← Chapters

အခန်း ၃၆၃

Vol. 37 Ch. 363

အခန်း ၃၆၃

Vol. 37 Ch. 363

အခန်း(363)

သူမက စောင်ကို ပစ်ခါလိုက်ပြီး အိပ်ရာမှထကာ အထုပ်အပိုးများကို ပြင်ဆင်ရန်အတွက် ပြင်တော့သည်။

လီရှန်း၏ ဤသို့ ပြတ်သားလွန်းသော စောင်ကိုပစ်ထုတ်လိုက်သည့် အပြုအမူကြောင့် စုဝေ့ချင်း အလန့်တကြား ဖြစ်သွားရလေ၏။

သူက သူကိုင်ထားသော လက်ဖက်ရည်ခွက်ကို အမြန်ချလိုက်ပြီး လက်နှစ်ဖက်ဖြင့် သူမ၏ နောက်ကျောကို အသာဖိကာ အိပ်ရာထဲသို့ ပြန်လည်တွန်းပို့လိုက်လေသည်။

“မလှုပ်နဲ့၊ ကိုယ်ပဲ မင်းရဲ့ပစ္စည်းတွေကို သိမ်းပေးမယ်၊ မင်းက ခန္ဓာကိုယ်ပဲ သေသေချာချာဂရုစိုက်ဦး”

သူ့အနေဖြင့် စိုးရိမ်ပူပန်လွန်းသောကြောင့် ရူးသွပ်မတတ်ဖြစ်နေခဲ့ရသည်။ သူမက စုရှောင်လော်ထက်ပင် လူကိုပူပန်စေ၏။

လီရှန်းတစ်ယောက် အိပ်ရာပေါ်သို့ အတင်းဖိချခြင်းကို ခံလိုက်ရသည်။

သို့သော် လဲလျောင်းမနေဘဲ ခုတင်ခေါင်းရင်းကိုမှီကာ စုဝေ့ချင်းကို ညွှန်ကြားချက်ပေးတော့သည်။

“ဒါကို ကျစ်ကျစ်လျစ်လျစ်လေး ခေါက်နော်၊ ကျွန်မတို့သမီးရဲ့ စာအုပ်တွေ ထည့်ဖို့ နေရာပိုရဖို့လိုတယ်”

“ဇလုံတွေကိုတော့ တစ်ခုထဲတစ်ခု ထပ်ပြီး ထည့်လိုက်၊ ဟေး.. ခြေဆေးဇလုံကို မျက်နှာသစ်ဇလုံထဲ သွားမထည့်နဲ့လေ၊

မဟုတ်ရင် နောက်ပိုင်းကျရင် ရှင် မျက်နှာသစ်ဖို့ အဲဒီခြေဆေးဇလုံကိုပဲ သုံးခိုင်းမှာနော်’

“ရှင် ဘာလို့ အရင်ဆုံး ပစ္စည်းတွေကို ခွဲပြီး အိမ်ကိုပြန်မပို့တာလဲ၊ ရှင့်ရဲ့ စက်ဘီးကို ကားလို့ ထင်နေတာလား”

“…”

စုဝေ့ချင်းက အရူးတစ်ယောက်ကဲ့သို့ ညွှန်ကြားခြင်းကို ခံနေရပြီး စုရှောင်လော်ကလည်း သူ၏အနောက်မှ အလုပ်ရှုပ်စွာ လိုက်နေလေ၏။

သူမက မိဘများကို ဒုက္ခပေးခြင်းမရှိဘဲ သူမ၏ပစ္စည်းများကို သူမ၏ ခုတင်ပေါ်သို့ တင်ပေးရန်သာ တာဝန်ယူထားပြီးနောက် စုဝေ့ချင်းကသာ ထိုပစ္စည်းတို့ကို အိတ်ထဲသို့ အကုန်ထည့်ပေးခဲ့သည်။

မနက်ပိုင်းက လီရှန်းက ငြိမ်သက်စွာ ထိုင်နေနိုင်သေးသော်လည်း စုဝေ့ချင်းတစ်ယောက် အိမ်နှင့် စခန်းကြားတွင် နှစ်ခေါက်မျှ ပြေးလွှားပြီးနောက်တွင် သူမအနေဖြင့် ငြိမ်သက်စွာ မထိုင်နိုင်တော့ပေ။

စုဝေ့ချင်းက နှစ်ကြိမ်လုံးလုံး ပစ္စည်းအကြီးစများကိုသာ သယ်ယူပို့ဆောင်ခဲ့သည်။

ကျန်ရှိနေသော အသေးအဖွဲများကို သူက ကမောက်ကမဖြင့် သိမ်းဆည်းနေသောကြောင့် လီရှန်းက သူ့ကို ကြည့်၍ အားနာမိသွားရ၏။

ထို့ကြောင့် သူမက ပစ္စည်းများကို ကိုယ်တိုင်သိမ်းဆည်းရင်း သက်ပြင်းချလိုက်မိသည်။

“ပညာတတ်လူငယ်တွေဆိုတာ အလုပ်လုပ်ရင် အသေးစိတ်သေသေချာချာလုပာတတ်ကြတယ် မဟုတ်ဘူးလား၊

စုဝေ့ချင်းကတော့ အလုပ်လုပ်ရင် ဘာလို့ ဒီလောက်တောင် ပေါ့ဆပြီး အသေးစိတ်ကို ဂရုမစိုက်ရတာလဲ”

စုဝေ့ချင်းအနေဖြင့် သူ၏ဇနီးသည်က သူ့အပေါ် ပြစ်တင်ညည်းတွားနေသည်ကို လုံးဝ မသိရှိပေ။

သူက အိမ်ထဲသို့ ဝင်လာရုံသာရှိသေးပြီး အမောပင်မဖြေရသေးမီမှာပင် အိတ်အကြီးကြီးနှစ်အိတ်ကို အတင်းထည့်ပေးခြင်းကို ခံလိုက်ရသည်။

လီရှန်း၏ အနည်းငယ် ဖြူဖျော့ပိန်ချုံးနေသော မျက်နှာကို ကြည့်ပြီး သူက စိုးရိမ်တကြီးဖြင့် မေးလိုက်မိသည်။

“မင်း တကယ်ပဲ အဆင်ပြေရဲ့လား”

“အဆင်ပြေပါတယ်”

လီရှန်းက သူ့ကို တံခါးအပြင်ဘက်သို့ တွန်းထုတ်လိုက်လေသည်။

“အမြန်ဆုံး ပြန်ပြောင်းရအောင်၊ ဒါမှ ကျွန်မလည်း စောစောနားရမှာ၊ ဒီမှာနေရတာ အဆင်မပြေဘူး”

ဤစကားက အမှန်ပင်ဖြစ်သည်။

စုဝေ့ချင်းက အိတ်ကြီးများကို သယ်ဆောင်ပြီး အိမ်သို့ပြန်သွားပြန်၏။

လီရှန်းက အနည်းငယ် ဟာလာဟင်းလင်းဖြစ်သွားသော အခန်းကို လှည့်ပတ်ကြည့်ရှုလိုက်လေသည်။

သူတို့ လာခဲ့ချိန်က အခန်းထဲတွင် ခုတင်တစ်လုံး၊ စားပွဲတစ်လုံးနှင့် ခုံတန်းလျားလေးလုံးသာ ရှိခဲ့၏။

ယခု ပြန်လည်၍ ထွက်ခွာချိန်တွင် ဤအရာများကိုသာ ချန်ထားခဲ့ရမည် ။

မည်သည့်အရာမျှ ကျန်ရစ်ခြင်းမရှိကြောင်းကို သေသေချာချာစစ်ပြီးနောက် လီရှန်းက စုရှောင်လော်ကို ခေါ်ပြီး ဘေးခန်းသို့သွားခဲ့လေ၏။

ရန်ရှောင်သည်ကား တာဝန်တစ်ခုကို ပြီးမြောက်အောင် ထမ်းဆောင်ခဲ့ပြီးခါစ ဖြစ်သောကြောင့် တစ်ပတ်တာ ခွင့်ရက် ရရှိထားလေသည်။

သူက စုဝေ့ချင်းကို ပစ္စည်းနှစ်ကြိမ် သယ်ယူရာတွင် ကူညီပေးခဲ့သော်လည်း နောက်ဆုံးတစ်ခေါက်တွင် ပစ္စည်းများက မများတော့သည့်အတွက်ကြောင့် အတူမလိုက်တော့ဘဲ အိမ်၌သာ အစီရင်ခံစာရေးသားနေသည်။

လီရှန်းက ရန်ရှောင်အား ကလေးငယ်ကို ခေတ္တမျှ ကြည့်ရှုစောင့်ရှောက်ပေးရန် တောင်းဆိုရန်အတွက် စုရှောင်လော်ကို ခေါ်ဆောင်လာခဲ့ခြင်းဖြစ်၏။

“ကျွန်မ ဈေးကို ခေတ္တသွားလိုက်ဦးမယ်၊ ကျွန်မတို့တွေ အိမ်ပြန်မပြောင်းခင် မိသားစု စုံစုံလင်လင်နဲ့ တစ်နပ်လောက် အတူ စားကြရအောင်”

ရန်ရှောင်က သူ၏ဘောပင်ကို ချလိုက်ပြီး စက္ကူနှင့် ဘောပင်ကို အံဆွဲထဲသို့ ပြန်ထည့်ကာ သော့ခတ်လိုက်လေသည်။

“ကျွန်တော်ပဲ သွားဝယ်ပေးပါ့မယ်၊ မင်းရဲ့ ခန္ဓာကိုယ်က အပြည့်အဝ မကျန်းမာသေးဘူး၊

အလုပ်တွေကို အလွန်အကျွံ မလုပ်နဲ့ဦး၊ ဒါပေမဲ့ ဝ ချက်ပြုတ်ဖို့ကတော့ မင်းရဲ့ တာဝန်ပဲနော်၊ သိကြတဲ့အတိုင်း ကျွန်တော့်ရဲ့ လက်ရာကတော့..”

လီရှန်းက ပြုံး၍ ခေါင်းကို ညိတ်ပြလိုက်ကာ သူမ၏အိတ်ကပ်ထဲမှ ငွေများကို ထုတ်ယူလိုက်လေသည်။

“ငွေတွေ၊ ကူပွန်တွေ ထုတ်မနေပါနဲ့တော့၊ ကျွန်တော့်ဆီမှာ အများကြီး ရှိပါတယ်၊ ဒါတွေကိုတော့ နောက်ပိုင်းကျရင် ရှောင်လော်အတွက် မုန့်တွေ ဝယ်ပေးဖို့ပဲ သိမ်းထားလိုက်ပါ”

သူက ပြောပြီးနောက်တွင် လီရှန်းပြန်လည်၍ တုံ့ပြန်ရန်ပင် အချိန်မရမီမှာပင် လှည့်ထွက်သွားပြီး သူ၏စက်ဘီးကို တွန်းကာ အပြေးအလွှား ထွက်ခွာသွားလေတော့၏။

ခြေတံရှည်သူ ဖြစ်ခြင်းက အမှန်ပင် အားသာချက်ရှိသည်။ တခြားလူများထက်ပင် ပိုမို၍ လျင်မြန်စွာ သွားနိုင်ပေသည်။

လီရှန်းက ငွေများကို လက်ထဲတွင် ကိုင်ဆောင်ထားလျက် ရန်ရှောင်တစ်ယောက် ထွက်ခွာသွားသည်ကို ငေးကြည့်နေမိ၏။

အတန်ကြာမှသာ စုရှောင်လော်က ရုတ်တရက် ပြောဆိုလိုက်လေသည်။

“အမေ၊ သမီး နောက်ပိုင်းကျရင် အများကြီးစားပြီး အရပ်အရှည်ကြီး ဖြစ်အောင် လုပ်ရမယ်”

စုရှောင်လော်သည်လည်း ထိုခြေတံရှည်ကြီးများကို အမှန်တကယ်ပင် အားကျနေပုံရသည်။

“ကောင်းပါပြီ၊ ဒါဆိုရင် အမေတို့တွေ အစားအစာတွေ အများကြီး စားကြတာပေါ့”

လီရှန်းက ခန္ဓာကိုယ်ကိုကိုင်းညွတ်ပြီး စုရှောင်လော်ကို ပွေ့ချီလိုက်ပြီးနောက် ရန်မိသားစု၏ မီးဖိုချောင်ငယ်လေးထဲသို့ ရင်းနှီးစွာဖြင့် ဝင်သွားလေ၏။

လီရှန်းက ဦးစွာ မီးဖိုကို နေရာလွတ်တစ်ခုသို့ သယ်ဆောင်လိုက်လေ၏။ထို့နောက် မီးမွှေးလိုက်ပြီး ရေနွေးအိုး တည်ခဲ့သည်။

ရန်ရှောင်တစ်ယောက် ဟင်းသီးဟင်းရွက်များနှင့် ပြန်လည်ရောက်ရှိလာချိန်တွင် လီရှန်း တည်ထားသော ရေနွေးက အဆင်သင့် ဖြစ်နေလေပြီ။

ရန်ရှောင် ဤဟင်းချက်စရာများကို မည်သည့်နေရာမှ ဝယ်ယူခဲ့သည်ကို မသိရသော်လည်း ထိုအထဲတွင် ကြက်သား၊ ဝက်သားနှင့် ငါးရံ့အကြီးတစ်ကောင် ပါဝင်နေသည်။

သေသေချာချာ ချက်ပြုတ်ထားသော ငါးရံ့က အရသာရှိပြီး နူးညံ့လွန်းသော်လည်း စနစ်တကျ မချက်ပြုတ်ပါက ညှီနံ့များ ၊ ရွှံ့နံ့များထွက်ပေါ်လာတတ်၏။

လီရှန်းက ငါးရံ့ကို ယူကာ အကြေးခွံခွာခြင်း၊ သန့်စင်ခြင်းများကို စတင်ပြုလုပ်လေသည်။

ကြက်သတ်ရန် ကိစ္စကတော့ ရန်ရှောင်ကိုင်တွယ်ခဲ့သည်။

ကံကောင်းစွာဖြင့် လီရှန်း တည်ထားသော ရေနွေးက အသုံးတည့်သွားခဲ့ပြီး ကြက်မွေးများကို ရေနွေးဖျောရန်အတွက် အသုံးပြုလိုက်လေသည်။

ဝက်သုံးထပ်သားကိုတော့ အတုံးကြီးများ တုံးလိုက်ပြီးနောက် သကြားကို အဆင်သင့် ပြင်ဆင်ထားလိုက်လေ၏။

လီရှန်းက အိမ်ထဲရှိ အမွှေးအကြိုင်များကို ကြည့်ရှုပြီးနောက် စက္ကူတစ်ရွက်ကို အမြန်ယူကာဟင်းခတ်အမွှေးအကြိုင်တချို့ကို ရေးမှတ်ပြီး ရန်ရှောင်ထံသို့ လှမ်းပေးလိုက်လေသည်။

“အိမ်မှာ ဟင်းခတ်အမွှေးအကြိုင် သိပ်မရှိတော့ဘူး၊ ဒါတွေက ဝက်သားနှပ်ဖို့အတွက်လိုတဲ့အမွှေးအကြိုင်တွေပဲ၊ လေ့ကျင့်ရေးစခန်းရဲ့ ဆေးပေးခန်းကို သွားပြီးတော့ သွားယူပေးပါဦး”

လေ့ကျင့်ရေးစခန်းတွင် တရုတ်တိုင်းရင်းဆေးခန်းနှင့် အနောက်တိုင်းဆေးခန်းဟူ၍ ဆေးပေးခန်း နှစ်ခု ရှိသည်။

အရှေ့ဘက်တွင်လည်း ယာယီပြင်ပ လူနာဌာနတစ်ခု ရှိနေပြီး ထိုနေရာတွင် သင်ကြားရေးတာဝန်မရှိသော ဆရာများက လူနာများကို ကြည့်ရှုစစ်ဆေးပေးလေ့ရှိကြ၏။

တက္ကသိုလ်များကို ပြန်လည်၍ ဖွင့်လှစ်ပြီးပါက ဆရာများက ဆေးတက္ကသိုလ်၏ တွဲဖက်ဆေးရုံတွင် သွားရောက်တာဝန်ထမ်းဆောင်ကြပေလိမ့်မည်။

ရန်ရှောင်က ထိုစက္ကူစာရင်းကို ယူ၍ တစ်ချက်ကြည့်ပြီးနောက် သူ၏အိတ်ကပ်ထဲသို့ အသာအယာ ထည့်လိုက်လေ၏။

ထို့နောက် စုရှောင်လော်ကို သူ၏ပုခုံးပေါ်သို့ ပွေ့တင်လိုက်ပြီး ပြောလိုက်လေသည်။

“သွားကြရအောင်၊ ဦးလေးရန်နဲ့အတူ ဟင်းခတ်အမွှေးအကြိုင်တွေ သွားဝယ်ကြမယ်”

ထိုလူသားနှစ်ဦးက ထွက်ခွာသွားပြီးနောက် လီရှန်းက ကြက်သားကို ထပ်မံ၍ သန့်စင်လေသည်။

ရန်ရှောင်က ကြက်မွေးများကို နှုတ်ပေးခဲ့သော်လည်း ကြက်၏ ခန္ဓာကိုယ်ပေါ်တွင် ကြက်မွေးနုလေးများစွာ ကျန်ရှိနေသေး၏။

လီရှန်းက ဝက်မွေးနှုတ်ရန် အသုံးပြုသော ဇာဂနာအသေးစားလေးကို ယူကာ ကြက်မွေးနုလေးများကို သေသေချာချာ နှုတ်လိုက်သည်။

ဤကြက်သားက ကြက်ဖလေးတစ်ကောင် ဖြစ်ပြီး သိပ်ပြီးဝဖြိုးမနေသကဲ့သို့ ပိန်လည်းပိန်မနေဘဲ အနေတော်ဖြစ်လေ၏။

လီရှန်းက ထိုကြက်ကို ဟွမ်ချီ နှင့် ဂျင်ဆင်းကဲ့သို့သော အားဖြည့်ဆေးဘက်ဝင်အပင်များနှင့်အတူဆေးဘက်ဝင် ကြက်စွပ်ပြုတ်ကို ချက်ပြုတ်ရန်အတွက် စီစဉ်ထားသည်။

ဟဲထန်ပေါ်လာကတည်းက သူမနှင့် စုဝေ့ချင်းတို့က စိုးရိမ်ပူပန်မှုများဖြင့် တင်းမာနေခဲ့ရ၏။

နောက်ပိုင်းတွင် ရန်ရှောင်ပင် ပါဝင်ပတ်သက်လာခဲ့ရပြီး ရန်ရှောင်ကိုလည်း တာဝန်ဖြင့် ထွက်ခွာသွားစေခဲ့သည်။

ရန်ကျိမင်ကိုလည်း စိုးရိမ်ပူပန်မှု၊ ကြောက်ရွံ့မှုများကို ခံစားခဲ့ရစေခဲ့၏။

ယခုအချိန်တွင် သူမနှင့် ရန်ရှောင်တို့က ဘေးကင်းစွာ ပြန်လည်ရောက်ရှိလာခဲ့ကြပြီဖြစ်သည်။

ထို့အပြင် ဟဲထန်ကိုလည်း ဖမ်းဆီးရမိခဲ့ပြီဖြစ်၍ သူမတွင် ပူပန်စရာ မရှိတော့ပေ။

သူမကိုယ်သူမ ဆုလာဘ်ပေးသည့်အနေဖြင့် အရသာရှိသော အစားအစာများကို ချက်ပြုတ်စားသောက်ရမည့် အချိန်ပင်ဖြစ်လေသည်။

လီရှန်းက ကြက်သွန်မြိတ်၊ ဂျင်းနှင့် ကြက်သွန်ဖြူတို့ကို လှီးဖြတ်လိုက်ပြီးနောက် ဗီရိုထဲမှ အရက်တစ်ပုလင်းကို ထုတ်ယူ၍ ဟင်းချက်အရက်အဖြစ် အသုံးပြုလိုက်လေသည်။

ပြီးနောက် လီရှန်းက ကြက်စွပ်ပြုတ်ကို မီးအေးအေးဖြင့် တည်လိုက်လေ၏။

ထို့နောက် ငါးရံ့ကို သန့်စင်ခြင်း၊ အရိုးနွှင်ခြင်း၊ အသားလွှာခြင်းများကို ပြုလုပ်ပြီး ငါးရံ့အသားလွှာများကို နူးညံ့ပြီး အရသာရှိစေရန် အရှိန်ပြင်းပြင်းဖြင့် ကြော်လှော်တော့သည်။

လီရှန်း ငါးလွှာနေဆဲတွင်ပင် ရန်ရှောင်က စုရှောင်လော်ကို ပွေ့ချီ၍ ပြန်ရောက်ရှိလာခဲ့လေသည်။

သူက အမွှေးအကြိုင်များသာမက ဝန်ထမ်းစားသောက်ဆောင်ဆီမှ ကြက်သွန်မြိတ်၊ ဂျင်းနှင့် ကြက်သွန်ဖြူအမြောက်အမြားကိုလည်း ယူဆောင်လာခဲ့၏။

“ရှင်ကတော့ တကယ့်လူပဲ၊ စားသောက်ဆောင်က ကြက်သွန်မြိတ်၊ ဂျင်း၊ ကြက်သွန်ဖြူတွေကိုတောင် အတင်းတောင်းရဲတယ်ပေါ့”

ထိုစားဖိုမှူးက အလွန်ပင် ကပ်စေးနှဲလွန်းပြီး ဟင်းချက်လျှင်ပင် ထိုအရာတို့ကို အနည်းငယ်မျှသာ ထည့်လေ့ရှိ၏။

“ဒါက ဘာဆန်းတာမို့လို့လဲ၊ မျက်နှာအရေပြားထူထူနဲ့တောင်းရင် ရတာပဲလေ”

ရန်ရှောင်က စားသောက်ဆောင်တွင် စားသောက်ခဲသော်လည်း သွားသည့်အချိန်တိုင်း အခမဲ့ပစ္စည်းတချို့ကို အမြဲရယူနိုင်သည်။

သို့သော် သူက စားဖိုမှူး

အတွက် စီးကရက်ကူပွန်တချို့ကို မကြာခဏ ယူဆောင်ပေးလေ့ရှိ၏။

သူကိုယ်တိုင်က စီးကရက်မသောက်သကဲ့သို့ ရန်ကျိမင်

ကလည်း သမားတော်တစ်ဦးဖြစ်ပြီး ကျန်းမာရေးကို အလွန်အလေးထားသောကြောင့် စီးကရက်သောက်ခြင်းကို မနှစ်သက်ပေ။

ထို့ကြောင့် သူတို့အိမ်တွင် စီးကရက်ကူပွန်များကို စုမိနေမိသည်။

သူ ယခင်က ထိုကူပွန်တချို့ကို စုဝေ့ချင်းကို ပေးခဲ့ဖူး၏။

စုဝေ့ချင်းက ထိုစီးကရက်ကူပွန်တို့ကို ချုံကျိုးရှိ စုဝေ့ယန်ထံသို့ ပို့ပေးခဲ့လေ၏။

*

All Chapters