အလောင်းအစား(၁)
Vol. 013 Ch. 638
“ဒီတစ်ချီပြိုင်ပွဲရဲ့ စည်းမျဉ်းမှာ နတ်ဆိုးဗိုလ်ချုပ်တွေနဲ့ သူတို့ရဲ့အကူတွေက စစ်ဗုံကို အတူပေါင်းပြီးတော့ မြည်အောင် ပြုလုပ်နိုင်တယ်...”ြံကို ပေါင်းပြ
ရွှေရောင်ချပ်ဝတ်နှင့်လူက သူ့စကားဆုံးသည်နှင့် လူအများကို စကားပြောချိန် မပေးတော့ပေ။ သူက လူအုပ်ထဲရှိ တစ်ယောက်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ “နတ်ဆိုးဗိုလ်ချုပ်ယုဆန်…ထွက်လာခဲ့ပါ…”
နတ်ဆိုးဗိုလ်ချုပ်များထဲမှ တစ်ယောက်က ရှေ့သို့ ထွက်လာခဲ့သည်။ သူ့မျက်လုံးက အေးစက်နေကာ သူ လမ်းလျှောက်လာစဉ်တွင် သူ့ချပ်ဝတ်က တချွင်ချွင် မည်နေလေ၏။သိပ်မကြာခင်တွင် သူက နတ်ဆိုးဗုံ ရှေ့သို့ ရောက်ရှိလာခဲ့သည်။
သူက နတ်ဆိုးဗုံကို ကြည့်နေရင်း မျက်လုံးက ရုတ်တရက် တောက်ပသွားသည်။သည့်နောက် သူ့စိတ်နှလုံးထဲမှ ပြင်းထန်သောတိုက်ပွဲစိတ်ဆန္ဒတစ်ခု တောက်လောင်လာလေ၏။
သူက ချက်ခြင်း လုပ်ဆောင်ခြင်းမပြုသေးဘဲ ငြိမ်သက်စွာ ရပ်နေကာ သူ့ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို အထွတ်အထိပ်သို့ ရောက်အောင် ထုတ်ဖော်နေသည်။ တကယ်တော့ သူ့တွင် သည်ဗုံကို မြည်အောင် တီးခတ်နိုင်ရန် ယုံကြည်မှု မရှိပေ။ သူ့အတွက် သည်ဗုံက တော်ဝင်အမွေအနှစ် ဖြစ်နေသည် မဟုတ်လော။
ရွှေရောင်ချပ်ဝတ်နှင့်လူက ယုဆန်ကို ကြည့်ကာ တွေးနေသည်။ “ယုဆန်ရဲ့ ကျင့်ကြံမှုအဆင့်နဲ့ ဆိုရင် သူက လေးကြိမ်လောက်တော့ မြည်အောင် လုပ်နိုင်သင့်တယ်။သူက ငါးကြိမ်မြောက် မြည်အောင် အတင်းလုပ်မယ်ဆိုရင် သူက ပေါက်ကွဲထွက်သွားလိမ့်မယ်…” သူက ယုဆန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် မျက်လုံးပြန်မှိတ်ထားလိုက်၏။
လူတိုင်း၏ အကြည့်က ယုဆန်ပေါ်သို့ ကျရောက်နေကြသည်။ သို့သော် သူကတော့ ထိုလူများအားလုံးကို အရေးစိုက်နေခြင်း မရှိပေ။အခြားလူများ၏ အနှောက်အယှက်ကို ကာကွယ်ရန် အလို့ငှာ သူက မျက်လုံးမှိတ်ထားပြီး ပြင်ပ ကမ္ဘာကို လုံးလုံးလျာလျာ လစ်လျူရှုထားလေ၏။
သူက ဖြည်းဖြည်းချင်း မကောင်းဆိုးဝါးအော်ရာကို အော်ရာကို ထုတ်လွှတ်ကာ လေထဲသို့ ပျံ့နှံ့စေပြီး သိပ်သည်းစေသည်။
ပတ်ဝန်းကျင် ထိုင်ခုံများထံကနေ ဆွေးနွေးသံများလည်း ပျံ့လွင့်လာသည်။
“သတ်ဖြတ်ခြင်းတာအိုက တကယ့်ကို ကျင့်ကြံဖို့ ခက်ခဲတယ်။ဒီ ယုဆန်က ဒီ တာအိုကို နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး ခု ပထမဆုံးတစ်ယောက် အဖြစ် ရှေ့ထွက်လာခဲ့တာ။ သူက ကျော်ကြားလာမှာကို ငါ စိုးရိမ်မိတယ်…”
“ဘယ်သူသိလဲ….ဒီနတ်ဆိုးဗုံက ရှေးဟောင်းနတ်ဆိုးရဲ့ အရေပြားနဲ့ လုပ်ထားတယ်ဆိုတာကို။ ယုဆန်က ဒါကို မြည်အောင် တီးနိုင်ရင်တောင် သူလည်း တန်ပြန်ဒဏ်ခံရမှာပဲ…”
နတ်ဆိုးဗိုလ်ချုပ်မှူး ရှစ်ယောက်က ယုဆန်ကို စိတ်ဝင်စားသည့်အကြည့်ဖြင့် ကြည့်နေကြသည်။သို့ရာတွင် သူတို့က အခြားလူများကဲ့သို့ စကားအများကြီး ပြောနေစရာမလိုချေ။ သူတိုက တစ်ချက်ကြည့်ရုံနှင့် မည်သို့ ဖြစ်ပျက်မည်ကို မြင်နိုင်စွမ်း ရှိကြပေ၏။
ဒုဗိုလ်ချုပ်မှူး ခြောက်ယောက်က ဗိုလ်ချုပ်မှူးများကဲ့သို့ ဉာဏ်အမြင် မရှိကြသော်လည်း သူတို့တွင်လည်း မြင့်မားသည့် ကျင့်ကြံမှုအဆင့် ရှိကြသည်သာ ဖြစ်သည်။ထို့ကြောင့် သူတို့ကလည်း သည်အခြင်းအရာတွင် အချို့သဲလွန်စများကို မြင်တွေ့နိုင်စွမ်း ရှိကြသည်သာ ဖြစ်၏။ ဒုတပ်မှူးချုပ်ရွှမ်က ယုဆန်ကို ကြည့်ပင်မကြည့်ပဲ ထိုအစားသူက ဝမ်လင်းထံသို့သာ ကြည့်လို့နေသည်။
“ဝမ်လင်း…ငါက မင်း ဒီဗုံကို ဘယ်နှစ်ကြိမ်များ မြည်အောင် တီးနိုင်မလဲ သိချင်မိတယ်…”
သူက ထိုသို့တွေးနေစဉ်မှာပင် ဒုဗိုလ်ချုပ်မှူးဟွမ်စီက ပြုံးလိုက်၏။ “ဒုဗိုလ်ချုပ်မှူး ရွှမ်…ငါက ငါတို့လောင်းထားတာမှာ အနိုင်ရမှာ စိုးနေမိတယ်…။သင် ရွေးလိုက်တဲ့ ကျင့်ကြံသူက သူတစ်ယောက်တည်း ဗုံကို တီးခတ်ရတော့မယ်။ ဒါ့ကြောင့် သူက သံသယမရှိ ရှုံးမှာ သေချာနေပီ…”
ဒုဗိုလ်ချုပ်မှူးရွှမ်က အေးစက်စွာ နှာခေါင်းရှုံ့၍ ပြောလိုက်သည်။ “သင် စောင့်ကြည့်နေလိုက်ပါ။ ဒီလူက သင် ထင်သလို မရိုးရှင်းဘူး…”
သူတို့နှစ်ယောက် စကားပြောနေစဉ်မှာပင် ယုဆန်က မျက်လုံးဖွင့်လာခဲ့၏။ထိုအခိုက်၌ သူ့ခန္ဓာကိုယ်ပေါ်သို့ စစ်နတ်ဘုရားတစ်ပါး ဆင်းသက်လာသလို ထင်မှတ်ရသည်။ သူ့မျက်လုံးကလည်း တောက်ပနေ၏။
ယုဆန်က မာန်သွင်းလိုက်၏။ သည့်နောက် သူက လေထဲသို့ ဓားတစ်လက်အလား ထိုးထွင်း ခုန်တက်ကာ နတ်ဆိုးဗုံထံသို့ တိုက်ရိုက် ပျံသန်းသွားသည်။
လေထဲတွင် သူ့လက်ချောင်းနှစ်ခုကို ဓားတစ်လက် အသွင်ဖြစ်စေသည်။ သည်အခိုက်တွင် သူ့ခန္ဓာကိုယ်ထဲရှိ စွမ်းအင်အကုန်လုံးက ထိုလက်ချောင်းများထံ၌ စုဝေးလာခဲ့တော့၏။ သည့်နောက် သူက သူ့လက်ချောင်းနှစ်ချောင်းကို နတ်ဆိုးဗုံထံသို့ ထိုးစိုက် ညွှန်ချသည်။
အနက်ရောင်ဗုံသားရေက အနည်းငယ် အောက်သို့ နစ်သွား၏။၎င်းဗုံက နည်းနည်း နစ်သွားရုံသာ ရှိ၍ ချက်ခြင်း ပြန်ကန်ထွက်လာခဲ့သည်။
ခပ်အုပ်အုပ်အသံတစ်ခုက ကောင်းကင်ထက်၌ ပဲ့တင်ထပ်လာ၏။ ယင်းအသံက ကွင်းပြင်ထဲ၌ ပျံ့နှံ့သွားကာ အင်ပါယာမြို့တစ်ခုလုံးသို့ လွင့်ပြယ်သွားသည်။
ထိုဗုံ မြည်ဟီးသွားသည့် အခါတွင် ယုဆန်က ယင်းနတ်ဆိုးဗုံထံမှ အံ့မခန်းအားတစ်ခု ထွက်ပေါ်လာသည်ဟု ခံစားလိုက်ရ၏။သည်အားက သူ့ခန္ဓာကိုယ်ထဲသို့ ထွင်းဖောက်ဝင်သွားလေသည်။
ယုဆန်မျက်နှာက ဖြူရောသွားကာ သူ့မျက်လုံးထဲ၌လည်း သတ်ဖြတ်ခြင်း စိတ်ဆန္ဒများ ပြည့်လာသည်။သူက နောက်ထပ် ခြေလှမ်းတစ်လှမ်း လှမ်းကာ လက်ချောင်းနှစ်ခုကို နတ်ဆိုးဗုံပေါ်သို့ ထပ်မံ ကျရောက်စေပြန်သည်။
ဒုန်း…။
ဗုံသံက မိုးခြိမ်းသံအလား ကျဆင်းလာ၏။
ယုဆန်က မာန်သွင်းကာ သူ့ခန္ဓာကိုယ်ပတ်လည်ရှိ နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင်များကို မျက်နှာမျိုးစုံအဖြစ်သို့ ပြောင်းလဲစေလိုက်သည်။သည် မျက်နှာတစ်ခုချင်းစီက မတူညီသည့် အသွင်ဟန်ပန်တို့ ရှိနေကြ၏။ သို့သော် သည်မျက်နှာများက မြန်ဆန်စွာ ပြန်ပျောက်ကွယ်သွားကြလေသည်။
မျက်နှာတစ်ခု ပျောက်ကွယ်သွားသည့် အကြိမ်တိုင်း နောက်တစ်ခု ပေါ်ပေါ်လာ၏။
“စိတ်ဝိညာဉ်ဝါးမြို သတ်ဖြတ်ခြင်း…ပထမအလွှာ…” ယုဆန်အသံက ငရဲမှ ထိုးထွက်လာသည့်အလား ထင်မှတ်ရပေ၏။သူက ထိုသို့အော်ဟစ်လိုက်ပြီးနောက် မျက်နှာအားလုံးက နာကျင်သည့်ဟန် ဖြစ်ပေါ်သွားကာ ယုဆန်၏ ညာလက်သို့ ကမူးရှူးထိုး တိုးဝင်လာကြတော့၏။
သူ့ညာလက်တစ်ခုလုံးက မျက်စိကျိန်းလောက်သည့် အပြာရောင်အလင်းကို ထုတ်လွှတ်နေ၏။
ယုဆန်က မာန်သွင်းကာ သူ့ညာလက်ကို လက်ဝါးအသွင် ဖြစ်စေ၍ နတ်ဆိုးဗုံထံသို့ ရိုက်ချလိုက်ပြန်၏။
သူက နတ်ဆိုးဗုံနှင့် မထိခင်မှာပင် လက်ဝါးအားကြောင့် ဖြစ်ပေါ်လာသည့် လေက ဗုံပေါ်သို့ ကျရောက်သွား၏။
တတိယမြောက် ဗုံသံက နေရာအနှံ့သို့ ပဲ့တင်ထပ်လို့သွားပြန်၏။သည်အခိုက်၌ လူတိုင်းက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြသည်။ လက်ဝါးဖြင့် ဖန်တီးထားသော လေဖြင့် တီးခတ်ရာတွင် လှည့်စားမှုအချို့ရှိသော်လည်း သည်အရာကပင် ယုဆန်၏ စိတ်ဝိညာဉ်ဝါးမြိုခြင်း မန္တာန်၏ စွမ်းအားကို ပြသနေပေသည်။
လေပြင်း ဖြတ်ကျော်သွားပြီးနောက် ယုဆန်၏ညာလက်က ဗုံပေါ်သို့ ဖိနှိပ်လာပြန်လေ၏။
တတိယမြောက်ဗုံသံ ထွက်ပေါ်ပြီးပြီးချင်းမှာပင် လေးခုမြောက် ဗုံသံကလည်း နောက်ကနေ ကပ်ပါလာလေသည်။ထို ရှေ့ဆင့်နောက်ဆင့် ဗုံသံနှစ်ခုက မိုးကြိုးပစ်သံအလား လှိမ့်ထွက်လာခဲ့တော့သည်။
ယုဆန်က သူ့ညာလက်ကို မြန်ဆန်စွာ ပြန်ရုတ်သိမ်း၍ ချက်ခြင်း ပြန်ဆုတ်သည်။သည့်နောက် သူက နောက်ဘက် ပေထောင်ချီသို့ ရောက်ရှိသွားပြီးမှ နောက်ဆုံးတွင် သူ့ကိုယ်သူ တည်ငြိမ်အောင် လုပ်လိုက်နိုင်သည်။သူ့မျက်နှာက နီရဲလာကာ သူက သွေးမအန်မိအောင် အတင်း ထိန်းချုပ်ထားရပေ၏။
သူ့ညာလက်က တုန်ယင်နေကာ ထုံထိုင်းနေသည်။သူက ထိုမန္တာန်ကို အသုံးပြုရန် သူ့နတ်ဆိုးစိတ်ဝိညာဉ်စွမ်းအင် (၈၀) ရာခိုင်နှုန်းကို အသုံးပြုခဲ့ရပေသည်။
ရွှေရောင်ချပ်ဝတ်နှင့်လူက ဖြည်းညင်းစွာ ပြောလိုက်သည်။ “လေးကြိမ်…နတ်ဆိုးဗိုလ်ချုပ် ယုဆန်ရဲ့ အကူထွက်လာခဲ့ချေ…”
ယုန်ဆန်က အသက်ဝဝရှူသွင်းကာ ပြောလိုက်သည်။ “ငါ့မှာ အကူ မရှိဘူး…”
ရွှေရောင်ချပ်ဝတ်နှင့်လူ၏ အကြည့်က ယုဆန်ထံကနေ သွေဖယ်ကာ နောက်ထပ် ဗိုလ်ချုပ်တစ်ယောက်ထံသို့ ကျရောက်သွား၏။ပထမ၌ သူက ဝမ်လင်းကို လှမ်းကြည့်ကာ နှာခေါင်းရှုံ့လိုက်သေးသည်။သို့သော် သူက ဝမ်လင်းကို ခေါ်ထုတ်ခြင်း မပြုပေ။ထိုအစား သူက မိုဖန်ကို ကြည့်ကာ ပြောလိုက်၏။ “နတ်ဆိုးဗိုလ်ချုပ် မိုဖန်…ထွက်လာခဲ့ပါ…”
သူက ထိုသို့ပြောလိုက်ပြီးနောက် ဆွေးနွေးနေသည့်အသံများအားလုံးက ရပ်တန့်သွားပြီး လူတိုင်း၏ အကြည့်က မိုဖန် ထံ၌သာ ကျရောက်လို့နေတော့သည်။
“နတ်ဆိုးဗိုလ်ချုပ် မိုဖန်…လွန်ခဲ့တဲ့ နှစ်သုံးရာတုန်းက နတ်ဆိုးဗိုလ်ချုပ်တွေကြားမှာ နံပါတ်တစ် ဖြစ်ခဲ့သူ…”
“ဒီလူက သူ့အချိန်အများစုကို နယ်စပ်မှာ ကုန်ဆုံးစေခဲ့တယ်။ မိုဖန်ရဲ့ ခေါင်းက မီးနတ်ဆိုးနိုင်ငံရဲ့ အမြင်မှာ တော်တော်လေး တန်ကြေးရှိတယ်လို့ ပြောလို့ရတယ်…”
“ဒီမိုဖန်ရဲ့ ကျင့်ကြံမှုအဆင့်ကလည်း တော်တော်လေး ထူးဆန်းတယ်။ခုချိန်ထိ လူတိုင်းက သူ့ရဲ့ တန်ပြန်သက်ရောက်ခြင်း မန္တန်ကို အသုံးပြုတာကိုပဲ မြင်ဖူးသေးတယ်။ဒီလူက နတ်ဆိုးဗုံကို အနည်းဆုံး ငါးကြိမ်မြည်အောင် တီးခတ်နိုင်လိမ့်မယ်လို့ ငါ ယုံကြည်တယ်…”
“မိုဖန်…” ဗိုလ်ချုပ်မှူးမြေကမ္ဘာက မိုဖန်ကို ကြည့်ကာ ပြုံးယောင်သန်းလာပြီး ပြောလိုက်သည်။ “ဒီကောင်လေးက နဂါးကန်မှာ နောက်တစ်ကြိမ် အတွေ့အကြုံထပ်ယူနိုင်မယ်ဆိုရင် သူက ဒုနတ်ဆိုးဗိုလ်ချုပ်တွေကြားမှာ ထိပ်ဆုံးသုံးနေရာကို ရောက်နိုင်တယ်လို့တောင် ယူဆလို့ရတယ်…”
ခရမ်းရောင်ဝတ်စုံနှင့် သက်လတ်ပိုင်းလူကြီးက ပြုံး၍ ပြောလာပြန်၏။ “မိုဖန်က သင့်ရဲ့ ပါရမီရှင်တွေအပေါ် နှစ်သက်မှုကို လှုပ်လှုပ်ရှားရှား ဖြစ်စေနိုင်ခဲ့တာလား…”
ဗိုလ်ချုပ်မှူးမြေကမ္ဘာက ရယ်မောကာ ခေါင်းညိတ်ပြလိုက်သည်။
ဗိုလ်ချုပ်မှူး မြေကမ္ဘာက ထပ်မံ ရယ်မော၍ ပြောလိုက်ပြန်သည်။ “ဒီကောင်လေးက ဗုံကို ခြောက်ကြိမ်မြည်အောင် တီးခတ် နိုင်မယ်ဆိုရင် သူက ဒုဗိုလ်ချုပ်မှူး တစ်ယောက်ဖြစ်လာဖို့ မလုံလောက်ရင်တောင် ငါက သူ့ကို အသိအမှတ် ပြုပေးလိုက်မယ်…”
မိုဖန်က နတ်ဆိုးဗုံရှိရာသို့ လျှောက်လှမ်းလာသည့်အခါ လူတိုင်း၏ အကြည့်က သူ့လှုပ်ရှားမှုနောက်သို့ ကပ်ပါလာကြသည်။
သူက နတ်ဆိုးဗုံနှင့် ပေတစ်ရာအကွာသို့ ရောက်သည့်အခါ ရပ်တန့်၍ ဗုံကို ကြည့်သည်။သူက အချိန်ဖြုန်းနေခြင်း မပြုဘဲ သူ့ခန္ဓာကိုယ်ကို ဟန်ချက်ညှီကာ လေထဲသို့ လက်သီးတစ်လုံး ပစ်သွင်းလိုက်လေသည်။
ဒုန်း…။ ဗုံသံက ကွင်းပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
မိုဖန်၏ ချပ်ဝတ် ဝတ်စုံကလည်း လွင့်မြောနေကာ တဖျပ်ဖျပ် အသံများ ထွက်ပေါ်နေ၏။ သူ့ဆံပင်များကလည်း နောက်သို့ လွင့်မြောကာ နေသည်။သို့သော် သူ့ခန္ဓာကိုယ်ကတော့ ရွှေ့လျားသွားခြင်း မရှိချေ။သူ့အသွင်ကလည်း အနည်းငယ်ပင် ပြောင်းလဲသွားခြင်း မရှိပေ။
“ဒီတော့ ဒါက သိပ်မခက်ခဲ ဘူးပေါ့…” ထိုလူက ရယ်မောက ရှေ့သို့ ဆယ်ပေခန့် ဆက်လှမ်းကာ နောက်ထပ်လက်သီးတစ်လုံး ပစ်သွင်းပြန်သည်။
ဒုန်း…။
မိုဖန်က ရပ်တန့်ခြင်း မပြုပေ။သူက ရှေ့သို့ နောက်ထပ်ဆယ်ပေ ဆက်လှမ်းကာ လက်သီးတစ်လုံး လေထဲသို့ ပစ်သွင်းလိုက်ပြန်သည်။
ဒုန်း…။
ဗုံထံကနေ သုံးခုမြောက် မြည်သံထွက်ပေါ်လာခြင်းက ရှေးဟောင်းသားရဲတစ်ကောင် ကောင် ကောင်းကင်နတ်ဆိုးမြို့ ကောင်းကင်ထက်တွင် ဟိန်းဟောက်သံ ပြုနေသကဲ့သို့ ထင်မှတ်ရ၏။
သုံးကြိမ်တိုင် မြည်ဟီးအောင် တီးခတ်ပြီးသည့်နောက် မိုဖန်က ခဏတာ တန့်သွားသည်။အကြောင်းကတော့ သူ့ထံသို့ အံမခန်းအားတစ်ခု ဝရောသုန်းကား တိုးဝင်လာသည်ဟု ခံစားမိလိုက်သောကြောင့် ဖြစ်သည်။သူက နောက်ထပ် ခြေတစ်လှမ်းလှမ်းကာ မလှုပ်မယှက်ကျောက်ဆောင်ကဲ့သို့ ဖြစ်တည်လာ၏။
သူ့ပတ်လည်ရှိ ချပ်ဝတ်ကလည်း ပြင်းပြင်းထန်ထန် တုန်ခါနေ၏။သို့သော် ၎င်းချပ်ဝတ်က သူ့နတ်ဆိုးအော်ရာကို ဖြန့်ထုတ်လိုက်သည့်အခါတွင် ပြန်လည် တည်ငြိမ်သွားလေ၏။
မိုဖန်မျက်လုံးများက လင်းလက်လို့နေသည်။သူက အလေးအနက်အသွင်ဖြစ်သွားကာ သူ့ကိုယ်သူ ခပ်တိုးတိုး ရေရွတ်လိုက်၏။ “စိတ်ဝင်စားစရာပဲ…” သူက နောက်ထပ် ခြေဆယ်လှမ်းတိုးကာ လက်သီးတစ်လုံး ထိုးသွင်းပြန်သည်။
ဒုန်း…။
သူက ရပ်တန့်ခြင်းမပြုဘဲ နောက်ထပ် လက်သီးတစ်လုံး ဆက်လက် ပစ်သွင်းလိုက်ပြန်သည်။
ဒုန်း…။
မိုဖန်က ရှေ့သို့ ဆက်လျှောက်လာ၏။သူနှင့် နတ်ဆိုးဗုံတို့ကြားရှိ အကွာအဝေးက နီးကပ်လို့လာ၏။သူက ခြေတစ်လှမ်းလှမ်းလိုက်တိုင်း လက်သီးတစ်လုံး ပစ်သွင်းပြီး ဖြစ်နေသည်။
ဒုန်း။ ခြောက်ခုမြောက် မြည်သံ ထွက်ပေါ်လာသည့်အခါတွင် ကြည့်ရှုနေသော လူတိုင်းက အားပေးလာကြသည်။ကောင်းကင်လောက်မြင့်သည့် နတ်ဗိုးဗိုလ်ချုပ်များကလွဲ၍ ကျန်သည့် ဗိုလ်ချုပ်များ၏ အကြည့်တွင် မိုဖန်ကို လေးစားသည့်ဟန်ပန်များ ပါဝင်လာတော့၏။
မိုဖန်…။
မိုဖန်…။
မိုဖန်….။
ပတ်ဝန်းကျင်မှု လူများ၏ အားပေးသံများက ဆက်တိုက် ထွက်ပေါ်လာတော့သည်။ဗုံကို ခြောက်ကြိမ်မြောက် မြည်အောင် တီးခတ်နိုင်သည့်လူကို ကောင်းကင်က ချီးမြှောက်သည့် ပါရမီရှင် အဖြစ် ယူဆ၍ ရသည် မဟုတ်လော။
သူက ခြောက်ကြိမ်တိုင် တီးခတ်ပြီးသော်လည်း ဒဏ်ရာရခြင်း မရှိသေးဘဲ သက်တောင့်သက်သာပင် ဖြစ်လို့နေသေး၏။သူက အခြားနတ်ဆိုးဗိုလ်ချုပ်များ၏ အထက်တွင် တည်ရှိလို့နေသည်။
ရွှေရောင်ချပ်ဝတ်နှင့်လူပင် ခေါင်းညိတ်မိသွားသည်။
“ခြောက်ကြိမ်မြောက် မြည်သံက ငါ့ကို ရပ်တန့်စေနိုင်လို့လား…” မိုဖန်မျက်လုံးများက လွန်စွာ တောက်ပလာကာ သူက လေထဲသို့ ခုန်တက်၍ နတ်ဆိုးဗုံပေါ်သို့ ရိုက်ချလိုက်ပြန်သည်။
ဒုန်း…။ခုနစ်ကြိမ်မြောက်မြည်သံက ပဲ့တင့်ထပ် သွားသည်။