← Chapters

အခန်း ၃၆၂

Vol. 37 Ch. 362

အခန်း ၃၆၂

Vol. 37 Ch. 362

အခန်း(362)

စုဝေ့ချင်းတစ်ယောက် နားထောင်လေလေ ပိုမို၍ ထိတ်လန့်လေလေ ဖြစ်လာသည်။

အကယ်၍ သူမအနေဖြင့် မိုက်မဲစွာဖြင့် သူ့နောက်သို့လိုက်ကာ ပင်းချန်အထိ ရောက်သွားခဲ့ပါက မည်မျှအထိ အန္တရာယ်ကြီးမားသော အခြေအနေများနှင့် ရင်ဆိုင်ရမည်နည်း။

သူ လီရှန်းကို တင်းကျပ်စွာ ဖက်ထားလိုက်ပြီး ပြောလိုက်လေသည်။

“မင်း မသွားခဲ့တာ ကံကောင်းတာပဲ”

လီရှန်းကြုံတွေ့ခဲ့ရသမျှ အရာအားလုံးက သူ့ကို ဘေးအန္တရာယ်မှ ကာကွယ်ပေးရန် ဖြစ်ခဲ့သည်ဟုပင် သူ ခံစားမိသည်။

သူက စနစ်ထံမှ အကျိုးကျေးဇူးအားလုံးကို ရရှိခဲ့သူဖြစ်သော်လည်း လီရှန်းကသာ ဟဲထန်၏ နှိပ်စက်မှုကို ခံခဲ့ရ၏။

သို့သော် တခြားတစ်ဖက်တွင် ထိုသို့ဖြစ်ရသည်က သူတို့နှစ်ဦးအတူရှိရန်အတွက် ကံပါလာခဲ့ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။

သို့မဟုတ်ပါက ဟဲထန်၏ စနစ်က လီရှန်းထံသို့ တိုက်ရိုက်ဦးတည်သွားပြီး လီရှန်းကို စနစ်နှင့် ဆက်နွှယ်နေသူအဖြစ် မည်သို့ သတ်မှတ်နိုင်မည်နည်း။

“မင်း အဆင်ပြေသွားလို့ တော်ပါသေးတယ်၊ မင်း အဆင်ပြေလို့ တော်သေးတယ်”

ဤအခိုက်အတန့်တွင် မည်သည့်စကားလုံးမျှ ဤစကားစုလေး၏ စွမ်းအားကို ဖော်ပြနိုင်လိမ့်မည် မဟုတ်ပေ။

လီရှန်း အနည်းငယ် အားနာမိသွားရသည်။

စုဝေ့ချင်း၏ အပြစ်ရှိသကဲ့သို့ ခံစားရမှုနှင့် ကြောက်ရွံ့မှုများကို သူမ ခံစားသိရှိနိုင်သော်လည်း မည်သည့်စကားကိုမျှ ထုတ်ဖော်ပြောဆို၍ မရနိုင်ပေ။

တကယ်တမ်းတွင် ဟဲထန်၏ စနစ်၏ တွက်ချက်မှုက မှန်ကန်ခဲ့သည်။

ယခုလက်ရှိ လေ့လာရေးစနစ်က သူမ၏ အတိတ်ဘဝ၌ သူမနှင့် အမှန်တကယ်ပင် ပေါင်းစည်းခဲ့ဖူး၏။

သို့သော် သူမက ကမ္ဘာပေါင်းများစွာကို ဖြတ်သန်းခဲ့ပြီးဖြစ်ကာ စနစ်တာဝန်များမှ အောင်မြင်စွာ ဘွဲ့ရရှိခဲ့ပြီး ဆုလာဘ်များကိုလည်း ရရှိခဲ့ပြီးဖြစ်၍ သူမ၏ ဘဝကို ပြောင်းလဲပစ်နိုင်ခဲ့လေပြီ။

ဤသို့ တွေးတောကြည့်မည်ဆိုလျှင်...

ဟဲထန်၏ စနစ်နှင့် ပတ်သက်သည့် ကံတရားကတော့ အမှန်တကယ်ပင် ဆိုးရွားလွန်းသည်။

သူက တန်ပြန်ဉာဏ်ဆင်ရန် ကြိုးစားခဲ့သော်လည်း အဆုံးတွင် မည်သည့် ရလဒ်မီမထွက်ခဲ့ပေ။

ဇနီးမောင်နှံနှစ်ဦးလုံးက တစ်ဦးအပေါ်တစ်ဦး အားနာစိတ်များ ရှိနေခဲ့ကြပြီး တစ်နေကုန် လွှမ်းမိုးထားခဲ့သော စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုများနှင့်ပေါင်းစပ်ပြီး ထိုညတွင်တစ်ဦးကိုတစ်ဦး တင်းကျပ်စွာ ဖက်တွယ်ရင်း နှစ်ခြိုက်စွာ အိပ်မောကျသွားကြလေတော့၏။

စုရှောင်လော်၏ အိပ်မက်ထဲတွင် စာသင်ကြားပေးရင်း အဖော်ပြုပေးနေခဲ့သော စနစ်သည်ကား နောက်တစ်နေ့ မနက်ပိုင်းသို့ ရောက်ရှိမှသာ ဤအကြောင်းအရာကို သိရှိသွားလေ၏။

ဇနီးမောင်နှံနှစ်ဦးက အိပ်ရာမှ အပြည့်အဝ မနိုးကြသေးမီမှာပင် စနစ်၏ ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရသည်။

“ငါ့ရဲ့.. စနစ်နံပါတ်ကို.. လုချင်နေတဲ့.. စနစ်တစ်ခု ရှိနေတာလား”

ထိုအသံက ဇနီးမောင်နှံနှစ်ဦး၏ နားထဲတွင် မိုးကြိုးပစ်ချလိုက်သကဲ့သို့ ဖြစ်သွားခဲ့လေ၏။

နှစ်ခြိုက်စွာ အိပ်ပျော်နေဆဲဖြစ်သော ဇနီးမောင်နှံနှစ်ဦးက ရုတ်တရက် ထထိုင်လိုက်မိကြသည်။

သူတို့က ထိတ်လန့်တုန်လှုပ်စွာဖြင့် ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီးနောက်မှသာ မည်သည့်အရာများဖြစ်နေသည်ကို သဘောပေါက်သွားကြလေတော့သည်။

သူတို့က သူတို့၏ မျက်နှာကို လက်ဝါးဖြင့် အုပ်လိုက်မိကြ

လေ၏။

“မိုးတောင်မလင်းသေးဘူး၊ မင်း ဘာတွေ ထအော်နေတာလဲ”

စုဝေ့ချင်းက စိတ်ပျက်သော လေသံဖြင့် ပြစ်တင်ပြောဆိုလိုက်လေသည်။

“ငါက အော်တယ်ဟုတ်လား၊ မင်း ငါ့ကို ထအော်တယ်လို့ ပြောတာလား၊

ငါ့မှာ တခြားစနစ်ရဲ့ အနိုင်ကျင့်တာကို ခံရတော့မလို့ ဖြစ်သွားတာလေ”

ဒေါသထွက်နေသော စနစ်က ထပ်မံ၍ ပေါက်ကွဲသွားရလေ၏။

သူက ဤHostက သူ၏ စနစ်လုံခြုံရေးအပေါ် ဤမျှအထိ လျစ်လျူရှုထားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

လီရှန်း Hostဖြစ်ခဲ့ချိန်တုန်းက သူ့အပေါ် အလွန်ကောင်းမွန်ခဲ့သည်။

သူမကို စောင့်ကြည့်စစ်ဆေးနေချိန်အတွင်း အပန်းဖြေနိုင်ရန်အတွက် သူမ၏ အမှတ်များကို အသုံးပြု၍ တီဗီတစ်လုံးပင် ဝယ်ယူပေးခဲ့သေးသည်။

သို့သော် ယခု Hostက..

မည်သည့်အရာကိုမျှ မလုပ်ဘဲ လက်လျှော့ထားသကဲ့သို့ ကပ်စေးနှဲလွန်းသည်။

“ဝူး.. ဝူး”

ပြင်းထန်စွာ ဝမ်းနည်းပူဆွေးမှုများနှင့်အတူ စနစ်က အော်ဟစ်ငိုယိုလေတော့၏။

လီရှန်း : “...”

ယခုအချိန်တွင် ဆက်လက်၍အိပ်စက်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။

လီရှန်း၏ ဖြူဖျော့ပြီး ကြည့်မကောင်းသော မျက်နှာအမူအရာကို မြင်တွေ့ရသည့်အချိန်တွင် စုဝေ့ချင်းက လျင်မြန်စွာပင် စနစ်ကို ချော့မြှူရလေတော့သည်။

ဤဘုရင်လေးကို အမြန်ဆုံး နှုတ်ပိတ်ခိုင်းရလိမ့်မည်။

သို့မဟုတ်ပါက ဒုက္ခရောက်မည့်သူက သူသာ ဖြစ်လေ၏။

စနစ်က ချော့မြှူမှုကို လက်ခံရရှိပြီးနောက် အဆုံးတွင် တိတ်ဆိတ်သွားလေသည်။

လီရှန်းတစ်ယောက် မျက်လုံးများကို မှိတ်လိုက်ပြီး ခုတင်ပေါ်သို့ ပြန်လည်လဲလျောင်းရင်း ပြောလိုက်လေ၏။

“ကျွန်မ ဆရာ့ဆီမှာ ခွင့်တိုင်ရမယ်၊ ဒီနေ့တော့ တစ်ရက်လောက် နားရမယ် ထင်တယ်”

“ကောင်းပါပြီ၊ မင်း ဆက်အိပ်လိုက်လေ၊ ကိုယ် မနက်စာ သွားပြင်ဆင်လိုက်မယ်”

စုဝေ့ချင်းက လီရှန်း၏ တင်းမာနေခဲ့သော စိတ်ဓာတ်က ရုတ်တရက် လျော့ကျသွားခဲ့သောကြောင့် အိပ်ရာမှထရန် အားအင်မရှိ ဖြစ်နေခြင်းကို နားလည်လေသည်။

သူက ယခုအချိန်တွင် လီရှန်းကို သေသေချာချာ ပြုစုချင်ခဲ့သည်။

စုဝေ့ချင်း ထွက်ခွာသွားသည်နှင့် မတိုင်မီက ငြိမ်သက်သွားခဲ့သော စနစ်က ချက်ချင်း ပြန်လည်ပေါ်ထွက်လာပြီး မေးမြန်းလေသည်။

“အဲဒီစနစ်က ဘာဖြစ်တာလဲ”

လီရှန်းက ခေါင်းကိုခါပြလိုက်ပြီးပြောလိုက်လေ၏။

“ငါ မသိဘူး၊ မင်းရော မသိဘူးလား”

စနစ် : “ငါက ဘယ်လိုလုပ်သိမှာလဲ”

စနစ်က ခေတ္တမျှ ရပ်တန့်သွားပြီးနောက် တစ်စုံတစ်ခုကို သတိရသွားသည့်အမူအရာဖြင့် ပြောလိုက်လေသည်။

“ဒါက သစ္စာဖောက်စနစ်တစ်ခု ဖြစ်နေမလား၊ ခဏစောင့်ဦး.. ငါ စနစ်ချုပ်ဆီကို သတင်းပို့လိုက်မယ်”

အကယ်၍ ပုံမှန်စနစ်တစ်ခုက အကောင်းဆုံး ဝန်ထမ်းတစ်ဦး ဖြစ်သည်ဆိုပါက သစ္စာဖောက်စနစ်သည်ကား အဆိုးရွားဆုံးအမျိုးဖျက်သူပင် ဖြစ်လေ၏။

ထိုစနစ်များက သူတို့၏ Hostကို လုပ်ကြံရန် ကြံစည်လေ့ရှိကြသည်။

ဟဲထန်၏ စနစ်ကဲ့သို့ပင်။ ဆိုရလျှင် ထိုစနစ်က ဟဲထန်၏ ခန္ဓာကိုယ်ကို ပြောင်းလဲပေးမည်ဟူသော စကားက လုံးဝ အလိမ်အညာသက်သက်သာ ဖြစ်လေ၏။

ထိုစနစ်က စနစ်နံပါတ်ကို ရရှိသည်နှင့် ဟဲထန်ကို ရက်စက်စွာ စွန့်ပစ်ခဲ့လိမ့်မည်။

ထို့နောက် ကလေးထိန်းစနစ်အဖြစ် ဟန်ဆောင်ပြီး စနစ်ချုပ်၏အာကာသဟင်းလင်းပြင်သို့ ပြန်လည်ဝင်ရောက်ကာ ကင်ဆာဆဲလ်အသစ်တစ်ခုအဖြစ် ပြောင်းလဲသွားပေလိမ့်မည်။

စနစ်က ခဏပေါ်လာလိုက်၊ ခဏပျောက်သွားလိုက် ဖြစ်နေလေသည်။

လီရှန်းသည်ကား တစ်နေကုန် ဝေဝါးစွာဖြင့် အိပ်မောကျနေခဲ့၏။

သူမက ပြန်လည်၍ နိုးလာခဲ့သည့်အချိန်တွင် စုဝေ့ချင်း၏ မျက်လုံးများက သွေးကြောများ ယှက်သန်း၍ နီရဲနေလေသည်။

စုရှောင်လော်က ခုတင်၏ဘေးတွင် လဲလျောင်းပြီး လက်တစ်ဖက်ဖြင့် မေးထောက်လျက် စိုးရိမ်ပူပန်သော မျက်နှာအမူအရာဖြင့် သူမကို စိုက်ကြည့်နေသည်ကို တွေ့ရှိလိုက်ရလေ၏။

“ကျွန်မ..”

ဘာဖြစ်တာလဲ။

ထိုထွက်ပေါ်လာသော အသံကြောင့် လီရှန်းကိုယ်တိုင်ပင် ထိတ်လန့်သွားရသည်။

သူမ၏ အသံက အလွန်ပင် တိမ်ဝင်နေသည်မဟုန်ပါလား။

“မင်း ဖျားနေတာ၊ ဒါပေမဲ့ အခုတော့ အဖျားကျသွားပါပြီ၊ နေလို့မကောင်းတဲ့နေရာရှိသေးလား”

စုဝေ့ချင်းက သူမကို ထူမပေးပြီး သူ၏ရင်ခွင်ထဲ၌ မှီခိုင်းလိုက်သည်။

ထို့နောက် ရေခွက်တစ်ခွက်ကို အမြန်လှမ်းပေးလေ၏။

လီရှန်းမှာ နွေးထွေးသော ရေများက သူမ၏ လည်ချောင်းထဲသို့ စီးဆင်းသွားပြီးနောက်မှသာ အနည်းငယ် ပိုမို၍သက်သာရာရမှုကို ခံစားလိုက်ရသည်။

“..နိုးပြီလား”

ရန်ကျိမင်၏ အသံက အပြင်ခန်းမှ ထွက်ပေါ်လာလေ၏။

ထို့နောက် ရန်ရှောင်၏ အသံလည်း ထွက်ပေါ်လာခဲ့သည်။

“နိုးလာပြီ”

“နိုးရင် တော်သေးတာပ၊ သူမ လန့်သွားတာပဲ ဖြစ်မယ်၊ သွား.. စိတ်ငြိမ်စေမယ့် လက်ဖက်ရည်ကြမ်း သွားခပ်လိုက်ဦး”

ထို့နောက် ရန်ရှောင်၏ ခြေသံများက ဝေးကွာသွားခဲ့ပြီး ရန်ကျိမင်ကတော့ အတွင်းခန်းထဲသို့ ဝင်လာခဲ့၏။

သူက ဦးစွာ လီရှန်း၏ နဖူးကို စမ်းသပ်ကြည့်လေ၏။

အဖျားက အမှန်ပင် ကျသွားခဲ့သည်။

ထို့နောက် သူက သက်ပြင်းချပြီး ပြောလိုက်လေ၏။

“အဖျားကျသွားတာ တော်သေးတာပေါ့”

“ဆရာ့ကို စိုးရိမ်စေမိလို့ တောင်းပန်ပါတယ်”

လီရှန်းက အားနာစွာ ပြုံးပြလိုက်

လေသည်။

“ငါက ကိစ္စမရှိပါဘူး၊ မင်းက ဝေ့ချင်းကိုတော့ သေလောက်အောင် လန့်စေခဲ့တာ၊ ကံကောင်းလို့ ငါ အပြင်မသွားမိတာ၊ မဟုတ်ရင် သူက ငါ့နောက်ကို စာသင်ခန်းထဲအထိ လိုက်လာတော့မှာ”

“ငါ ရန်ရှောင်ကိုလည်း ဆူပူလိုက်ပြီးပြီ၊ သူက နှလုံးသားမရှိတဲ့ကောင်ပဲ၊ အဲဒီနေရာက မင်းသွားရမဲ့ နေရာမှ မဟုတ်တာ”

“ရဲဘော်ရန်ကိို အပြစ်မတင်ပါနဲ့၊ ဒါက သူ့ရဲ့ အလုပ်ပဲလေ”

သူတို့က စကားပြောဆိုနေကြချိန်မှာပင် ရန်ရှောင်တစ်ယောက် ရေခွက်ကို ကိုင်ဆောင်လျက် ပြန်လည် ရောက်ရှိလာခဲ့ပြီး မျက်နှာတစ်ခုလုံးတွင် အားနာရိပ်များက ဖုံးလွှမ်းနေလေသည်။

“ဒါက စိတ်ငြိမ်စေမယ့် ဆေးလက်ဖက်ရည်ပဲ၊ သောက်လိုက်ပါဦး”

လီရှန်းက ခေါင်းညိတ်ပြလိုက်ပြီး ဆေးရည်ကို လှမ်းယူကာ တစ်ကျိုက်တည်းဖြင့်ကုန်အောင် သောက်လိုက်လေ၏။

အရသာက အလွန်ပင် ဆိုးရွားလွန်းသည်။

စုဝေ့ချင်းက ယုန်ဖြူနို့သကြားလုံးတစ်လုံးကို အမြန်ခွာကာ သူမ၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်မှသာ အနည်းငယ် သက်သာသွားလေတော့သည်။

ရန်ရှောင်က သူမ၏ ဤသို့သော အမူအရာကို မြင်တွေ့ရသည့်အချိန်တွင် ရယ်မောချင်သွားရ၏။

သို့သော် ပြောစရာအရေးကြီးသော ကိစ္စရှိနေသောကြောင့် စိတ်ကို ထိန်းချုပ်လိုက်ရလေသည်။

“မင်းတို့ကို ပြောစရာ ကိစ္စတစ်ခု ရှိသေးတယ်”

လီရှန်း : “?”

“ဟဲထန်ဘက်က အန္တရာယ်တွေ အားလုံး ရှင်းလင်းသွားပြီဆိုတော့ မင်းတို့တွေ အိမ်ပြန်ပြောင်းလို့ ရပါပြီ”

ပြန်ပြောင်းရတော့မယ် ဟုတ်လား။

ဤစကားကို ကြားလိုက်ရသည့်အချိန်တွင် ကိုယ်ပိုင်လွတ်လပ်ခွင့် နေရာကို မရရှိခဲ့သည့် စုရှောင်လော်သာမက ဇနီးမောင်နှံနှစ်ဦးလုံးပင် ပျော်ရွှင်သွားကြရသည်။

နေထိုင်စရာ အိမ်ကြီးရှိနေပါလျှက်နှင့် မည်သူက အတွင်းခန်းနှင့် အပြင်ခန်းသာရှိသော အခန်းကျဉ်းလေးထဲတွင် ဆက်လက်နေထိုင်လိုပါမည်နည်း။

ယခုခေတ်အချိန်တွင် မိသားစုအများစုက အခန်းနှစ်ခန်းတည်းတွင်သာ နေထိုင်ကြရသော်လည်း သူတို့မိသားစုတွင်တော့ အရည်အချင်းနှင့် ပြည့်စုံမှုများရှိနေပေသည်။

ရန်ရှောင် ထွက်ခွာသွားသည်နှင့် လီရှန်း၏ စိတ်ဓာတ်များက ချက်ချင်းပင်တက်ကြွလန်းဆန်းသွားရသည်။

သူမ၏ ခေါင်းကိုက်ခြင်းနှင့် အားအင်ချည့်နဲ့ခြင်းများကလည်း ပျောက်ကွယ်သွားရ၏။

*

All Chapters