← Chapters

အခန်း ၃၆၁

Vol. 37 Ch. 361

အခန်း ၃၆၁

Vol. 37 Ch. 361

အခန်း(361)

“ကျွန်မမှာ စနစ်ရှိတယ်လို့ ရှင် ဘာလို့ ပြောတာလဲ၊ အဲဒါက ကျွန်မဆီမှာ ရှိနေတယ်ဆိုတဲ့ နိမိတ်လက္ခဏာမျိုးရှိလို့လား”

လီရှန်းက မျက်မှောင်ကြုတ်လိုက်ပြီး စိတ်ရှုပ်ထွေးနေသည့် အမူအရာဖြင့် ပြောလိုက်လေသည်။

“ကျွန်မရဲ့ ဦးနှောက်ထဲမှာလည်း တစ်ခုခု ရှိနေတာလား”

ဟဲထန်၏ မျက်နှာတွင် မျက်ရည်များက ဖုံးလွှမ်းနေဆဲဖြစ်သော်လည်း လီရှန်း၏ မေးခွန်းကို ဖြေပေးလိုက်လေ၏။

“စနစ်က .. ပြောတယ်၊ မင်းဆီမှာ စနစ်မရှိဘူးတဲ့၊ သူ အလိမ်ခံလိုက်ရတာတဲ့”

လီရှန်းတစ်ယောက် အံ့အားသင့်စွာ စိုက်ကြည့်နေမိပြီး စိတ်သက်သာရာရမှုကို ခံစားလိုက်ရလေသည်။

ကံကောင်းထောက်မစွာဖြင့် စုဝေ့ချင်းက ဟဲထန်နှင့် မတွေ့ဆုံခဲ့ပေ။

သို့မဟုတ်ပါက စနစ်က စုဝေ့ချင်းထံတွင် စနစ်ရှိနေကြောင်းကို ရိပ်မိသွားနိုင်သည် မဟုတ်ပါလား။

စစ်ဆေးမေးမြန်းသူများက လီရှန်းကို စကားများလွန်းသည်ဟု အပြစ်မတင်ကြပေ။

လီရှန်းထံတွင် စနစ်မရှိသောကြောင့် ကျန်ရှိနေသော စစ်ဆေးမေးမြန်းမှုများကို ဆက်လက်၍ နားထောင်ရန် မလိုအပ်တော့ပေ။

ရန်ရှောင်က လီရှန်းကို စစ်ဆေးမေးမြန်းခန်း၏ အပြင်ဘက်သို့ ခေါ်ဆောင်လာခဲ့လေ၏။

သူတို့က အဝေးမှပင် ဟဲထန်၏ အော်ဟစ်ငိုကြွေးသံများကို ကြားနေရသည်။

စနစ်က လက်လျှော့ခြင်းမရှိသေးဘဲ သူ့ဘက်မှ နောက်ထပ် လျှို့ဝှက်ချက်များကို မထုတ်ဖော်နိုင်မီ သူ့ကို လုံးဝ နှုတ်ပိတ်ပစ်ချင်နေခဲ့သည်။

ကံမကောင်းစွာဖြင့် စနစ်တွင် လူတစ်ဦး၏ ဦးနှောက်ကို တိုက်ရိုက်သတ်ဖြတ်နိုင်စွမ်း မရှိပေ။

သူက လူတစ်ဦးကို သူ့ကိုယ်သူ သတ်သေရန်သာ ထိန်းချုပ်နိုင်သည်။

ဤစစ်ဆေးမေးမြန်းသူများ၏ အနီးကပ် စောင့်ကြည့်မှုအောက်တွင်တော့ သူ့ကိုယ်သူ သတ်သေရန် စိတ်ကူးက စိတ်ကူးယဉ်မှုသက်သက်မျှသာ ဖြစ်လေတော့၏။

“ကျွန်တော်တို့ လျှို့ဝှက်ချက် ထိန်းသိမ်းရေး သဘောတူညီချက်တစ်ခုလက်မှတ်ရေးထိုးပြီးရင် မင်းကို အိမ်ပြန်ပို့ပေးလို့ရပါပြီ”

ရန်ရှောင်က လီရှန်းကို တခြား အခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့၏။

မကြာမီတွင် စစ်ဆေးမေးမြန်းသူတစ်ဦးက လျှို့ဝှက်ချက်ထိန်းသိမ်းရေး သဘောတူညီချက်ကို ယူဆောင်လာခဲ့ပြီး ဟဲထန်နှင့် ပတ်သက်သည့် မေးခွန်းတချို့ကို မေးမြန်းလေသည်။

ပုံမှန်မဟုတ်သော မည်သည့်အရာမျှမရှိကြောင်းကို အတည်ပြုပြီးနောက် သူက လီရှန်းကို လက်မှတ်ရေးထိုးစေခဲ့၏။

ထို့နောက် ရန်ရှောင်က သူမကို အိမ်သို့ ပြန်လည်၍ ပို့ဆောင်ပေးခဲ့လေတော့၏။

လီရှန်းက မသိစိတ်ဖြင့် အကျဥ်းတံခါးနှစ်ချပ်ကို ပြန်လှည့်ကြည့်မိပြီး သက်ပြင်းချလိုက်မိသည်။

အကယ်၍ ဟဲထန်က သူမ၏ ယခင်ဘဝ၌လည်း စနစ်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်ဆိုပါက သူအနေဖြင့် အမှန်တကယ်ပင် ကံဆိုးလွန်း၏။

သူမ၏ ယခင်ဘဝ၌လည်း အသက်ရှင်ချိန်က ထိုစနစ်ကို ပိုင်ဆိုင်ထားခဲ့ခြင်း မရှိခဲ့ပေ။

ရှီးရှန်းအကျဉ်းထောင်မှ ထွက်လာပြီးနောက် ရန်ရှောင်က လီရှန်းကို လေ့ကျင့်ရေးစခန်းသို့ ပြန်လည် ခေါ်ဆောင်လာခဲ့လေသည်။

သူက မနက်ပိုင်းအချိန်တွင် အိမ်မှ ထွက်ခွာသွားခဲ့ခြင်းဖြစ်၍ အိမ်သို့ ပြန်လည်ရောက်ရှိချိန်တွင် မှောင်လုနီးပါးဖြစ်နေလေပြီ။

အိမ်ထဲရှိ မီးရောင်များက လင်းထိန်နေဆဲပင်။

စုဝေ့ချင်းတစ်ယောက် ကြိမ်ထိုင်ခုံတစ်လုံးပေါ်တွင် ထိုင်နေခဲ့ပြီး သူ၏ရင်ခွင်ထဲတွင် အိပ်မောကျနေသော စုရှောင်လော်ကို

စောင်တစ်ထည်ဖြင့် လုံခြုံစွာပတ်ထားပြီး ပွေ့ချီထားလေ၏။

သူ၏ တခြားလက်တစ်ဖက်ကတော့ ရန်ကျိမင်နှင့်အတူ စစ်တုရင်ကစားပွဲကို ဆော့ကစားနေလေသည်။

လွန်ခဲ့သော ရက်အနည်းငယ်က စုဝေ့ချင်းက ရန်ကျိမင်၏ အဖော်အဖြစ် နေပေးခဲ့သည်။

သို့သော် ယနေ့တွင် ရန်ရှောင်တစ်ယောက် ပြန်လည်ရောက်ရှိလာပြီဖြစ်၍ အန္တရာယ်များက ကျော်လွန်သွားပြီဖြစ်ကြောင်းကို ပြသနေလေသည်။

ထို့ကြောင့် ယခုတစ်ကြိမ်တွင် စုဝေ့ချင်းကိုအဖော်ပြုပေးရန်အတွက် ရန်ကျိမင်၏အလှည့် ဖြစ်လာခဲ့၏။

“ကျွန်မ ပြန်ရောက်ပြီ”

လမ်းမကြီး၏ အဆုံးကိုသာ စူးစိုက်ကြည့်ရှုနေခဲ့သော စုဝေ့ချင်းက ရင်းနှီးနေသည့် လူရိပ်နှစ်ခုကို မြင်တွေ့လိုက်ရသည့်အချိန်တွင် ကစားပွဲကို ရပ်တန့်လိုက်ပြီး အပြင်ဘက်သို့ မော့ကြည့်လိုက်လေသည်။

သူက စုရှောင်လော်ကို ရင်ခွင်ထဲ၌ ပွေ့ချီထားဆဲဖြစ်သောကြောင့် ထွက်၍ကြိုဆိုနိုင်ခြင်း မရှိပေ။

ရန်ကျိမင်လည်း ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး ပြတင်းပေါက်၏ အပြင်ဘက်သို့ ကြည့်လိုက်သည်။

ရန်ရှောင်နှင့် လီရှန်းတို့ဖြစ်ကြောင်းကို အတည်ပြုပြီးနောက် သူ အပြင်သို့ ထွက်ကာ ဝရန်တာတွင် စောင့်ဆိုင်းနေလေတော့၏။

“ဆရာ”

လီရှန်းတစ်ယောက် ယန်ကျိမင်ထွက်လာသည်ကိုမြင်လျှင် အမြန်နှုတ်ဆက်လေသည်။

ရန်ရှောင်သည်လည်း သူမ၏ အနောက်မှ လိုက်ပါလာပြီး ခေါ်လိုက်သည်။

“အဘိုး”

သူမက အမိုးအောက်သို့ အမြန်ဝင်ရောက်ပြီး စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်လေသည်။

“ဒီလောက် ညဉ့်နက်နေပြီကို ဘာလို့ မအိပ်သေးတာလဲ”

ထို့နောက် သူက မျက်မှောင်ကြုတ်ပြီးမေးလိုက်လေသည်။

“ကျွန်တော့်ကို တစ်ချိန်လုံး စောင့်နေတာလား”

“အမှန်ပဲ၊ မင်းက သတင်း မပေးဘဲ တာဝန်တွေနဲ့ ရက်တွေအကြာကြီး ပျောက်နေတော့ ဆရာက အရမ်း စိုးရိမ်နေတာ”

စုဝေ့ချင်းက စုရှောင်လော်ကို ပွေ့ချီထားလျက် အိမ်ထဲမှ ထွက်လာပြီး ရန်ကျိမင်ဘက်မှ ပြောဆိုပေးလိုက်လေသည်။

သို့သော် ရန်ကျိမင်က မာန်မာနကြီးစွာဖြင့် နှာမှုတ်လိုက်ပြီး ပြောလိုက်လေ၏။

“ဘယ်သူက သူ့ကို စိုးရိမ်နေလို့လဲ၊ ငါက ဝေ့ချင်းနဲ့ စစ်တုရင်ကစားဖို့ ဒီမှာ ရှိနေတာ”

သူ ညဉ့်နက်သည်အထိ မအိပ်ဘဲ နေခြင်းက သူ၏မြေးဖြစ်သူကို စိုးရိမ်သောကြောင့်မဟုတ်ဘဲ စုဝေ့ချင်းနှင့် ကစားချင်၍သာ ဖြစ်သည်ဟု ပြောချင်နေသည်ပင်။

ရန်ရှောင်အနေဖြင့် အဖိုးဖြစ်သူ၏ ဤသို့ ဟန်ဆောင်တတ်သော အမူအရာကို ကျင့်သားရနေပြီပင်။

သူက ရန်ကျိမင်၏ နောက်ကျောဘက်သို့ သွားပြီး သူ၏ပုခုံးကို တွန်းကာ အိမ်ပြန်ခေါ်သွားလိုက်သည်။

“ကောင်းပါပြီ၊ ကောင်းပါပြီ၊ အဘိုးက ဝေ့ချင်းကို သဘောကျမှန်း ကျွန်တော် သိပါတယ်၊

ကစားပွဲကိုတော့ မနက်ဖြန်မှ ဆက်ကြတာပေါ့၊ အခုတော့ သိပ်ညဉ့်နက်နေပြီ၊ အိမ်ပြန်ပြီး အိပ်ကြရအောင်၊ ဒါမှ ဝေ့ချင်းတို့ ဇနီးမောင်နှံလည်း အေးအေးချမ်းချမ်း နားရမှာ”

ကျန်ရှိနေခဲ့သော ဇနီးမောင်နှံနှစ်ဦးက တစ်ဦးကိုတစ်ဦး အကြည့်ချင်းဖလှယ်မိကြသော်လည်း မည်သည့်စကားမျှမပြောကြဘဲ တိတ်တဆိတ်သာ သူတို့၏ အခန်းထဲသို့ ပြန်လာခဲ့ကြလေသည်။

အခန်းထဲသို့ ဝင်သည်နှင့် စုဝေ့ချင်းက စုရှောင်လော်ကို အတွင်းခန်းထဲသို့ ပွေ့ချီသွားရင်း ပြောလိုက်လေ၏။

“ကိုယ် ရှောင်လော်ကို အိပ်ရာထဲမှာ သွားသိပ်လိုက်ဦးမယ်”

“ကျွန်မ လုပ်လိုက်ပါ့မယ်”

လီရှန်းက စုဝေ့ချင်း၏ ရင်ခွင်ထဲမှ ကလေးငယ်ကို လွှဲပြောင်းပွေ့ချီ၍ အတွင်းခန်းထဲသို့ ဝင်သွားကာ စုဝေ့ချင်းကလည်း သူမ၏ အနောက်မှ လိုက်ပါလာခဲ့သည်။

အတွင်းခန်းထဲရှိ ခုတင်ကြီး၏ ဘေးတွင် ခုတင်အသေးတစ်ခု ရှိနေ၏။ ထိုခုတင်က စုရှောင်လော်တစ်ယောက်အိပ်လေ့ရှိသော ခုတင်လေး ဖြစ်၏။

မူလက ဝင်းခြံငယ်လေးတွင် ရှိချိန်က စုရှောင်လော်က သူမ၏ ကိုယ်ပိုင်အခန်းတွင် အိပ်စက်နိုင်နေပြီဖြစ်သော်လည်း ရက်အနည်းငယ်အကြာတွင် ရန်ရှောင်က သူမကို စခန်းသို့ လာရောက်ရန် စီစဉ်ပေးခဲ့သည်။

ဤနေရာရှိ အခန်းများက သေးငယ်ပြီး အတွင်းခန်းနှင့် အပြင်ခန်းသာ ရှိသောကြောင့် ခုတင်ငယ်လေးကို ခုတင်ကြီး၏ ဘေးတွင် ထပ်မံ၍ ချထားရခြင်း ဖြစ်သည်။

စုဝေ့ချင်းက စောင်ကို မတင်ပေးလိုက်ပြီး လီရှန်းက စုရှောင်လော်ကို ပွေ့ချီကာ ခုတင်ငယ်လေးပေါ်တွင် အသာချထားပေးလိုက်လေ၏။

စုရှောင်လော်က သူမ၏ရင်ခွင်ထဲ၌ ရုတ်တရက် ဟာလာဟင်းလင်း ဖြစ်သွားသောကြောင့် လန့်နိုးလုနီးပါး ဖြစ်သွားသည်။

“မကြောက်နဲ့နော်၊ အမေရှိတယ်”

လီရှန်းက စုရှောင်လော်ကို ချော့မြှူပေးလိုက်လေ၏။

စုရှောင်လော်က ရင်းနှီးနေသော အသံကို ကြားရသည့်အချိန်တွင် လျင်မြန်စွာပင် ပြန်လည်တည်ငြိမ်သွားလေတော့သည်။

သို့သော် သူမက အလွန်ပင် အိပ်ငိုက်နေသောကြောင့် သူမ၏ မိခင်ဖြစ်သူက သူမကို စကားပြောနေသည်ကို သိရှိသော်လည်း အင်းခနဲတစ်ချက်သာ အသံပြုပြီးနောက် ပြန်လည် အိပ်မောကျသွားလေတော့သည်။

လီရှန်းက စုရှောင်လော်၏ နောက်ကျောလေးကို အသာအယာ ပုတ်ပေးနေပြီး ကလေးငယ်က အိပ်ပျော်သွားသည်ကို မြင်တွေ့ရမှသာ သက်ပြင်းချနိုင်တော့၏။

ထို့နောက် သူမက စုဝေ့ချင်းကို ပွေ့ဖက်လိုက်ပြီး သူ၏နောက်ကျောကို စိတ်အေးစေရန် ပုတ်ပေးလိုက်လေသည်။

“အခု အရာအားလုံးအဆင်ပြေသွားပါပြီ၊ ဒီနေ့ စစ်ဆေးမေးမြန်းသင့်တဲ့လူအားလုံးကို မေးမြန်းပြီးပြီ၊ ဟဲထန်ကိုလည်း ဖမ်းမိသွားပြီဆိုတော့ ကျွန်မတို့တွေ မကြာခင် အိမ်ပြန်ရတော့မယ်”

လီရှန်း၏ အနည်းငယ် အေးမြသော ရင်ခွင်ကို ခံစားလိုက်ရသည့်အချိန်တွင် စုဝေ့ချင်း၏ တစ်နေကုန် တုန်လှုပ်ချောက်ချားနေခဲ့သော နှလုံးသားက တည်ငြိမ်သွားလေတော့၏။

သူက လက်ကိုမြှောက်၍ လီရှန်းကို တင်းကျပ်စွာ ပြန်လည်ဖက်တွယ်ထားလိုက်လေသည်။

သူ့အနေဖြင့် စကားတစ်လုံးမျှ မပြောသော်လည်း အနည်းငယ် တုန်ရင်နေသော သူ၏လက်များမှတဆင့် သူ၏ ကြောက်ရွံ့မှုကို လီရှန်း သိရှိနိုင်သည်။

ယနေ့တွင် လီရှန်းက ကားထဲသို့ဝင်၍ မောင်းနှင်ထွက်ခွာသွားသည်ကို မြင်တွေ့ခဲ့ရချိန်က စုဝေ့ချင်းအနေဖြင့် သူ့ကိုယ်သူ အင်အားမဲ့လွန်းသည်ဟု ခံစားခဲ့ရသည်။

အကယ်၍ သူသာ ရန်ရှောင်ကဲ့သို့ ရာထူးအာဏာမျိုးရှိခဲ့ပါက လီရှန်းနှင့်အတူ ရှီးရှန်းအကျဉ်းထောင်သို့ လိုက်ပါသွားနိုင်ပေလိမ့်မည်။

ဤသို့ ဝေးကွာသောနေရာတွင် ကျန်ရစ်ခဲ့ပြီး သူမက ဝေးကွာသွားသည်ကို ငေးကြည့်နေရုံသာ တတ်နိုင်ခဲ့ရမည် မဟုတ်ပေ။

“ကိုယ် မင်းကို မကာကွယ်နိုင်ခဲ့ဘူး၊ ကိုယ့်ရဲ့အပြစ်ပဲ”

စုဝေ့ချင်း၏ အသံက ပြောဆိုရင်းဖြင့် တိမ်ဝင်သွားခဲ့သည်။

လီရှန်းက သက်ပြင်းကို အသာချလိုက်ပြီး စုဝေ့ချင်း၏ နောက်ကျောကို ပုတ်ပေးလိုက်ပြီးနောက် သူ့ထံသို့ ပို၍တိုးဝှေ့လိုက်လေ၏။

ဇနီးမောင်နှံနှစ်ဦးက တိတ်တဆိတ်ဖြင့် ခေတ္တမျှ ဖက်ထားကြ၍ ပတ်ဝန်းကျင်အခြေအနေက ငြိမ်းချမ်းနေခဲ့သည်။

အတန်ကြာမှသာ လီရှန်းက စတင်ပြောဆိုလိုက်လေ၏။

“တကယ်တော့ ရှင် ကျွန်မနဲ့အတူ လိုက်မလာခဲ့တာကိုပဲ ကျွန်မ ပိုပြီးတော့ ဝမ်းသာမိတယ်”

စုဝေ့ချင်းက မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်လေသည်။

“ဘာလို့လဲ”

“ရှင် သိလား၊ ဟဲထန်ရဲ့ ဦးနှောက်ထဲမှာလည်း စနစ်တစ်ခု ရှိနေတာ၊

အဲဒီစနစ်က ရှင့်ရဲ့ လေ့လာရေးစနစ်ရဲ့ စွမ်းအင်နဲ့ စနစ်နံပါတ်ကို ဝါးမြိုချင်လို့ ဟဲထန်နဲ့ ပူးပေါင်းခဲ့တာတဲ့၊

ဒါပေမဲ့ ဘယ်လိုဖြစ်ပြီး တွက်ချက်မှု မှားသွားလဲမသိဘူး၊ စနစ်က ကျွန်မဆီမှာ ရှိနေတယ်လို့ ထင်မှတ်သွားတယ်၊

ဒါကြောင့်မို့လို့ ဟဲထန်က ကျွန်မကိုပဲ အမြဲစောင့်ကြည့်နေပြီး ပင်းချန် ပညာတတ်လူငယ်အဖြစ် သွားဖို့အထိ လှည့်စားခဲ့တာပေါ့”

သူတို့က လီရှန်းကို ပင်းချန်သို့သွားရန်အတွက် အဘယ်ကြောင့် လှည့်စားရသနည်းဆိုသည့်အချက်ကတော့ ပင်းချန်က ဆောင်းရာသီ ရှည်လျားပြီး အပူချိန်အလွန်နိမ့်ကျသောကြောင့် ဖြစ်သည်။

ဖျားနာမှု အနည်းငယ်မျှသည်ပင် အသက်အန္တရာယ် ရှိနိုင်ပေ၏။ ထို့ကြောင့် လီရှန်းက ထိုနေရာတွင် သေဆုံးသွားခဲ့လျှင်ပင် အံ့သြစရာ မရှိပေ။

*

All Chapters