာမည့် ကိစ္စရပ်များအတွက်မူ... ဝမ်ကျင်းသည် အရက်ခွက်ကို အောက်သို့ချလိုက်ပြီး မနက်ဖြန်တွင် ကျိခရိုင်သို့ စာတစ်စောင်ရေးရန် ဆုံးဖြတ်လိုက်တော့သည်။ ဝမ်ကျင်း စေလွှတ်လိုက်သော ကိုယ်ရံတော်များသည် တောင်းရမ်းခြင်း လက်ဆောင်ပဏ္ဏာများနှင့်အတူ ကျိခရိုင်သို့ ရောက်ရှိပြီးသည်နှင့် သူသည် လီမိသားစုထံသို့ အရိုအသေပေးရန် ပင်းပြည်နယ်သို့ ကိုယ်တိုင်သွားရောက်ကာ အမြန်ဆုံး လက်ထပ်မင်္ဂလာပွဲ ကျင်းပတော့မည် ဖြစ်သည်။

အချိန်ရက်စွဲများ တရွေ့ရွေ့ ကုန်လွန်သွားရာ သုံးရက်တာ အချိန်သည် မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားခဲ့သည်။ ဝူချုံးယွန်းသည် ရွှီမိသားစု၊ ဖေးမိသားစု၊ ကျန်းမိသားစုများနှင့်အတူ မိမိတို့၏ အဆက်အသွယ် အင်အားစုအားလုံးကို လှုံ့ဆော်စည်းရုံးခဲ့ကြသည်။ တစ်ဖက်တွင်မူ စွန်းမိသားစုနှင့် လူမိသားစုတို့က ဟန်ပြမျှသာ အင်အားထည့်ဝင်ခဲ့ကြ၏။

သူတို့ စည်းရုံးလှုံ့ဆော်ခဲ့သော မဟာမိတ်များအပေါ်၌သာ အခြေခံ၍ သန်စွမ်းသော ယောက်ျားကောင်း တစ်သောင်းကျော်ပါဝင်သည့် စစ်စခန်းတစ်ခုကို ဖွဲ့စည်းခဲ့ပြီး၊ ထိုအင်အားသည် နယ်ခြားစောင့်စစ်သည် သုံးသောင်းနှင့် ပူးပေါင်းကာ ဖူယန်စီရင်စုမှ ချီတက်ထွက်ခွာ၍ ပြည်နယ်မြို့တော်ဆီသို့ တိုက်ရိုက် ဦးတည်လာခဲ့ကြတော့သည်။

ဝူချုံးယွန်းသည် မြင်းကို အရှိန်မြှင့်တင် စီးနင်းရင်း စုရုံးရောက်ရှိလာကြသော သန်စွမ်းသည့် ယောက်ျားကောင်းတစ်သောင်းကို ကြည့်ကာ မချိပြုံးတစ်ခု ပြုံးလိုက်မိသည်။ ထိုသူများကို သန်စွမ်းသူများစစ်စခန်းအဖြစ် ဖွဲ့စည်းထားသော်လည်း သူတို့၏ ကျော်စောမှုမှာ ထင်ရှားခြင်းမရှိပေ။ သို့သော်လည်း ထိုလူအုပ်စုအများစုမှာ အင်အားကြီးမိသားစုများမှ ကိုယ်ရံတော်များနှင့် အိမ်တွင်းအစေခံတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။

ဤလူများသည် စားဝတ်နေရေးအတွက် ပူပန်စရာမလိုဘဲ နေ့စဉ်ရက်ဆက် သိုင်းပညာရပ်များကို လေ့ကျင့်ကာ ခန္ဓာကိုယ်ကို စွမ်းအားမြှင့်တင်ထားကြသဖြင့် သန်မာထွားကျိုင်းသော ခန္ဓာကိုယ်များကို ပိုင်ဆိုင်ထားကြသည်။ လက်နက်များ တပ်ဆင်ပေးလိုက်သည်နှင့် သူတို့သည် ကြောက်မက်ဖွယ်ကောင်းသော အင်အားစုတစ်ရပ် ဖြစ်လာခဲ့သည်။ တိုက်ပွဲဝင် စစ်ဗျူဟာအစီအမံနှင့် စည်းကမ်းစနစ်ပိုင်းတွင် အထူးပုံမှန်စစ်တပ်များကို မယှဉ်နိုင်သည်မှအပ၊ သူတို့၏ တိုက်ပွဲဝင်လိုစိတ်နှင့် တစ်ဦးချင်း သိုင်းပညာစွမ်းရည်မှာ အားနည်းခြင်းမရှိချေ။

ဤလူများ ပူးပေါင်းလာခြင်းကြောင့် ဝူချုံးယွန်းမှာ ပိုမို၍ ယုံကြည်မှု တိုးပွားလာခဲ့သည်။ "လူဦးရေ သောင်းဂဏန်း ကျော်လွန်လျှင် ကုန်းမြေအဆုံးတိုင် အဆုံးအစမရှိ ဖြစ်ရချေသည်" ဟူသော ရှေးစကားအတိုင်းပင်။ ဝူချုံးယွန်း၏ စစ်သည်တော် လေးသောင်းကြီးသည် ဖူယန်စီရင်စုမှ ထွက်ခွာလာသည်နှင့်တစ်ပြိုင်နက် ဝူချုံးယွန်း၏ ဩဇာအာဏာအဝန်းအဝိုင်း၏ ဖုံးကွယ်မှုအောက်မှ လွတ်မြောက်သွားပြီး ချက်ချင်းပင် အရာရာ ဘူးပေါ်သလို ပေါ်သွားခဲ့တော့သည်။

ကုန်သည်ယာဉ်တန်းများ၊ ခရီးသွားလာသူများနှင့် သိုင်းလောကမှ လေလွင့်သိုင်းသမားများသည် ထိုသတင်းကို အရပ်ရှစ်မျက်နှာသို့ လျင်မြန်စွာ ပျံ့နှံ့စေခဲ့ကြသည်။ ချက်ချင်းဆိုသလိုပင် ယွဲ့ပြည်နယ်တစ်ခုလုံး၏ လေထုသည် တင်းမာခက်ထန်သွားခဲ့တော့၏။ ကောလာဟလအမျိုးမျိုးက တောမီးပမာ ပျံ့နှံ့သွားခဲ့ပြီး ထင်မြင်ချက်အမျိုးမျိုး ကွဲပြားနေကြသော်လည်း ခြုံငုံ၍ ပြောရလျှင် စကားတစ်ခွန်းတည်းသာ ရှိပေသည်။ ဝူချုံးယွန်း တော်လှန်ပုန်ကန်လေပြီ။

ဝူချုံးယွန်း မြှောက်တင်လိုက်သော အလံတော်ကြီးက အလွန်ပင် ရိုးရှင်းအောက်တန်းကျလှရာ... သာမန်စစ်သည်များနှင့် မသိနားမလည်သော ပြည်သူများကို လှည့်စားနိုင်သော်လည်း အမြင်ကျယ်သော အခြားသူများကိုမူ ဘယ်လိုမှ မလှည့်စားနိုင်ခဲ့ချေ။

ထိုအထဲတွင် နန်ယန်စီရင်စုနှင့် တန်ယန်စီရင်စုတို့၏ တုံ့ပြန်မှုက အပြင်းထန်ဆုံး ဖြစ်ခဲ့သည်။ နန်ယန်စီရင်စု၏ နယ်စားအသစ်မှာ ဝမ်ကျင်းကိုယ်တိုင် အထူးခန့်အပ်ထားသော ဟဲဝေဖြစ်ပေသည်။ ဤလူသည် အရည်အချင်းရှိပြီး အမြော်အမြင် ကြီးမားသူတစ်ဦး ဖြစ်၏။ သူသည် ဝမ်ကျင်း၏ မြှောက်စားခြင်းကို ခံခဲ့ရသူဖြစ်ရာ မိမိပိုင်ဆိုင်သမျှ အရာအားလုံးသည် ဝမ်ကျင်းထံမှ လာသည်ကို သူ ကောင်းကောင်းသိရှိထားသည်။ အကယ်၍ ဝမ်ကျင်းသာ တစ်စုံတစ်ခု ဖြစ်ပွားခဲ့လျှင် သူ၏ နယ်စားမင်းရာထူးသည်လည်း ကုန်ဆုံးသွားပေလိမ့်မည်။ မိမိ၏ အာဏာစက်အတွက် သူသည် အသက်နှင့်လဲ၍ တိုက်ခိုက်ရပေမည်။

ထို့ကြောင့် ပြည်နယ်မြို့တော်၏ စစ်အင်အား နည်းပါးနေချိန်တွင် ဖူယန်စီရင်စုက တော်လှန်ပုန်ကန်ရန် ကြံစည်နေကြောင်း ဟဲဝေ သိရှိရသောအခါ သူသည် စစ်သည်တော်များကို ချက်ချင်းစုရုံးစေပြီး ဝမ်ကျင်းအား ကယ်တင်ရန်အတွက် စစ်တပ်ကို ကိုယ်တိုင်ဦးဆောင်၍ ထွက်ခွာရန် ပြင်ဆင်တော့သည်။ စီရင်စုအတွင်းရှိ အင်အားကြီးမားသော ချီမိသားစုမှာမူ ပို၍ပင် ပြင်းထန်လှရာ... စစ်တပ်ရန်ပုံငွေ ရှာဖွေထောက်ပံ့ရန်အတွက် မိမိတို့၏ ဘိုးဘွားပိုင် အိမ်ရာများကိုပင် ရောင်းချချင်စိတ် ပေါက်နေကြပြီး ဤတစ်ကြိမ်တည်းသော လောင်းကြေးထပ်မှုအပေါ်တွင် အရာအားလုံးကို ပုံအောထားကြတော့သည်။

အခြားသော မိသားစုကြီးများမှာမူ ငွေကြေးအရ ထောက်ပံ့ကူညီမှုများ ပြုလုပ်ကြပြီး မိမိတို့၏ ထောက်ခံမှုကို ပြသခဲ့ကြသည်။ အခြားအကြောင်းကြောင့်မဟုတ်ဘဲ... မိသားစုအကြီးအကဲများ တိုင်ပင်ဆွေးနွေးပြီးနောက် ဝမ်ကျင်းသည် အဆင်အခြင်မဲ့စွာ ပြုလုပ်မည့်သူ မဟုတ်ကြောင်းနှင့် အရန်အစီအစဉ်တစ်ခု သေချာပေါက် ရှိထားရမည်ဟု တညီတညွတ်တည်း ယုံကြည်နေကြသောကြောင့် ဖြစ်သည်။

နောင်တစ်ချိန်တွင် အပြစ်တင် စစ်ဆေးခြင်း ခံရမည့်ဘေးမှ ကင်းဝေးစေရန်အတွက် ယခုအချိန်တွင် ထောက်ခံအားပေးခြင်းက အကောင်းဆုံးပင် ဖြစ်သည်။ အကယ်၍ ဝမ်ကျင်း တကယ်ပဲ ရှုံးနိမ့်သွားခဲ့ရင်တောင်မှ ဆုံးရှုံးမှုသည် ငွေကြေးအနည်းငယ်မျှသာ ဖြစ်ပေလိမ့်မည်။ ဤလူများသည် အရာရာတွင် အရေးကြီးသောအရာနှင့် အရေးမကြီးသောအရာကို ခွဲခြားသိမြင်နိုင်စွမ်း ရှိကြသည်။

တစ်ဖက်တွင်မူ တန်ယန်စီရင်စု၏ မြို့စားဖြစ်သူ ခေါ့ရှန့် သည် သစ္စာစောင့်သိမှု သက်သက်ဖြင့် မင်းနေပြည်တော် နန်းတော်အပေါ်၌သာ အကြွင်းမဲ့ သစ္စာရှိသူ ဖြစ်ပေသည်။ ချန်တောက် ဘုရင်ခံ ဖြစ်စဉ်အခါက ခေါ့ရှန့်သည် ချန်တောက်ကို အစွမ်းကုန် ထောက်ခံခဲ့ဖူးသည်။ ၎င်းမှာ ချန်တောက် အလွန်အစွမ်းထက်နေ၍ မဟုတ်ဘဲ ခေါ့ရှန့်၏ မျက်စိထဲတွင် ချန်တောက်သည် မင်းနေပြည်တော်မှ တရားဝင် ခန့်အပ်ထားသော ဘုရင်ခံတစ်ဦး ဖြစ်နေသောကြောင့်သာ ဖြစ်သည်။ ထို့ကြောင့် သူသည် ချန်တောက်အပေါ် များစွာ ရိုသေလေးစားမှု ရှိခဲ့ပြီး၊ ပြည်နယ်မြို့တော်၏ အင်အားကြီးမိသားစုများ မြှောက်ပင့်ပေးမှုကြောင့် ချန်တောက်ကို တော်လှန်စိန်ခေါ်ခဲ့သော ဝူချုံးယွန်းကိုမူ အလွန်ပင် ရွံရှာမုန်းတီးခဲ့သည်။

အခုအခါတွင်မူ ဝူချုံးယွန်းက အမှန်တကယ် တော်လှန်ပုန်ကန်ရဲခဲ့သည်။ ခေါ့ရှန့်သည် အလွန်အမင်း ဒေါသထွက်ကာ တဆတ်ဆတ်တုန်လျက် ဆဲရေးတိုင်းထွာတော့သည်။ ထို့နောက် စီရင်စုအတွင်းမှ နယ်ခြားစောင့်စစ်သည် နှစ်သောင်းကို ချက်ချင်း စေလွှတ်၍ ပြည်နယ်မြို့တော်ကို ကယ်တင်ရန် ပြင်ဆင်တော့သည်။ ခေါ့ရှန့်၏ အမြင်တွင် ဝူချုံးယွန်း၏ လုပ်ရပ်များသည် မင်းနေပြည်တော်ကို စော်ကားမော်ကား ပြုလုပ်ခြင်းနှင့် ဥပဒေကို နင်းချေခြင်းပင် ဖြစ်ပြီး၊ လုံးဝ ခွင့်မလွှတ်နိုင်သော ပုန်ကန်ပြစ်မှုကြီး ဖြစ်ပေသည်။

၎င်းအပြင် ခေါ့ရှန့်သည် ဘုရင်ခံအသစ်အပေါ် ကောင်းမွန်သော အထင်အမြင် ရှိထားသည်။ သူသည် တိုင်းတပါးသားများကို နှိမ်နင်းကာ နယ်မြေချဲ့ထွင်နိုင်စွမ်းရှိသော ပါရမီရှင် သူရဲကောင်းလူငယ်တစ်ဦး ဖြစ်ရုံမျှမက၊ နန်ယန်စီရင်စုကိုလည်း စနစ်တကျ စီမံခန့်ခွဲနိုင်ပြီး စီးပွားရေးကို ဖြစ်ထွန်းအောင်မြင်စေခဲ့သူ မဟုတ်ပါလား။ အခုအချိန်တွင်မူ ဝူချုံးယွန်းဟူသော ဤသစ္စာဖောက်ကြီးသည် ဘုရင်ခံသခင်ကြီးက တိုင်းတပါးသားများကို တိုက်ခိုက်ရန် စစ်သည်များ စေလွှတ်ထားစဉ်အခါသမယတွင် စစ်တပ်ကို မြှောက်ပင်၍ ပုန်ကန်ရဲလေသည်။ ၎င်းမှာ အလွန်ပင် ယုတ်မာကောက်ကျစ်လှသဖြင့် မျိုးသုံးဆက်တိုင်အောင် သတ်ဖြတ်ချေမှုန်းပစ်ရန် ထိုက်တန်လှပေသည်။

ထို့ကြောင့် သတင်းကို ရရှိသည်နှင့် ခေါ့ရှန့်သည် တုံ့ဆိုင်းခြင်းမရှိဘဲ စစ်သည်များကို စုစည်းကာ ဝူချုံးယွန်း၏ တော်လှန်ရေး အောင်မြင်သွားမည်ကို စိုးရိမ်သောကြောင့် ပြည်နယ်မြို့တော်ဆီသို့ စစ်တပ်ကို ကိုယ်တိုင် အလျင်အမြန် ဦးဆောင်ချီတက်သွားခဲ့တော့သည်။

ယွဲ့ပြည်နယ်အတွင်းရှိ အခြားသော စီရင်စုခြောက်ခုတို့သည်လည်း နန်ယန်စီရင်စု၊ တန်ယန်စီရင်စုနှင့် ပုန်ကန်သွားသော ဖူယန်စီရင်စုတို့မှအပ... တစ်ချိန်တည်းမှာပင် ဟန်ပြစစ်ကူများကို စေလွှတ်ခဲ့ကြပြီး ပြည်နယ်မြို့တော်ကို ကယ်တင်ရန်နှင့် သစ္စာဖောက် ဝူချုံးယွန်းကို အတူတကွ ပူးပေါင်းတိုက်ခိုက်ရန် အလံတော်ကို မြှောက်တင်လိုက်ကြသည်။

ဤသည်မှာ တရားမျှတမှု၏ ဩဇာအာဏာပင် ဖြစ်ပေသည်။ ဤကိစ္စတွင် မည်သူမျှ တုံ့ဆိုင်းခြင်း သို့မဟုတ် ဝေခွဲမရဖြစ်ခြင်းတို့ မလုပ်ရဲကြချေ၊ သို့မဟုတ်ပါက မိမိတို့၏ အနာဂတ် ရာထူးတက်လမ်းကို ကိုယ်တိုင် လမ်းပိတ်ပစ်လိုက်သည်နှင့် တူပေလိမ့်မည်။ ဤလူများသည် သေသေချာချာ နားလည်ထားကြသည်။ ဝူချုံးယွန်း အစိုးရရုံးတော်ကို သိမ်းပိုက်နိုင်ခဲ့ရင်တောင်မှ မည်သို့ဆက်ဖြစ်မည်နည်း။ သူသည် ဝမ်ကျင်းကို ဖမ်းဆီးနိုင်ပါ့မလား။ ဖမ်းဆီးနိုင်ခဲ့ရင်တောင်မှ သူ အမှန်တကယ် သတ်ရဲပါ့မလား။

ဝူချုံးယွန်းသည် အလွန်အမင်း ခေါင်းမာပြီး အသက်ကို မနှမြောဘဲ ဝမ်ကျင်းကို သတ်ဖြတ်ပစ်ရဲသည့် သတ္တိ ရှိခဲ့ရင်လျှင်တောင်မှ... အပြင်ဘက်သို့ စေလွှတ်ထားသော ဝမ်ကျင်း၏ တောင့်တင်းလှသည့် စစ်တပ်ကြီးက အလုံးအရင်းဖြင့် ရှိနေသေးပြီး ပျက်စီးသွားခြင်း မရှိသေးချေ။ ထို့ပြင် ဝမ်မိသားစု၊ လီမိသားစုနှင့် ဥပဒေပြုရေးဝါဒဂိုဏ်းတို့၏ ဒေါသတရားများအောက်တွင် သူတို့လည်း မြေစာပင် မဖြစ်ချင်ကြချေ။

ဘုရင်ခံအိမ်တော်အတွင်း၌ ဝမ်ကျင်းသည် 'ကွန်ရက်' ထံမှ ပေးပို့လာသော လျှို့ဝှက်စာလွှာများကို ကြည့်ရင်း သူ၏နှုတ်ခမ်းထက်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်ထွက်လာခဲ့သည်။

"သူတို့အားလုံးက တော်တော်လေးကို ပါးနပ်ကြတာပဲ... ဟူး... ဒီလောကမှာ လူမိုက်တွေက နည်းလွန်းသေးတယ်။ ဒီတစ်ခါ ငါးမျှားတာကတော့ ငါးအကြီးကြီးတွေ သိပ်မမိလိုက်ဘူးပဲ။ ဒါပေမဲ့လည်း ကောင်းပါတယ်... အနည်းဆုံးတော့ ဝူချုံးယွန်းကို ကွပ်မျက်ပြီးရင် ယွဲ့ပြည်နယ်ကို ထိန်းချုပ်ဖို့ တွန်းလှန်မှုတွေက အလွန်နည်းပါးသွားလိမ့်မယ်ဆိုတာ သက်သေပြနေတာပဲ။ တချို့အချိန်တွေမှာ လူမိုက်တွေထက်စာရင် လူလိမ္မာတွေကို ထိန်းချုပ်ရတာ ပိုပြီးတော့ လွယ်ကူတတ်တယ်..."

All Chapters